← Chapters

ရွှေမီးလျှံနတ်မိုးကြိုး

Vol. 44 Ch. 619

ရွှေမီးလျှံနတ်မိုးကြိုး

Vol. 44 Ch. 619

"ဒီကောင်က ဒီလောက်အစွမ်းထက်တဲ့ မိုးကြိုးကပ်ဘေးနဲ့ ရင်ဆိုင်ရတာတောင် ဘာလို့ထွက်မ​ပြေးသေးတာလဲ။ သူက ကောင်းကင်မူလတိုက်ကြီးကို တည်နေရာရွှေ့ပြောင်းအစီအရင်နဲ့ ပြန်သွားလိုက်ရင် ကပ်ဘေးက ယာယီပျောက်ကွယ်သွားမှာပဲ။ အချိန်ကျရင် အစွမ်းထက်ကျင့်ကြံသူတွေခေါ်ပြီး ကပ်ဘေးကျော်ဖြတ်ဖို့ ကူညီခိုင်းလိုက်ရင် ပိုပြီးမလွယ်ဘူးလား"

ကောင်းကင်မူလတိုက်ကြီးတွင် လောက၏ချီစွမ်းအင်များကို ချိတ်ပိတ်ထားသောကြောင့် မည်သည့်ကပ်ဘေးမှ ကျဆင်းလာနိုင်ခြင်း မရှိပေ။

"သူက ကောင်းကင်ကပ်ဘေးကို ကိုယ့်ဘာသာကျော်ဖြတ်ဖို့ ကြိုးစားနေတာများလား။ ဒီလောက်အစွမ်းထက်တဲ့ ကပ်ဘေးနဲ့ ရင်ဆိုင်ရမှတော့ သေရုံပဲရှိတယ်"

တည်နေရာရွှေ့ပြောင်းအစီအရင်ကို တာဝန်ယူထားရသော တာအိုအိမ်တော်မှကြီးကြပ်သူက ယဲ့ချန်ကို စောင့်ကြည့်နေသည်။ သူက ရွှမ်အဆင့်သုံး ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး စန်းဟိုင်ကြယ်၏ကိစ္စအဝဝကို တာဝန်ယူထားရသူဖြစ်သော်လည်း ကပ်ဘေးမိုးတိမ်များကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ သူကိုယ်တိုင်ပင် ထိုကပ်ဘေးမျိုးနှင့် ရင်ဆိုင်ရလျှင် ချွင်းချက်မရှိ သေဆုံးသွားနိုင်သဖြင့် အဆင့်တက်ကာစ ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာမရှိချေ။

ယဲ့ချန်သည် သူ၏ကောင်းကင်ကပ်ဘေးကြောင့် အုတ်အော်သောင်းတင်းဖြစ်သွားခြင်းကို ရိပ်မိခြင်းမရှိဘဲ ၎င်းကိုရင်ဆိုင်ရန် ပြင်ဆင်နေသည်။ ဤကိုယ်ပွားတွင် စိတ်ထဲ၌ ဓားပျံတစ်ချောင်းရှိနေသည့်အပြင် ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီတို့ကိုလည်း ယူဆောင်လာသဖြင့် ကောင်းကင်ကပ်ဘေးကို ခုခံရန် အသုံးချနိုင်သည်။ သူ၏အတွေးတစ်ချက်တွင် ၎င်းတို့က ချက်ချင်းထွက်ပေါ်လာ၍ ယဲ့ချန်၏ပတ်ချာလည်တွင် ပျံသန်းနေကြသည်။ အဝေးမှစောင့်ကြည့်နေကြသော တာအိုနတ်အဆင့် ကျင့်ကြံသူများမှာ ယဲ့ချန်တွင် ထိပ်တန်းတာအိုလက်နက်များရှိနေသောကြောင့် အံ့သြမင်သက်နေကြသည်။ အကယ်၍ ထိုရတနာများသာ ကာကွယ်ပေးထားလျှင် ကပ်ဘေးကိုကျော်ဖြတ်နိုင်မည့် ရာခိုင်နှုန်းတိုး တက်လာပေလိမ့်မည်။ တစ်ဒါဇင်ကျော်သော တာအိုနတ်အဆင့်များက ယဲ့ချန်ကို အာရုံစိုက်နေကြပြီး တစ်ယောက်စ နှစ်ယောက်စက ရတနာများကို လောဘတက်လာသော်လည်း မကောင်းသောအကြံများကို ပြန်လည်ဖျောက်ဖျက်လိုက်သည်။ ထိပ်တန်းတာအိုလက်နက်နှစ်ခုကို ပိုင်ဆိုင်ထားပြီး ကြောက်မက်ဖွယ် ကောင်းကင်ကပ်ဘေးတစ်ခုကို ဆွဲဆောင်နိုင်သော လူစားမျိုး၏နောက်ခံက သေချာပေါက် မရိုးရှင်းနိုင်ပေ။ အကယ်၍ ကပ်ဘေးကြောင့် ယဲ့ချန်သာ သေဆုံးသွားလျှင် ထိုရတနာများလုယူခြင်းအတွက် မည်သူမှအပြစ်မတင်သော်လည်း ယဲ့ချန်သာ ရှင်သန်ခဲ့လျှင် သူတို့အတွက် ပြဿနာအကြီးအကျယ် ဖြစ်ပေလိမ့်မည်။

ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီကို ယဲ့ချန်က ဝိညာဥ်နှစ်ခုစီဖြင့် ပေါင်းစပ်ထားသောကြောင့် နှစ်ခုလုံးမှာ အဆင့်ငါး တာအိုလက်နက်များ ဖြစ်လာကြသည်။ ၎င်းတို့က ထိပ်တန်းတာအိုလက်နက်များ ဖြစ်သောကြောင့် ရှောင်တိမ်းပုလဲကဲ့သို့ သာမန်တာအိုလက်နက်များထက် များစွာပို၍အစွမ်းထက်သည်။ သူက ကောင်းကင်ကပ်ဘေး၏အစွမ်းဖြင့် ၎င်းတို့ကို သန့်စင်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ထုတ်ယူလိုက်ခြင်းဖြစ်ကာ ပို၍အစွမ်းထက်လာစေရန် မျှော်လင့်ထားသည်။

"ဝုန်း"

ကောင်းကင်ထက်တွင် မိုးချုန်းသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် ဧရာမမိုးကြိုးတစ်စင်းက ပင်လယ်ပြင်၏မျက်နှာသို့ ကျဆင်းလာကာ ယဲ့ချန်ထံ လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည်။ နောက်ဆုံးတွင် ကောင်းကင်ကပ်ဘေး ကျဆင်းလာပြီဖြစ်သောကြောင့် ယဲ့ချန်က ရင်ထိတ်သွားသော်လည်း ကြယ်ကိုးလုံးကိုလည်ပတ်၍ အသင့်ပြင်လိုက်သည်။ သူက ကောင်းကင်ချီဖြင့် ကပ်ဘေးကို ရင်ဆိုင်မည့်အစား ရုပ်ခန္ဓာသက်သက်ဖြင့် ခုခံရန် ဆုံးဖြတ်ထားသည်။ မိုးကြိုးက သူ၏ခန္ဓာကိုယ်ကို ဝုန်းခနဲထိမှန်သွား၍ အဝတ်အစားများ စုတ်ပြဲသွားသောအခါ ကြွက်သားများ ဖုထစ်နေသည့် ကျောက်စိမ်းရောင်အသားအရေ ထွက်ပေါ်လာ၏။

"ဒီကောင်က ရဲတင်းလွန်းတယ်။ ကောင်းကင်ကပ်ဘေးကို ကောင်းကင်ချီထုတ်ဖော်ပြီး မရင်ဆိုင်ဘဲ ခန္ဓာကိုယ်သက်သ​က်နဲ့ ကျော်ဖြတ်ဖို့ စဥ်းစားနေတယ်"

စောင့်ကြည့်နေသူများအားလုံးက မျက်မှောင်ကြုတ်လိုက်မိသည်။

ယဲ့ချန်၏ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများဝန်းရံနေပြီး ကျောက်စိမ်းပန်းပုရုပ်တစ်ခုပမာ တင်ပျဥ်ခွေထိုင်နေခဲ့သည်။ တာအိုရတနာနှစ်ခုကလည်း လှည့်ပတ်ပျံသန်းနေကာ ကပ်ဘေး၏စွမ်းအင်ကို စုပ်ယူနေခဲ့သည်။ သူက ကောင်းကင်ကပ်ဘေး၏ ကြောက်မက်ဖွယ်ရာအစွမ်းကို ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးထံ ပို့ဆောင်လိုက်သည်။ ဤကပ်ဘေးမျိုးက စကြဝဠာစတင်စဥ်က ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် ၎င်း၏တစ်စိတ်တစ်ပိုင်းကိုသာ စုပ်ယူနိုင်လျှင် ကျင့်ကြံခြင်းအတွက် များစွာအထောက်အကူ ဖြစ်ပေလိမ့်မည်။ ပထမဆုံး ကပ်ဘေးမိုးကြိုးကို ခုခံပြီးနောက် သူ၏ရုပ်ခန္ဓာက ဆက်လက်ခုခံနိုင်သေးကြောင်း သဘောပေါက်လိုက်သည်။ ထို့နောက် ဒုတိယအနေဖြင့် ကောင်းကင်ထက်မှ ခရမ်းရောင်သန်းနေသော မိုးကြိုးသုံးစင်း ကျရောက်လာပြန်သည်။ ၎င်းတို့က ပထမဆုံး ကပ်ဘေးမိုးကြိုးထက် ငါးဆခန့် ပို၍အစွမ်းထက်နေသည်။

"ဒုတိယက ခရမ်းရောင်မိုးကြိုးလား"

စောင့်ကြည့်နေသူများမှာ ထိတ်လန့်သွားကြသည်။ တာအိုနတ်အဆင့်များပင် ရွှမ်အဆင့်သို့တက်ခဲ့စဥ်က တွေ့ကြုံခဲ့ရသော ကပ်ဘေးမှာ ယဲ့ချန်၏ကပ်ဘေးလောက် ကြောက်မက်ဖွယ်မကောင်းပေ။ ခရမ်းရောင်မိုးကြိုးပင် ကျဆင်းလာသောအခါ သူ၏ရုပ်ခန္ဓာက အလွန်စွမ်းထက်နေနိုင်သည်။

"ဘုန်း ဘုန်း ဘုန်း"

ခရမ်းရောင်မိုးကြိုးသုံးစင်းသည် ယဲ့ချန်ကို ထိမှန်သွားချိန်တွင် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုကို သူက ခံစားလိုက်ရသည်။ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကာ ၎င်းတို့က ရုပ်ခန္ဓာကိုစုတ်ဖြဲပစ်ရန် ကြိုးစားနေကြသည်။ ကပ်ဘေးမိုးကြိုးများက အစွမ်းထက်စပြုလာသောကြောင့် သူ၏မျက်လုံးအတွင်း ကြယ်ကိုးလုံးလည်ပတ်လာ၍ မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို အသုံးပြုလိုက်၏။ ခရမ်းရောင်မိုးကြိုး၏ စွမ်းအင်များကို သူ၏ကိုယ်တွင်းရှိ မိုးကြိုးချီများက စုပ်ယူလိုက်သဖြင့် ခန္ဓာကိုယ်ပတ်လည်၌ လှည့်ပတ်နေကြသည်။ ထိုအချိန်တွင် သူက ခရမ်းရောင်လျှပ်စီးများကြားရောက်ရှိနေပြီး မိုးကြိုးနတ်ဘုရားတစ်ပါးနှင့် ဆင်တူနေကာ ၎င်းတို့က သူ၏ကိုယ်ပေါ်တွင် ချပ်ဝတ်တစ်ခုပမာ ကပ်တွယ်နေကြသည်။

ယဲ့ချန်သည် လူမဆန်သောနာကျင်မှုဖြင့် နှိပ်စက်ခံနေရသော်လည်း အံကိုတင်းတင်းကြိတ်ပြီး ခန္ဓာကိုယ်အား လျှပ်စီးများဖြင့် သန့်စင်လိုက်၏။ သူ၏ကိုယ်တွင်းရှိ အညစ်အကြေးများကို ခရမ်းရောင်မိုးကြိုးများက သန့်စင်ပေးနေသဖြင့် ရုပ်ခန္ဓာက ပို၍သန့်စင်လာနေခဲ့သည်။ သူ၏ရုပ်ခန္ဓာက ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာဖြစ်မဖြစ် မသေချာသော်လည်း ခန္ဓာကိုယ်၌ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာကြောင်း ခံစားနေရသည်။ ခရမ်းရောင်မိုးကြိုးသုံးစင်း ကျဆင်းလာပြီးနောက် ကောင်းကင်တွင် အနီရောင်မိုးကြိုးကိုးစင်း ဖြစ်ပေါ်လာသဖြင့် ကမ္ဘာပျက်နေသကဲ့သို့ ပင်လယ်ကြီးက လှိုင်းထန်လာသည်။ ၎င်းတို့နှင့်ထိတွေ့မိလိုက်သော ခဏတွင် ပင်လယ်ရေများက အငွေ့ပြန်သွားသောကြောင့် တာအိုနတ်အဆင့် ကျင့်ကြံသူများပင် ထိတ်လန့်ကုန်သည်။

"သွေးမီးတောက်နတ်မိုးကြိုး"

"ဘာတွေဖြစ်နေတာလဲ။ ချီပင်လယ်အဆင့်ကနေ ရွှမ်အဆင့်ကို တက်နေတာ မဟုတ်ဘူးလား။ ဘာကြောင့် ဒီကပ်ဘေးက ဖြစ်ပေါ်လာရတာလဲ"

တာအိုနတ်အဆင့်သို့ ရောက်ရှိလိုလျှင် ကျင့်ကြံသူတစ်ယောက်က မိုးကြိုးအမျိုးအစားနှစ်ခုကို ရင်ဆိုင်ရပြီး သွေးမီးတောက်နတ်မိုးကြိုးနှင့် ရွှေမီးလျှံနတ်မိုးကြိုးတို့ ဖြစ်ကြသည်။ သူတို့က တာအိုနတ်အဆင့်သို့ တက်ရောက်ခဲ့စဥ်က ကြုံတွေ့ခဲ့ရသော သွေးမီးတောက်နတ်မိုးကြိုး၏ ကြောက်စရာကောင်းမှုကို တွေးလိုက်တိုင်း အမှတ်ရနေကြသည်။ အကယ်၍ သူတို့ကိုကူညီရန် ကျင့်ကြံသူများသာ ရှိမနေလျှင် ထိုကပ်ဘေးမှ အသက်ရှင်လျက်လွတ်မြောက်နိုင်ရန် အလွန်တရာခဲယဥ်းပြီး သေဆုံးသွားပေလိမ့်မည်။ သို့သော်လည်း ချီပင်လယ်အဆင့်မှ ရွှမ်အဆင့်သို့တက်နေသော ယဲ့ချန်ထံ ထိုကပ်ဘေးက ကျဆင်းလာခဲ့သည်။

"ဘုန်း"

မိုးကြိုးများက ယဲ့ချန်ကို ထိမှန်သွားသောအခါ တစ်ကိုယ်လုံးနီးပါး မည်းနက်သွားကာ အရည်ပျော်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏ရွှမ်ကျင့်ကြံဆင့်ဖြင့် ၎င်းတို့ကိုခုခံရန် မလုံလောက်သော်လည်း ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ၏ ငါးပုံတစ်ပုံကို အသက်သွင်ထားနိုင်ခဲ့သည်။ သို့သော် သူ၏အထူးရုပ်ခန္ဓာကိုပင် သွေးမီးတောက်နတ်မိုးကြိုးများက များစွာထိခိုက်စေနိုင်စွမ်းရှိနေပြီး မိုးကြိုးချီနှင့် မီးချီများ ပါဝင်နေသည်။ သူက ဒေါသတကြီးကြုံးဝါး၍ မိုးကြိုးဧကရာဇ်ကျင့်စဥ်နှင့် တောက်လောင်မီးလျှံကျင့်စဥ်ကို တပြိုင်နက်လည်ပတ်ကာ ခုခံလိုက်သည်။ အပူလှိုင်းများက သူ၏ခန္ဓာကိုယ်ထံ တဝုန်းဝုန်း ဝင်ရောက်လာနေသဖြင့် မီးလူသားတစ်ယောက်ပမာ ထင်မှတ်ရသည်။

"ဘုန်း ဘုန်း ဘုန်း"

သွေးမီးတောက်နတ်မိုးကြိုးများက ယဲ့ချန်ကို တစ်စင်းပြီးတစ်စင်း ထိမှန်သွားကာ ပြင်းထန်လွန်းသဖြင့် သာမန်ကျင့်ကြံသူများခုခံရန် မဖြစ်နိုင်ပေ။ စန်းဟိုင်ကြယ်၏ ရေခဲချီများကလည်း ၎င်းတို့ကို ဟန့်တားပေးနေသဖြင့် ယဲ့ချန်အတွက် အနည်းငယ်သက်သာရာရသွားခဲ့သည်။ မိုးကြိုးကိုးစင်း၏ ထိမှန်ခြင်းခံနေရသောကြောင့် သူက တစ်ကိုယ်လုံး အရည်ပျော်မတတ် ခံစားနေရသည်။

"ချီပင်လယ် အသက်ဝင်စမ်း"

ရွှမ်အဆင့်သို့ရောက်ပြီးနောက် ယဲ့ချန်၏ချီပင်လယ်က ပြောင်းလဲမှုများဖြစ်ပေါ်လာကာ ပုံရိပ်သဏ္ဍာန်ထင်ဟပ်ခြင်းမှ ရုပ်သွင်ဖြစ်တည်ခြင်းသို့ ရောက်ရှိလာကာ မူလကထက် အဆဒါဇင်ချီ ပို၍အစွမ်းထက်လာသည်။ ချီပင်လယ် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ၎င်းက စက်လုံးကြီးတစ်ခုပမာ သူ့ကို ဖုံးအုပ်သွားသည်။ တဖြတ်ဖြတ်လက်နေသော ကြယ်စွမ်းအင်များက မိုးကြိုးကပ်ဘေး၏စွမ်းအင်များကို ပယ်ဖျက်၍ စုပ်ယူနေကြသဖြင့် သူက ချက်ချင်းစိတ်အေးသွားခဲ့သည်။ သွေးမီးတောက်မိုးကြိုးများက သူ့ကို အန္တရာယ်ထပ်ပေးနိုင်စွမ်း မရှိတော့ဘဲ နာရီဝက်အတွင်း အပြီးတိုင်စုပ်ယူနိုင်ပေလိမ့်မည်။

သို့သော်လည်း ကောင်းကင်ရှိကပ်ဘေးက ပြီးဆုံးသွားခြင်းမရှိဘဲ ပို၍ကျယ်လောင်သော မိုးချုန်းသံများ တဘုန်းဘုန်းထွက်ပေါ်လာကာ ရွှေရောင်အလင်းများ တောက်ပလာ၏။

"ရွှေမီးလျှံနတ်မိုးကြိုး ၈၁စင်း"

ဤအဖြစ်ကို မြင်လိုက်ရသောအခါ တာအိုနတ်အဆင့်ကျင့်ကြံသူများပင် ကြောက်လန့်သွားကာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားကြသည်။

"အတော်ကံဆိုးတဲ့ ကောင်လေးပဲ။ ရွှေမီးလျှံနတ်မိုးကြိုးကပ်ဘေးတောင် ကျဆင်းလာတယ်ဆိုမှတော့ ငါတို့ကူညီနိုင်တာ ဘာမှမရှိတော့ဘူး"

တာအိုနတ်အဆင့်ကျင့်ကြံသူများတွင် အစွမ်းအထက်ဆုံးရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသူပင် ရွှေမီးလျှံနတ်မိုးကြိုး၂၁စင်းကိုသာ ရင်ဆိုင်ရသည်။ ထိုအချိန်တွက် သေဘေးမှ လွတ်မြောက်စေရန်အတွက် တာအိုနတ်အဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက်က ကူညီရသည်။ ထို့ကြောင့် ရွှေမီးလျှံနတ်မိုးကြိုး ၈၁စင်း၏ အလွန်ကြောက်မက်ဖွယ်ကောင်းပုံကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်သည်။

"စန်းဟိုင်ကြယ်မှာ ဆက်နေလို့ မဖြစ်တော့ဘူး"

တာအိုနတ်အဆင့် ကျင့်ကြံသူများက ပင်လယ်အတွင်းမှခုန်ထွက်ကာ ဖွင့်လှစ်ထားပြီးဖြစ်သော ထွက်ပေါက်မှတဆင့် တည်နေရာရွှေ့ပြောင်းအစီအရင်မှ ထွက်ခွာသွားကြသည်။ သူတို့ပင် မနေရဲသောအခါ ချီပင်လယ်အဆင့်နှင့် ရွှမ်အဆင့်များမှာလည်း ထွက်ပြေးခဲ့ကြသည်။ တည်နေရာရွှေ့ပြောင်းအစီအရင်တွင် ကာကွယ်ရေးအစီအရင်များ ခင်းကျင်းထားသော်လည်း ရွှေမီးလျှံနတ်မိုးကြိုးများက ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။ ယဲ့ချန်၏ နောက်ဆုံးရလဒ်ကို စောင့်ကြည့်ချင်သော တာအိုနတ်အဆင့် ကျင့်ကြံသူငါးယောက်သာ ကျန်ရစ်ခဲ့ကြသည်။ သူတို့က ရွှေမီးလျှံကပ်ဘေး၏ အစွမ်းအချို့ကို စုပ်ယူချင်နေသည့်အပြင် အချိန်မီ ထွက်ပြေးနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

ယဲ့ချန်က သွေးမီးတောက်နတ်မိုးကြိုး၏စွမ်းအင်ကို စုပ်ယူ၍ ရုပ်ခန္ဓာနှင့် ချီပင်လယ်ကို သန့်စင်နေသည်။ ၎င်းတို့ကိုစုပ်ယူပြီးနောက် ခွန်အားအရာတွင် သူက ရွှမ်အဆင့်လေးကျင့်ကြံသူအောက် မနိမ့်ကျတော့ပေ။ ရုပ်ခွန်အားအရာတွင် ပို၍တိုးတက်လာပြီး တာအိုနတ်အဆင့် ကျင့်ကြံသူတစ်​ယောက်ကိုပင် ယှဥ်နိုင်စွမ်းရှိလာသည်။ သူက သွေးမီးတောက်နတ်မိုးကြိုးကို အာရုံစိုက်၍ စုပ်ယူသန့်စင်နေစဥ် ကောင်းကင်မှ ကြောက်မက်ဖွယ်အရာတစ်ခုကြောင့် အန္တရာယ်ကို အာရုံရလိုက်သည်။ သူက မော့ကြည့်လိုက်သောအခါ ကျဆင်းလာသည့် ရွှေရောင်မိုးကြိုး၈၁စင်းကို တွေ့လိုက်ရသည်။

"ကောင်းကင်က ငါ့ကို သတ်ချင်နေတာလား။ ငါက အခုမှ ရွှမ်အဆင့်ကို ရောက်တာလေကွာ။ ဒီလောက်ရက်စက်ဖို့ လိုအပ်လို့လား။ ဒီကောင်းကင်က တကယ့်ကို လူမဆန်ဘဲ ရက်စက်လွန်းတယ်"

သွေးမီးတောက်နတ်မိုးကြိုး ကိုးစင်းကပင် သူ့ကို သတ်နိုင်လုနီးပါးဖြစ်ခဲ့သောကြောင့် နောက်ဆုံးကပ်ဘေးဟု ထင်ထားသော်လည်း ရွှေမီးလျှံနတ်မိုးကြိုးကပ်ဘေး ထပ်မံကျဆင်းလာသောအခါ မျက်နှာပျက်သွားပြီး သေချင်စိတ်ပေါက်နေခဲ့သည်။

All Chapters