ကိုယ်ပွား ဖန်တီးခြင်း (၂)
Vol. 7 Ch. 87
သူ ဖန်တီးလိုက်သည့် ကိုယ်ပွားမှာ ကိုယ်ပွားတစ်ခုထက် အရိပ်တစ်ခုနှင့်ပင် ပို၍ တူနေသေးသည်။ ထို့အပြင် တစ်ကိုယ်လုံးမှာ လုံးဝ အဖြူရောင် ဖြစ်၏။ ဝေ့ဝူယင် သက်ပြင်း အနည်းငယ် ချလိုက်မိသည်။ မြူမှုန်များမှာ ခိုင်မာမှု မရှိလှရာ ကိုယ်လက်အင်္ဂါများကို ပုံသွင်းရန်မှာ အတော်လေး ခက်ခဲလှသည်။ ရှင်းရှင်းဆိုရလျှင် ထိုအရာမှာ လူပုံစံထက် တိမ်တိုက် တစ်ခုနှင့်ပင် ပို၍ တူပုံ ပေါ်သည်။
“ဒီဟာကို ခိုင်မာအောင် ငါ ဘယ်လိုလုပ်ရမလဲ...”
ဝေ့ဝူယင် အနည်းငယ် ခေါင်းခြောက်နေ၏။ ပုံမှန်ဆိုလျှင် ထိုအရာက ရိုးရှင်းသော ကိစ္စဖြစ်သည်။ ကန့်သတ်ချက် တစ်ခု ရောက်သည်အထိ မြူမှုန်များကို ပိုမို ဖိသိပ်လိုက်လျှင် ထိုအရာ ခိုင်မာလာမည်မှာ ကျိန်းသေသည်။ သို့သော်လည်း ၎င်းမှာ ကိုယ်ပွားတစ်ခုထက် ရုပ်တုတစ်ခုနှင့် တူသွားပြန်ဦးမည် ဖြစ်သည်။
အစစ်အမှန် ကိုယ်ပွားတစ်ခုအား တည်ဆောက်ရန် ဆိုလျှင် ကျနသော အချိုးအဆစ်များနှင့် လှုပ်ရှားရန် လွယ်ကူမှုတို့ လိုအပ်သည်။ ဝေ့ဝူယင်သည် နာရီ အတန်ကြာ ဖြစ်နိုင်ချေ ရှိသမျှ နည်းလမ်းများကို ဆက်လက် ကြိုးစားနေ၏။ သို့သော်လည်း အားလုံးမှာ ကျရှုံး၍သာ နေခဲ့သည်။ ဝေ့ဝူယင်မှာ အနည်းငယ်ပင် စိတ်ပျက်၍ လာခဲ့၏။ ကျင့်ကြံခြင်းလောက၌ ကိုယ်ပိုင် နည်းလမ်းတစ်ခု ဖန်တီးခြင်းထက် မူလ ရှိပြီးသား ကျင့်စဥ်များကိုသာ လိုက်စားသူ ပိုမို များပြားခြင်းကား မထူးဆန်းတော့ချေ။ ထိုအရာက အမှန်တကယ် ခက်ခဲလွန်းလှသည်။
ဝူရှင်းဟောင် ကိုယ်ပွား ဖန်တီးခဲ့သည့် ပုံစံ အသေးစိတ်ကို ဝေ့ဝူယင် ပြန်လည် မြင်ယောင် ကြည့်လိုက်၏။ ထိုအဘိုးကြီးသည် ပထမဆုံး သွေးမြူများကို စုစည်းသည်။ ထိုမြူများမှာ သွေးချီများပင် ဖြစ်ပြီး သူ၏ ပြီးပြည့်စုံသော ကိုယ်စားပြုမှု တစ်ခုလည်း ဖြစ်သည်။ ထိုအရာများက သူ၏ စိတ်၊ ခန္ဓာ၊ အမတေနှင့် ဝိညာဥ်များကို ပုံတူ ကူးယူထား...
“နေဦး...”
ရုတ်တရက် ဝေ့ဝူယင်၏ စိတ်ထဲတွင် မီးပွားတစ်ခု ဖွာခနဲ တောက်လောင်လာ၏။ ရုတ်ချည်း ဉာဏ်အလင်းပွင့်သွားခဲ့ခြင်းမျိုးပင်။
သူ အသက်ကို ပြင်းပြင်းရှူလိုက်၏။ အရာရာက သူ၏ စိတ်ထဲ၌ ပုံပေါ်ကာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ သူ ဒြပ်စင်ချီ မြူမှုန် သဏ္ဌာန်ထံသို့ ချဥ်းကပ်လိုက်၏။ ထို့နောက် ပါးစပ်ကို ဖွင့်လိုက်ရာ အဖြူရောင် အလင်းတန်းများမှာ ဝိညာဥ်စွမ်းအင်များ ဖြာထွက်လာသည် အထိ တရစပ် ထွက်ပေါ်လာ၏။ ထိုအရာကား ချီပျစ်ခဲခြင်း အဆင့်ရှစ်သို့ ရောက်ရှိပြီးနောက် အသွင်ပြောင်းသွားသည့် ဒြပ်စင်ချီ ဆန်းကြယ် ဝိညာဥ်၏ အစစ်အမှန် ပုံစံပင် ဖြစ်လေသည်။
“ဝင်...”
ဝေ့ဝူယင်က ယင်းကို မြူမှုန် ကိုယ်ပွားအတွင်း ဝင်ရောက်ရန် စေခိုင်းလိုက်သည်။ အဖြူရောင် အလင်းတန်းများသည် သူ၏ အမိန့်အတိုင်း နာခံကာ မြူမှုန်ကိုယ်ပွား၏ ထျန်းတျန် တည်ရှိရာ နေရာသို့ ဝင်ရောက်သွား၏။ ချက်ချင်းဆိုသလိုပင် အံ့ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။
တိမ်ဆိုင်သဏ္ဌာန် မြူမှုန်များသည် လျှင်မြန်စွာပင် သိပ်သည်းထူထပ်လာကာ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ဝေ့ဝူယင်နှင့် ထပ်တူညီသည့် ရောင်ဝါ တစ်ခု ထွက်ပေါ်လာသည်။ မကြာခင် အတွင်းမှာပင် ၎င်းမှာ အသွင်ပြောင်းခြင်း ဖြစ်စဥ် ပြီးဆုံးကာ ပြည့်စုံလုနီးပါး ဝေ့ဝူယင် နောက်တစ်ယောက် ဖြစ်ပေါ်လာလေ၏။ တစ်ခုတည်းသော ကွာခြားချက်ကား အသစ် ဝေ့ဝူယင်၏ တစ်ကိုယ်လုံးမှာ အဖြူရောင် ဆွတ်ဆွတ် ဖြစ်နေသေးခြင်းပင်။
ထိုအောင်မြင်မှုကြောင့် ဝေ့ဝူယင်၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားသည်။ အဖြေကား အလွန် ရိုးရှင်း လွန်းလှသည်။ သူ၏ ဒြပ်စင်ချီ နတ်ဘုရား ဝိညာဥ်ကို မြူမှုန်များ၏ အလယ် ဗဟို၌ နေရာချလိုက်ရုံသာ ဖြစ်ပေသည်။
ဝေ့ဝူယင် ကိုယ်ပွား၏ ပခုံးကို လက်ဖြင့် ဆုပ်ကိုင်ကြည့်လိုက်၏။ ထိုအရာက အစစ်အမှန် လူတစ်ယောက်ကို ထိတွေ့လိုက်ရသလိုပင်။
ဝေ့ဝူယင် အနည်းငယ် စဥ်းစားလိုက်ကာ ကိုယ်ပွား၏ အဖြူရောင် အရေပြားကို လက်ဖြင့် ညှစ်ကာ ဆွဲဆိတ်ကြည့်လိုက်၏။
ဒိတ်... ဒိတ်...
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် သူ ထိတ်လန့်သွားကာ နောက်ဆုတ်လိုက်မိသည်။ ထိုအရာက နှလုံးခုန်သံပင်။ ဝေ့ဝူယင် အနီးကပ် ထပ်မံ ကြည့်လိုက်သော အခါ ကိုယ်ပွား၏ ရင်ဘတ်မှာ ဖောင်းလိုက် ပိန်လိုက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“အဆုပ်တွေလား...”
ဝေ့ဝူယင် ထိတ်လန့်တကြား ဖြစ်နေစဥ်မှာပင် ကိုယ်ပွား၏ မျက်လုံးများမှာ ပွင့်လာခဲ့လေသည်။ သို့သော်လည်း အခြား အစိတ်အပိုင်းများ ကဲ့သို့ပင် မျက်ဝန်း၊ မျက်ဆံများမှာလည်း အဖြူရောင် ဖြစ်နေလေရာ သိပ်သဘာဝ မကျလှချေ။
ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် ကိုယ်ပွားမှာ နောက်တစ်ကြိမ် အသွင်ပြောင်းလဲလာ၏။ သူသည် စတင် အသက်ရှူလာကာ မျက်ဆံများမှာ ငွေရောင် အဖြစ် ပြောင်းလဲသွားသည်။ ဖြူစွတ်နေသည့် အသားအရေမှာလည်း ဝေ့ဝူယင်နှင့် ထပ်တူညီစွာ ပြောင်းလဲသွားကာ ဆံပင်များမှာလည်း ညဥ့်သန်းခေါင် အလား နက်မှောင်သွားလေ၏။
ထိုအခိုက်အတန့်၌ ဝေ့ဝူယင်သည် သူနှင့် လုံးဝ ထပ်တူ တူညီသည့် ဝေ့ဝူယင်၏ ရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။ သူတို့ နှစ်ယောက်ကား ခန္ဓာကိုယ် အတွင်းရှိ ကလီစာများ၊ သွေးများနှင့် အမတေများတွင်ပင် ခြားနားခြင်း မရှိချေ။ သို့သော်လည်း ၎င်းမှာ အစစ်အမှန် ခန္ဓာကိုယ် ကဲ့သို့ စင်းလုံးချောတော့ မဟုတ်သေးချေ။ ဥပမာ ပြရလျှင် ကိုယ်ပွားတွင် အစစ်အမှန် ခန္ဓာကိုယ် ကဲ့သို့ အသိစိတ် ပင်လယ်နှင့် မူလ ဝိညာဥ် မရှိပါချေ။
ထိုနှစ်ခုမှာ ဒြပ်စင်ချီ ဆန်းကြယ် ဝိညာဥ် ဖန်တီးနိုင်သည့် အရာများ မဟုတ်ပါချေ။ ဧဒင်ချီ အဂ္ဂိရတ် ဝိညာဥ် သာလျှင် အသိစိတ် ပင်လယ်ကို ဖန်တီးရန် အခွင့်အရေး ရှိကောင်း ရှိနိုင်ပေသည်။
မည်သို့ပင် ဆိုစေ... နောက်ဆုံး၌ ဝေ့ဝူယင်သည် ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် သူ ကိုယ်တိုင် ဖြစ်သောကြောင့် အပြည့်စုံဆုံး ကိုယ်ပွားဟု ဆိုနိုင်ပေသည်။
ယခု သူပြုလုပ်ရမည့် အရာက ထိုကိုယ်ပွားကို တစ်နည်းနည်းဖြင့် ထိန်းချုပ်နိုင်ရန် ဖြစ်၏။
သူ တွေးတောနေစဥ်မှာပင် ကိုယ်ပွားအတွင်း ရှိနေသည့် ဒြပ်စင်ချီ ဆန်းကြယ် ဝိညာဥ်သည် အပြင်သို့ ထွက်လာကာ သူ၏ ပါးစပ်မှ တစ်ဆင့် ထျန်းတျန် အတွင်း သက်တောင့်သက်သာ ပြန်လည် ဝင်ရောက်သွားလေတော့၏။
ဝေ့ဝူယင်မှာ ထိုအရာကို စိတ်မရှိပါချေ။ သူက ကိုယ်လုံးထီး ကိုယ်ပွား၏ အနားသို့ လမ်းလျှောက်သွားကာ သူ၏ နဖူးနှင့် ကိုယ်ပွား၏ နဖူးကို ထိတွေ့လိုက်သည်။ ဧင်ချီသည် သူ၏ အသိစိတ် ပင်လယ် အတွင်းမှ စတင် စီးထွက်လာကာ ကိုယ်ပွား၏ ခေါင်းအတွင်းရှိ ချီဖြင့် ဖန်တီးထားသော ဦးနှောက်အတွင်း စီးဝင်သွားလေသည်။
တဖြည်းဖြည်းနှင့် ကိုယ်ပွားနှင့် သူ့အကြားတွင် ဆက်သွယ်မှု တစ်ခု ဖြစ်ပေါ်လာ၏။ သူ မျက်လုံးများကို ဖွင့်လိုက်သည့် အခါ မျက်လုံးဖွင့်ထားသည့် ကိုယ်ပွားကို အနီးကပ် တွေ့မြင်လိုက်ရသည်။
သူ နောက်သို့ ဆုတ်လိုက်သော အခါ ကိုယ်ပွားမှာ နောက်သို့ လိုက်၍ ဆုတ်၏။
သူ လက်ကို မြှောက်သည့် အခါတွင်လည်း ကိုယ်ပွားမှာ လိုက်၍ လုပ်၏။
ထို့နောက် သူက မျက်လုံးများကို မှိတ်လိုက်သော အခါ ကိုယ်ပွားမှာလည်း လိုက်မှိတ်လေသည်။
မကြာခင်မှာပင်... ကိုယ်ပွားမှာ ကိုယ်တိုင် လှုပ်ရှားနိုင်လာကာ အသစ် ဖန်တီးထားသော မျက်လုံးများနှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သို့သော်လည်း အရာရာက ဝေဝါးကာ အရောင်အဆင်း ကင်းမဲ့နေ၏။ ဝေ့ဝူယင် အနည်းငယ် စဥ်းစားလိုက်ကာ လက်ဖြင့် ဝိညာဥ် အစီအရင် တစ်ခုကို ရေးဆွဲလိုက်သည်။
“ဒြပ်စင်မျက်လုံး...”
ရုတ်တရက် ကမ္ဘာကြီးမှာ တဖြည်းဖြည်း အကောင်အထည် ပေါ်လာ၏။ ဝေ့ဝူယင်သည် သူ၏ မူလ ခန္ဓာနှင့် ပတ်ဝန်းကျင်ရှိ စိမ်းစိမ်းစိုစို သစ်ပင်ကြီးများကို မြင်တွေ့လိုက်ရသည်။ ထိုမျက်လုံးများနှင့် အရာရာကို သူ မြင်တွေ့ နေခဲ့ရပြီ ဖြစ်သည်။
“ဒါပေမဲ့ အခြား ရုပ်ပိုင်းဆိုင်ရာ အာရုံတွေက အပြည့်အဝ အလုပ်မလုပ်သေးဘူး... ဒီဟာက အဓိပ္ပာယ်တော့ ရှိပါတယ်... ဝိညာဥ် မရှိပဲ ဝိညာဥ် စွမ်းအင်ပေါ်ပဲ မှီခိုနေရတာကိုး...”
သူသည်လည်း လုံးဝ ပြီးပြည့်စုံသည့် ဝေ့ဝူယင် နောက်တစ်ယောက် ဖြစ်ပေါ်လာသည် အထိ မျှော်လင့်မထားချေ။ ထိုအရာက ပင်လျှင် ရလဒ် အတော်လေး ကောင်းပေသည်။
“အိုး...”
ကိုယ်ပွား၏ ဝိညာဥ် စွမ်းအင်သည် လျှင်မြန်စွာ ကျဆင်းလာ၏။ မူရင်း ခန္ဓာကိုယ်နှင့် မတူညီပဲ ကိုယ်ပွားမှာ ဝိညာဥ် စွမ်းအင် အနည်းငယ်ကိုသာ ထိန်းသိမ်း သိုလှောင် ထားနိုင်သည်။
"ဒီကိုယ်ပွားကို စွမ်းအင် လေးမျိုးနဲ့ စဥ်ဆက်မပြတ် သန့်စင်နေဖို့ လိုအပ်တယ်... မဟုတ်ရင် အသုံးမဝင် ဖြစ်သွားလိမ့်မယ်”
ဝေ့ဝူယင်သည် ကိုယ်ပွားကို နာရီ အနည်းငယ်ကြာ ဆက်လက် လေ့လာနေခဲ့၏။ ထိုအတောအတွင်း သူသည် ကိုယ်ပွားအကြောင်း အတော်လေး နားလည် သဘောပေါက်လာခဲ့သည်။ နောက်ဆုံး၌ သူက လက်တစ်ဖက်ကို ခါယမ်းလိုက်၏။ ကိုယ်ပွားမှာ အနည်းငယ် တုန်ရီလာကာ အဖြူရောင် မြူများ အဖြစ် ပြိုကွဲသွားခဲ့သည်။ ထိုမြူများသည် ဝေ့ဝူယင်၏ လက်ဖဝါးထက်တွင် စုစည်းလာကာ အဖြူရောင် အလင်းလုံးလေး တစ်လုံး ဖြစ်သွားခဲ့သည်
ထိုအရာကား ကိုယ်ပွား၏ အခြေခံ အကျဆုံး ပုံစံပင် ဖြစ်သည်။ အကယ်၍ လိုအပ်ပါက ကိုယ်ပွား၏ အသိစိတ် ပင်လယ်ထဲရှိ အတွေးတစ်ချက်နှင့် အတူ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းနိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် ကိုယ်ပွားကို ပိုမို အားကောင်းစေရန် အတွက် ဝေ့ဝူယင် အနေဖြင့် အမျိုးမျိုးသော စွမ်းအင်များကို အဆက်မပြတ် ထည့်သွင်း ပေးနိုင်ပေသည်။
ကိုယ်ပွား၏ လက်ရှိ အဆင့်မှာ သေမျိုး နတ်ဘုရား အဆင့်ကို ယှဥ်နိုင်ရုံလောက်သာ ရှိသည်။ ထို့အပြင် အချိန် အကန့်အသတ်လည်း ရှိသေးသည်။ သူ့အနေဖြင့် ကိုယ်ပွားကို အစွမ်းထက်လာအောင် ပြုပြင်ဖို့ အများကြီး လိုအပ်ပေသေးသည်။
ဝေ့ဝူယင် အနည်းငယ် စဥ်းစားကာ ကိုယ်ပွားကို နာမည်တစ်ခု ပေးရန် ဆုံးဖြတ်လိုက်၏။
“ကိုယ်ပွား ကျင့်စဥ်... သေမျိုး နတ်ဘုရား ကိုယ်ပွား...”
ထိုနာမည်က သင့်လျော်သည်ဟု သူ ခံစားလိုက်ရ၏။ ထို့နောက် ဂရုတစိုက်ပင် ဝေ့ဝူယင် ကိုယ်ပွားကို သုံးလွှာ လက်စွပ်ထဲ ထည့်သွင်းလိုက်သည်။
ထိုအချိန်တွင်ပင် သိုလှောင်လက်စွပ်ထဲမှ အလင်းရောင် ခပ်မှိန်မှိန် ထွက်ပေါ်လာ၏။ ဆက်သွယ်ရေး သလင်းကျောက်မှ စာလာခြင်းပင်...။ ဝေ့ဝူယင် သက်တောင့်သက်သာပင် သလင်းကျောက်အား ဆွဲထုတ်ကာ စာကို ဖတ်လိုက်၏။
“ပစ်မှတ် အားလုံး ရှင်းပြီး ... စုမေ့”
ဝေ့ဝူယင် ပြုံးလိုက်၏။ ထိုမိန်းကလေးကား အတော်လေး တိကျလှသည်။ သူပေးအပ်ထားသည့် ပစ်မှတ် နှစ်ဆယ့် သုံးယောက်ကို တစ်ရက်အတွင်း သတ်ဖြတ်နိုင်ခဲ့သည်။ ငယ်သား တစ်ယောက် အနေဖြင့် စုမေ့သည် အမြဲတမ်း တိတိကျကျ သွေးအေးအေးလုပ်တတ်ကြောင်း သူ သိထားသော်လည်း ထိုအရာက အနည်းငယ်တော့ ထိတ်လန့်စရာ ကောင်းလှသည်။
ထိုအချိန်တွင်ပင် ဆက်သွယ်ရေး သလင်းကျောက်မှ နောက်ထပ် အလင်းတစ်ခု လင်းလက်လာပြန်သည်။ ယခုတစ်ကြိမ်မှာလည်း စုမေ့ထံမှ ဖြစ်သည်။
“ဘာဖြစ်ဖြစ်လေ ကိစ္စကြီး တစ်ခုမှ မဟုတ်တာပဲ”
ခဏမျှ စဥ်းစားလိုက်ပြီးနောက် သူ စာပြန်ရေးလိုက်၏။
“ငါ ခွင့်ပြုတယ်....”
...
လဲ့မျိုးနွယ်၏ ကျဆုံးမှုမှာ ကျောက်စိမ်းကြာပန်းဂိုဏ်း နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။ ကျယ်ပြန့်သော ဧရိယာကို အုပ်စိုးခဲ့သည့် လဲ့မျိုးနွယ်၊ သေမျိုး နတ်ဘုရား တစ်ပါး၏ ကာကွယ်မှုအောက်၌ ရှိသော လဲ့မျိုးနွယ်၊ စသည့် ဂုဏ်ပုဒ် အမျိုးမျိုးကို ပိုင်ဆိုင်ထားသည့် လဲ့မျိုးနွယ်မှာ အဘယ်ကြောင့် ဤကဲ့သို့ အလွယ်တကူ ကျဆုံးသွားရသနည်း။ ထိုအရာကား ကျောက်စိမ်းကြာပန်းဂိုဏ်း ပိုင်နက်အတွင်း နေထိုင်ကြသည့် လူတိုင်းသိချင်နေကြသော မေးခွန်းတစ်ခု ဖြစ်လေ၏။
ထိုအဖြစ်အပျက် အားလုံးနှင့် တိုက်ရိုက် သက်ဆိုင်နေသော ပုဂ္ဂိုလ်ကား ဆက်သွယ်ရေး သလင်းကျောက် တစ်ခုကို ကိုင်ကာ ကျောက်စိမ်းဆုလာဒ်မြို့၏ တစ်နေရာတွင် စောင့်ဆိုင်းနေခဲ့လေသည်။ မကြာခင် သလင်းကျောက်မှာ လင်းလက်လာကာ သူမ၏ အမူအရာမှာ ပြောင်းလဲသွား၏။
ထိုအခိုက်၌ သူမကား ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည့် စားသောက်ဆိုင်တစ်ခု၏ အဝတွင် ရပ်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးများက စားပွဲတစ်ခု၌ ထိုင်နေသည့် ယောက်ျား သုံးယောက်ထံ ရောက်ရှိသွား၏။
ထိုသုံးယောက်သည် စကားပြောကာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြပုံ ပေါ်သည်။ သို့သော်လည်း သူတို့၏ မျက်လုံးများက ဂဏှာမငြိမ်ပဲ မကြာခဏ ဆိုသလိုပင် အခြား စားပွဲဝိုင်း တစ်ခုကို ရောက်ရှိသွားနေ၏။ ထိုစားပွဲဝိုင်းတွင်မူ ပခုံးထိသော အညိုရောင် ဆံပင်၊ အညိုရောင် မျက်လုံးများနှင့် မိန်းကလေး တစ်ယောက် ရှိသည်။ သူမကား သံသယ ရှိစရာ မလိုလောက်အောင်ပင် လှပပေသည်။
ပုံမှန်အားဖြင့် ဆိုပါက ထိုကဲ့သို့ ပိုးပန်းမှုများမှာ နေရာတိုင်းတွင် မကြာခဏ တွေ့မြင်ရတတ်သော အရာများ ဖြစ်သည်။ ဝင်ရောက် စွက်ဖက်ရန် မလိုအပ်ချေ။ ယခုတစ်ကြိမ်ကမူ ခြားနားစွာပင် စုမေ့သည် သူတို ထိုကဲ့သို့ ပြုလုပ်နေသည့် အကြောင်းပြချက်ကို အတိအကျ သိရှိထားပေသည်။
စုမေ့ တွေးတောနေစဥ်မှာပင် မိန်းကလေးသည် စားသောက်ပြီးစီးသွား၏။ သူမက ငွေရှင်းကာ ထိုင်ရာမှ ထရပ် လိုက်ပြီးနောက် မည်သည်ကိုမျှ သတိပြုမိဟန် မရပဲ ထွက်ခွာသွားလေသည်။
***