စုမေ့၏ ဝင်ရောက် စွက်ဖက်မှု
Vol. 7 Ch. 88
စုမေ့သည် ပုန်းကာ ကြည့်နေခဲ့၏။ မကြာခင်မှာပင် ယောက်ျားသုံးယောက်မှာလည်း ထိုင်ရာမှ ထရပ်ကာ မိန်းကလေးနောက်ကို လိုက်သွားကြသည်။ သူတို့သည် နေခင်းကြောင်တောင်ပင် ရှောင်မည့်ပုံ မရချေ။
စုမေ့က ထပ်ချက်မကွာပင် ခပ်လှမ်းလှမ်းမှ နောက်ယောင်ခံကာ လိုက်လာခဲ့သည်။ သူမသည် ဝတ်စုံကို ပတ်ဝန်းကျင်နှင့် လိုက်ဖက်အောင် ပြောင်းလဲထား၏။ မိန်းမသားတို့၏ ကောက်ကြောင်းများကို လှစ်ဟာ ဖော်ပြထားသည့် အပြာရောင် ဝတ်စုံကား သူမကို လူသတ်သမား တစ်ယောက် အစား နွဲ့နှောင်းသော မိန်းမပျို တစ်ယောက်နှင့်ပင် ပို၍ တူစေသည်။
ယောကျ်ား သုံးယောက်မှာ နောက်ယောင်ခံလိုက်ရာတွင် အလွန် ကျွမ်းကျင်သူများ ဖြစ်ကြပုံ ပေါ်သည်။ သူတို့သည် အရှေ့မှ မိန်းကလေး မရိပ်မိအောင် မကြာခဏ ဆိုသလိုပင် လမ်းကြောင်းများ လွှဲ၍ လူစုခွဲသွားကြ၏။ တစ်ချိန်တည်း၌ သူတိုသည် ဆယ်သွယ်ရေး သလင်းကျောက်များကို သုံးကာ တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ် မပြတ်အောင် အချိန်တိုင်း ပြောဆိုနေကြသည်။ စုမေ့ပင်လျှင် သူတို့၏ ကျွမ်းကျင်မှုကြောင့် အံ့သြနေမိ၏။ အကယ်၍ သူတို့၏ ရည်ရွယ်ချက်ကိုသာ အတိအကျ မသိပါက သူတို့ နောက်ယောင်ခံလိုက်နေကြောင်း သူမ လုံးဝ ရိပ်မိလိမ့်မည် မဟုတ်ပါချေ။
မကြာခင်မှာပင် မိန်းကလေးသည် ယာဥ်မောင်းတစ်ဦးနှင့် အတူ ရထားလုံး တစ်စီးကို စီးနင်းကာ ကျောက်စိမ်းဆုလာဒ် မြို့ပြင်သို့ ထွက်ခွာသွားသည်။ သူမ၏ ရထားလုံးသည် ဘယ်ကိုမှ မကွေ့ပဲ အဓိက လမ်းမကြီး တစ်လျှောက်သာ မောင်းနှင်သွား၏။ နောက်ယောင်ခံလိုက်နေသည့် ယောက်ျား သုံးယောက်မှာမူ ကျင့်ကြံခြင်း အဆင့် မနိမ့်ပါးရာ ခြေလျင်သာ လိုက်ကြလေသည်။
စုမေ့၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားကာ မှောင်ရိပ်တစ်ချို့ ဖြတ်ပြေးသွား၏။ ကျင့်ကြံသူများ အကြား ရန်ပွဲမှာ အပြစ်မဲ့ ပြည်သူ သေဆုံးမှုကို ဖြစ်ပွားစေနိုင်သောကြောင့် သူမက လတ်တလော မလှုပ်ရှားသေးရန် ဆုံးဖြတ်ထားသည်။ လူသူကင်းသော နေရာတွင် ဒဏ်ခတ်ခြင်းသာလျှင် အကောင်းဆုံး ဖြစ်သည်။ ထို့အပြင် သူမသည် ထိုယောက်ျား သုံးယောက်ကို လွယ်ကူစွာ သတ်ဖြတ်ပစ်နိုင်မည်လော မသေချာချေ။
ထိုလူတစ်ယောက်ချင်းစီကား ချီပျစ်ခဲခြင်း အဆင့်သုံးတွင် ရှိနေကြသည့် ထိပ်တန်း ကျင့်ကြံသူများ ဖြစ်သည်။ ထိုလူများမှာ ဒြပ်စင်လေးခု စလုံးကိုပင် မွေးဖွားခဲ့ပြီး ဖြစ်နိုင်သည်။ အကယ်၍ တစ်ယောက်ချင်း တိုက်ခိုက်ရပါက ပြဿနာ မရှိသော်လည်း အရေအတွက်များခြင်းမှာ ကျင့်ကြံခြင်း အဆင့် ကွာခြားမှုကို လျှော့ချ ပစ်နိုင်စွမ်း ရှိပေသည်။
နာရီအချို့ ကုန်လွန်သွားပြီးနောက် သူတို့သည် မြို့နှင့် အတော်ဝေးဝေးသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင်ပင် ရုန်းရင်းဆန်ခတ်သံများကို စုမေ့ ကြားလိုက်ရ၏။ သစ်သားနှင့် မြေပြင် ရိုက်မိသည့် ပေါက်ကွဲသံများ၊ နာကျင်စွာ အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်လာ၏။ ရထားမောင်းနှင်သူမှာ အသတ်ခံလိုက်ရပြီ ဖြစ်ကြောင်း စုမေ့ ချက်ချင်းပင် တန်းသိလိုက်သည်။
သူမ အချိန်မဖြုန်းတော့ပဲ အရှိန်မြှင့်လိုက်တော့သည်။ ဤအချိန်က ဝင်ပါရန် အကောင်းဆုံး အချိန် ဖြစ်ပေသည်။
ထင်သည့် အတိုင်း မကြာခင်မှာပင် ယောက်ျား သုံးဦး၏ လက်၌ သတိလစ်နေသည့် မိန်းကလေးကို သူမ တွေ့လိုက်ရသည်။ ထိုကလေးမကား အချိန်ပင် မဆွဲနိုင်ခဲ့ပဲ ချက်ချင်း ရှုံးနိမ့်သွားခဲ့ပုံ ပေါ်သည်။
စုမေ့ ခပ်လှမ်းလှမ်း တစ်နေရာတွင် ပုန်းရင်း လှုပ်ရှားရန် အနေအထားကို တွက်ချက်လိုက်၏။ တိုက်ခိုက်ခြင်း မပြုမီ စိတ်ရှည်ခြင်းနှင့် အစီအစဥ် ချမှတ်ခြင်းတို့မှာ အလွန် အရေးကြီးပေသည်။ ထိုအရာက ဝေ့ဝူယင် သူမကို အထပ်ထပ် အခါခါ သင်ကြားခဲ့သည့် တိုက်ပွဲဝင် ဗျူဟာ တစ်ခု ဖြစ်ပေသည်။ ဝေ့ဝူယင် သတ်မှတ်ပေးသည့် လူများကို အလွယ်တကူ ရှင်းလင်း သတ်ဖြတ်နိုင်ခဲ့ခြင်းတွင်လည်း ထိုဗျူဟာက အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပေသည်။
ပထမဆုံး အချက်... အသက်မဆုံးရှုံးရန်မှာ အရေးအကြီးဆုံး ဖြစ်သည်။ ဒုတိယ အချက်... လှုပ်ရှားရန် အခြေအနေနှင့် ရည်ရွယ်ချက်ကို ကြိုတင်ဆုံးဖြတ်ရမည်။ နောက်ဆုံးအချက်... မည်မျှ သေးငယ်သော ပြဿနာ ဖြစ်စေကာမူ ဒုတိယ အစီအစဥ်ကို ကြိုတင်ချမှတ်ထားရမည်။
“နောက်ဆုံးတော့ အရှုပ်ထုပ်တွေ ပြီးသွားပြီ...”
ယောက်ျား သုံးယောက်ထဲမှ တစ်ယောက်က ဆိုလိုက်၏။ ထိုလူသည် ဘယ်ဘက်မျက်လုံးအောက်တွင် အမာရွတ် တစ်ခု ရှိပြီး ညောင်နာနာ အသံကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူ၏ ကြွက်သား အပြည့် ခန္ဓာနှင့် ထူထဲသော ရောင်ဝါတို့က သန်မာသော အခြေခံကို ပိုင်ဆိုင်ထားကြောင်း ဖော်ပြနေ၏။
သူနှင့် ခပ်လှမ်းလှမ်းတွင်မူ... ပိန်လှီလှီ ယောက်ျားမှာ ဓားမြှောင်အား အသုံးပြုကာ ရထားမောင်းသမား၏ ခေါင်းကို ဖြတ်နေခဲ့သည်။ တကျိကျိ အသံများနှင့် လည်ပြွန်မှ ပြွတ်ခနဲ ပန်းထွက်နေသည့် သွေးများမှာ အတော်လေး ရွံရှာဖွယ်ရာ ကောင်းလှသည်။ သို့သော်လည်း ထိုသွေးများက သူ၏ အဝတ်အစားများကို မထိရာ အတော်လေး ကျွမ်းကျင်ကြောင်း ဖော်ပြနေသည်။
သူက မျက်လုံးများ ကျဥ်းမြောင်းသွားသည် အထိ အေးစက်စက် ရယ်ရင်း “နောက်ထပ် ဆုလာဒ် တစ်ခု” ဟု ရေရွတ်လိုက်သည်။
နောက်ဆုံးတစ်ယောက်မှာမူ တိတ်ဆိတ်နေ၏။ သူကား အရပ်ရှည်ကာ မျက်နှာတစ်ပြင်လုံး အနက်ရောင် အမွေးအမျှင်များ ဖုံးလွှမ်းနေသည့် လူကြီး ဖြစ်သည်။ သို့သော်လည်း သူသည် ကတုံး ဖြစ်၏။
သူကား အလွန် သန်မာထွားကြိုင်းခြင်းလည်း မရှိသလို ပိန်လှီနေခြင်းလည်း မရှိပါချေ။ ဝိညာဥ်အာရုံဖြင့် ပတ်ဝန်းကျင်ကို တောက်လျှောက် စစ်ဆေးနေခြင်းကို ထောက်ချင့်ကြည့်ပါက ထိုလူမှာ သုံးယောက်ထဲတွင် သတိ အရှိဆုံး ဖြစ်ကြောင်း သိသာနေသည်။
အမာရွတ်လူက မိန်းကလေးကို ကောက်ယူကာ ပွေ့ချီလိုက်၏။
“သူဌေးက ဒီတစ်ယောက်ကို သဘောကျမှာ သေချာတယ်... သွားကြစို့”
ထို့နောက် လမ်းလျှောက်ကာ စတင် ထွက်ခွာရင်း သူက မိန်းကလေး၏ နူးညံ့ ပျော့ပျောင်းသော ခန္ဓာကိုယ်လေးကို ပခုံးပေါ်တင်လိုက်သည်။
ပိန်လှီသော လူကမူ ခေါင်းပြတ်ကို ငုံ့ကြည့်ရင်း ထူးဆန်းစွာ ပြုံးနေ၏။ သူ၏ ပါးစပ်ကမူ တစ်ခုခုကို တီးတိုး ရေရွတ်နေသည်။ သူ၏ ဘောင်းဘီသည် အနည်းငယ် ဖောင်းကြွလာခဲ့၏။ ကတုံးနှင့်လူကမူ တိတ်ဆိတ်ဆဲ ဖြစ်သည်။ သူက တည်ငြိမ်စွာပင် အမာရွတ်လူနောက်သို့ ဦးတည်လိုက်၏။
စုမေ့သည် ထိုအုပ်စုကို တစ်ချိန်လုံး ကြည့်နေခဲ့၏။ သူမ၏ ခန္ဓာကိုယ်သည် တိတ်တဆိတ်ပင် လှုပ်ရှားနေကာ ပေါ်တင် ထွက်လာခြင်းမျိုး မရှိသေးချေ။ မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ထိုလူသုံးယောက်သည် သစ်ပင်များ ရှုပ်ပွေနေသည့် နေရာတစ်ခုသို့ ရောက်ရှိလာ၏။ အမြင်အာရုံ အဟန့်အတား ရှိသည့် နေရာကား လှုပ်ရှားရန် အကောင်းဆုံး ဖြစ်ပေသည်။
သူမ ဆေဘာကို တင်းတင်းကိုင်ရင်း နောက်ဆုံးမှ လိုက်လာသည့် ပိန်လှီသောလူနားသို့ ချည်းကပ်လိုက်သည်။ ထိုလူသည် ခေါင်းပြတ်ကို ကိုင်ရင်း အတွေးမျိုးစုံထဲ နစ်မြုပ်နေပုံ ရသည်။ သူမသည် မတုန့်ဆိုင်းတော့ပဲ ဓားနှင့် အတူ ခုန်ဝင်လိုက်တော့၏။
သို့သော်လည်း... ပိန်လှီသော လူမှာ ချက်ချင်းပင် သတိဝင်သွားကာ စုမေ့ဘက်လှည့်၍ အေးစက်စက် ပြုံးပြလိုက်၏။
“နောက်ဆုံးတော့ နင် ထွက်လာပြီပေါ့ ဟားဟား...”
သူက လက်ထဲရှိ ခေါင်းပြတ်နှင့် စုမေ့ကို ပစ်ထည့်လိုက်သည်။
ဘုန်း...
လေထဲတွင်ပင် ဦးခေါင်းမှာ ပေါက်ကွဲသွားကာ မီးတောက်မီးလျှံများမှာ စုမေ့၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။
မြေကမ္ဘာကျင့်စဥ်... ကောင်းကင် ဆူးချွန်
ဘုန်း... ဘုန်း... ဘုန်း...
ဆက်တိုက်ဆိုသလိုပင် စုမေ့ ရပ်ခဲ့သော နေရာ၌ မြေသား ဆူးချွန်များ ပြင်းထန်စွာ ထိုးဖောက် ထွက်ပေါ်လာ၏။ ခပ်လှမ်းလှမ်း တစ်နေရာတွင်မူ ကတုံးလူမှာ လက်နှစ်ဖက်ကို မြေပြင်ပေါ်တင်ကာ မြေချီများကို အဆက်မပြတ် ထုတ်ဖော် နေခဲ့၏။
အံဝင်ခွင်ကျ ပူးပေါင်း တိုက်ခိုက်နေသည်ကို ကြည့်ခြင်းအားဖြင့်... သူတို့သည် စုမေ့ကို စောစော ကတည်းကပင် သတိထားမိနေပုံ ရသည်။
“ကျွတ်... ကျွတ်... နှမြောလိုက်တာ... သူက အရမ်းကို လှတာကွ... မင်းတို့ မြင်လိုက်ကြလား... သူ့ရဲ့ ဆံပင်လေးရယ်၊ အရေပြားလေးရယ်၊ မျက်လုံးလေးတွေရယ်... အိုကွာ... သူ့ခေါင်းကို ရဖို့ အတွက်ဆို ငါ ဘာပဲ လုပ်ရ လုပ်ရ...”
ပိန်လှီသော လူက ဝမ်းနည်းဟန်ဖြင့် အသံတိမ်ဝင်သွား၏။
ကတုံလူ၏ မျက်လုံးများမှာမူ ဖုန်များ၊ မီးခိုးများဖြင့် ပြည့်နှက်နေသော နေရာကိုသာ စူးစိုက် ကြည့်နေခဲ့သည်။ ထို့နောက် ရုတ်တရက် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။
“သတိထား...”
သူ အော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ငွေရောင်ဓားချီသည် ဖျတ်ခနဲ လင်းလက်သွားကာ ဦးခေါင်းတစ်ခုမှာ မြေပြင်ပေါ် ပြုတ်ကျသွား၏။
ကတုံးလူမှာ သွေးများ ပန်းထွက်ရင်း မြေပြင်ပေါ် တအိအိ လဲကျသွားသည့် အဖော်ဖြစ်သူ၏ အလောင်းကို ကြည့်ရင်း ကြက်သီး တဖျန်းဖျန်း ထသွားခဲ့သည်။ သို့သော်လည်း သူသည် အတွေ့အကြုံ ရင့်ကျက်သော လူတစ်ယောက်ဖြစ်ရာ မြေချီကို လျှင်မြန်စွာ လှည့်ပတ်ကာ ကိုယ့်ကိုယ်ကို ကာကွယ်ထားခဲ့ပြီး ဖြစ်လေ၏။ တစ်ချိန်တည်း၌ သူသည် လက်ဖြင့် ချိပ်တံဆိပ်များကို ဖန်တီးကာ စုမေ့အား ပိတ်လှောင်ရန် ကြိုးစားလိုက်လေသည်။
“သူက ပုံရိပ်ယောင် အစီအရင်ကို ပြန်သုံးပြီး ငါတို့ကို လှည့်စားခဲ့တာပဲ... သုံးသွားတဲ့ နည်းလမ်းတွေကလည်း အဆင့်မြင့်တယ်... ထိပ်တန်းဂိုဏ်း တစ်ဂိုဏ်းဂိုဏ်းကများ လာတာလား”
သူစိတ်ထဲမှ တွေးလိုက်မိ၏။ ထိုမိန်းကလေးမှာ သူမအား သတိထားမိစေရန် သက်သက် လုပ်ဆောင်ခဲ့ခြင်းလား...။
သူက ထွက်ပြေးရန် ကြိုးစားလိုက်၏။ သူကား ပိန်လှီသော လူထက် ဉာဏ်ပိုကောင်းရာ အခြေအနေကို ဝေဖန် ပိုင်းခြားနိုင်စွမ်း ရှိသလို ကိုယ့်အကန့်အသတ်ကိုလည်း သိပေသည်။ အထူးသဖြင့် သူ၏ အမြန်နှုန်းမှာ နှေးကွေးလှရာ ဆေဘာဓားသမား တစ်ယောက်နှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
သူ စတင်ကာ ထွက်ပြေးလိုက်သည့် တစ်ချိန်တည်းမှာပင် စုမေ့မှ ချီကို စုစည်းကာ အစွမ်းအထက်ဆုံး ကျင့်စဥ်ကို အသက်သွင်း လိုက်ပြီ ဖြစ်လေ၏။
ဆေဘာကျင့်စဥ်... တဟုန်ထိုး စီးဆင်းခြင်း...
ဘုန်း...
ကျယ်ပြန့်သော မြစ်ကြီးတစ်စင်း အလား ဆေဘာချီများသည် သဘာဝ ဘေးအန္တရာယ် တစ်ခုလို ဆင်းသက်လာ၏။ ကတုံးလူသည် ဆေဘာပုံရိပ်များ ပြည့်နှက်နေသည့် ငွေရောင် မြစ်ကြီးကို စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
သူကား အော်ပစ် မအော်ဟစ်နိုင်ခင်မှာပင် အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားခဲ့ရပြီ ဖြစ်လေသည်။
စုမေ့၏ မျက်လုံးတွင်ပင်ပန်း နွမ်းနယ်မှု အရိပ်အယောင် အချို့ ပေါ်လာခဲ့၏။ သူမသည် လူနှစ်ယောက်ကို သတ်ဖြတ်ရန် အတွက် ဝိညာဥ် အစီအရင်များကို အဆက်မပြတ် သုံးခဲ့ရပေသည်။
သူမ၏ အနက်ရောင် မျက်လုံးများက အဝေးတစ်နေရာသို့ ရွေ့လျားသွား၏။ အမာရွတ်လူသည် သူ့လူ နှစ်ယောက်ကို သူမနှင့် အတူ ချန်ရစ်ကာ ထွက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာပင် စုမေ့၏ ကျင့်ကြံခြင်း အဆင့်မှာ သူတို့ မျှော်လင့်ထားသည်ထက် ပိုမို သာလွန်နေခဲ့သည်။ ထို့အတူ သူမ၏ အစီအစဥ်ကလည်း တပန်းသာနေခဲ့သေး၏။
“ချီးပဲ... သူတို့ သေကုန်ပြီဟ...”
အမာရွတ်လူက မိန်းကလေးကို ပခုံးထက် တင်ကာ ပြေးရင်း ရေရွတ်လိုက်၏။ သူ၏ ခြေထောက်များသည် လေအလျင်အလား လျှင်မြန်နေကာ သစ်တောကို ဖြတ်ကျော်နေသည်။ သိုလှောင်လက်စွပ် အတွင်းတွင် ရှိနေသည့် အသက်အဆောင် နှစ်ခု မှေးမှိန်သွားခြင်းက သူ၏ အဖော်နှစ်ယောက် သေဆုံးသွားခြင်း ဖြစ်ကြောင်း ညွှန်ပြနေသည်။
တစ်ချိန်လုံး သူတို့ နောက်မှ လိုက်လာသူမှာ အလွန် အစွမ်းထက်ကာ သူ၏ လူနှစ်ယောက်ကိုသာ သတ်ဖြတ်ပစ်နိုင်လိမ့်မည် ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူတို့ကား အဆုံးမဲ့ အတွေ့အကြုံရှိကာ သတ်ဖြတ်ရာ၌ အထူး ကျွမ်းကျင်သည့် စစ်ပြန်များ ဖြစ်သည်။ အကယ်၍ ရန်သူမှာ ချီပျစ်ခဲခြင်း အဆင့်လေး ယင်ဖွဲ့စည်းခြင်း အဆင့် တစ်ယောက် ဖြစ်နေလျှင်ပင် သူတို့သည် ကောင်းစွာ ကိုင်တွယ်ကာ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
သို့သော်လည်း ယခုတွင်မူကား...
တွေးရင်း သူ၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်လာခဲ့၏။ သူ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ ဆယ်စုနှစ်ချီ အတွေ့အကြုံများက သူ့အား လွတ်မြောက်နိုင်ချေရှိသည့် နည်းလမ်းများကို တစ်ခုပြီး တစ်ခု ဖော်ထုတ်ပေးသည်။ မိန်းကလေး၏ အဆင့်အတန်းကို သူ စုံစမ်းထားခဲ့ပြီး ဖြစ်သည်။ သူမကား ဘာနောကခံမှ မရှိသည့် ချောမောသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။
ယခုအခြေအနေအရ မိန်းကလေးကို စွန့်ပစ်ကာ ထားခဲ့လိုက်ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ သူ၏ မျက်လုံးတွင် ရုန်းကန်မှု အချို့ ပေါ်လာသော်လည်း ချက်ချင်းပင် ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့က အစားထိုး နေရာယူသွားသည်။
“ဝှစ်...”
ရုတ်ချည်းပင် ငွေရောင်ချီ အလင်း တစ်ခုမှာ သူ၏ နောက်ကျောကို တိုးဝင်လာ၏။ အမာရွတ်လူသည် သိပ်မမြန်ဆန်သည့်တိုင် မိန်းကလေး၏ ခန္ဓာကိုယ်ကို ဒိုင်းတစ်ခုအလား ဖန်တီးကာ ချိန်သားကိုက် ကာကွယ်လိုက်လေတော့သည်။
***