အကူအညီပေးခြင်း
Vol. 7 Ch. 91
ချိုက်ထူနှင့် သိသိသာသာ ဆင်တူပြီး အသက် နှစ်ဆယ် ကျော်ဟန် မရသေးသည့် လူငယ်လေး တစ်ယောက်သည် ပလ္လင်၏ ညာဘက်နားတွင် ယုံကြည်ချက် ရှိစွာ ပြုံးရင်း ရပ်နေခဲ့၏။
ချိုက်လင်သည် ချိုက်ထူ၏ အငယ်ဆုံးနှင့် ပါရမီ အကောင်းဆုံးသား ဖြစ်သည်။ သူသည် မကြာသေးခင်ကသာ အသက် ဆယ့်ကိုးနှစ် ပြည့်ထားခြင်း ဖြစ်သည့်တိုင် မီးချီကို မွေးဖွားကာ ဒြပ်စင် မွေးဖွားခြင်း အဆင့် အတွင်း ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ မြေ၊ ရေ၊ လေ ဒြပ်စင်သုံးခုကိုသာ မွေးဖွားပြီးမှသာ သူသည် ဒြပ်စင် မွေးဖွားခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် အစစ်အမှန် ဖြစ်လာလိမ့်မည် ဖြစ်သည်။
သို့သော်လည်း သူ၏ အသက်အရွယ်နှင့် ထိုကျင့်ကြံခြင်း အဆင့်မှာ အတော်လေး ပါရမီ မြင့်မားနေခဲ့ပြီ ဖြစ်သည်။ ချိုက်လင်၏ ပါရမီမှာ နေသွေးနီနီဂိုဏ်း နတ်ဘုရားအရှင် ဝူရှင်းဟောင်၏ သားဖြစ်သူ ဝူချန်းနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။
“အဖေ...”
ချိုက်လင်က ချိုက်ထူ အနားသို့ ကပ်ကာ ခပ်တိုးတိုး ပြောလိုက်၏။
“အေး... သားငယ်”
ချိုက်ထူက ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် သူသည် သားဖြစ်သူ ချိုက်လင် အကြံပေးသည့် အတိုင်းပင် ကိစ္စများကို စီမံ ခန့်ခွဲတော့သည်။ ပလ္လင်အောက်ရှိ လူများမှာ ခေါင်းများကို ငုံ့ရင်း အနည်းငယ် အရုပ်ဆိုးသည့် အမူအရာများ ဖြစ်ပေါ်နေသော်လည်း ဘာမှ စောဒက မတက်ဝံ့ကြချေ။
ချိုက်ထူသည် ချိုက်ခြံဝင်းနှင့် ပတ်သက်သည့် ကိစ္စ အဝဝတွင် ချိုက်လင်ကို အပြည့်အဝ ပါဝင် ပတ်သက်ခွင့် ပြုထားသည်။ သူသည် ချိုက်လင်ကို သူ့နေရာ ဆက်ခံမည့်သူဟု သတ်မှတ်ထားရာ အာဏာ တစ်စိတ်တစ်ပိုင်းကို အပ်နှင်းထား၏။
“ကဲ... ညီလာခံ ပြီးပြီ”
နောက်ဆုံး၌ ချိုက်ထူက လက်ကို ဝှေ့ယမ်းလိုက်၏။ ပလ္လင်အောက်ရှိ လူများမှာ ချိုက်ထူတို့ သားအဖကို အရိုအသေ ပေးကာ ထွက်ခွာသွားကြတော့သည်။
လူအားလုံးရှင်းသွားပြီးနောက် ချိုက်လင်က ချိုက်ထူဘက်သို့ လှည့်ကာ လေးစားမှုအပြည့်ဖြင့် ဦးညွှတ်လိုက်၏။
“ကျေးဇူးပါ အဖေ...”
ချိုက်ထူက လက်ကို ခါယမ်းရင်း ပြုံးလိုက်သည်။
“ဒါက သားငယ် ဆက်ခံရမယ့် ကိစ္စတွေပဲလေ... ကဲကဲ... သွားတော့... အဖေ အနားယူရဦးမယ်”
“ဟုတ်ကဲ့... အဖေ”
ချိုက်လင်က မထွက်ခွာခင် နောက်တစ်ကြိမ် ဦးညွှတ်လိုက်၏။ အနာဂတ်၌ သူ ယခုထက် ပို၍ အာဏာနှင့် ချမ်းသာမှုများ ရရှိဦးမည်မှာ သေချာပေသည်။ အိပ်ယာပေါ်၌ အသင့် စောင့်ဆိုင်းနေသည့် အလှပဂေးလေးများကို ပြန်လည် မြင်ယောင်လိုက်မိသော အခိုက်၌ သူ၏ အတွေးများမှာ အနည်းငယ် ညစ်ညမ်းသွားသလိုပင် ခံစားလိုက်ရသည်။
မိန်းမ၊ စည်းစိမ်၊ အဆင့်အတန်း၊ စွမ်းအား၊ ပါရမီ၊ နောက်ခံ...
သူ့တွင် ဘာလိုအပ်သနည်း။
သူအတွေးတွင် နစ်မြောရင်း စံအိမ်သို့ ပြန်ရန် ထွက်ခွာလိုက်စဥ်မှာပင် ကောင်းကင်ယံထက်မှ ငှက်အော်သံ တစ်ခုကို ကြားလိုက်ရလေသည်။
“ဂီး...”
...
စူးရှ ကျယ်လောင်သော ငှက်အော်သံကြောင့် ချိုက်ထူ ခြံဝင်းအတွင်း နေထိုင်ကြသည့် များစွာသော လူများမှာ ကောင်းကင်သို့ မော့ကြည့်လိုက်မိကြသည်။ ထိုအခါ သူတို့သည် ရွှေရောင် နှုတ်သီး၊ ရွှေရောင် အမြီး၊ ရွှေရောင် မျက်လုံးများနှင့် အလွန် ကြီးမားသည့် ကြိုးကြာငှက်ကြီး တစ်ကောင်ကို တွေ့လိုက်ကြရ၏။ ထိုသတ္တဝါကြီးသည် ကြီးမားလှသော အတောင်ပံကြီးကို တဖျန်းဖျန်း ခတ်ရင်း ချိုက်ထူ ခြံဝင်း၏ ကောင်းကင်၌ ပျံသန်းနေခဲ့ခြင်း ဖြစ်သည်။
ပိုင်လင်၏ ကျောထက်တွင်မူ စုမေ့နှင့် မင်လီတို့သည် ထိုင်ရင်း ခြံဝင်းကို အကဲခတ်နေခဲ့သည်။ စုမေ့က မျက်မှောင်ကြုတ်လိုက်၏။
“ဒီနေရာမှာ ချီအစီအရင် တစ်ခု ရှိတယ်”
အနည်းဆုံး အစီအရင် တစ်ခု ရှိလိမ့်မည် ဖြစ်ကြောင်း သူမ ခန့်မှန်းထားမိခဲ့ပြီး ဖြစ်သော်လည်း ထိုအစီအရင်က ယခုလောက် အထိ အရည်အသွေး မြင့်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ချီအစီအရင်များမှာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး စွမ်းအားများကို ဆွဲယူကာ တိုက်ခိုက်ခြင်း၊ ခုခံခြင်း တို့တွင် အသုံးပြုသည့် ဝင်္ကပါများပင် ဖြစ်သည်။ အရွယ်အစားကို လိုက်၍ ချီအစီအရင်များမှာ ခွန်အား အမျိုးမျိုးကို ပိုင်ဆိုင်ထားသည်။
မင်လီက အောက်နှုတ်ခမ်းကို တစ်ချက် ကိုက်ကာ ရှင်းပြလိုက်၏။
“ကျွန်မ ဒီကို မလာခင် ချိုက်ထူခြံဝင်းအကြောင်း အတော်လေး လေ့လာခဲ့ဖူးတယ်... အချက်အလက်တွေသာ မမှားရင် အဲဒါက ရေတံခွန်ရေစီး အစီအရင်ပဲ... အဲဒီ အစီအရင်က ချိုက်ထူခြံဝင်းတစ်ခုလုံးမှာ ရှိတဲ့ ရေတွေအားလုံးရဲ့ စွမ်းအားနဲ့ ဆက်သွယ်ထားတာ”
သူမသည် အသေအချာ သုတေသန ပြုလုပ်ထားရာ ထိုအစီအရင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိထားသည်။ ချိုက်ထူခြံဝင်းကို တိုက်ရိုက် ရင်ဆိုင်ရန် ဆုံးဖြတ်ခြင်းကား အလွန် မိုက်ရူးရဲ ဆန်လွန်းလှသည်။ သို့သော်လည်း ဝေ့ဝူယင်မှာ နတ်ဘုရားအရှင် တစ်ပါး ဖြစ်ကြောင်း ပြန်လည်တွေးလိုက်မိသော အခိုက်၌ သူမ၏ စိတ်က အနည်းငယ် ပြန်လည် တည်ငြိမ်သွား၏။
သူမက လက်ရှိ အဖြူရောင် လက်ကောက်လေးကို ငုံ့ကြည့်ရင်း ပွတ်သပ်လိုက်သည်။ အကယ်၍ ဝေ့ဝူယင်သာ အစစ်အမှန် နတ်ဘုရားအရှင် တစ်ပါး ဖြစ်ပါက ဤကိစ္စမှာ အမှန်တကယ် ပြေလည်သွားပေလိမ့်မည်။
ဂီး...
မင်လီနှင့် ဆန့်ကျင်ဘက်ပင် ပိုင်လင်မှာမူ သွယ်ဝိုက် ကိုင်တွယ်ရန် ဆန္ဒ မရှိပါချေ။ သူမသည် ဇာတ်လမ်း အပြည့်အစုံကို မသိသော်လည်း ဝေ့ဝူယင်က ဤနေရာသို့ လွှတ်လိုက်ရာ အစွမ်းအစ ဖော်ထုတ်ရတော့မည် ဖြစ်ကြောင်း သဘောပေါက်ပေသည်။ သူမသည် လူများ၏ ခေါင်းများကို ဖရဲသီး ကဲ့သို့ ပေါက်သတ်ခဲ့သော နေ့ရက်များကို ပြန်လည် အမှတ်ရလာခဲ့၏။
ပိုင်လင်းကား တိုက်ခိုက်ချင်နေခဲ့ပြီ ဖြစ်သည်။
သူမ၏ မျက်လုံးများသည် ရွှေရောင် မီးတောက်များနှင့် စတင်ကာ တဟုန်းဟုန်း တောက်လောင်လာ၏။ သူမ၏ သွေးများမှာ အလွန် လျှင်မြန်စွာ စီးဆင်းလာကာ ခန္ဓာကိုယ်မှာ အဖြူရောင် မီးလျှံများနှင့် ပြည့်နှက်လာလေသည်။
“ဘာလဲ...”
စုမေ့နှင့် ပိုင်လင် နှစ်ယောက်စလုံးမှာ အဖြူရောင် မီးလျှံများကြောင့် ထိတ်လန့်ကာ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားကြ၏။ မင်လီဆိုလျှင် လန့်ဖျန့်ကာ ပိုင်လင်၏ ကျောထက်မှ ခုန်ချရန်ပင် ဟန်ပြင် လိုက်သည်။ သို့သော်... ပေရာပေါင်းများစွာ အမြင့်တွင် ရှိနေကြောင်း သတိရလိုက်ချိန်၌ သူမက ပြန်လည်ကာ ကိုယ်ရှိန်သတ်လိုက်သည်။ ထိုအမြင့်မှ ပြုတ်ကျလျှင် သေမည်မှာ သေချာသည်။
စက္ကန့်အနည်းငယ် အကြာ၌ သူတို့သည် မီးတောက်များမှာ မလောင်ကျွမ်းကြောင်း သဘောပေါက် လာကြသည်။ ထို့အစား နွေးထွေးမှုနှင့် နှစ်သိမ့်မှုမျိုးကိုသာ ခံစားရ၏။ စုမေ့က ထိုမီးတောက်ထဲမှ အချို့ကို စုပ်ယူ ကြည့်လိုက်ရာ အသက်စွမ်းအးနှင့် ဒဏ်ရာ ကုသနိုင်စွမ်းများ ပါဝင်နေသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။
“ဒါက နင့်ရဲ့ စွမ်းအား...”
စုမေ့မှာ ပိုင်လင်ကြောင့် ယုံကြည်မှု ပိုမို တိုးလာခဲ့၏။ ပိုင်လင်၏ ပြောင်းလဲမှုများမှာ သစ်သီးတစ်လုံးကို စားမိသောကြောင့် ဖြစ်ကြောင်း ဝေ့ဝူယင် တစ်ခါက ပြောခဲ့ဖူးသည်။ ထို့အပြင် ကျောက်စိမ်းကြာပန်းဂိုဏ်းသို့ ရောက်ရှိစဥ်ကလည်း ပိုင်လင်သည် သေမျိုး နတ်ဘုရား တစ်ပါးကို ရွှေရောင် အလင်းတန်း ပစ်လွှတ်ကာ သတ်ဖြတ်ခဲ့ဖူးသည်။
စုမေ့က မင်လီအား လှည့်ကြည့်ကာ ဆိုလိုက်၏။
“ဘာမဖြစ်ဘူး... စိတ်မပူနဲ့”
“ဘာမဖြစ်ဘူးလား...”
မင်လီမှာ အနည်းငယ် စိတ်သက်သာရာ ရသွား၏။ ထိုမီးတောက်များမှာ မနာကျင်စေနိုင်ကြောင်း ယခုလေးပင် သိပြီးဖြစ်သော်လည်း စုမေ့၏ အတည်ပြုမှုက သူမကို ပို၍ သေချာစေသည်။
"ဂီး...”
ပိုင်လင်၏ မျက်လုံးများသည် အဆက်မပြတ် ရွေ့လျားနေကာ ကြီးကျယ် ခမ်းနားစွာ တည်ဆောက်ထားသည့် ဂိတ်တံခါးကြီး အရောက်၌ ရပ်တန့်သွား၏။ မဆိုင်းမတွပင် သူမ၏ မျက်လုံး နှစ်လုံးမှ ရွှေရောင် တောက်လောင်နေသော အလင်းတန်း နှစ်ခု ထွက်ပေါ်လာသည်။
ဝှစ်...
ချိုက်ထူ ခြံဝင်းအတွင်းရှိ လူများမှာ ရွှေရောင် အလင်းတန်း နှစ်ခု ကောင်းကင်ကို ဖြတ်၍ ဆင်းသက်လာသည်ကို တွေ့ရှိကြရ၏။ သူတို့ ချက်ချင်း အလန့်တကြား ဖြစ်သွားကာ အော်ဟစ်လိုက်ကြသည်။
“ငါတို့ တိုက်ခိုက်ခံနေရပြီဟေ့...”
“ဘုန်း...”
အလင်းတန်းနှစ်ခုသည် ဂိတ်တံခါးကို ထိမှန်ကာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲသွားစေ၏။ ထိုပေါက်ကွဲမှုက ပတ်ဝန်းကျင် ပေတစ်ရာခန့်ကို ဖုံးအုပ်သွားလေရာ ထိုအနားတွင် ရှိသည့် ချိုက်ထူ၏ လက်အောက်ငယ်သား အစောင့်များစွာမှာ ချက်ချင်းပင် သေဆုံးသွားကြလေသည်။
“စောက်ရမ်း ကြမ်းလိုက်တာ...”
မင်လီမှာ သတိလက်လွတ် ဖြစ်ကာ အော်ဟစ်လိုက်မိ၏။ ထိုငှက်ကား အကြည့် တစ်ချက်ဖြင့်ပင် ဂိတ်တံခါးကို ဖြိုဖျက်ကာ ဒါဇင်နှင့် ချီသည့် ကျင့်ကြံသူများကို သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ထိုအထဲ၌ သူမ ညီမ မပါဝင်သည်မှာ ကံကောင်းလှသည်။
“ငါတို့ တိုက်ခိုက်ခံနေရပြီ... ငါတို့ တိုက်ခိုက်ခံနေရပြီ...”
အသက်ရှင် ကျန်ရစ်သော အစောင့်များမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ တစ်ချိန်တည်း၌ သူတို့သည် ဆက်သွယ်ရေး သလင်းကျောက်များကို ထုတ်ယူကာ သတင်းများ ပေးပို့လိုက်ကြလေသည်။ မကြာခင်မှာပင် မီးရှူးမီးပန်းများမှာ ချိုက်ခြံဝန်း နေရာ အနှံ့ရှိ မျှော်စင်ကဲ့သို့ အဆောက်အဦများ ထံမှ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာလေ၏။
အရေအတွက်ကား အလွန် များပြားလှသည်။ ရေတွက်ကြည့်လျှင် ထိုကဲ့သို့ မီးရှူးမီးပန်းများ ပစ်လွှတ်သည့် နေရာများမှာ ကိုးဆယ့်ခြောက်နေရာ တိတိ ရှိသည်။
“ဝိညာဥ် ဝင်္ကပါ...”
စုမေ့၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။ သူမသည် ဝေ့ဝူယင်၏ နာမည်ကို အသုံးပြုကာ ချိုက်ထူထံမှ မင်လီ၏ ညီမလေးကို တောင်းဆိုရန် စဥ်းစားထားခြင်း ဖြစ်သည်။ ယခုတွင်မူ ပိုင်လင်မှာ ချိုက်ထူ ခြံဝင်းကို ပေါ်တင် စစ်ကြေညာလိုက်ပြီ ဖြစ်လေသည်။
ဘုန်း...
ဝိညာဥ် ဝင်္ကပါသည် ဝိညာဥ်ကို ဖိအားပေးနိုင်သည့် အရှိန်အဝါတို့ကို စတင်ကာ ထုတ်လွှတ်လာလေ၏။ သို့သော်လည်း ကံမကောင်းစွာပင် ပိုင်လင်မှာ သားရဲတစ်ကောင် ဖြစ်နေခဲ့သည်။ သူမ၏ ဝိညာဥ်မှာ သူမ၏ ဆန္ဒနှင့် နှလုံးသားတို့သာ ဖြစ်သည်။ ထို့ကြောင့်ပင် ဝင်္ကပါ၏ အကျိုးသက်ရောက်မှုကို မခံစားရချေ။
သို့သော်လည်း စုမေ့နှင့် မင်လီတို့မှာမူ ထိုဖိအားကို ချက်ချင်းပင် ခံစားလိုက်ကြရသည်။ ဝင်္ကပါ၏ စွမ်းအားများမှာ သူမတို့၏ ဝိညာဥ်များအပေါ် ပြင်းထန်စွာ ဖိကျလာလေရာ ချီစွမ်းအင်ကိုပင် ထိန်းချုပ်ရန် ခက်ခဲ လာကြလေသည်။
“ညစ်ပတ်လိုက်တဲ့ ဝိညာဥ် ဝင်္ကပါတွေ... အစွမ်းထက်တဲ့ ဝိညာဥ် နည်းလမ်း တစ်ခုခုကိုသာ ကျင့်ကြံမထားရင် အဲဒီ ဝင်္ကပါစုတ်ကြောင့် ဘာမှ မလုပ်နိုင်ပဲ သေသွားမှာ သေချာတယ်”
မင်လီက ကျိန်ဆဲလိုက်၏။
စုမေ့မှာမူ မျက်မှောင်ကြုတ်နေခဲ့သည်။ ထိုချီအစီအရင်နှင့် ဝိညာဥ် ဝင်္ကပါများမှာ ချိုက်ထူခြံဝင်ကို ကာကွယ်ထားသည့် အဓိက အင်အားများထဲမှ တစ်ခုသာ ဖြစ်ဟန်ရသည်။ ဤအတိုင်းဆိုလျှင် သေမျိုး နတ်ဘုရား တစ်ယောက်ပင် ချိုက်ထူခြံဝင်းကို ကျူးကျော် အနိုင်ယူရန် ဖြစ်နိုင်လိမ့်မည် မထင်ချေ။ နာမည်ပျက်နှင့် ဆိုးရွားစွာ ကျော်ကြားနေသည့်တိုင် ယခုထက်ထိ ချိုက်ထူ အသက် ရှင်သန်နေခြင်းကား မထူးဆန်းတော့ချေ။
ပိုင်လင်မှာမူ ထိုအရာများကို ဂရုစိုက်ခြင်း ရှိပုံမပေါ်ချေ။ သူမ၏ သွေးမှာ ပိုမို လောင်ကျွမ်းလာကာ စွမ်းအားမှာ ပိုမို မြင့်တက်လာ၏။ သူမ၏ ရွှေရောင် မျက်လုံးကား နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို စတင်တော့မည့်ဟန် ရလေသည်။
“နေဦး... ပိုင်လင် ရပ်ဦး...”
စုမေ့က ပိုင်လင် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် တားဆီးရန် ကြိုးစားလိုက်၏။ သို့သော်လည်း... ပိုင်လင်၏ တိုက်ခိုက်လိုစိတ်များကား အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တားဆီးရန် နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။
***