ရွှမ်အဆင့်သို့ ချိုးဖျက်ခြင်း
Vol. 44 Ch. 618
"ယဲ့ချန် အရှင်ရွှမ်က မင်းရဲ့ကျင့်ကြံဆင့်ကို ယာယီချိတ်ပိတ်ထားပေးလိုက်တယ်။ ကောင်းကင်ကပ်ဘေးကို ဘယ်သူမှမပယ်ရှားနိုင်လို့ သူလည်း မဖျက်ဆီးပေးနိုင်ဘူး။ ကောင်းကင်မူလကြယ်ပေါ်မှာဆိုရင်လည်း ဖိနှိပ်မှုကြောင့် ကောင်းကင်ကပ်ဘေး ကျဆင်းလာမှာ မဟုတ်ဘူး။ ငါတို့က အဆင့်တက်ဖို့ဆိုရင် ချန်းလဲ့ကြယ်ဆိုတဲ့ နေရာတစ်ခုကို သွားရတယ်။ မင်းက ရွှမ်အဆင့်ကို အသက်ရှင်လျက်တက်ရောက်နိုင်ခဲ့မယ်ဆိုရင် လူသားနတ်ဘုရားနယ်မြေကို ဝင်နိုင်တဲ့အခွင့်အရေး ရလိမ့်မယ်။ ဒီနေရာကို ကြယ်သခင်တျန်း ဖန်တီးခဲ့တာဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ ကျင့်ကြံရေးအမွေအနှစ်တွေမျိုးစုံကို ရယူနိုင်ဖို့ အခွင့်အရေးရှိတယ်။ မင်းအနေနဲ့ ကောင်းတာတစ်ခုခု ရသွားနိုင်တယ်ဆိုတော့ သွားကြည့်သင့်တယ်"
မီးဧကရာဇ်က တစ်ချက်ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။
"လူသားနတ်ဘုရားနယ်မြေ"
ယဲ့ချန်သည် ဤကဲ့သို့ နေရာတစ်ခုရှိကြောင်း ပြန်လည်အမှတ်ရလိုက်သည်။ ၎င်းကို ကောင်းကင်မူလကြယ်နှင့် အနီးဆုံးကြယ်တစ်လုံးပေါ်တွင် တျန်းယွမ်က ကာကွယ်ရေးအစီအရင်များစွာနှင့် ကာကွယ်ထားပြီး တာအိုအိမ်တော်၏ အဓိကမြို့မှတဆင့်သာ လေဟာနယ်လမ်းကြောင်းဖြင့် သွားရောက်နိုင်သည်။ သူ၏လက်ထက်တွင် လူသားမျိုးနွယ်အမွေအနှစ်က တစ်ဒါဇင်ခန့်သာရှိသော်လည်း ကြယ်သခင်ရှင်း၏လက်ထက်တွင် လျှို့ဝှက်အမွေအနှစ်ပေါင်းထောင်ချီကို ထပ်မံပေါင်းထည့်ပေးခဲ့သည်။ ထိုနယ်မြေသို့ ဝင်ရောက်နိုင်သူများအတွက် ဆုလာဘ်များရှိပြီး ပါရမီရှင်အချို့ဆိုလျှင် အစွမ်းထက်အမွေအနှစ်များ ရရှိတတ်ကြသည်။ လူသားနတ်ဘုရားနယ်မြေကဲ့သို့ သားရဲများအတွက် သားရဲနတ်ဘုရားနယ်မြေတစ်ခုလည်း တည်ရှိပြီး ၎င်းတို့မှာ ကောင်းကင်မူလတိုက်ကြီး၏ ရွှမ်အဆင့်ကျင့်ကြံသူများအတွက် ဖန်တီးထားခြင်းဖြစ်သည်။
"ချန်းလဲ့ကြယ်ပေါ်မှာ ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ပြီးရင် လူသားနတ်ဘုရားနယ်မြေကို သေချာပေါက်သွားလိုက်ပါမယ်"
ယဲ့ချန်က လေးနက်စွာစဥ်းစား၍ ခေါင်းညိတ်ပြလိုက်သည်။
"ယဲ့ချန် ငါနဲ့အတူ လိုက်လာခဲ့"
ထိုအချိန်တွင် ရွှမ်လင်းက သူ့ကိုဖိတ်ခေါ်၍ ခြံဝန်းအတွင်း တုန်တုန်ရီရီနှင့် ပြန်လည်ဝင်ရောက်သွားခဲ့သည်။ သူက ယဲ့ချန်ကိုဖိတ်ခေါ်သော အကြောင်းအရင်းကို စစ်ဧကရာဇ်နှစ်ယောက်မှာ စဥ်းစားမရသော်လည်း သူတို့ကို ဖိတ်ခေါ်ခြင်းမရှိသောကြောင့် လိုက်ပါသွားရန် အဆင်မပြေသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ ယဲ့ချန်သည်လည်း တစ်ဖက်လူက သူတစ်ယောက်တည်းကိုသာ ဖိတ်ခေါ်သောကြောင့် အံ့သြနေခဲ့သည်။ ရွှမ်လင်းက စကားအလွန်နည်းသူဖြစ်သော်လည်း အတွေ့အကြုံများစွာရင့်ကျက်၍ ပညာဉာဏ်ကြီးသူဖြစ်သောကြောင့် သူက မငြင်းဆန်တော့ဘဲ လိုက်ပါသွားခဲ့သည်။ စစ်ဧကရာဇ်နှစ်ယောက်က ခြံဝန်းအတွင်း သူတို့နှစ်ယောက် ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။
"အရှင်ရွှမ်က ဘာတွေစဥ်းစားထားတာလဲ။ ရွှမ်အဆင့်ကိုတက်သွားတာက ယဲ့ချန်ရဲ့ ကိုယ်ပွားသက်သက်မလား။ ဒါက သေဆုံးသွားပြီး ကောင်းကင်မူလကြယ်ကို သတင်းပြန်ပို့နိုင်ရင်တောင် ဒီအဆင့်တက်ရလဒ်က ပျောက်ကွယ်သွားပြီး ကျင့်ကြံမှုသုံးဆယ်ရာခိုင်နှုန်းဆုံးရှုံးမှာ သေချာတယ်"
ရှေးဦးဧကရာဇ်က ပြောလိုက်ခြင်းဖြစ်သည်။
"ဒါကတော့ ရွေးချယ်စရာ မရှိဘူး။ ငါတို့က ကျိယွမ်ကြယ်အကြောင်း သတင်းပြန်မပို့နိုင်ခဲ့ရင် နောက်ထပ်ကောင်းကင်နတ်ဆိုးတွေ ထပ်ပေါ်လာတာကို စောင့်နေရုံပဲရှိလိမ့်မယ်။ ကျိယွမ်ကြယ်လည်း ဖျက်ဆီးခံရလိမ့်မယ်။ သူက ဒီကြယ်ကိုကယ်ချင်တယ်ဆိုရင် အခြားနတ်အစေခံတွေကို ဆက်သွယ်ရုံကလွဲလို့ မရှိဘူး။ ကံကောင်းတာက ယဲ့ချန်သာ အဆင့်မတက်နိုင်ခဲ့ရင်တောင် လောကကြီးရဲ့တာအိုအကြောင်း ဉာဏ်အလင်းပွင့်သွားတယ်။ သူ့ကျင့်ကြံဆင့်က အားနည်းသွားရင်တောင် မြန်မြန်ဆန်ဆန်နဲ့ ရွှမ်အဆင့်ကို တက်နိုင်ပါလိမ့်မယ်"
မီးဧကရာဇ်က သက်ပြင်းတစ်ချက်ချ၍ တွေးတွေးဆဆ ပြောလိုက်သည်။
"ငါလည်း ဒီလိုဖြစ်ဖို့ မျှော်လင့်ပါတယ်"
ထို့နောက် စစ်ဧကရာဇ်နှစ်ယောက်က ရွှမ်လင်း၏ခြံဝန်းထံမှ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။
ကျိယွမ်ကြယ်၏တစ်နေရာတွင် အဆုံးမဲ့သစ်တောကြီးတစ်ခု တည်ရှိနေပြီး သစ်ပင်များ၊ မြေဆီလွှာနှင့် ကျောက်တုံးများအားလုံးက ခရမ်းရောင်ဖြစ်သည်။ ၎င်းက အနည်းငယ်ဖျက်ဆီးခံထားရသော်လည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်နေပြီး တိုက်ပွဲလက္ခဏာအချို့ မထင်မရှားတည်ရှိနေသည်။ မရေမတွက်နိုင်သော ကျွန်ကောင်ကြီးများက ကောင်းကင်တွင် ပျံသန်းနေကြပြီး ယဲ့ချန်ရင်ဆိုင်ဖူးသည့် ကျွန်များထက် ပို၍အဆင်မြင့်ကာ တစ်ကောင်ချင်းစီသည် စစ်ဧကရာဇ်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့က အနီရောင်မျက်လုံးကြီးများနှင့် သစ်တောကို ပိုက်စိပ်တိုက်စစ်ဆေးနေကာ သာမန်သားရဲတစ်ကောင်ပင်ဖြစ်ပါစေ၊ သက်ရှိမှန်သမျှကို အလွတ်မပေးခဲ့ချေ။ တစ်နာရီခန့်ကြာအောင် ရှာဖွေပြီးနောက် ၎င်းတို့ပြန်လည်ထွက်ခွာသွားသောအခါ သေးသွယ်၍ ကြယ်လင်တောက်ပနေသော မြက်ပင်လေးတစ်ပင်က လူအသွင်သို့ ပြောင်းလဲလာပြီး ရောင်ယွမ် ဖြစ်နေခဲ့သည်။
အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သူမက လှပသည့်မျက်ဝန်းလေးများဖြင့် ထွက်ခွာသွားသော ကျွန်ပိုးကောင်များကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမက တစ်ချက်ပြုံးလိုက်သောအခါ တောစောင့်နတ်သမီးပမာ လှပနေခဲ့သည်။ သူမက လူအသွင်မှ အင်မော်တယ်မြက်အဖြစ် အသွင်ပြောင်းလိုက်လျှင် ၎င်းတို့က သူမ၏တည်ရှိမှုကို အာရုံမခံနိုင်ကြပေ။ ထို့နောက် သူမနှင့်မနီးမဝေးရှိ ကျောက်တုံးလေးတစ်ခုက လှုပ်လာပြီး လက်တစ်ဝါးအရွယ်အစားရှိ မျောက်ကလေးတစ်ကောင် ဖြစ်သွားခဲ့သည်။
"မမ မေမေနဲ့သွားတွေ့ဖို့ ခေါ်သွားပေမယ်"
မျောက်ကလေးက ခုန်ပေါက်၍ ရောင်ယွမ်၏ပခုံးပေါ်သို့ တက်လာကာ ပျော်ရွှင်နေဟန်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ ၎င်းက ကြီးမားတောက်ပသော မျက်ဝန်းအစုံနှင့် နားရွက်ဝိုင်းဝိုင်းကြီးများကို ပိုင်ဆိုင်ထားသဖြင့် မြင်ရသူတိုင်း ချစ်ခင်နှစ်သက်သွားစေနိုင်သည်။
"ကောင်းပါပြီ ချီလေးရယ်။ ဒါနဲ့ ငါနဲ့အတူရောက်လာတဲ့ လူရော အဆင်ပြေရဲ့လား"
ရောင်ယွမ်က မျောက်ကလေးကို ငုံ့ကြည့်၍ မေးလိုက်သည်။
"မေမေပြောတာကတော့ သူလည်း အဆင်ပြေတယ်တဲ့။ လောလောဆယ်မှာ သူက ကျိယွမ်ကြယ်ရဲ့ နတ်အစေခံ ရွှမ်လင်းနဲ့ တွေ့နေတယ်"
ချီလေးက ပြန်ဖြေလိုက်သည်။ ယဲ့ချန် အန္တရာယ်ကင်းကြောင်း သိရသောအခါ ရောင်ယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ထို့နောက် သူမက ချီလေးကိုသယ်ဆောင်၍ သစ်တော၏အနက်ပိုင်းသို့ တစ်လှမ်းချင်း ဝင်ရောက်သွားခဲ့လေသည်။
စကြဝဠာအတွင်း ကျိယွမ်ကြယ်က ရာနှုန်းပြည့် ခရမ်းရောင်တောက်ပနေပြီး အလင်းစက်ကွင်းတစ်ခုလည်း ပိုင်ဆိုင်ထားသောကြောင့် အလွန်လှပသဖြင့် အနီးအနားရှိကြယ်များပင် မှေးမှိန်နေသည်။ အဝေးတစ်နေရာရှိ ကောင်းကင်မူလကြယ်၏အနီးတွင် စန်းဟိုင်ကြယ် ရှိသည်။ ကောင်းကင်နတ်ဆိုးများနှင့် ကျွန်ကောင်များမရှိသော ကြယ်များပေါ်တွင် ကောင်းကင်ဘုံငယ်များတည်ရှိပြီး ၎င်းတို့ကို ရံဖန်ရံခါတွေ့ရတတ်သော ကြယ်များက ကောင်းကင်ဘုံကြီးများဖြစ်ကြသည်။ ရတနာများပြည့်နှက်နေသော်လည်း အလွန်အမင်းအန္တရာယ်များပြီး စစ်ဧကရာဇ်များပင် စွန့်စားရသော ကြယ်များကိုမူ စစ်ပွဲဘုံဟု သတ်မှတ်ထားကြသည်။ စန်းဟိုင်ကြယ်က အလွန်လုံခြုံပြီး သေးငယ်သော ကြယ်တစ်လုံးဖြစ်ကာ ရေများဖြင့်ဖုံးလွှမ်းနေ၍ ရေဝိညာဥ်သားရဲများ နေထိုင်ကြသည်။ ချီပင်လယ်အဆင့်ကျင့်ကြံသူများက ၎င်းထံလာရောက်၍ ရေဝိညာဥ်သားရဲများကို အမဲလိုက်ခြင်းနှင့် ပင်လယ်သလင်းကျောက်ကဲ့သို့ ရတနာများကို ရှာဖွေခြင်းများ ပြုလုပ်တတ်ကြသည်။
စန်းဟိုင်ကြယ်ပေါ်ရှိ ပင်လယ်၏ အနက်ပိုင်းတစ်နေရာ၊ ရေခဲချီများ သိပ်သည်းစွာရှိနေသော နေရာတွင် ပုံရိပ်တစ်ခုက တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေသည်။ လောကရှိ ကောင်းကင်ချီများတွင် အခြေခံအဖြစ် သတ္တု၊ သစ်သား၊ မီး၊ ရေနှင့် မြေဟူ၍ ငါးမျိုးသတ်မှတ်ထားပြီး ရေခဲချီက ရေအမျိုးအစားဖြစ်သည်။ ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်သော ယဲ့ချန်က ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးကို အသက်သွင်းနေပြီး ၎င်းပြောင်းလဲလာသည်နှင့်အမျှ ရုပ်ခန္ဓာကလည်း လိုက်ပါပြောင်းလဲနေသည်။ သူ၏ကျင့်ကြံဆင့်က ဖြည်းညှင်းစွာတိုးတက်နေစဥ် ကျိယွမ်ကြယ်ရှိ ကိုယ်ပွားထံမှ ဉာဏ်အလင်းများကို ရုတ်တရက်ရလိုက်သဖြင့် ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများ ဝုန်းခနဲ မြင့်တက်လာခဲ့သည်။ သူ၏စိတ်ထဲတွင် အသံတစ်ခုမြည်ဟီးသွားကာ ပတ်ဝန်းကျင်ရှိ ရေခဲချီများ ပြန့်ကြဲသွား၍ စန်းဟိုင်ကြယ်၏ပင်လယ်ပြင်တွင် အပြာရောင်ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။ အနက်ရောင်တိမ်များက ကောင်းကင်တွင် စုဝေးလာပြီး မိုးကြိုးများ ထစ်ချုန်းမြည်ဟီးလာသည်။
စန်းဟိုင်ကြယ်ပေါ်တွင် အမဲလိုက်နေသော ချီပင်လယ်အဆင့်ကျင့်ကြံသူများမှာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ စန်းဟိုင်ကြယ်ပေါ်၌ မိုးကြိုးများ ထူးထူးဆန်းဆန်း ထွက်ပေါ်လာသောကြောင့် ထိတ်လန့်သွားကြသည်။
"တစ်ယောက်ယောက်က အဆင့်တက်မိသွားလို့ ကောင်းကင်ကပ်ဘေး ကျဆင်းလာတာများလား"
ထိုကျင့်ကြံသူများက ကပ်ဘေးမိုးတိမ်များကိုကြည့်၍ အထိတ်တလန့် ဖြစ်နေကြသည်။
"ဘယ်သူကများ စန်းဟိုင်ကြယ်ပေါ်မှာ လာအဆင့်တက်ရတာလဲ"
"ပုံမှန်ဆိုရင် ချန်းလဲ့ကြယ်ကိုသွားပြီး အဆင့်တက်ကြတာ မဟုတ်ဘူးလား။ ဘာကြောင့်လဲ"
"ငါ့အထင် တစ်ယောက်ယောက်က ရွှမ်အဆင့်ကို ရုတ်တရက်ရောက်သွားလို့ ချန်းလဲ့ကြယ်ကို အချိန်မီမသွားနိုင်တော့တာ ဖြစ်ရမယ်"
"ပြန်ကြစို့"
ချီပင်လယ်အဆင့် ကျင့်ကြံသူများက ကြောက်လန့်စွာဖြင့် ဆုတ်ခွာသွားကြသည်။ သူတို့က အားနည်းသောကြောင့် ဤကပ်ဘေးမျိုး ထိမှန်ခံလိုက်ရလျှင် ပြာကျသွားပေလိမ့်မည်။ သူတို့အားလုံးက တည်နေရာရွှေ့ပြောင်းအစီအရင်အနီးတွင် တည်ဆောက်ထားသော ကာကွယ်ရေးအစီအရင်များအတွင်း ထွက်ပြေးလိုက်ကြသည်။ ကောင်းကင်တွင် မိုးတိမ်များ ပို၍သိပ်သည်းလာသဖြင့် အပြာရောင်ဖြစ်သော စန်းဟိုင်ကြယ်တစ်ခုလုံး မည်းနက်သွားခဲ့သည်။
"ဒါက ရွှမ်အဆင့် ကောင်းကင်ကပ်ဘေးရော ဟုတ်ရဲ့လား။ တာအိုနတ်အဆင့် ကပ်ဘေးထက်တောင် ပိုကြောက်စရာကောင်းနေသလိုပဲ"
"အဆင့်တက်နေတာ ဘယ်သူများလဲ။ ဖြစ်နိုင်တာက ပင်လယ်အနက်ပိုင်းမှာကျင့်ကြံနေတဲ့ တာအိုနတ်အဆင့် ကျင့်ကြံသူတစ်ယောက်ယောက်လား"
"ဒါကတော့ မဖြစ်နိုင်ဘူး။ တာအိုနတ်အဆင့် ကျင့်ကြံသူတိုင်းက စစ်ဧကရာဇ်အဆင့်ကို တက်ဖို့အတွက် စစ်ဧကရာဇ်နန်းဆောင်ကို သွားကြရတယ်။ အဲ့ဒါအပြင် အဆင့်တက်နေတုန်း ကူညီပေးဖို့အတွက် စစ်ဧကရာဇ်အနည်းငယ် ရှိနေရတယ်"
"ရွှမ်အဆင့်ကနေ တာအိုနတ်အဆင့်ကို တက်တာကလည်း ရိုးရှင်းလွန်းတယ်။ ဒီလိုဖြစ်ရပ်မျိုး ဖြစ်ပေါ်လာစရာ အကြောင်းမရှိဘူး။ ဒါက ကံမကောင်းတဲ့ ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မယ်။ သူက အထူးခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားတဲ့အတွက် ကောင်းကင်ကပ်ဘေးက ကြမ်းတမ်းနေတာပဲ။ ဒီကောင်တော့ သေချာပေါက်သေလိမ့်မယ်"
ချီပင်လယ်အဆင့် ကျင့်ကြံသူများက တီးတိုးဆွေးနွေးနေစဥ် ပင်လယ်အနက်ပိုင်း၌ကျင့်ကြံနေသော တာအိုနတ်အဆင့်များလည်း ဤအဖြစ်ကို သတိပြုမိသွားကြသည်။ သူတို့က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ ကပ်ဘေးဖြစ်ပေါ်လာရသော အကြောင်းအရင်းဖြစ်သည့် ယဲ့ချန်ကို ရှာတွေ့သွားကြသည်။
"ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ရွှမ်အဆင့်ကိုတက်တဲ့အချိန်မှာ ဒီလောက်ပြင်းထန်တဲ့ ကောင်းကင်ကပ်ဘေး ဖြစ်ပေါ်လာတာမျိုးက ရှားပါးလွန်းတယ်။ မင်းက ငါတို့နဲ့တွေ့ရတဲ့အတွက် ကံကောင်းတာပဲ"
သူတို့၏အမြင်တွင် ယဲ့ချန်က ဤကပ်ဘေးကို ခုခံနိုင်စရာ အကြောင်းမရှိသောကြောင့် ကူညီပေးရန် အဆင်သင့်ပြင်ထားလိုက်ကြသည်။ အားလုံးက ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများဖြစ်သောကြောင့် အလွန်စည်းလုံးကြခြင်းဖြစ်သည်။
လက်ရှိတွင် ယဲ့ချန်သည် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီး၏ ငါးပုံတစ်ပုံကို ကျင့်ကြံနိုင်ပြီဖြစ်သောကြောင့် အသားအရေက ကျောက်စိမ်းရောင်တောက်ပနေပြီး အရိုးများကလည်း ပြောင်းလဲစပြုနေသည်။ သူ၏အထူးရုပ်ခန္ဓာဖွဲ့စည်းပုံကြောင့် ရွှမ်အဆင့်သို့တက်သောအခါ သာမန်မိုးကြိုးကပ်ဘေးထက် ဆယ်ဆပို၍ပြင်းထန်သည့် ကပ်ဘေး ကျဆင်းလာခြင်းဖြစ်သည်။ ၎င်း၏အစွမ်းထက်မှုကြောင့် စန်းဟိုင်ကြယ်တစ်ခွင် ရေပြင်က လှိုင်းထန်နေသည်။ သူက လေးနက်စွာဖြင့် ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး ကပ်ဘေးကို ခုခံနိုင်မည်လားဟု အတွေးနက်နေခဲ့သည်။ အကယ်၍ သူကသာ ကျော်ဖြတ်နိုင်ခဲ့လျှင် အကျိုးကျေးဇူးများစွာရမည်ဖြစ်ပြီး ကျရှုံးခဲ့ပါက ကိုယ်ပွားတစ်ခုပျက်စီးသွားကာ ကျင့်ကြံဆင့်လည်း ထိခိုက်သွားပေလိမ့်မည်။
စန်းဟိုင်ကြယ်၏ တည်နေရာရွှေ့ပြောင်းအစီအရင်အတွင်း ရှိနေကြသော ချီပင်လယ်အဆင့်များက ကြောက်လန့်စွာနှင့် စောင့်ကြည့်နေကြသည်။ မည်းနက်နေသော ကပ်ဘေးမိုးတိမ်များထံမှ ထွက်ပေါ်နေသော အရှိန်အဝါက ကမ္ဘာတစ်ခုကိုပင် ဖျက်ဆီးနိုင်လောက်သောကြောင့် အားလုံးက ထိတ်လန့်နေကြလေသည်။