အဆုံးမရှိသော စုပ်ယူခြင်းများ
Vol. 83 Ch. 1152
ထိုအချိန်တွင် မီးဖိုသုံးလုံးထဲမှ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီး အလယ်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေကြပြီ ဖြစ်သည်။ ပို၍ တိတိကျကျဆိုရလျှင် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာသော ဓားအိမ်ဆီသို့ ဦးတည်သွားနေကြခြင်းဖြစ်သည်။
ထို ဓားအိမ်၏ ခြောက်ဆယ်ရာခိုင်နှုန်းနီးပါးမှာ အကြည်ရောင် ပြောင်းသွားပြီဖြစ်သည်။ ၎င်းထဲ၌ ရှိနေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်တစ်မျိုးမှာလည်း တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာနေ၏။ အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများအားလုံးနှင့် ကလေးမလေး ပေါင်းစည်းသွားခဲ့ရာမှ ပေါ်ပေါက်လာသည့် သတ္တဝါကြီးမှာမူ သစ်ရွက်အချုပ်အနှောင်ထဲမှ လွတ်မြောက်နိုင်ရန် အစွမ်းကုန်ထုတ်ကာ ရုန်းကန်နေသည်။
ထို့ကြောင့် တအုန်းအုန်းမြည်သံများမှာ အဆက်မပြတ် ထွက်ပေါ်လာကြ၏။ ဘေးပတ်ပတ်လည်ရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များမှာ စုပ်ယူခံနေရသဖြင့် အစိမ်းရောင်အမျှင်အတန်းများမှာလည်း ဆက်တိုက်ဆိုသလို စုဝေးလာနေကြသည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့၏ အရေအတွက်မှာ အခုရေ လေးသိန်းကျော်အထိ ဖြစ်သွား၏။
ထိုကဲ့သို့ အစိမ်းရောင်အမျှင်အတန်း အမြောက်အမြား စုဝေးနေကြသဖြင့် အာကာသကောင်းကင်ကြီးထဲရှိ ဟင်းလင်းပြင်ကြီးမှာ တဖြည်းဖြည်းနှင့် အစိမ်းရောင်သန်းလာ၏။ ထို့ကြောင့် သစ်ရွက်အချုပ်အနှောင်ထဲတွင် ပိတ်မိနေသည့် ကလေးမလေးမှာ ပို၍ပင် စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူမသည် အသံကုန်အော်ဟစ်ကာ ရုန်းကန်နေသောကြောင့် သစ်ရွက်အချုပ်အနှောင်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာ၏။ သို့ဖြစ်ရာ သူမအား အကြာကြီး ချုပ်နှောင်ထားနိုင်မည် မဟုတ်ကြောင်းသိနိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ အကယ်၍ ထို သစ်ရွက်အချုပ်အနှောင် ပျက်စီးမသွားခင် သူ၏ ဓားအိမ်လေးတစ်ခုလုံး အကြည်ရောင်ဖြစ်မနေပါက သူ အပြည့်အဝ ယုံကြည်နိုင်မည့် တိုက်ကွက်တစ်ခုအား ထုတ်လွှတ်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေမည်ဖြစ်ကြောင်း သူက နားလည်ထားသည်။ ထိုသို့သာဆိုလျှင် သူသည် ဤတိုက်ပွဲကြီးအား အချိန်ဆွဲထားနိုင်မည့် အခြားနည်းလမ်းများကို ရှာဖွေရတော့မည် ဖြစ်သည်။
သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း ဤ ထူးဆန်းသော နေရာကြီးထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ့အား ကယ်တင်ပေးမည့်အချိန်အထိ အချိန်ဆွဲထားရမည် ဖြစ်သည်။
" အထူးအခွင့်အရေးတွေ ရှိနေတာမှန်ပေမယ့် အလုပ်တော်တော် ရှုပ်တာပဲ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ကျိတ်၍ သက်ပြင်းချမိလိုက်၏။ သို့သော် သူသည် ညည်းညူနေရန် အချိန်မရှိကြောင်း နားလည်ထားသဖြင့် မန္တန်လက်ကွက်တစ်ခု အလျင်အမြန်ဖော်လိုက်ပြီး သူ၏ ရှေ့တွင် ရှိနေသည့် ဓားအိမ်ပေါ်၌ မြန်နှုန်းမြင့် အမှတ်အသားများကို ဖန်တီးလိုက်တော့သည်။
ထိုအခါ ထို ဓားအိမ်ထဲမှ ထွက်ပေါ်လာနေသည့် တဝီဝီမြည်သံများမှာ ပို၍ကျယ်လောင်လာပြီး ၎င်း၏ စုပ်ယူအားမှာလည်း အမြင့်ဆုံးအထိ ထိုးတက်သွား၏။ ထို့ကြောင့် ဘေးပတ်ပတ်လည်တွင် တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်သွားပြီး မီးဖိုများထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များမှာလည်း သိသိသာသာ လျော့နည်းသွားကြတော့သည်။
ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ တတိယမီးဖိုထဲမှ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များ အားလုံးကို စုပ်ယူပြီးသွားပြီ ဖြစ်သည်။ ထိုအခါ ဓားအိမ်လေးမှာ တအုန်းအုန်းမြည်သံများနှင့်အတူ အားကောင်းသော စုပ်ယူအားတစ်မျိုးကို ထုတ်လွှတ်ပေးလိုက်သဖြင့် အစိမ်းရောင်အမျှင်အတန်း အမြောက်အမြားမှာ ဟင်းလင်းပြင်ကြီး၌ တရွှီးရွှီးမြည်အောင် ဖြတ်သန်းလာကြပြီး ဓားအိမ်လေးဆီသို့ ဦးတည်လာကြတော့သည်။
ထို ဓားအိမ်လေးမှာ ၎င်းတို့အား စုပ်ယူလိုက်ပြီးနောက် စွမ်းအင်တစ်မျိုးကို ပြန်လည်ထုတ်လွှတ်ပေးလိုက်၏။ ၎င်းမှာ ခရမ်းရောင် အခိုးအငွေ့တစ်မျိုးဖြစ်ကာ ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ဒွာရခုနစ်ပေါက်နှင့် ချွေးပေါက်များထဲသို့ တိုးဝင်သွားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားရပြီး ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေပြီဖြစ်သည့် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများမှာလည်း ဆက်လက် တိုးတက်သွားတော့သည်။
ထာဝရကြယ်ထိပ်ဆုံးအဆင့်ဆိုသည့် အဆင့်ထဲတွင် ' ထိပ်ဆုံး ' ဆိုသည့် စကားလုံး နေပါသော်လည်း လက်တွေ့တွင်မူ ထိုအဆင့်အား အဆင့်တစ်ရာအထိ ခွဲထား၏။ ထိုအဆင့်သို့ ရောက်လျှင် အဆင့်တိုးတက်လာအောင် လုပ်ရသည်မှာ ခက်ခဲလွန်းလှသောကြောင့် ပထမအဆင့်သို့ ရောက်သည်နှင့် ထိပ်ဆုံးအဆင့်ဟု သတ်မှတ်နိုင်ပေသည်။ ထို့အပြင် ထိုအဆင့်သို့ ရောက်သွားပါက ပထမဆုံးအဆင့်တွင် ရှိနေသည်ဖြစ်စေ၊ အဆင့်တစ်ရာတွင် ရှိနေသည်ဖြစ်စေ အချိန်အရွေး လက်လျှော့ကာ ကြယ်နယ်မြေအဆင့်သို့ ချက်ချင်း ဖောက်ထွက်နိုင်ပေသည်။
သို့သော် ပုံမှန်အတိုင်းဆိုလျှင် ကျင့်ကြံသူများမှာ ဆယ်ဆင့်ဝန်းကျင်ခန့် တက်လှမ်းနိုင်အောင် ကြိုးစားကြသည်သာ ဖြစ်သည်။ သို့မှသာ ကြယ်နယ်မြေအဆင့်သို့ ဖောက်ထွက်ပြီးသွားလျှင် မိမိ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာလည်း တိုးတက်လာမည် ဖြစ်သည်။ ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေစဉ် အဆင့်ပို၍ တက်လှမ်းနိုင်လေလေ ကြယ်နယ်မြေအဆင့်သို့ ဖောက်ထွက်ပြီးသွားလျှင် မိမိ၏ တိုက်ရည်ခိုက်ရည်စွမ်းအားမှာ ပို၍ မြင့်မားလာလေလေ ဖြစ်နေမည်ဖြစ်သည်။
သို့သော် ထိုသို့ တက်လှမ်းရသည်မှာ အလွန်ခက်ခဲသောကြောင့် အများစုမှာ နောက်ဆုံးအဆင့်အထိ မရောက်ကြပေ။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ မိုးကောင်းကင်တာအို၏ အာဟာရဓာတ်များကို ရရှိနေသည် မဟုတ်ပါလော။ ၎င်းအား တစ်သက်လျှင် တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ပထမဆုံးအဆင့်မှ ဒဿမအဆင့်သို့ ရောက်ရှိသွားတော့သည်။ ထို့အပြင် သူသည် ဆက်၍ တက်လှမ်းနေဆဲပင်။
သူ၏ အပြင်ခန္ဓာကိုယ်မှာ သူ၏ ပတ်ပတ်လည်ရှိ အာကာသကောင်းကင်ကြီးအား ဖိနှိပ်ချုပ်တည်းနိုင်သည့်ပုံ ပေါ်သော အားကောင်းသည့် ဖိအားတစ်မျိုးကို ထုတ်လွှတ်နေသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ထဲမှလည်း နှလုံးသားများကိုပင် တုန်ရီသွားစေနိုင်သည့် စွမ်းအင်လှိုင်းတစ်မျိုး ပျံ့နှံ့ထွက်ပေါ်လာနေသေးသည်။
အစိမ်းရောင်အမျှင်အတန်း အမြောက်အမြားမှာလည်း အဆက်မပြတ် စီးဆင်းဝင်ရောက်လာနေကြသောကြောင့် တအုန်းအုန်းမြည်သံများမှာ ရပ်တန့်သွားခြင်းမရှိပေ။ ၎င်းတို့မှာ တစ်ဖက်တွင် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်အား အားဖြည့်ပေးနိုင်သည့် အခွင့်အရေးတစ်ခု ပေးစွမ်းနေသလို အခြားတစ်ဖက်တွင်လည်း သူ၏ ဓားအိမ်လေးအား အခြားမီးဖိုများထဲမှ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များအား စုပ်ယူနိုင်အောင် ကူညီပေးနေသည်။
ထို့ကြောင့် အသက်ရှုကြိမ်ဆယ်ကြိမ်ခန့် ကုန်ဆုံးသွားချိန်တွင် စတုတ္ထမီးဖိုထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များ အားလုံးမှာလည်း စုပ်ယူခံလိုက်ရပြီဖြစ်သည်။ ၎င်းတို့ စုပ်ယူခံလိုက်ရပြီးနောက် ပေါ်ပေါက်လာသည့် ဆွဲငင်အားများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် အစိမ်းရောင်အမျှင်အတန်း အသစ်များမှာ အလျင်အမြန် စုဝေးရောက်ရှိလာကြပြန်သည်။
၎င်းတို့မှာ ပို၍ပင် မြန်ဆန်လာသလို ၎င်းတို့၏ အရေအတွက်မှာလည်း ပို၍ များပြားလာ၏။
ထိုဖြစ်စဉ်ကြီးမှာ သံသရာလည်နေသောကြောင့် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် ပို၍ အစွမ်းထက်လာတော့သည်။ နောက်ဆုံးတွင် သစ်ရွက်အချုပ်အနှောင်ပေါ်၌ အက်ကွဲကြောင်းများ ပို၍ပင် ပေါ်ပေါက်လာ၏။ ထို အချုပ်အနှောင်ကြီးထဲ၌ သတ္တဝါကြီးတစ်ကောင်အဖြစ် ရှိနေသည့် ကလေးမလေးမှာလည်း စိုးရိမ်စိတ်များ ငယ်ထိပ်ရောက်နေပြီ ဖြစ်သည်။
သူမသည် အချိန်များကုန်ဆုံးသွားသည်နှင့် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ ပို၍ အစွမ်းထက်လာသည်ကို သတိထားမိနေသလို သူ၏ ရှေ့တွင် တဖြည်းဖြည်းနှင့် အကြည်ရောင် ပြောင်းသွားနေသည့် ဓားအိမ်လေးမှာလည်း သူမအား အန္တရာယ်ပြုတော့မည့်အလား ခံစားနေရ၏။ ထိုခံစားချက်ကြီးမှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာသည်သာ ဖြစ်သည်။
အချိန်တိုလေးအတွင်းတွင် သူသည် သူမအား ထိတ်လန့်ကြောက်ရွံ့သွားအောင် လုပ်နိုင်သည့် အဆင့်အထိ ရောက်ရှိသွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့် လုံလောက်မှုမရှိသေးကြောင်း ခံစားနေရဆဲပင်။ ထို့ကြောင့် ကလေးမလေး၏ နှလုံးသားမှာ တဆတ်ဆတ် တုန်ရီနေပြီဖြစ်သည့်တိုင်အောင် သူသည် စွမ်းအားများကို သွေးရူးသွေးတန်း စုပ်ယူနေဆဲပင်။ သူသည် အစွမ်းကုန်ထုတ်ကာ ကြိုးစား ရုန်းကန်နေသဖြင့် မျက်ဝန်းများပင် နီမြန်းလာရပြီဖြစ်သည်။
" ဒီလောက်နဲ့ မရသေးဘူး " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရွေရွတ်လိုက်၏။ ခဏအကြာတွင် ပဉ္စမမီးဖိုထဲမှ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များမှာလည်း ကုန်သွားပြန်သည်။ ထို့နောက် ဆွဲငင်အားများ ပေါက်ကွဲထွက်ပေါ်လာသဖြင့် အစိမ်းရောင်အမျှင်အတန်း အခုရေ တစ်သန်းကျော်မှာ ထိုနေရာတစ်ဝိုက် စုဝေးလာကြတော့သည်။ ၎င်းတို့မှာ ထိုသို့ စုဝေးလာကြပြီးနောက် ဓားအိမ်လေးထဲသို့ အဆက်မပြတ် စီးဝင်သွားနေကြ၏။
ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးမှာ ခြောက်ဆယ်ရာခိုင်နှုန်းခန့် အကြည်ရောင် ဖြစ်နေရာမှ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ အကြည်ရောင် ဖြစ်သွားပြီ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ ဆက်လက် ပြောင်းလဲနေဆဲဖြစ်သဖြင့် ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်သွားတော့မည် ဖြစ်သည်။ ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် အားဖြည့်ခံနေရသဖြင့် ထိပ်ဆုံးအဆင့်ထဲရှိ အဆင့်သုံးဆယ်ကျော်အထိ တက်လှမ်းပြီးသွားပြီ ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်အပိုင်းတွင် ထိုအဆင့်အထိ တက်လှမ်းနိုင်သည့် ကျင့်ကြံသူ အရေအတွက်မှာ များများစားစား မရှိပေ။ သို့ဖြစ်ရာ အပြင်ခန္ဓာကိုယ်အပိုင်းတွင်ဆိုလျှင် ပို၍ပင် ရှားပေသည်။ အပြင်ခန္ဓာကိုယ်အား လေ့ကျင့်ရသည်မှာ ကျင့်ကြံခြင်း လေ့ကျင့်ရသည်ထက် ပို၍ နှေးကွေးသလို ပို၍ ခက်ခဲသည် မဟုတ်ပါလော။
သို့သော် ဝမ်ပေါင်လဲ့မှာ အစွမ်းကုန် ကြိုးစားအားထုတ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ ယခုတွင် သူ၏ မျက်ဝန်းများမှာ ရဲရဲနီနေပြီဖြစ်သည်။ သူသည် သူ၏ ဓားအိမ်လေး၏ စွမ်းအားများမှ လုံလောက်မှုမရှိသေးဟု ခံစားနေရပါသော်လည်း သစ်ရွက်အချုပ်အနှောင်ထဲ၌ သတ္တဝါကြီးတစ်ကောင်အဖြစ် ရှိနေသည့် ကလေးမလေးမှာမူ မျက်လုံးများ ပြူးကျယ်လာပြီဖြစ်သည်။ ထို့အပြင် သူမ၏ ရုန်းကန်မှုများကြောင့် ထွက်ပေါ်လာနေသည့် အသံများမှာလည်း တဖြည်းဖြည်းနှင့် လျော့နည်းလာ၏။
သို့ဖြစ်ရာ သူမသည် သစ်ရွက်အချုပ်အနှောင်များအား သူမအတွက် အကာအကွယ်တစ်မျိုးအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရကြောင်း နားလည်သွားသည့်ပုံပင်။
သို့သော် ကလေးမလေး သူမ၏ နှလုံးသားထဲ၌ အသက်အန္တရာယ်ကြီးအား ခံစားလိုက်ရချိန်တွင် မီးဖိုငါးလုံးထဲမှ လေးလုံးမှာ ပြောင်သလင်းခါနေပြီ ဖြစ်သည်။ ၎င်းတို့မှာ ဆွဲငင်အားများအဖြစ် ပြောင်းလဲသွားသောကြောင့် အသက်ရှူကြိမ် တစ်ကြိမ်ကုန်ဆုံးသွားတိုင်း အစိမ်းရောင်အမျှင်အတန်း အသစ်များမှာ ထိုနေရာတစ်ဝိုက်တွင် အခုရေ သောင်းနှင့်ချီ၍ စုဝေးလာနေကြ၏။ ထို့ကြောင့် ဓားအိမ်လေး၏ စုပ်ယူအားမှာလည်း အလိုအလျောက် တိုးတက်လာပြီး ကျန်ရှိနေသေးသည့် မီးဖိုများအား စုပ်ယူနေတော့သည်။ ထို့ကြောင့် မီးဖိုများထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များအားလုံးမှာ ချက်ချင်း စုပ်ယူခံလိုက်ရ၏။
မျက်စိတစ်မှိတ်အတွင်းတွင် မီးဖိုခြောက်လုံးမှာ အာကာသတွင်းနက်ကြီးများနှင့် ဆင်တူသည့် အရာများအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။ ၎င်းတို့ ထုတ်လွှတ်နေသည့် ဆွဲငင်အားများကြောင့် ထိုနေရာတစ်ဝိုက်ရှိ အစိမ်းရောင်အမျှင်အတန်းများမှာလည်း စုပ်ယူခံနေရသဖြင့် ၎င်းတို့၏ အရေအတွက်မှာ အလျင်အမြန် လျော့နည်းသွားနေကြသည်။
တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း၊ ခြောက်သိန်း....
ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးမှာ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် အကြည်ရောင်ဖြစ်နေရာမှ ရှစ်ဆယ်ရာခိုင်နှုန်း၊ ထို့နောက် ကိုးဆယ်ရာခိုင်နှုန်းအထိ အကြည်ရောင်ပြောင်းသွားပြီဖြစ်သည်...
သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း အဆင့်သုံးဆယ်မှ အဆင့်ခုနစ်ဆယ်အထိ ချက်ချင်း တိုးတက်သွား၏။ ထိုကဲ့သို့သော အပြင်ခန္ဓာကိုယ်စွမ်းအားမှာ အလွန်အင်မတန်မှ ကြောက်စရာကောင်းနေပြီ ဖြစ်သည်။ အစောပိုင်း ကြယ်နယ်မြေအဆင့်တွင် ရှိနေသည့် အချို့သော အစွမ်းထက်ပုဂ္ဂိုလ်ကြီးများပင်လျှင် သူ့အား ချေမှုန်းနိုင်တော့မည်မဟုတ်ပေ။
သို့ဖြစ်ရာ သူ၏ အပြင်ခန္ဓာကိုယ်အား နတ်ဘုရားလက်နက်တစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရနေပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကလေးမလေးမှာလည်း ရုန်းကန်နေရန် ဆန္ဒမရှိတော့ပေ။ ထို့အပြင် သူမသည် အသက်ရှူသံများ မြန်ဆန်လာပြီး အချုပ်အနှောင်များ တစ်ခုပြီးတစ်ခု ဖန်တီးနေသေးသည် သူမသည် သူမကိုယ်သူမ ကာကွယ်နိုင်ရန် ပြင်ဆင်နေခြင်းဖြစ်၏။
တစ်ချိန်ထဲမှာပင် အဆုံးမဲ့မိုးကောင်းကင်တာအို၏ အစိမ်းရောင်အမျှင်အတန်းများမှာ ဝမ်ပေါင်လဲ့ဆိုသည့် အဆုံးမရှိသော ချောက်နက်ကြီးထဲသို့ တစ်ချိန်လုံး စုပ်ယူခံနေခဲ့ရသည် မဟုတ်ပါလော။ သူ အစိမ်းရောင်အမျှင်အတန်း အခုရေ တစ်သန်းနီးပါး စုပ်ယူပြီးသွားချိန်တွင် မီးခိုးရောင်အာကာသကောင်းကင်ကြီး တစ်ခုလုံးထဲရှိ အဆုံးမဲ့မိုးကောင်းကင်တာအို အငွေ့အသက်များမှာ တစ်ဝက်ကျော်အထိ လျော့နည်းသွားပြီ ဖြစ်သည်။
ထိုပမာဏမှာ အဆုံးမဲ့မျိုးနွယ်စုအတွက် ပေါ့သေးသေး မဟုတ်ပေ။ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အထက်၌ ရစ်ဝဲနေကြသည့် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးများမှာလည်း ဆက်လက် ပုန်းကွယ်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားကြပြီး သူတို့မှာ အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများ၏ ရှေ့တွင် ပေါ်ပေါက်လာရတော့သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ... စစ်သင်္ဘောကြီး အချို့မှာဆိုလျှင် အခြားသူများအားလုံး၏ ရှေ့၌ အလိုအလျောက် ပေါက်ကွဲသွားကြပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြ၏။ အပြင်ဘက်တွင် ရှိနေကြသည့် ကျင့်ကြံသူများမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသည်နှင့် ဆွံ့အမှင်တက်သွားကြသည်။
ထိုပေါက်ကွဲမှုများမှာ ရပ်တန့်သွားခြင်းမရှိပေ။ မျက်စိတစ်မှိတ်အတွင်းတွင် အဆုံးမဲ့စစ်သင်္ဘောကြီးများမှာ တစ်စင်းပြီးတစ်စင်း ဆက်တိုက်ဆိုသလို ပေါက်ကွဲသွားကြသည်သာ ဖြစ်သည်။
ထို့သို့ဖြင့် အသက်ရှူကြိမ်ဆယ်ကြိမ်ခန့် ကုန်ဆုံးသွားပြီး နတ်ဧကရာဇ်ရွှမ်ဟွား၏ မျက်နှာအမူအရာများ အဆက်မပြတ် ပြောင်းလဲသွားနေစဉ်မှာပင် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘော အစင်းရေသုံးသောင်းကျော်မှာ အုန်းခနဲမြည်အောင် ပေါက်ကွဲပျက်စီးသွားကြတော့သည်။
ထိုအခါ အပြင်ဘက်တွင်ရှိနေကြသည့် လူတိုင်းမှာ တစ်ခဏမျှ ကြက်သေသေသွားကြပြီးနောက် ဆူညံပွက်လောရိုက်သွားတော့သည်။
" ဘာတွေဖြစ်နေတာလဲ "
" ဘာတွေလဲဟ "
" လခြမ်းဧကရာဇ်ကြီး သေသွားတာလား "
" ချန်ရှင်း ထွက်လာတော့မှာ " ထို ဆူညံသံများ၏ ကြားတွင် နတ်ဧကရာဇ်ရွှမ်ဟွားမှာ မျက်စိမျက်နှာ ပျက်သွား၏။ သူသည် လခြမ်းဧကရာဇ်ကြီး၏ သေဆုံးမှုကို အာရုံမခံမိပါသော်လည်း ချန်ရှင်းမှာ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ တစ်ခုခုလုပ်ခဲ့ပြီးနောက် အပြင်ဘက်သို့ ထွက်လာရန် ပြင်နေခြင်းဖြစ်မည်ဟု ယုံကြည်နေသည်။
ထို့ကြောင့် သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီး စကားပြောရန် ပြင်လိုက်၏...
သို့သော် ထိုအချိန်တွင် ကျန်ရှိနေသေးသည့် အဆုံးမဲ့မျိုးနွယ်စုစစ်သင်္ဘော အစင်းရေ ခုနစ်သောင်း၊ ရှစ်သောင်းဝန်းကျင်ခန့်မှာ တစ်ပြိုင်နက်တည်း တုန်ရီသွားကြပြီး ၎င်းတို့၏ ကိုယ်ထည်များပေါ်၌ အက်ကွဲကြောင်းများ ချက်ချင်း ပေါ်ပေါက်လာတော့သည်။
ထို့နောက် ယခင်အကြိမ်များတုန်းကထက် အဆပေါင်းများစွာပို၍ အားကောင်းသည့် ဆွဲငင်အားတစ်မျိုးမှာ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ပေါက်ကွဲထွက်ပေါ်လာပြီး ပြင်ပကမ္ဘာထဲသို့ ပျံ့နှံ့လာ၏။ ၎င်းမှာ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးများထဲရှိ မိုးကောင်းကင်တာအို အငွေ့အသက်များကို အတင်းအဓမ္မ စုပ်ယူနေခြင်း ဖြစ်သည်။