ပြင်းထန်သောတိုက်ပွဲတစ်ခု
Vol. 83 Ch. 1151
သို့သော် ဝမ်ပေါင်လဲ့ သစ်ရွက်လေးအား ထုတ်ယူကာ သူ၏ ဓားအိမ်ထဲမှ အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်နှင့် သူ၏ ဘေးတွင် ပေါ်ပေါက်လာသည့် ကလေးမလေးမှာ ခြောက်လှန့်ခံလိုက်ရသည့်အလား ရုတ်တရက်ဆိုသလို မှုန်ဝါးဝါးဖြစ်ကာ ပျောက်ကွယ်သွား၏။ ထို့နောက် သူမသည် ခပ်လှမ်းလှမ်းတွင် ပြန်လည်ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့အား အထူးအဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်နေသည်။
ဝမ်ပေါင်လဲ့မှာလည်း ထို ကလေးမလေးအား လှမ်းကြည့်လိုက်ပြီး မျက်လုံးများ မှေးသွား၏။ သူ၏ မျက်ဝန်းများထဲတွင်မူ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
" နင်က ငါ့ကို စမ်းသပ်နေတာလား။ စိတ်တော့မကောင်းဘူး။ ငါ ဒီ သစ်ရွက်ကို အများကြီး ထပ်ပြီးတော့ အသုံးပြုလို့ရသေးတယ်နော် " ဝမ်ပေါင်လဲ့မှာ ရုတ်တရက် လှမ်းပြောလိုက်၏။ ထိုအချိန်တွင် အင်အားကြီးအဖွဲ့အစည်းများမှ ပါရမီရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားကြသဖြင့် သူ၏ ကိုယ်ပွားများ ဖန်တီးပေးထားသည့် အကာအရံကြီးမှာလည် အပြင်းအထန် တုန်ရီသွားသည်။
ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်သွားပြီ ဖြစ်သည့်တိုင်အောင် သူသည် ထိုပေါက်ကွဲမှုများ၏ ပြင်းအားများကို ခံစားလိုက်ရဆဲပင်။ အကယ်၍ ကလေးမလေးအား စိုးရိမ်နေရသည့် အချက်ကြောင့်သာ မဟုတ်ပါက ဝမ်ပေါင်လဲ့မှာ လွတ်လပ်စွာ လှုပ်ရှားကာ ဤနေရာရှိ ကျင့်ကြံသူများအားလုံးကို ဖိနှိပ်ချုပ်တည်းထားနိုင်စွမ်း ရှိနေမည်ဖြစ်သည်။
သို့သော် ယခုတွင်မူ သူသည် သတိကြီးကြီးထားနေရ၏။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးကာ သူ၏ အတားအဆီး အကာအရံကြီးအား ပျက်စီးမသွားအောင် ထိန်းသိမ်းထားပြီး ဒုတိယမီးဖိုထဲမှ စွမ်းအင်များကို ဆက်လက်စုပ်ယူနေသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် ပေါ်ပေါက်လာသည့် အစိမ်းရောင် အမျှင်အတန်းများမှာလည်း တဖြည်းဖြည်းနှင့် ပို၍များလာ၏။ ခဏအကြာတွင် ဒုတိယမီးဖိုထဲ၌ ကျန်ရှိနေသေးသည့် စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များထဲမှ နောက်ဆုံးဆယ်ရာခိုင်နှုန်းမှာ ဝမ်ပေါင်လဲ့၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။ ထိုအခါ ဝဲကြီးတစ်ခုပေါ်ပေါက်လာသဖြင့် အရပ်မျက်နှာအနှံ့တွင် စုဝေးနေကြသည့် အစိမ်းရောင်အမျှင်အတန်းများမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။
ကလေးမလေး၏ မျက်ဝန်းများထဲတွင်မူ သတ်ဖြတ်လိုစိတ်များ ဖျတ်ခနဲ တောက်ပသွား၏။ ထို့နောက် သူမသည် နောက်ထပ်တစ်ကြိမ်ထပ်၍ ပျောက်ကွယ်သွားပြီး အစိမ်းရောင်အမျှင်အတန်းများနှင့် တစ်သားတည်းပေါင်းစည်းသွားသကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူမအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိတော့ပေ။
ထိုအခါ ဝမ်ပေါင်လဲ့မှာ သစ်ရွက်လေးအား ထုတ်ယူလိုက်ပြီး သူ၏ ဦးခေါင်းအထက်၌ ရစ်ဝဲသွားအောင် လုပ်လိုက်၏။ ထို့နောက် သူသည် အစွမ်းကုန်ထုတ်ကာ ထိုသစ်ရွက်လေးအား အသုံးပြုလိုက်သဖြင့် ၎င်းထဲမှ ဝင်းလက်တောက်ပသည့် အလင်းရောင်တစ်မျိုး ပေါက်ကွဲထွက်ပေါ်လာပြီး ထိုနေရာကြီးတစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။ ဖိအားများမှာလည်း သိသိသာသာ ပို၍အားကောင်းလာသဖြင့် အစိမ်းရောင်အမျှင်အတန်းများနှင့် တစ်သားတည်း ပေါင်းစည်းသွားသည့်ပုံပေါ်သော ကလေးမလေးမှာ နောက်သို့ ပြန်လည်ဆုတ်ခွာသွားရပြန်သည်။ သူမ ခပ်လှမ်းလှမ်း၌ ပြန်လည်ပေါ်ပေါက်လာချိန်တွင် သူမ၏ မျက်ဝန်းများထဲ၌ အမျက်ချောင်းချောင်း ထွက်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်ကို မြင်နိုင်ပေသည်။
တစ်ချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးမှာ အစိမ်းရောင်အမျှင်အတန်းများအား အလျင်အမြန် စုပ်ယူလိုက်၏။ ယခုတွင် ၎င်း၏ တစ်ဝက်တိတိမှာ အကြည်ရောင်ပြောင်းသွားပြီဖြစ်သည်။
" ဓားအိမ်လေးတစ်ခုလုံး အကြည်ရောင်ပြောင်းသွားတဲ့အချိန်ကျရင် သူ့ရဲ့ ဓားချီကြောင့် မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးပါ တုန်ရီသွားရမှာသေချာတယ် " ဝမ်ပေါင်လဲ့မှာ ၎င်းအား အာရုံခံမိလိုက်သည်နှင့် အချက်တစ်ချက်အား နားလည်သွား၏။ ထို့ကြောင့် သူသည် ထိုနေရာတွင် ရပ်ကာ အစိမ်းရောင်အမျှင်အတန်းများကို စုပ်ယူနေခြင်းမရှိဘဲ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ ပတ်ပတ်လည်ရှိ သူ၏ ကိုယ်ပွားများအားလုံးမှာ စတင် ရွေ့လျားလာကြ၏။ ၎င်းတို့မှာ တတိယမီးဖိုကြီးဆီသို့ အလျင်အမြန် ဦးတည်သွားနေကြပြီဖြစ်သည်။
သူသည် အစိမ်းရောင်အမျှင်အတန်းများအား တတိယမီးဖိုထဲရှိ စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များနှင့်အတူ စုပ်ယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုသို့ စုပ်ယူနေစဉ် သူ၏ ကိုယ်ပွားများ တစ်ခုပြီးတစ်ခုပျက်စီးသွားလျှင်တောင် သူ၏ ဓားအိမ်လေးမှာ အစိမ်းရောင်အမျှင်အတန်းများကို စုပ်ယူကာ သူ၏ အပြင်ခန္ဓာကိုယ်အား အားဖြည့်ပေးနိုင်သည့် အငွေ့အသက်များကို ပြန်လည်ထုတ်လွှတ်ပေးနေမည်ဖြစ်ရာ ပျက်စီးသွားကြသည့် ကိုယ်ပွားများထဲမှ အများစုမှာ ပြန်လည် ပေါ်ပေါက်လာကြမည်သာ ဖြစ်သည်။
၎င်းတို့အားလုံး ပြန်လည်ပေါ်ပေါက်လာနိုင်စွမ်း မရှိလျှင်တောင် သူသည် အချိန်အကြာကြီး ဆွဲထားနိုင်မည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် စိတ်အေးသွားရ၏။ တိုက်ပွဲကြီး၏ လက်ရှိအခြေအနေမှာ သူ့အား မျက်နှာသာပေးနေကြောင်း သူက နားလည်ထားသည်။
အချိန်များကုန်ဆုံးသွားသည်နှင့်အမျှ သူသည်လည်း စွမ်းအင်များ ပိုမို စုပ်ယူနိုင်မည်ဖြစ်ရာ သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း ပို၍ အစွမ်းထက်လာမည်ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးချန်ရှင်းမှာ ဤ အဖြစ်အပျက်များကို သတိမထားမိစရာ အကြောင်းမရှိဟု ယုံကြည်နေ၏။ ထို့ကြောင့် သူ ဆက်လက် စောင့်ဆိုင်းနေလိုက်မည်ဆိုပါက ဤနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်မည့် နည်းလမ်းအား စဉ်းစားနေစရာပင် မလိုလောက်ပေ။ သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ သူ့အား မရရအောင် ကယ်ထုတ်ပေးမည်သာဖြစ်သည်။
" အဲတာမလို့ အဲဒီ ကလေးမလေးက အခုလို အလျင်လိုနေတာကိုး " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ရေရွတ်လိုက်ပြီး မျက်ဝန်းများအရောင်လက်သွား၏။ သူသည် ထို ကလေးမလေးမှာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ် ပညာရပ်အချို့အား တတ်မြောက်ထားကြောင်း လက်ခံရပေမည်။ သို့သော်လည်း သူမ၏ အားသာချက်များမှ ထိုမျှလောက်သာ ဖြစ်၏။ သူမ၏ အကြီးမားဆုံးသော အားနည်းချက်မှာမူ သူမဆီ၌ တိုက်ရည်ခိုက်ရည်စွမ်းအား အလုံအလောက် မရှိခြင်းပင်။
" သူ ငါ့ကို ချက်ချင်းသတ်ဖြတ်နိုင်စွမ်း မရှိရင် သူ့ရဲ့ ရည်မှန်းချက်တွေ အထမြောက်မှာမဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်ပြီး အစိမ်းရောင်အမျှင်အတန်းများအား ပို၍ပင် မြန်ဆန်စွာ စုပ်ယူနေလိုက်တော့သည်။
ထို့ကြောင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး တတိယမီးဖိုထဲမှ စည်းမျဥ်းဥပဒေသ အကျိုးအပဲ့ အမြောက်အမြားမှာ သူ၏ စုပ်ယူခြင်းကိုခံလိုက်ရ၏။ အချိန်တိုလေးအတွင်းတွင် ၎င်းတို့မှာ တစ်ဝက်တိတိ စုပ်ယူခံလိုက်ရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာလည်း ဓားအိမ်လေး အစိမ်းရောင်အမျှင်အတန်းများအား စုပ်ယူပြီးနောက် ထုတ်လွှတ်ပေးနေသည့် အငွေ့အသက်များကြောင့် ပို၍ အစွမ်းထက်လာ၏။
အပြင်ခန္ဓာကိုယ်အဆင့်၏ အဆင့်ကန့်သတ်ချက်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့် မဟုတ်ပေ။ သူ၏ အပြင်ခန္ဓာကိုယ် ပို၍ သန်မာလာသည်နှင့်အမျှ ၎င်း၏ အဆင့်မှာလည်း ဆက်လက် တိုးတက်လာမည်သာဖြစ်သည်။ ထိုသို့ဖြင့် သူ၏ အပြင်ခန္ဓာကိုယ်မှာ ကြယ်နယ်မြေအဆင့်သို့ရောက်အောင် ဆက်လက် တိုးတက်သွားနေ၏။
ထိုအချိန်တွင် အဝေးမှနေ၍ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည့် ကလေးမလေးမှာ ဝမ်ပေါင်လဲ့အား ရင်ဆိုင်ရသည်မှာ အလွန်အင်မတန်မှ ခက်ခဲကြောင်း နားလည်သွားသလို သူ ဆက်တိုက်သလို အစွမ်းထက်လာနေသည်ကိုလည်း ရိပ်မိသွား၏။ ထို့ကြောင့် သူမသည် စိုးရိမ်စိတ်များ ကြီးထွားလာပြီး မျက်ဝန်းများထဲ၌ သူငယ်အိမ် အမြောက်အမြား ပြန်လည်ပေါ်ပေါက်လာတော့သည်။ သူမ၏ ခန္ဓာကိုယ်ထဲမှလည်း အော်သံများ ထွက်ပေါ်လာ၏။
" သူ့ကို သတ်ပစ်။ သူရဲ့ နှလုံးသားထဲက သူ အကြောက်ရဆုံးအရာကို တွေ့အောင်ရှာ။ ပြီးရင် အဲဒီပုံစံ ပြောင်းပြီး သူ့ကို သတ်ပစ် "
" ဒါ လက်ရှိမျိုးဆက်ရဲ့ အမှောင်ကလေးငယ်ပဲ။ သူ့ကို သတ်ပြီး အမှောင်ဂိုဏ်းရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးပစ် "
" မလုပ်နဲ့။ အမှောင်ဂိုဏ်းရဲ့ ကံကြမ္မာကို မလောက်လေးမလောက်စားလုပ်မယ် မကြံနဲ့ "
" ငါ ရှာတွေ့ပြီ။ သူကြောက်တဲ့ အရာက ဒါပဲ "
" သတ်၊ သတ်၊ သတ် "
ထို အော်ဟစ်သံများ ထွက်ပေါ်လာသည်နှင့် ကလေးမလေး ပူးကပ်ထားသည့် အဆုံးမဲ့မင်းသား၏ ခန္ဓာကိုယ်ပေါ်ရှိ အခြားဦးခေါင်းနှစ်လုံးမှာလည်း ကလေးမလေး၏ နှလုံးသားထဲ၌ ရှုပ်ထွေးနေသည့် ခံစားချက်များကြောင့် နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်ကြသည်။
ထို့နောက် ကလေးမလေး၏ မျက်ဝန်းများထဲမှ သူငယ်အိမ်များမှာ တစ်ခုပေါ်တစ်ခု ပြန်ထပ်သွား၏။ ၎င်းတို့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားချိန်တွင် ကလေးမလေးမှာ ရုတ်တရက်ဆိုသလို ပါးစပ်ဟလိုက်သဖြင့် အကျိအချွဲများ ဖုံးလွှမ်းနေပြီး လွှသွားများကဲ့သို့ဖြစ်နေသည့် သူမ၏ သွားများကို မြင်လိုက်ရသည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား ကြည့်ကာ အော်ဟစ်လိုက်၏။
ထို အော်ဟစ်သံကြီးကြောင့် မျက်လုံးဖြင့်မမြင်နိုင်သည့် တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွားပြီး သူ၏ နတ်ဘုရားဝိညာဉ်မှာလည်း အနည်းငယ် တုန်ရီသွားရသည်။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။ သို့သော်လည်း သူ၏ ကိုယ်ပွားများအား တိုက်ခိုက်နေကြသည့် ပါရမီရှင်များမှာမူ အပြင်းအထန် တုန်ရီသွားကြပြီး နောက်သို့ ထွက်ပြေးဆုတ်ခွာသွားကြတော့သည်။
သူတို့မှာ ဝမ်ပေါင်လဲ့အား ကာကွယ်ပေးနေကြသည့် သူ၏ ကိုယ်ပွားများကို တိုက်ခိုက်နေခြင်းမရှိတော့ဘဲ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားကြပြီးနောက် ကလေးမလေး ပူးကပ်ထားသည့် အဆုံးမဲ့မင်းသားဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။ ထို့နောက် ထူးဆန်းသောမြင်ကွင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ငွေရောင်နဂါးအမျိုးသမီးနှင့် ရှေးဟောင်းဓားများပိုင်ဆိုင်ထားသည့် လူငယ်လေးတို့အပါအဝင် အင်အားကြီးအဖွဲ့အစည်းအမျိုးမျိုးမှ ပါရမီရှင် အယောက်သုံးဆယ်ကျော် ကျန်ရှိနေသေးသည်။ ယခုတွင် သူတို့အားလုံးမှာ အသိစိတ် ပျောက်သွားကြသည့်အလား ကလေးမလေး ပူးကပ်ထားသည့် အဆုံးမဲ့မင်းသားဆီသို့ ပြေးသွားလိုက်ကြပြီးနောက် သူမဆီသို့ ရောက်ရှိသွားသည်နှင့် သူမနှင့် တစ်သားတည်း ပေါင်းစည်းသွားကြတော့သည်။
သူတို့၏ ခန္ဓာကိုယ်များသာမက သူတို့၏ ဝိညာဉ်များနှင့် ကျင့်ကြံခြင်းစွမ်းအားများပါ ပေါင်းစည်းသွားကြခြင်း ဖြစ်သည်။ ထိုသို့ဖြင့် အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် ကျင့်ကြံသူ အယောက်သုံးဆယ်ကျော်မှာ အဆုံးမဲ့မင်းသားနှင့် တစ်သားတည်း ပေါင်းစည်းပြီးသွားပြီ ဖြစ်သည်။
ထိုကဲ့သို့ ကျင့်ကြံသူတစ်ယောက်စီ ပေါင်းစည်းသွားတိုင်း အဆုံးမဲ့မင်းသား၏ ခန္ဓာကိုယ်ပေါ်တွင် ဘုလုံးတစ်လုံး ပေါ်ပေါက်လာပြီး ၎င်း၏ အငွေ့အသက်မှာ ပို၍ အားကောင်းလာ၏။ ကျန်ရှိနေသေးသည့် ကျင့်ကြံသူများအားလုံး ၎င်းနှင့် ပေါင်းစည်းပြီးသွားကြသောအခါ ဝမ်ပေါင်လဲ့၏ ရှေ့တွင် ရှိနေသည့် အဆုံးမဲ့မင်းသားမှာ ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
ထို သတ္တဝါကြီးမှာ ခြေလက်ပေါင်း မြောက်မြားစွာ ပိုင်ဆိုင်ထား၏။ ၎င်း၏ ခန္ဓာကိုယ်မှာလည်း ရှည်မျောမျော ဖြစ်နေသောကြောင့် ၎င်းမှာ လူပုံစံ ဧရာမ ကင်းခြေများကြီးတစ်ကောင်နှင့် တူနေတော့သည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်တွင်မူ ဘုလုံး အမြောက်အမြား ရှိနေ၏။ ထို ဘုလုံးများမှာ ချက်ချင်းဆိုသလိုပင် အသွင်ပြောင်းလဲသွားကြသည်။ ၎င်းတို့မှာ ဝေဒနာပြင်းပြစွာ အော်ဟစ်မြည်တမ်းနေကြပြီး အသက်မဲ့နေသည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသော ဦးခေါင်းများအဖြစ် ပြောင်းလဲသွားကြခြင်း ဖြစ်သည်။ ထို အချိန်တွင် ကင်းခြေများကြီးမှာ ဝမ်ပေါင်လဲ့ဆီသို့ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ဦးတည်လာ၏။
၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသည်။
ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ ရှေ့၌ ရှိနေကြသည့် သူ၏ ကိုယ်ပွားရာပေါင်းများစွာမှာ ကလေးမလေး ဖန်တီးထားသော ကင်းခြေများကြီး၏ ဖျက်ဆီးချေမှုန်းခြင်းကို ခံလိုက်ရ၏။ အချို့မှာဆိုလျှင် ကင်းခြေများကြီး၏ ဝါးမျိုခြင်းကိုပင် ခံလိုက်ရသည်။ ၎င်းမှာမူ အနည်းငယ်လေးပင် အရှိန်လျော့ကျသွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့ဆီသို့ ဆက်လက်ဦးတည်လာနေဆဲပင်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ အံ့ဩမှင်တက်နေဆဲဖြစ်သည့် ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာတော့သည်။
" ကင်းခြေများကြီး တစ်ကောင်ပါလား " ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်သဖြင့် မီးတောက်ခေါင်းဆောင်ကြီး သူ့အား ပေးထားသည့် သစ်ရွက်လေးမှာ ပြန့်ကားသွားပြီး သူ၏ရှေ့၌ အလင်းရောင်များထုတ်လွှတ်နေသည့် ဒိုင်းကာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ခဏအကြာတွင် ထစ်ချုန်းသံများထွက်ပေါ်လာပြီး ထိုဒိုင်းကာလေးမှာလည်း ကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်လာ၏။ သို့သော်လည်း ၎င်းမှာ မလှုပ်မယှက် ရှိနေဆဲဖြစ်ပြီး ကင်းခြေများကြီးပုံစံ ဖြစ်နေသည့် ကလေးမလေးအား ပထမဆုံးအကြိမ်အဖြစ် တားဆီးနိုင်ခဲ့၏။ ဝမ်ပေါင်လဲ့မှာမူ နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး သူ၏ ဓားအိမ်လေးအား ထုတ်သုံးရန် တွေးမိလိုက်ပါသော်လည်း ထိုအတွေးအား ချက်ချင်း ပြန်လည်မေ့ပျောက်ထားလိုက်သည်။ ထို့နောက် သူသည် နောက်သို့ဆုတ်ခွာသွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ သူ၏ရှေ့တွင် ရှိနေသည့် အလင်းရောင်ဒိုင်းကာလေးအား လက်ညှိုးထိုးလိုက်တော့သည်။
" ချုပ်နှောင်စေ "
သူ ထိုသို့ဆိုလိုက်သည်နှင့် ထို အလင်းရောင်ဒိုင်းကာလေးမှာ စတင် တွန့်လိမ်ပုံပျက်လာပြီး ကင်းခြေများကြီးပုံစံ ဖြစ်နေသည့် ကလေးမလေးအား လွှမ်းခြုံသွား၏။ ၎င်းမှာ အချုပ်အနှောင်တစ်ခုနှင့် တူပါသော်လည်း အချိန်အကြာကြီး ထိန်းထားနိုင်မည်တော့ မဟုတ်ပေ။ ၎င်းထဲတွင် ရှိနေသည့် ကင်းခြေများကြီးမှာ အသံကုန်အော်ဟစ်ကာ အဆက်မပြတ်ရုန်းကန်နေ၏။
" ဒါ ငါ့ရဲ့ မှတ်ဉာဏ်ထဲက ကင်းခြေများကြီး မဟုတ်ဘူး "
" သူက လျှို့ဝှက်ပညာရပ်တစ်ခုနဲ့ ငါ့ရဲ့ နှလုံးသားထဲက ငါ အကြောက်ရဆုံးအရာကို အာရုံခံပြီးတော့ သူ့ကိုယ်သူ အဲဒီ ပုံစံပြောင်းထားတာ "
ဝမ်ပေါင်လဲ့မှာ နောက်သို့ ဆုတ်ခွာသွားနေရင်း အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အလား ပို၍ပင် ခံစားလာရပြီဖြစ်သည်။ သို့သော် သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသဖြင့် သူ၏ ပြိုင်ဘက် ပိတ်မိနေသည့်အချက်ကို အခွင့်ကောင်းယူကာ တတိယ၊ စတုတ္ထနှင့် ပဉ္စမမီးဖိုများထဲတွင် ရှိနေသည့် စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များအား အငမ်းမရ စုတ်ယူနေလိုက်တော့သည်။
" ငါ မြန်မြန်လုပ်မှဖြစ်မယ်။ ငါ့ရဲ့ ဓားအိမ်တစ်ခုလုံး အကြည်ရောင်ဖြစ်သွားအောင် ပြောင်းလဲပစ်မှဖြစ်မယ် "
ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်ထုတ်ကာ သူ၏ ဓားအိမ်လေး၏ စွမ်းအားများကို ထုတ်သုံးလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် ထိုမျှလောက်နှင့် လုံလောက်မှုမရှိမည်ကို စိုးသောကြောင့် သူ၏ ရင်ဘတ်ကိုပင် အားပါပါ ထုနှက်လိုက်သေးသည်။ ထိုအခါ ထစ်ချုန်းသံများထွက်ပေါ်လာပြီး ဓားအိမ်လေးမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရ၏။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အလင်းတန်းများ ထိုးထွက်လာပြီး နောက်ဆုံးတွင် ဓားအိမ်လေးမှာ သူ၏ရှေ့၌ ပေါ်ပေါက်လာတော့သည်။
ထို ဓားအိမ်လေး ပေါ်ပေါက်လာသည်နှင့် မီးဖိုများထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များမှာ ပရမ်းပတာဖြစ်သွားကြ၏။ ယခုတွင် ၎င်း၏ ရှေ့၌ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ် တားဆီးပိတ်ဆို့နေခြင်း မရှိတော့သဖြင့် ထိုဓားအိမ်လေးမှာ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များအား ယခင်တုန်းကထက်ပင် ပို၍ လျင်မြန်စွာ စုပ်ယူနေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှာ သူ့ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်လာကြတော့သည်။
တစ်ချိန်တည်းမှာပင် အစိမ်းရောင်အမျှင်အတန်းများမှာလည်း ထိုနေရာတစ်ဝိုက်တွင် ကြောက်ခမန်းလိလိ အမြန်နှုန်းမျိုးဖြင့် စုဝေးလာနေကြပြီဖြစ်သည်။
သုံးသောင်း၊ ရှစ်သောင်း၊ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း...
အချိန်အနည်းငယ်အတွင်းတွင် ၎င်းတို့မှာ မျက်စိတစ်ဆုံး ပြည့်နှက်သွားကြ၏။