အကူအညီပေးခြင်း
Vol. 7 Ch. 90
မိန်းကလေးက ကြိုးကြာဖြူထက်မှ လှပစွာ ခုန်ဆင်းလာသည့် ဝေ့ဝူယင်ကို စိတ်ဝင်တစားဖြင့် လှမ်းကြည့်လိုက်သည်။
ချောမောသည့် မျက်နှာ၊ အချိုးအစား ကျနသော ခန္ဓာကိုယ်၊ ရှည်လျားလှသည့် အရပ်နှင့် ဆွဲဆောင်မှု ရှိသည့် ငွေရောင် မျက်လုံးများ...
သေချာစွာ အကဲခတ်နေစဥ်မှာပင် ဝေ့ဝူယင်က သူမကို တစ်ချက် လှမ်းကြည့်လိုက်၏။ သစ်ရွက်လှုပ်လျှင်ပင် ရင်ခုန်တတ်သည့် အရွယ်ဖြစ်လေရာ သူမ၏ မျက်နှာမှာ ရှက်သွေးဖြာသွားကာ ရင်တဒိတ်ဒိတ် ခုန်လာခဲ့သည်။
ဝေ့ဝူယင်က မိန်းကလေး၏ ရယ်စရာ အဖြစ်ကို ကြည့်ကာ အနည်ငယ် ပြုံးလိုက်၏။ ထို့နောက် သူက စုမေ့ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။
“ကူညီချင်ရင်လည်း ကူညီကြတာပေါ့... ဒီကိစ္စက သေးသေးလေးပဲလေ”
နတ်ဘုရား အရှင်တစ်ပါး အတွက် သေမျိုး နတ်ဘုရားတစ်ပါးမှာ ဘာအရေးနည်း။ နှိုင်းယှဥ်ရပါက ယုန်တစ်ကောင်နှင့် ခြင်္သေ့တစ်ကောင် ကဲ့သို့ပင် ကွားခြားလှသည်။
ဝေ့ဝူယင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အဆင့်တူ သေမျိုး နတ်ဘုရား နှစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူးပြီး ဖြစ်သည်။ ယခုလက်ရှိ ကျင့်ကြံခြင်းအခြေခံဖြင့် ဆိုလျှင် သေမျိုး နတ်ဘုရား တစ်ပါးက စာဖွဲ့စရာပင် မလိုတော့ချေ။
စုမေ့မှာ သူမ ဆန္ဒအတိုင်း လိုက်လျောပေးသည့် ဝေ့ဝူယင်ကြောင့် နှလုံးသား တစ်ခုလုံးနွေးထွေးသွား၏။ သနားစရာ မိန်းကလေးကို ကြည့်ရင်း အတိတ်ဘဝ၏ ပုံရိပ်အချို့က သူမ၏ စိတ်တွင် ပြန်လည် ပေါ်လာခဲ့သည်။
ငယ်စဥ်တောင်ကြေး ကလေးဘဝတွင် သူမ ဘဝလေးမှာ ပျော်ရွှင်စရာ အတိပြီးကာ ငြိမ်းချမ်းခဲ့သည်။ ကြီးကျယ်ခမ်းနားမှု မရှိသည့်တိုင် သူမ၏ မိုးကောင်းကင်လေးက လုံခြုံမှုကို ပေးစွမ်းခဲ့သည်။ သို့သော်လည်း ထိုအချင်းအရာများကား သူမတို့ ရွာလေးသို့ နေသွေးနီနီဂိုဏ်းမှ တပည့် တစ်ဦး မရောက်လာခင် အချိန်အထိသာ...။
စုမေ့က ခေါင်းကို ခါကာ အတွေးများကိုဖယ်ထုတ်လိုက်သည်။ ယခု ဝေ့ဝူယင်က ကူညီပေးမည်ဟု ပြောရာ ဇာတ်လမ်းက ပြီးသွားပြီ ဖြစ်သည်။ သူသည် လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့်ပင် ချိုက်ထူကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သူမသည် မဟာ ဂိုဏ်းကြီးတစ်ဂိုဏ်းကိုပင် အုပ်စိုးရန် လုံလောက်သော နတ်ဘုရားအရှင်များ၏ စွမ်းအားကို သိရှိထားပေသည်။
ဝေ့ဝူယင်က မိန်းကလေးဘက်သို့ ပြန်လှည့်ကာ မေးလိုက်၏။
“နင့် နာမည်က ဘာလဲ”
ဝေ့ဝူယင်၏ အသံကြောင့် မိန်းကလေးမှာ အနည်းငယ် လန့်ဖျန့်သွားကာ စိတ်ကူးယဥ်မှုများမှ ပြန်လည် နိုးထလာကြသည်။
“မင်... မင်လီ...”
သူမ၏ အသံက အနည်းငယ် တုန်ရီနေ၏။
“မင်လီ...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။
“စုမေ့က ပိုင်လင်ကို ခေါ်ပြီး နင့်ညီမကို ကယ်ဖို့ နင်တဲ့ အတူ လိုက်ပေးလိမ့်မယ်... အဲဒါက နင့် အစီအစဥ်တွေကို ဖျက်ဆီးမိတဲ့ အတွက် လျော်ကြေးပေးတယ် လို့ သဘောထားလိုက်...”
စုမေ့မှာ မျက်လုံး အနည်းငယ် ကျယ်သွား၏။ သူမက ပိုင်လင်ကို လှမ်းကြည့်လိုက်သည်။ ဝေ့ဝူယင်က သူ ကိုယ်တိုင် မလှုပ်ရှားပဲ သူမနှင့် ပိုင်လင်အပေါ် လွှဲချလိမ့်မည် ဟု ထင်မှတ် မထားခဲ့ချေ။ သို့သော်လည်း နတ်ဘုရားလဲ့ကို သတ်ဖြတ်ခဲ့သည့် ပိုင်လင်၏ ရွှေရောင်အလင်းတန်း အကြောင်း ပြန်လည် တွေးမိသော အခါ သူမ၏ စိတ်မှာ အနည်းငယ် သက်သာရာ ရသွားခဲ့သည်။
မင်လီက စိတ်ရှုပ်ထွေးစွာဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်မိသည်။ သို့သော်လည်း သူမ ဘာမှ မမေးရသေးခင်မှာပင် ဝေ့ဝူယင်က သိုလှောင်လက်စွပ်ထဲမှ အဖြူရောင် အလင်းမှုန်တစ်ခုကို ထုတ်ယူကာ မင်လီထံ ပစ်လွှတ်လိုက်၏။ ထိုအလင်းက မင်လီ၏ ညာဘက်လက်ကောက်ဝတ်ကို ဝိုင်းပတ်ကာ လက်ကောက် တစ်ခု ဖြစ်သွားခဲ့သည်။
ဝှစ်...
ထို့နောက်တွင် ဝေ့ဝူယင်မှာ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွား၏။ ပဲ့တင်ထပ်နေသော အသံတစ်ခုသာလျှင် သူတို့ နံဘေးတွင် ရစ်ဝဲကာ ကျန်ရစ်ခဲ့ပေသည်။
“ငါ့မှာ ကိုင်တွယ်စရာ ကိစ္စလေးတွေ ရှိနေသေးလို့ သွားနှင့်ပြီ...”
“ ... “
မင်လီမှာ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူသည် ယခုချက်ချင်းပင် ရောက်ရှိလာခဲ့ကာ ငှက်ကြီးတစ်ကောင်ကို ထားခဲ့၍ ပြန်လည် ထွက်ခွာသွားခဲ့သည်။ သူမ၏ နာမည်ထက်ပင် ပို၍ မေးမသွားခဲ့ချေ။ ထို့အပြင် သူ ပေးထားခဲ့သော လက်ကောက်ကိုလည်း သူမ ချွတ်၍ မရချေ။
“ကဲ... နင့် ညီမကို သွားကယ်ကြတာပေါ့”
စုမေ့က ပိုင်လင်၏ ကျောပေါ်ကို တက်ရင်း ပြောလိုက်သည်။
မင်လီမှာ အနည်းငယ် တုန့်ဆိုင်းနေ၏။ သူမသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသည့်တိုင် သူများ ပြောတိုင်းယုံသည့် ဉာဏ်နည်းသူ တစ်ယောက်တော့ မဟုတ်ပါချေ။
သူမ၏ ခန့်မှန်းချက် မမှားလျှင် စုမေ့ဟု ခေါ်သည့် အမျိုးသမီးမှာ ယခုမှ ချီပျစ်ခဲခြင်း အဆင့်လေးတွင်သာ ရှိသေးသည်။ ချိုက်ထူမှာ သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်သည့် အပြင် တပည့်တပန်း မြောက်များစွာကိုလည်း မွေးမြူထားသေးသည်။ သူ၏ ခြံဝင်းမှာ ဒုတိယ တန်းစားဂိုဏ်း တစ်ဂိုဏ်းနှင့်ပင် နှိုင်းယှဥ်နိုင်သည်။
ထို့ကြောင့်ပင် သူမ ချိုက်ထူ၏ ခြံဝင်းအတွင်း ဉာဏ်ဆင်၍ ဝင်ရောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ တိုက်ရိုက် တည့်ဝင်ရောက်ခြင်းမှာ ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် မကွာခြားပေ။
စုမေ့က မင်လီ၏ အမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
“ငါက နင့်နဲ့ နင့်ညီမကို ကူညီဖို့ ဆန္ဒရှိလို့သာ အရှင်ဝေ့က ခွင့်ပြုခဲ့တာ... တကယ်လို့ နင်က ငါ့အကူအညီ မလိုဘူး ဆိုရင်လည်း ငါသွားတော့မယ်”
သူမကား အဓိပ္ပာယ် မဲ့စွာ အချိန် မဖြုန်းချင်တော့ချေ။ တခါတရံ၌ ဉာဏ်ရည် ထက်မြက်ကာ သတိကြီးကြီးထားခြင်းကလည်း အခွင့်အရေးကောင်းများကို လွဲချော်စေတတ်သည်။ အကယ်၍ ထိုမိန်းကလေး အနေဖြင့် သူမ၏ အကူအညီကို မလိုလားပါကလည်း ကံကြမ္မာအတိုင်း ထားလိုက်ရုံသာ ရှိပေသည်။
မင်လီက နှုတ်ခမ်းကို ကိုက်လိုက်၏။
“ကျွန်မ... ကျွန်မ ရှင့်ရဲ့ အကူအညီကို မလိုအပ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး... အပြည့်အဝ လုပ်နိုင်မယ်လို့ မယုံတာပါ... နောက်ပြီး သူ့ကို ရောပဲ”
သူမက လက်၌ ဝတ်ဆင်ထားသည့် လက်ကောက်ကို ငုံ့ကြည့်ရင်း ဆွဲဖြုတ်ရန် ကြိုးစားလိုက်သည်။
“ဒီဟာက ဘာလဲဆိုတာတောင် ကျွန်မ မသိဘူး... နောက်ပြီး ရှင်တို့ အနေနဲ့ ချိုက်ထူရဲ့ ခြံဝင်းထဲမှာ ရှိတဲ့ လူတွေကို အနိုင်ယူနိုင်ပါ့မလားလည်း ကျွန်မ မသိဘူး... တကယ်လို့ မထင်မှတ်ပဲ ကျွန်မ အသက် ဆုံးရှုံးသွားခဲ့ရင် တမလွန် ဘဝမှာ ငိုနေရမှာလား”
မင်လီမှာ တည့်တိုးဆန်ကာ ရိုးသားသော မိန်းကလေး တစ်ဦး ဖြစ်သည်။ ထို့ကြောင့်ပင် သူမက ရင်ထဲ၌ ရှိသမျှ စကား အကုန်လုံးကို ပွင့်ပွင့်လင်းလင်းပင် ပြောပစ်လိုက်သည်။
စုမေ့က ခေါင်းခါလိုက်၏။
“အရှင်ဝေ့က ဆေဘာအာဏရှင်... နောက်ပြီး နတ်ဘုရားအရှင် တစ်ပါး... သူ နင့်ကို အဲဒီလက်ကောက် ပေးခဲ့တာကလည်း ရည်ရွယ်ချက် တစ်ခုခု ရှိမှာပါ”
“ ... “
မင်လီ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများနှင့် ထိတ်လန့်မှုများမှာ နေရာယူလာခဲ့၏။
“နတ်... နတ်ဘုရားအရှင်...”
နတ်ဘုရား အရှင်များကား ဝူတိုင်းပြည် တစ်ခုလုံးတွင်ပင် ထိပ်တန်း နေရာများ၌ ရပ်တည်နေသူများ ဖြစ်သည်။ သူတို့နှင့် ယှဥ်ပါက သေမျိုး နတ်ဘုရားများမှာ အလွန် သေးငယ်သော ဖြစ်တည်မှုများ ဖြစ်သွားသည်။
သူမကို ရင်ခုန်စေခဲ့သည့် ထိုချောမောသော လူငယ်လေးမှာ ကြီးကျယ်ခမ်းနားသည့် နတ်ဘုရားအရှင် တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူမ တွေးပင် မတွေးမိခဲ့ချေ။
“နင်လာမှာလား... မလာဘူးလား...”
စုမေ့က နောက်တစ်ကြိမ် ထပ်မေးလိုက်၏။
မင်လီက သူမ၏ ပန်းနုရောင် နှုတ်ခမ်းလေးကို နောက်တစ်ကြိမ် ကိုက်လိုက်ပြန်၏။ စုမေ့အား ယုံကြည်သင့်သလား သူမ မသိသော်လည်း ဝေ့ဝူယင်ကို ပြန်လည် မြင်ယောင်မိသော အခါတွင် သူမ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ မည်သည့် ရလဒ် ထွက်လာစေကာမူ... အရင်းအနှီး မကြီးစေရန်သာ သူမ မျှော်လင့်မိတော့သည်။
“ကောင်းပြီ...”
သူမက ဆိုကာ ပိုင်လင်ထံသို့ လျှောက်သွားလိုက်တော့၏။
...
ချိုက်ထူ၏ ခြံဝင်းသည် ကျောက်စိမ်းကြာပန်းဂိုဏ်း နယ်မြေအတွင်းမှာပင် တည်ရှိကာ ကီလိုမီတာ နှစ်ရာခန့် ကျယ်ဝန်းသည်။ ထိုအရာက ခြံဝင်းတစ်ခု ဆိုသည်ထက် မြို့ငယ် တစ်မြို့ဟုပင် သတ်မှတ်၍ ရသည်။ ကျောက်စိမ်းကြာပန်းဂိုဏ်း နယ်မြေအတွင်းရှိ ဒေသခံများမှာ ချိုက်ထူ၏ ခြံဝင်းကို သေမျိုး နတ်ဘုရား တစ်ပါး၏ ကာကွယ်မှုအောက်တွင် တည်ရှိသည့် ဘေးကင်းလုံခြုံသော နေရာတစ်ခု အဖြစ် သတ်မှတ်ထားကြသည်။
နာမည်ကောင်းများ အကြားမှ ချိုက်ထူ၏ ခြံဝင်းကို နာမည်ဆိုးနှင့် ကျော်ကြားစေသည့် အဓိက အကြောင်းအရာမှာ လိင်ကုန်ကူးမှုများပင် ဖြစ်သည်။ မကြာခဏဆိုသလို မှောင်ရိပ်များနှင့် ထောင့်များတွင် ချိုက်ထူ သို့မဟုတ် ရေတံခွန်လူရိုင်း နတ်ဘုရားချိုက်မှာ ကျောက်စိမ်းကြာပန်းဂိုဏ်း၏ ဥပဒေသများကို မျက်ကွယ်ပြုလုပ်ကိုင်နေသည့် အမှောင်ကမ္ဘာမှ သူဌေးကြီး တစ်ဦး ဖြစ်ကြောင်း ပြောဆိုသံများ ကြားရသည်။ သို့သော်လည်း ခိုင်လုံသော အထောက်အထားနှင့် သက်သေများ မရှိရာ ချိုက်ထူ၏ ခြံဝင်းမှာ အရေးယူခံရခြင်း မရှိသေးချေ။
ချိုက်ထူ ခြံဝင်း၊ ဗဟိုနန်တော်၏ ခမ်းနားသော ခန်းမ တစ်ခု၌...
ချိုက်ထူသည် ပုလင်တစ်ခုပေါ်တွင် စံမြန်းနေသည်။ သူသည် အရပ်ခြောက်ပေခန့်မြင့်ပြီး၊ လိမ်ကောက်သော အနက်ရောင် ဆံပင်ရှည်များနှင့် ကောက်ကျစ်ပုံ ရသည့် မျက်နှာတို့ကို ပိုင်ဆိုင်ထားသည်။ ပလ္လင်၏ ရှေ့၌ အသက်အရွယ် အမျိုးမျိုးရှိမည့် ယောက်ျား မိန်းမများ ထင်နေခဲ့ကြ၏။ သူတို့သည် လေးစားသော မျက်နှာဖုံးကို တပ်ဆင်ထားကာ ချိုက်ထူ၏ အမိန့်ကို နာခံ နေကြဟန် ရလေသည်။
***