← Chapters

ထိပ်တန်းအရှင်သခင်တစ်ယောက်၏အရိုးရှင်းဆုံးနေထိုင်ရာနေရာ

Vol. 80 Ch. 1127

ထိပ်တန်းအရှင်သခင်တစ်ယောက်၏အရိုးရှင်းဆုံးနေထိုင်ရာနေရာ

Vol. 80 Ch. 1127

အခန်း (၁၁၂၇) ထိပ်တန်းအရှင်သခင်တစ်ယောက်၏အရိုးရှင်းဆုံးနေထိုင်ရာနေရာ

“’ရန်’ သခင်လေး ကူညီပေးခဲ့တာတွေအတွက် ဖုထင်က အဆုံးမရှိ ကျေးဇူးတင်နေမှာပါ”

ဖုထင်က ကျေးဇူးတင်စကားဆိုလိုက်သည်။

ပြီးမှ သူမက မျက်မျောင်ကြုံ့ရင်း...

“ဒါပေမဲ့ အထက်ဘုံကမ္ဘာက တခြားလူတွေကတော့ ‘ရန်’ သခင်လေးနဲ့ တူညိတဲ့အတွေး ရှိမှာ မဟုတ်ဘူး”

ဖုထင်က အဖြူရောင်ပိုးသားဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်ကြားမှ မတူညီမှုများကို ထင်ရှားစွာသိရှိပြီး အထက်ဘုံကမ္ဘာမှ အချို့သော ထိပ်တန်းတန်ခိုးစွမ်းအားရှင်များက အဖြူရောင်ပိုးသားဧကရာဇ်ကို ထောက်ခံမည်မဟုတ်ကြောင်း ကောင်းစွာသိရှိထားသည်။

တိုးတက်မှုရှုထောင့်မှ ကြည့်မည်ဆိုလျှင် အနက်ရောင်ပိုးသားဧကရာဇ်က များစွာအလားအလာရှိပြီး အနာဂတ်အတွက် သိသိသာသာ အကျိုးအမြတ် ကြီးမားသူ ဖြစ်သည်။ သူက အုပ်စိုးရှင်အဆင့်ကိုကျော်လွန်ကာ ဧကရာဇ်တစ်ပါးဖြစ်လာရန်ပင် အလားအလာ ရှိသည်။

အဖြူရောင်ပိုးသားဧကရာဇ်ကတော့ ရှေ့ဆက်လျှောက်ရမည့်အနာဂတ်လမ်းကို သူကိုယ်တိုင်ပင် မသိရှိသေးပေ။

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“အများစုကတော့ ကြားနေရပ်တည်ပြီး စောင့်ကြည့်ဖို့ ရွေးချယ်ကြမှာပါ”

သူကဆက်ပြောသည်။

“ပြဿနာရှာမယ့်သူတွေကတော့ နဂိုကတည်းက အခြေအနေတင်းမာမှုရှိနေတဲ့သူတွေပဲ ၊ အင်း... ချန်ချန်းဟွာကတော့ အခြေအနေမတင်းမာလည်း ပြဿနာရှာမှာပဲပေါ့”

ထို့နောက်သူက ဘေးတွင်ရှိနေသည့် မန်ဝမ်ကို ကြည့်လိုက်ရင်း...

“ဟုတ်သားပဲ... မင်းတို့နှစ်ယောက် စကားပြောကြဦး ၊ ငါ အဖေနဲ့သွားတွေ့လိုက်ဦးမယ်”

ဖုထင်နှင့်မန်ဝမ်တို့နှစ်ယောက်သား တစ်ယော်ကနှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မျက်ဝန်းများထဲတွင် အလွန်အမင်း စိတ်ရှုတ်ထွေးနေမှုများကို တွေ့မြင်ရလေသည်။

သို့သော် နှစ်ယောက်လုံးက တည်ငြိမ်သူများဖြစ်ကြသဖြင့် ရန်ကျောက်ကဲက သူတို့ကို ဤအတိုင်းထားခဲ့ရသည်ကို စိတ်ပူပန်ခြင်း မရှိပေ။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အခက်တွေ့အောင်လုပ်မည့်သူများ မဟုတ်ပေ။

တစ်ယောက်နှင့်တစ်ယောက် စကားတစ်လုံးမှ မပြောသည်က ဖြစ်နိုင်ခြေအရှိဆုံး အခြေအနေ ဖြစ်ကောင်းဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ ဤသို့သောကိစ္စမျိုးက ရန်ကျောက်ကဲ ဝင်ရောက်စွက်ဖက်သင့်သည့် ကိစ္စမျိုးလည်း မဟုတ်ပေ။

ပြီးတော့ အဖေတူအမေကွဲ ညီအစ်မနှစ်ယောက်ကို တတိယလူတစ်ယောက်မရှိဘဲ ဤသို့ နှစ်ယောက်တည်းထားခဲ့ခြင်းက သူတို့အတွက်လည်း ပိုပြီးအကျိုးရှိစေနိုင်သည်။

ရန်ကျောက်ကဲက ပွင့်လန်းနေသောကြာပန်းတစ်ပွင့်နှင့်ဆင်တူသည့် ထိုက်ယိဟွာတိမ်တိုက်အတွင်းမှ ခုန်ထွက်လာပြီး ရန်တိရှေ့သို့ ရောက်ရှိလာသည်။

ဖခင်ဖြစ်သူရှေ့ရောက်သည်နှင့် သူက စကားဆိုလိုက်သည်။

“ငရဲကိုးထပ်မှာ ပိုးသားဧကရာဇ်က ကျွန်တော့်ကို တိုက်ခိုက်တယ် ၊ ဒါကိုကြည့်ရင် အရင်တုန်းက ကျွန်တော်ခန့်မှန်းထားတာတွေ တကယ်မှန်နေတယ်လို့ ပြောလို့ရတယ်”

ရန်ကျောက်ကဲက ရန်တိကို ကြည့်လိုက်ရင်း...

“သူ့ရဲ့ ကျင့်စဉ်လမ်း ရှေ့ဆက်တိုးချင်တယ်ဆိုရင် ခံစားချက်ကင်းမဲ့တဲ့လမ်းစဉ်ကို လျှောက်လှမ်းရမယ် ၊ ပြီးတော့ အဖေ့ရဲ့ ထိုက်ယိဟွာတိမ်တိုက်ကို ရယူပြီး ပြန်လည်သန့်စင်ကျင့်ကြံရလိမ့်မယ်”

ထိုအကြံအစည်ကြောင့်ပင် ပိုးသားဧကရာဇ်က သူ၏လမ်းကြောင်းတွင် ခလုတ်ဖြစ်စေမည့် ရန်ကျောက်ကဲကို ငရဲကိုးထပ်တွင် လုပ်ကြံအန္တရယ်ပြုရန် ကြိုးစားခဲ့သည်။

ရန်ကျောက်ကဲက...

“ကျွန်တော် သူ့သမီးတွေကို ကာကွယ်ပေးနေပေမယ့် သူကတော့ ကျွန်တော့်ကို ဒုက္ခပေးမှာပဲ”

ထိုစကားကြားတော့ ရန်တိက မျက်နှာပျက်သွားခြင်းမရှိဘဲ တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။

ရန်ကျောက်ကဲက...

“အခု အနက်ရောင်ပိုးသားဧကရာဇ်နဲ့ အဖြူရောင်ပိုးသားဧကရာဇ် အချင်းချင်းတိုက်ခိုက်နေတယ် ၊ ဒီတော့ ကျွန်တော်တို့အတွက် အချိန်နည်းနည်းရနိုင်သေးတယ်”

“အကောင်းဆုံးကတော့ အဖြူရောင်ပိုးသားဧကရာဇ် အနိုင်ရသွားတာပဲ ၊ ဒါပေမဲ့ အခု သူတို့ဘယ်ရောက်နေမှန်းမသိတဲ့အတွက် ကျွန်တော်တို့လုပ်နိုင်တာ သိပ်မရှိဘူး ၊ ဆိုတော့ ... ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်ဖို့ပဲ ရှိတယ်”

“ပြီးတော့... အနက်ရောင်ပိုးသားဧကရာဇ်ကိုထောက်ခံတဲ့လူတွေက ဖုထင်နဲ့မန်ဝမ်ကို ရှာဖွေပြီး ထိခိုက်အောင်လုပ်မှာကိုလည်း ကျွန်တော်တို့ သတိထားရမယ်”

ရန်ကျောက်ကဲက ငရဲကိုးထပ်မှအတွေ့အကြုံများနှင့် နောက်ပိုင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်ရှိသွားသည့် အကြောင်းအရာများအားလုံးကို ရန်တိအား ပြောပြလိုက်သည်။

ရန်တိက အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်း...

“လက်စသတ်စရာကိစ္စလေးတွေပြီးရင်တော့ ငါတို့တွေ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သွားကြရအောင်ကွာ...”

သူက ရန်ကျောက်ကဲအား လှည့်ကြည့်လိုက်ပြီး...

“တူမလေး ‘ဖန်းယွင်ရှန်း’ ကိစ္စနဲ့ပတ်သက်ရင်တော့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင်ပဲဖြစ်ဖြစ် ၊ ဂိုဏ်းတူအစ်ကို ‘ယွဲ့ကျန့်ပေ’ ပြန်ရောက်လာရင်ပဲဖြစ်ဖြစ် မေးကြည့်လိုက်ပေါ့ ၊ သူတို့က ရာဟုကြယ်ထက်ယံအရှင်သခင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပိုပြီးသိနိုင်တယ် ၊ ပြီးတော့ ငါတို့ကို ကူညီပြီး တူမလေး’ဖန်း’ ကို ရှာဖွေပေးနိုင်လိမ့်မယ်”

ရန်ကျောက်ကဲက တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။

တကယ်တော့ အထက်ဘုံကမ္ဘာတွင် သူ မေးမြန်းနိုင်သည့်လူတစ်ယောက် ရှိနေပြီးသား ဖြစ်သည်။

မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ သည်လည်း အရင်တစ်ချိန်က ရာဟုကြယ်ထက်ယံအရှင်သခင်နှင့် ပတ်သက်ခဲ့ဖူးသည်။

သို့သော် ထိုအဘိုးကြီးက ဆက်ဆံရလွယ်ကူမည် မဟုတ်လေရာ သူ့ထံမှ သတင်းအချက်အလက် ရရှိရန်ကြိုးစားခြင်းက ကျားတွင်းထဲဆင်းသည့်ပမာ အန္တရယ်များလှသည်။

အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာပြီးသည့်နောက် ငရဲကိုးထပ်တွင် ဖြစ်ခဲ့သမျှကိစ္စရပ်များကို ဝမ်ကျန်းချန်အား သတင်းပေးပို့ပြီးလောက်ပေပြီ။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ထပ်မံသတင်းပို့ရန် မလိုအပ်တော့ပေ။

သူ့အတွက်တော့ ဝမ်ကျန်းချန်ထံမှ အကူအညီတောင်းခြင်းထက် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်နှင့် ကျန့်ဟွမ်ဓားဧကရာဇ် ပြင်ပဗလာနယ်ထဲမှ ပြန်လာသည်ကို စိတ်ရှည်စွာစောင့်ဆိုင်းခြင်းက ပိုကောင်းပေလိမ့်မည်။

ဟုတ်ပေ၏။

ဝမ်ကျန်းချန်မှ သတင်းအချက်အလက်များရရှိနိုင်မည်ဆိုလျှင်လည်း တကယ်တော့ များစွာ အထောက်အကူ မဖြစ်နိုင်ပေ။

အကြောင်းမှာ အခြားသူများ ဖန်းယွင်ရှန်းကို ကူညီချင်သည်ဆိုလျှင်လည်း ကူညီ၍မရနိုင်ပေ။ အားလုံးက သူမကိုယ်တိုင်အပေါ်တွင် မူတည်နေသောကြောင့် ဖြစ်သည်။

ဤအချက်ကို ရန်ကျောက်ကဲ သတိပြုမိသည့်အခါ အခြေခံအားဖြင့်ကူညီပေးနိုင်မည့်အရာတစ်ခုရှိနိုင်မည်ဟု သူ မျှော်လင့်ချက်မထားတော့ပေ။

ထိုအချိန် ရန်တိက ရုတ်တရက် မေးလိုက်သည်။

“ဒါနဲ့... ထိုက်စွေ့အလံရှည်နဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်သလဲ”

ရန်ကျောက်ကဲက...

“ချန်ချန်းဟွာပြောတာတော့ ဒီရတနာပစ္စည်းကို အမေ့ဆီကရတာမဟုတ်ဘဲ တခြားလူဆီက ယူခဲ့တာတဲ့”

သူက ဆက်ပြောသည်။

“ဒီကောင်က ငကြောင်ဆိုပေမယ့် သူ့စကားကတော့ ယုံကြည်စရာကောင်းတယ်လို့ ထင်တယ် ၊ အခု သူ ဘယ်မှာပုန်းနေလဲ မသိရတာ နာတာပဲ ၊ ထိုက်စွေ့အလံရှည်ကို သူ ဘယ်လိုရလာသလဲဆိုတာ မသိနိုင်တော့ဘူး”

ရန်ကျောက်ကဲ မျက်ဝန်းများတစ်ချက်တောက်ပသွားပြီး...

“ဒါပေမဲ့... ဘယ်သူ့ဆီကရတာလဲဆိုတာ ဖြစ်နိုင်ခြေကတော့ ဘောင်ကျဉ်းပါတယ်”

ရန်တိက ဖြည်းညင်းသည့်လေသံဖြင့်...

“အရှေ့ပိုင်းထိပ်တန်းအရှင်သခင် ၊ အနောက်ပိုင်းထိပ်တန်းအရှင်သခင် ၊ အနောက်မြောက်ထိပ်တန်းအရှင်သခင် ၊ မြေကမ္ဘာထိပ်တန်းအရှင်သခင်... တစ်ယောက်ယောက်ပဲ”

အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် ၊ အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ် ၊ အနောက်မြောက် ယိုးထျန်းကောင်းကင်ပြည်နယ်နှင့် အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်တို့မှ ရရှိခြင်း ဖြစ်နိုင်သည်။

ဤပြည်နယ် (၄)ခုက ဟူယွဲ့ရှင်း၏အဆက်အနွယ်များကို လိုက်လံဖမ်းဆီးနေသည်မှာ အငြင်းပွားစရာ မရှိပေ။

ရန်ကျောက်ကဲက...

“တဖြည်းဖြည်း အဖြေသိလာအောင် ကျွန်တော်တို့ ကြိုးစားကြတာပေါ့ ၊ အခု အမေဘယ်မှာလဲ ကျွန်တော် သိချင်လိုက်တာ”

သူက ဆက်ပြောသည်။

“ဘာပဲဖြစ်ဖြစ်ပါ... ကျွန်တော်တို့လက်ထဲ ထိုက်စွေ့အလံရှည်ရောက်နေတာသိရင် အမေလည်း ဝမ်းသာသွားမှာပဲ”

အမြဲတမ်း သူရဲကောင်းဆန်သော ရန်တိက ထူးခြားစွာ သက်ပြင်းချလိုက်သည်။ သားအဖနှစ်ယောက် မည်သို့မှ မတတ်နိုင်စွာ အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။

အရှက်မရှိ ကိုယ်ရည်သွေးရမည်ဆိုလျှင် ‘ရန်’ အိမ်တော်မှ ယောကျ်ားလေးများအားလုံးက သူရဲကောင်းများ ဖြစ်ကြသည်။

သို့တိုင် ‘ရန်’ အိမ်တော်မှ ယောကျ်ားလေးများ၏ ဇနီးများသည်လည်း စိတ်ပူအောင် အလုပ်နိုင်ဆုံးသူများ ဖြစ်ကြသည်။

နျဲ့ကျင်းရှန်နှင့် ချန်ချန်းဟွာ တိုက်ပွဲအပြီးတွင် ချန်ချန်းဟွာက ကြာပန်းနီကမ်းပါးသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တောင်းပန်းခဲ့ပြီးနောက် အထက်ဘုံကမ္ဘာတစ်ခုလုံး မွှေနှောက်တုန်လှုပ်သွားစေသည့် လှိုင်းလုံးများက ပြန်လည်ငြိမ်သက်သွားခဲ့သည်။

ရန်ကျောက်ကဲ တောင်ပိုင်းတွင် ခဏမျှနေထိုင်ပြီး လုပ်စရာကိစ္စအချို့ကို လုပ်ကိုင်ခဲ့သည်။ ထို့နောက်မှာတော့ ရန်တိနှင့် အခြားသောဂိုဏ်းသားများကို နှုတ်ဆက်ကာ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ ခရီးထွက်လာခဲ့သည်။

သို့သော် သူ့အနေဖြင့် လမ်းတွင် ဝင်ရောက်ရမည့် အရေးကြီးနေရာတစ်ခုရှိနေသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင်အသစ် ‘နျဲ့ကျင်းရှန်’ ထံသို့ သူ ဝင်ရောက်ဂါရဝပြုရမည် ဖြစ်သည်။

နျဲ့ကျင်းရှန်ကိုတွေ့သည်နှင့် ရန်ကျောက်ကဲက ခံစားချက်အပြည့်ဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

“ဒီတစ်ခေါက် ကူညီပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းတူအစ်ကို’နျဲ့’”

နျဲ့ကျင်းရှန်က သိုင်းဂိုဏ်းတစ်ခု တည်ထောင်ခြင်းမရှိသလို တပည့်မွေးခြင်းလည်းမရှိပေ။ သူက ဓားတစ်လက်ကိုအဖော်ပြုပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ဝင်ရောက်လာပြီး တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်နှင့် အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် နယ်စပ်တွင်တည်ရှိသော ရေကန်တစ်ထောင်ဒေသတွင် နေရာတစ်ခုရှာဖွေကာ နေထိုင်သည်။

ဤသို့ ပွင့်ပွင့်လင်းလင်း ပြုမူလိုက်ခြင်းက လူတိုင်းကို မျက်လုံးလှန်မိစေသည်။ သူ့အပြုအမူက နျဲ့ကျင်းရှန်က တောင်ပိုင်းထိပ်တန်းအရှင်သခင်ဟု မည်သူမှမရိပ်မိစေဘဲ အကြောင်းသိများသာ သိရှိနိုင်ပေမည်။

သတိမထားမိသောအခြားသူများကတော့ နျဲ့ကျင်းရှန်က တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ် မြောက်ပိုင်းနယ်စပ်ကို စောင့်ကြပ်နေသည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ ပတ်ဝန်းကျင်နယ်မြေက ခွန်လွန်တောင်နှင့်နှိုင်းယှဉ်လျှင် ဝိညာဉ်စွမ်းအား များစွာနည်းပါးသည်။ သို့သော် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်နှင့် နှိုင်းယှဉ်နိုင်သည့် အဖိုးတန်နယ်မြေအချို့လည်း ရှိနေပါသည်။

ဝူထုန်တောင်စောင်းတည်ရှိရာ ဇာမဏီရိုးရာတောင်ဆိုလျှင် ဝိညာည်စွမ်းအားအလွန်ပေါများသည့် ကျော်ကြားသော နယ်မြေတစ်ခု ဖြစ်၏။

သို့သော် နျဲ့ကျင်းရှန်က ထိုသို့သောနေရာများကို မရွေးချယ်ခဲ့ပေ။ နောက်လိုက်များလည်းမရှိ တပည့်များလည်းမမွေးဘဲ ‌ရေကန်တစ်ထောင်ဒေသရှိ ကျွန်းငယ်လေးတစ်ခုထက်တွင် တည်းလေးထိုးပြီး တစ်ယောက်တည်း ကျင့်ကြံနေခဲ့သည်။

တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်၏ အရေးကိစ္စများကိုလည်း သူက မေးမြန်းစုံစမ်းခြင်း မပြုပေ။

ရန်ကျောက်ကဲနှင့်ဝါဒ‌တောင် တန်ခိုးစွမ်းအားမြင့်မားပြီး အာဏာတည်ဆောက်နိုင်လာသည့်အခါ တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကိုပေးအပ်ရန် သူက နေရာမယူဘဲ ချန်ထားသည်မှာ ထင်ရှားသည်။

ဤသည်မှာ သမိုင်းတစ်လျှောက် တစ်ခါမှမဖြစ်ဖူးသည့် ဖြစ်ရပ်မျိုးဖြစ်ပြီး အလွန် အံ့သြစရာကောင်းလှသည်။ နျဲ့ကျင်းရှန် နေထိုင်ရာနေရာသည်လည်း အထက်ဘုံကမ္ဘာသမိုင်းတစ်လျှောက်တွင် ထိပ်တန်းအရှင်သခင်တစ်ယောက်နေထိုင်သည့် အရိုးရှင်းဆုံးနှင့် အစုတ်ပြတ်ဆုံး တာအိုနယ်မြေ ဖြစ်နိုင်ပေသည်။

သူနေထိုင်သည့်နေရာက မည်သည့်စကားနှင့်မှ ချဲ့ကားပြောဆို၍မရနိုင်အောင် ရိုးရှင်းလွန်းသည်။

သို့သော် နျဲ့ကျင်းရှန်သည် သမိုင်းတစ်လျှောက်တွင် တန်ခိုးစွမ်းအားအမြင့်မားဆုံး တောင်ပိုင်ထိပ်တန်းအရှင်သခင်လည်း ဖြစ်ပေသည်။

“ဂိုဏ်းတူအစ်ကို’နျဲ့’ ရဲ့ စေတနာကို ကျွန်တော်တို့ဝါဒတောင်တစ်ခုလုံးက နားလည်ပါတယ် ၊ ဒီ ရေကန်တစ်ထောင်ဒေသမှာ မင်း နေစရာ မလိုပါဘူး”

ရန်ကျောက်ကဲက ဆိုသည်။

“ဒီနေရာက ဝိညာဉ်စွမ်းအားတွေက ခွန်လွန်တောင်နဲ့ယှဉ်ရင် အရမ်းနည်းပါးလွန်းတယ် ၊ ဂိုဏ်းတူအစ်ကို’နျဲ့’ ကျင့်ကြံခြင်းအတွက် အဆင်မပြေနိုင်ဘူး”

ချန်ချန်းဟွာနှင့်တိုက်ခိုက်စဉ်ကကဲ့သို့ အေးစက်ထက်ရှမှုများ နျဲ့ကျင်းရှန်မျက်နှာထက်တွင် ပျောက်ကွယ်သွားပြီး သူက ရန်ကျောက်ကဲကို ပြုံးပြလိုက်သည်။

“ကိစ္စမရှိပါဘူး ၊ ခွန်လွန်‌တောင်ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအားကောင်းမွန်တယ်ဆိုပေမယ့် အရမ်းကို အေးချမ်းပြီး လွယ်ကူလွန်းတယ် ၊ ငါ့ရဲ့ဓား ပိုပြီးထက်မြက်လာဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာလည်း နေထိုင်ဖို့လိုတယ်လေ”

All Chapters