← Chapters

ပါရမီရှင်

Vol. 7 Ch. 89

ပါရမီရှင်

Vol. 7 Ch. 89

သူမျှော်လင့်ထားသည့် အတိုင်းပင် ဆေဘာချီသည် လမ်းကြောင်း ပြောင်းလဲသွား၏။ ၎င်းသည် ဘေးနားရှိ သစ်ပင် တစ်ပင်ဆီသို့ တိုးဝင်သွားကာ ထက်ပိုင်းဖြတ်သွားသည်။ ထိုဖြတ်တောက်မှုကား မှန်သားကဲ့သို့ တိကျကာ ချောမွေ့နေ၏။

မိန်းကလေး၏ လည်ပင်းကို ညာဘက်လက်ဖြင့် ကိုင်ရင်း အမာရွတ်လူ ရပ်တန့်လိုက်သည်။ သူက သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်။ ထို့နောက်တွင် ပုံရိပ် တစ်ခုမှာ ပေါ်လာခဲ့၏။ မဟူရာ ဆံပင်၊ မဟူရာ မျက်လုံးများနှင့် အေးစက်သည့် မိန်းမ တစ်ယောက်ပင်။ တိုင်းပြည်ပျက်လောက်သည့် မိန်းမလှ တစ်ယောက် မဟုတ်သည့်တိုင် ထိုမိန်းမ၏ အေးစက်သော အကြည့်များသည် ခံရသူတိုင်း၏ ကျောရိုးအား ရေခဲရိုက်ပစ်လိုက်သည့်နှယ် တုန်လှုပ်စေနိုင်စွမ်း ရှိ၏။

သူမသည် ညာဘက်လက်ဖြင့် ဆေဘာဓားကို ကိုင်ဆောင်ထား၏။ ထိုဆေဘာမှ ထွက်ပေါ်နေသည့် သွေးဆာနေသော အရှိန်အဝါမှာ ရင်တုန်စရာ ကောင်းလှသည်။

အမာရွတ်လူ၏ တင်းကြပ်စွာ ဆုပ်ကိုင်ထားမှုမှ ဖြစ်ပေါ်လာသော နာကျင်မှုကြောင့် မိန်းကလေးမှာ သတိလစ်နေသော အနေအထားမှ ပြန်လည် နိုးထလာသည်။ သို့သော်လည်း... သူမမှာ ယောင်ဝါးဝါး ဖြစ်နေဆဲ ဖြစ်လေသည်။

“ငါ နင်နဲ့ သူသေ ကိုယ်သေ မတိုက်ချင်ဘူး...”

အမာရွတ်လူမှာ ဉာဏ်ရှိသော လူတစ်ယောက် ဖြစ်သည်။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ သိရှိခဲ့သော မိန်းကလေး တစ်ယောက် အတွက် တိုက်ခိုက်ရန် သို့မဟုတ် သေဆုံးရန် ဆန္ဒ မရှိချေ။ ထိုမိန်းကလေးအား မရလျှင်ပင် သူ့တွင် ရှာဖွေရန် အခြား မိန်းကလေး မြောက်များစွာ ရှိနေပေသေးသည်။ သူမ၏ တန်ဖိုးမှာ သူ၏ အသက်နှင့် ရင်းရန် မထိုက်တန်ချေ။

စုမေ့မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးများသည် အမာရွတ်လူကို ခံစားချက် ကင်းမဲ့စွာ စိုက်ကြည့်နေခဲ့၏။

စုမေ့၏ မတုန်မလှုပ် ပုံစံကို ကြည့်ရင်း အမာရွတ်လူမှာ စိတ်ပူလာခဲ့သည်။ သူမက လူကယ်ရန်ထက် သူ့အား သတ်ရန် သက်သက် လာရောက်ခဲ့ခြင်းလော။ အမာရွတ်လူက အံကို တင်းတင်းကြိတ်ကာ အလောင်းအစား လုပ်ရန် ဆုံးဖြတ်လိုက်၏။

“သူ့ကို မသေစေချင်ရင် ထွက်သွားစမ်း...”

သို့သော်လည်း စုမေ့က ဂရုစိုက်ဟန် မရပဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူမ၏ လက်ထဲရှိ‌ ဆေဘာကို ဆေဘာချီများက မှိန်ဖျော့ဖျော့ ဝန်းရံလာ၏။ လူသေများ၏ အော်ဟစ်သံနှင့် တူသည့် စူးစူးရှရှ အသံ တစ်ခုနှာ ဆေဘာထံမှ ထွက်ပေါ်လာသည်။

“စောက်ကောင်မ...”

အမာရွတ်လူမှာ လမ်းဆုံးသို့ ရောက်သလို ခံစားလိုက်ရ၏။ စုမေ့၏ ကျင့်ကြံခြင်း အဆင့်မှာ သူ့ထက် သာလွန်ကာ ယင်ဖွဲ့စည်းခြင်း အဆင့်ကိုပင် ရောက်နေကြောင်း သူ ရိပ်မိပြီး ဖြစ်သည်။ သူမနှင့် တိုက်ခိုက်ပါက သေဆုံး သလောက်ပင် အခွင့်အရေး ရှိသည်။ သို့သော်လည်း သူကား လူကြောက် တစ်ယောက် မဟုတ်ချေ။

သူ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ လိုအပ်ပါက ခန္ဓာကိုယ်အား ဖောက်ခွဲပစ်ရန် သူ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ကောင်းပြီလေ... နင် ဘာလိုချင်တာလဲ”

သူက မိန်းကလေး၏ လည်ပင်းကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း မေးလိုက်၏။ အနည်းငယ် ထပ်မံ အားစိုက်လိုက်သည်နှင့် မိန်းကလေးမှာ လည်ပင်းရိုး ကျိုးကာ သေဆုံး သွားရတော့မည် ဖြစ်သည်။

သို့သော်လည်း ထိုခြိမ်းခြောက်မှုကြောင့် စုမေ့၏ ခြေလှမ်းများမှာ နှောင့်နှေးခြင်း မရှိပါချေ။ တစ်ချိန်တည်း၌ မှိန်ဖျော့ဖျော့ ဆေဘာချီသည် အရှိန်အဟုန်နှင့် အတူ မြင့်တက်လာရာ ပတ်ဝန်းကျင်ရှိ မြက်ရိုင်းများမှာ အပိုင်းပိုင်း အစစ ပြတ်ထွက်ကုန်ကြ၏။

အမာရွတ်လူ၏ မျှော်လင့်ချက်များကား နည်းသထက် နည်းလာနေခဲ့ပြီ ဖြစ်သည်။ လက်ထဲရှိ မိန်းကလေးကို သတ်ဖြတ်ပစ်လိုက်လျှင်ရော ဘာထူးမည်နည်း။ ဆေဘာဓားနှင့် မိန်းမက သူ့အား စီးနင်းကာ သတ်ဖြတ် သွားလိမ့်မည် ဖြစ်သည်။ သူမမှာ သူ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ သူမအား ဒိုင်းတစ်ခု သဖွယ် အသုံးပြုကာ ဆေဘာချီကို ကာကွယ်နိုင်သည်။ ထိုကဲ့သို့ ကာကွယ်ရင်း နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေါ်ကောင်း ပေါ်လာနိုင်ပေသည်။

ရွှစ်...

အမာရွတ်လူ သူသေကိုယ်သေ တိုက်ပွဲဝင်ရန် ဆုံးဖြတ်၍ လက်အား အနည်းငယ် လျှော့လိုက်ချိန်မှာပင် ဓားမြှောင်တစ်စင်းမှာ သူ၏ အမြင်အာရုံအတွင်း ရုတ်ချည်း ဝင်ရောက်လာ၏။ သူ ဘာမျှ မလုပ်နိုင်ခင် အချိန်ကလေးမှာပင် ဓားမြှောင်မှာ သူ၏ ဘယ်ဘက် မျက်လုံးကို ဖောက်ထွင်းကာ ဦးနှောက်အတွင်း ဝင်ရောက်သွားလေတော့သည်။ ဓားမြှောင်အတွင်း ပါဝင်သည့် ချီသည် ဦးနှောက်ထဲသို့ ရောက်သည်နှင့် ပေါက်ကွဲသွား၏။ အမာရွတ်လူ၏ ဦးခေါင်းမှာ ပွင့်ထွက်သွားကာ အဖြူ၊ အနီနှင့် ပန်းရောင် အရည်များမှာ နေရာအနှံ့ ဖြန့်ကျက်သွားလေသည်။

စုမေ့မှာ ထိုအဖြစ်အပျက်ကြောင့် ခတ္တ ရပ်သွားခဲ့၏။ သူမက အမာရွတ်လူ၏ ချုပ်ကိုင်ထားမှုမှ လွတ်ကာ မြေပြင်ပေါ် လဲကျနေသည့် မိန်းကလေးကို ကြည့်လိုက်သည်။

ထိုမိန်းကလေးသည် လည်ပင်းကို အမာရွတ်လူ၏ ပြင်းထန်သော ဖျစ်ညှစ်မှုကြောင့် နိုးလာသော်လည်း မလှုပ်ရှားပဲ တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည်။ သူမ၏ မျက်လုံးများမှာ လုံးဝ တည်ငြိမ်နေပေသည်။

ထို့နောက် အမာရွတ်လူ လက်ကို အနည်းငယ် လျှော့လိုက်သော အခိုက်သို့ အ‌ရောက်၌ သူမသည် လျှပ်တစ်ပြက်ပင် ဓားမြှောင်ကို ထုတ်ယူကာ မျက်လုံးကို အနီးကပ် ထိုးထည့်လိုက်သည်။ သူမကား သူမကိုယ် သူမ ကယ်တင်လိုက်ခြင်းပင် ဖြစ်သည်။

စုမေ့မှာ အနည်းငယ် အံ့အားသင့် နေမိ၏။ သူမ၏ ကျင့်ကြံခြင်း အဆင့်ကား မြင့်မားခြင်း မရှိလှချေ။ ချီပျစ်ခဲခြင်း အဆင့်နှစ် နူးညံ့စွာ စီးဆင်းခြင်းတွင်သာ ရှိသည်။ ထိုအရာက မထူးဆန်းချေ။ ထူးဆန်းသည့် အချက်ကား သူမ၏ အသက်၏ အသက်မှာ ဆယ့်ခြောက်နှစ်ထက် ပိုကြီးပုံ မ‌ပေါ်ခြင်းပင် ဖြစ်သည်။

ဝူတိုင်းပြည်၏ ထိပ်တန်း ပါရမီရှင်ဟု သတ်မှတ်နိုင်သည့် ဝေ့ဝူယင် ပင်လျှင် ချီပျစ်ခဲခြင်း အဆင့်နှစ်ကို အသက် နှစ်ဆယ်နောက်ပိုင်းမှသာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သူမ၏ ပါရမီမှာ အလွန် ကောင်းမွန်သည်က သံသယ ဖြစ်စရာ မလိုချေ။ ထို့အပြင် သူမသည် ဓားမြှောင်ထဲ၌ ဒြပ်စင်စွမ်းအင် အရိပ်အငွေ့ကို ထည့်သွင်း အသုံးပြုခဲ့သေးရာ တတိယ အဆင့်နီးပါးသို့ပင် ရောက်ရှိနေကြောင်း ဖော်ပြနေ၏။

စုမေ့မှာ မိန်းကလေး အနားသို့ ကပ်သွားခြင်း မပြုချေ။ ခပ်လှမ်းလှမ်း တစ်နေရာမှသာ အသေအချာ လေ့လာနေခဲ့၏။

ထိုအချိန်တွင်ပင် မိန်းကလေးမှ လူးလဲထလာကာ အဝတ်အစားရှိ ဖုန်များကို ခါလိုက်၏။

“သေချင်းဆိုးကြီးတွေ...”

သူမက ကျိန်ဆဲကာ ဘေးနားရှိ ခေါင်းမရှိတော့သော အမာရွတ်လူကို ငုံ့ကြည့်လိုက်သည်။

“သေချင်းဆိုးကြီး... သေချင်းဆိုးကြီး...”

သူမက အမာရွတ်လူ၏ အလောင်းကောင်ကို လေးငါးချက် ဆင့်ကာ ကန်ပစ်လိုက်သည်။

“ဟွန့်...”

နောက်ထပ် နှစ်ချက်လောက် ထပ်ကန်ပြီးနောက် သူမက အသက် ပြင်းပြင်းရှူကာ ကိုယ့်ကိုယ်ကို တည်ငြိမ်‌အောင် ကြိုးစားလိုက်၏။ သူမ၏ မျက်လုံးများကား တည်ငြိမ်ကာ ဉာဏ်ရည်ဉာဏ်သွေးများနှင့် တလက်လက် တောက်ပနေသည်။ စုမေ့သည် သူမကို ကြည့်ရင်း ဝေ့ဝူယင်ကိုပင် အမှတ်ရလိုက်၏။

ထို့နောက် မိန်းကလေးက စုမေ့ဘက်သို့ လှည့်လိုက်သည်။ သူမ၏ မျက်လုံးတွင် ဒေါသအငွေ့အသက်များမှာ မကုန်သေးပုံ ပေါ်သည်။

“ဟိုသေချင်းဆိုး နှစ်ယောက်ရော အသက်ရှင်နေသေးလား...”

သူမက ရှုပ်ထွေးနေသည့် ဆံပင်များကို လက်ဖြင့် သပ်ရင်း မေးလိုက်၏။

စုမေ့က ဘာမှ ပြန်မဖြေချေ။ မိန်းကလေးမှာ လုံခြုံကာ ယောက်ျား သုံးယောက်မှာ သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ရည်ရွယ်ချက် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့်ပင် သူမက ထွက်ခွာရန် ဟန်ပြင်လိုက်၏။

“နေပါဦး...”

မိန်းကလေးက လှမ်းအော်ကာ စုမေ့ကို တားလိုက်သည်။

“ကျွန်မ အဲဒီနှစ်ယောက် ဘယ်မှာ ရှိလဲ သိချင်တယ်”

“သူတို့ နှစ်ယောက်ကို ငါသတ်လိုက်ပြီ”

စုမေ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဟာ...”

မိန်းကလေးမှာ စိတ်ရှုပ်ထွေးသွားပုံ ပေါ်၏။ အတန်ကြာ ငြိမ်သက်ပြီးနောက် သူမက ခေါင်းခါလိုက်သည်။

“အားထုတ်ခဲ့ရသမျှ အလကားပဲ...”

ထို့နောက် သူမက အမာရွတ်လူ၏ အလောင်းနားသို့ ပြန်သွားကာ “အလကားပဲ၊ အလကားပဲ” ဟု ထပ်တလဲလဲ ရေရွတ်ရင်း အဆက်မပြတ် ကန်နေလေတော့သည်။

စုမေ့မှာ များသောအားဖြင့် စပ်စုလေ့ရှိသူ တစ်ယောက် မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မိန်းကလေး၏ ထူးဆန်းသော အပြုအမူကို စိတ်ဝင်စားသွားသည်။ သူမက မေးလိုက်၏။

“နင် ဘာကို ပြောချင်တာလဲ...”

မိန်းကလေးက နေရာပြောင်းကာ အမာရွတ်၏ ပေါင်ကြားကို ပြင်းပြင်းထန်ထန် ကန်လိုက်သည်။ ထို့နောက် သူမက အဖြေပေးလိုက်၏။

“ကျွန်မ သူတို့ကို အသက်ရှင်ရက် လိုတယ်... အဲဒီ သေချင်းဆိုးတွေက ချိုက်ထူရဲ့ ခြံဝင်းထဲကို ဝင်ဖို့ အတွက် ကျွန်မရဲ့ လက်မှတ်တွေပဲ”

စုမေ့မှာ မျက်မှောင်ကြုတ်သွား၏။

ချိုက်ထူ... ထိုအရာက ရေတံခွန်လူရိုင်း နတ်ဘုရားချိုက်၏ နာမည် မဟုတ်လော။

ချိုက်ထူသည် ဝူတိုင်းပြည်တွင် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရာ နေသွေးနီနီဂိုဏ်းတွင် နေထိုင်စဥ် ကတည်းက သူမ သူ့နာမည်ကို ကြားဖူးသည်။ ပုံမှန်အားဖြင့် သေမျိုး နတ်ဘုရား အားလုံးသည် ကျော်ကြားကြသော်လည်း ထိုတစ်ယောက်ကမူ နာမည်ဆိုးခြင်းသာ ကျော်ကြားခြင်း ဖြစ်သည်။

ပြောစကားများ အရဆိုလျှင် ချိုက်ထူသည် မှောင်ခိုစျေးကွက် ရောင်းဝယ်ဖောက်ကားမှုများတွင်သာ မက လိင်ကုန်ကူးမှုများတွင်ပါ ပါဝင်ပတ်သက်နေသည် ဟု ဆိုသည်။ ထို့အပြင် အမျိုးမျိုးသော ကောလဟာလများ အရဆိုလျှင် ချိုက်ထူသည် ကုန်သွယ်ရေး စျေးကွက်ကြီး၏ ထိပ်တန်း သူဌေးများ အနက် တစ်ယောက် ဖြစ်နေသည်ဟုပင် ဆိုကြသည်။

“ဒီတော့... နင်က သက်သက် အဖမ်းခံခဲ့တာပေါ့ ဟုတ်လား...”

စုမေ့က မိန်းကလေးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ ထိုမိန်းကလေး၏ ကျင့်ကြံခြင်း အဆင့်မှာ သူ့ အသက်အရွယ်အရ အထင်ကြီးစရာ ကောင်းလှသော်လည်း သေမျိုး နတ်ဘုရား တစ်ပါးကိုမူ ဘယ်လိုမှ သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ချိုက်ထူ၏ လက်အောင်ငယ်သားများမှာလည်း ထိပ်တန်း ကျင့်ကြံသူချည်းများသာ ဖြစ်သည်။

“အိုး... ရှင်က တွေးတဲ့ နေရာမှာ အတော် တော်လိုက်တာနော်... အဲဒီလို တော်လို့လည်း ခုလို အခြေအနေမျိုးကို ရောက်သွားတာပေါ့”

မိန်းကလေးက ရွဲ့သည့်ဟန်ဖြင့် ပြောလိုက်၏။

စုမေ့၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။ သူမ၏ လက်ထဲရှိ ဆေဘာမှာလည်း ဖျတ်ခနဲ တုန်ရီလာလေ၏။

ဓားကို မြင်သောအခါတွင်မှ မိန်းကလေးမှာ သူမ၏ အရှေ့တွင် ရပ်နေသူက အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်မှန်း ပြန်လည် သတိရသွားသည်။ သူမက နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ အလျင်စလို ပြောလိုက်၏။

“တောင်းပန်ပါတယ်... ကျွန်မ အဖြစ်အပျက်တွေကြောင့် နည်းနည်း စိတ်ရှုပ်သွားလို့ပါ... လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကျွန်မ ညီမလေးကို သူတို့ ဖမ်းခေါ်သွားတယ်လေ... ကျွန်မက ပြန်ကယ်ဖို့ ကြိုးစားနေတာပါ”

စုမေ့က မျက်မှောင်ကြုတ်လိုက်သည်။ ညီမဖြစ်သူကို ကယ်တင်ရန် ကိုယ်တိုင် သားရဲတွင်းထဲ တိုးဝင်ခြင်းက ချီးကျူးစရာ ကောင်းသော်လည်း မိုက်မဲလှသော လုပ်ရပ်ဖြစ်သည်။

သူမက ဆေဘာဓားကို သိမ်းဆည်းကာ ကျောခိုင်းလိုက်၏။ ဤနေရာ၌ သူ ပါဝင် ပတ်သက်စရာ မရှိတော့ချေ။

မိန်းကလေးမှာ စုမေ့၏ နောက်ကျောကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်လေ၏။ သူမ၏ အစီအစဥ်များကား လွဲချော်သွားခဲ့ရလေပြီ။

ဟူး... ဟူး...

ထိုအချိန်တွင်ပင် လေပြင်းများ တိုက်ခတ်လာသလို သူမ ခံစားလိုက်ရ၏။

ဂီး...

အလွန်တရာ ကြီးမားလှသော‌ ရွှေရောင်မျက်လုံး၊ ရွှေရောင် နှုတ်သီး၊ ရွှေရောင် အမြီးများနှင့် ကြိုးကြာဖြူကြီး တစ်ကောင်မှာ စုမေ့အနား ကျဆင်းလာ၏။ ပိုင်လင်၏ ကျောထက်တွင်မူ ငွေ‌ရောင် မျက်လုံးများနှင့် ချောမောသည့် ဝေ့ဝူယင် လိုက်ပါလာသည်။

“စုမေ့... နင် ကူညီချင်လို့လား...”

ဝေ့ဝူင်က ပိုင်လင်ပေါ်မှ ခုန်ချရင်း မေးလိုက်၏။ စုမေ့က မဆိုင်းမတွပင် ခေါင်းညိတ်ပြလိုက်သည်။

ဝေ့ဝူယင် ပြုံးလိုက်၏။ စုမေ့ ထိုကဲ့သို့ ပြုလုပ်ရသည့် အကြောင်းပြချက်ကို သူ တစ်ဦးတည်းသာ ကောင်းစွာ သိရှိထားပေသည်။

***

All Chapters