← Chapters

ပိုင်လင်၏ တိုက်ခိုက်မှု

Vol. 7 Ch. 92

ပိုင်လင်၏ တိုက်ခိုက်မှု

Vol. 7 Ch. 92

 ပိုင်လင်သည် အစုလိုက် အပြုံလိုက် ပျံသန်းလာသော သားရဲများကို လှမ်းကြည့်လိုက်၏။ ၎င်းတို့ကား အ‌ရေအတွက်အားဖြင့် ဒါဇင် ဂဏန်းခန့် ရှိကာ ဝင်္ကပါ ပုံစံ ပျံသန်းလာကြခြင်း ဖြစ်သည်။ စီးနင်းလိုက်ပါလာသည့် တိုက်ခိုက်ရေး သမားများသည် လေးနက်သော အမူအရာများ ရှိကြကာ ချီလက်နက် အမျိုးမျိုးကို ကိုင်ဆောင်ထားကြ၏။ သူတို့ကား ဤကဲ့သို့ အခြေအနေမျိုးကို တုန့်ပြန်ရန် အတွက် နှစ်နှင့်ချီ၍ လေ့ကျင့်ထားကြပုံ ပေါ်သည်။

စုမေ့သည် ပိုင်လင်၏ ကိုယ်တွင်း လောင်ကျွမ်းနေသည့် ရွှေရောင် စွမ်းအားများမှာ ပိုမို အရှိန်မြင့်တက် လာနေကြောင်း ခံစားမိ၏။ ပိုင်လင်မှာ သူမ စကားကို နားမထောင်တော့ကြောင်း သဘောပေါက်သွားသည်။ သူမ ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းကိုသာ ခါလိုက်မိတော့၏။

ထိုသားရဲကား သူမထက် အဆများစွာ ပို၍ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည့် အပြင် ဝေ့ဝူယင်၏ မောက်မာမှုများကိုပါ အမွေဆက်ခံထားဟန် ရသည်။

ဝှစ်...

ပိုင်လင်၏ မျက်လုံးများမှ ရွှေရောင် အလင်းတန်းများ ဖြာခွဲ၍ ထွက်ပေါ်လာ၏။ တိုက်ခိုက်ရေးသမားများမှာ သူတို့ စီးနင်း ပျံသန်းလာသည့် သားရဲများကို ရှောင်တိမ်းရန် အမိန့်ပေးလိုက်သည်။ သို့‌သော်လည်း... ရွှေရောင် အလင်းတန်းများမှာ  ကောင်းကင်တစ်ခုလုံးကို ခြုံလွှာတစ်ခု သဖွယ် ဖြန့်ကျက်ထား၏။

ထိုတိုက်ခိုက်ရေးသမားများနှင့် သူတို့၏ သားရဲများကား ချီပျစ်ခဲခြင်း အဆင့်သုံး ကျင့်ကြံသူများကိုပင် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်သူများ ဖြစ်သည်။ သေမျိုး နတ်ဘုရားများ ပင်လျှင် ထိုအုံလိုက်ကျင်းလိုက်နှင့် တွေ့ဆုံပါက တိုက်ခိုက်ရန် ရှောင်တိမ်းပေလိမ့်မည်။

သို့သော်လည်း ရွှေရောင် အလင်းတန်းများ၏ အရှေ့တွင်မူ သူတို့မှာ ခွန်အားမဲ့ကာ နိမ့်ကျလွန်းလှ၏။ ထိပ်တိုက် တွေ့ဆုံပြီး ချက်ချင်းပင် တိုက်ခိုက်ရေး သမားများနှင့် သားရဲများမှာ ရွှေရောင် မီးတောက်များ၏ စွဲလောင်ခြင်းကို ခံလိုက်ကြရသည်။ မီးတောက်မှာ ခဏအတွင်း ပိုမို ကြီးမားလာကာ သူတို့၏ တစ်ကိုယ်လုံးကို တမုဟုတ်ချင်း ဝါးမျိုသွား၏။

“ ... “

အောက်မှ ကြည့်နေသူများ၏ မျက်လုံးများမှာ အဆုံးမဲ့ ထိတ်လန့်မှုများနှင့် ပြည့်နှက်သွားသည်။ မကြာခင်မှာပင် ကောင်းကင်ရှိ သူတို့ ဘက်တော်သားများမှာ ရွှေရောင် မီးတောက်များ၏ လောင်ကျွမ်းမှုတွင် အလုံးစုံ ပြာကျကာ လေနှင့် အတူ လွင့်စဥ်သွားခဲ့ရပြီ ဖြစ်လေသည်။ အရိုးစ တစ်ခုပင်လျှင် မကျန်ရစ်တော့ချေ။

မင်လီမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။ ကြောက်မက်ဖွယ် ကောင်းသော ထိုတိုက်ခိုက်ရေး သမားများနှင့် သားရဲများမှာ ဤသို့ သဲလွန်စ တစ်ခုပင် မကျန်သည် အထိ ပျောက်ကွယ်သွားရသည်လား။ သူမ ထိုကဲ့သို့ အံ့သြနေစဥ်မှာပင် သူမ၏ လက်ရှိ လက်ကောက်လေးမှာ မြူမှုန် အသွင် ပြောင်းလဲကာ အောက်သို့ ဆင်းသက်သွားတော့၏။ ထိုအချင်းအရာကို မည်သူမျှပင် သတိမထားမိလိုက်ကြချေ။

စုမေ့မှာမူ ကူရာမဲ့ မျက်နှာထားဖြင့် ဆိတ်ငြိမ်စွာ တည်ရှိနေ၏။ ကျင့်ကြံခြင်း လောကကား ရက်စက် ကြမ်းတမ်းလှသည်။ တစ်ခါတစ်ရံ၌ ကိုယ့်တွင် အပြစ် မရှိသည့်တိုင် အခြားလူများအတွက် သေဆုံးပေးရသည်။ သူမ ဤနေရာသို့ လာရောက်ရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူကယ်ရန် ဖြစ်ပေသည်။ ထို့ကြောင့်ပင် နောက်ထပ် သေဆုံးမှုများ မဖြစ်စေအောင် အတတ်နိုင်ဆုံး ကြိုးစားရန် သူမ ဆုံးဖြတ်လိုက်သည်။

စုမေ့က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ ထို့နောက်တွင် အသံကို ပိုမို ကျယ်လောင်စေရန် အတွက် ချီစွမ်းအင်နှင့် ပေါင်းစပ်လိုက်၏။

“နတ်ဘုရားချိုက်... ဧည့်သည်ကို ထွက်မတွေ့တော့ဘူးလား”

...

မဟာ နန်းတော်အတွင်း၌ ချိုက်ထူသည် ပလ္လင်ထက်တွင် ထိုင်ရင်း ဝိညာဥ် စွမ်းအင်ကို ဖြန့်ကျက်ကာ အားလုံးကို စောင့်ကြည့်နေခဲ့သည်။ သူ၏ အမူအရာက အနည်းငယ် နက်မှောင်နေ၏။ ထိုငှက်ကား အတော်လေး အစွမ်းထက်လှသည်။ ရွှေရောင် အလင်းတန်းများမှာ သူ့ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။ ချီအစီအရင် အားကိုးဖြင့်ပင် ထိုငှက်ကို ယှဥ်နိုင်ရန် သူ့တွင် ယုံကြည်ချက် မရှိချေ.

သူ ဘာလုပ်မလဲ တွေးနေစဥ်မှာပင် စုမေ့၏ အသံက ပဲ့တင်ထပ်ကာ ပျံ့နှံ့လာ၏။ သူ မျက်မှောင်ကြုတ် နေခဲ့မိသည်။ မည်သူက ထိုမျှ အစွမ်းထက်သည့် သားရဲကို ပိုင်ဆိုင်ထားသနည်း။ မည်မျှပင် ကြမ်းတမ်း မောက်မာသည် ဆိုစေကာမူ အဆင့်မြင့် သားရဲထိန်းချုပ်သူများနှင့် အဂ္ဂိရတ် ပညာရှင်များကို ဆန့်ကျင်ရန် ချိုက်ထူတွင် ဆန္ဒ မရှိချေ။

“အဖေ... အဖေ...”

ချိုက်လင်မှာ သက်တော်စောင့်များနှင့် အတူ အပြေး ရောက်ရှိလာ၏။ သူ၏ အမူအရာက စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ ထိုငှက်သားရဲကြီးကား ဝေဟင် ဝင်္ကပါ တိုက်ခိုက်ရေးသမားများအား ပြချ ပစ်လိုက်နိုင်သည်။ ၎င်းနှင့် ရင်ဆိုင်ရန် လွယ်ကူမည့်ပုံ မရချေ။

သားငယ်ရောက်ရှိလာသည်ကို သိလျှင်သိချင်းပင် ချိုက်ထူသည် ကြောက်ရွံ့နေသည့် အမူအရာများကို သိမ်းဆည်း လိုက်သည်။ သူ၏ မျက်နှာ၌ အခြေအနေကို ကောင်းစွာ ထိန်းသိမ်းကိုင်တွယ်နိုင်သည့် တည်ငြိမ်မှုများက အစားထိုး နေရာယူလာ၏။

“ဒါက နားလည်မှု လွဲတာ နေမှာပါ... အဖေသွားပြီး ဖြေရှင်းလိုက်မယ်”

ချိုက်ထူက ပြောရင်း ပလ္လင်ပေါ်မှ ထကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက်တွင် သူ လက်နှစ်ဖက်ကို နောက်ပစ်ကာ နန်းတော် အပြင်သို့ လမ်းလျှောက်ရင်း ထွက်လာခဲ့တော့သည်။ သူ၏ နောက်ကျောမှာ သားဖြစ်သူ အတွက် လုံခြုံမှုနှင့် နွေးထွေးမှုတို့ကို ပေးစွမ်းနိုင်ပေရမည်။

...

ပိုင်လင်၏ သွေးများမှာ ဆူပွက်နေ၏။ သူသည် နောက်ထပ် တိုက်ခိုက်ချင်နေတုန်း ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် ရောက်လာသမျှ လူတိုင်းမှာ သူ၏ မီးတောက်ကို တစ်စက္ကန့်ပင် မခုခံနိုင်ခဲ့ချေ။ သူနှင့် ယှဥ်ကာ တိုက်ခိုက်နိုင်မည့် သေမျိုး နတ်ဘုရား အဆင့် သို့မဟုတ် နတ်ဘုရား အရှင်အဆင့် တစ်ယောက်ယောက်လောက် ရောက်ရှိလာစေရန် ပိုင်လင် ‌ဆုတောင်း နေမိသည်။

မကြာခင်မှာပင်... သူမနှင့် အရွယ်အစားချင်း ယှဥ်နိုင်သည့် သိမ်းငှက်ကြီး တစ်ကောင် သူတို့ ထံသို့ ပျံသန်းလာသည်။ ထိုသိမ်းငှက်ကြီး၏ ကျောထက်တွင်မူ ယောက်ျားကြီး တစ်ဦး လိုက်ပါလာ၏။ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါများ အရ ထိုလူကြီးမှာ သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်ကြောင်း ဖော်ပြနေ၏။

ရေတံခွန်လူရိုင်း နတ်ဘုရားချိုက်ကား ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

စုမေ့နှင့် မင်လီတို့မှာ ချိုက်ထူထံမှ မမြင်ရသော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ ပိုင်လင် နံဘေးတွင် ရှိသည့်တိုင် မိုးနှင့်မြေကဲ့သို့ ကွာခြားသော ကျင့်ကြံခြင်း အဆင့်က သူတို့ကို သိမ်ငယ်စေသည်။

“ဟမ်...”

ရောက်သူလာသူနှစ်ဦးမှာ သူနှင့်ယှဥ်ပါက ကျင့်ကြံခြင်း အဆင့် များစွာ နိမ့်ကျသည့် မိန်းမငယ်လေး နှစ်ယောက် ဖြစ်ကြောင်း တွေ့ရှိလိုက်ရသော အခါ ချိုက်ထူက မျက်မှောင်ကြုတ်လိုက်၏။ အားလုံးထဲတွင် သားရဲသာလျှင် သူ့အား တုန်လှုပ်စေနိုင်စွမ်း ရှိသည်။ ကျန်နှစ်ယောက်ကိုမူ သူ ပြဿနာ တစ်ချက် မရှိပဲ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။

သူ မျက်မှောင်ကြုတ်လိုက်၏။

“ဘာကိစ္စတွေ့ချင်တာလဲ...”

သူ၏ လေသံက သေမျိုး နတ်ဘုရား တစ်ပါး၏ မောက်မာမှုနှင့် ဂုဏ်သိက္ခာတို့ကို အပြည့်အဝ သယ်ဆောင်ထားသည်။

မင်လီမှာ စုမေ့ အနားသို့ ပို၍ တိုးကပ်လိုက်မိ၏။ သူမ၏ နှလုံးသားက ကျိန်စာသင့်သည့်နှယ် ဖိအားတစ်ခု၏ အောက်သို့ ရောက်ရှိနေသည်။ ရေတံခွန်လူရိုင်း နတ်ဘုရားချိုက်ကား ရက်စက်ကြမ်းကြုတ်မှုဖြင့် နာမည် ကျော်ကြားသည့် သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်သည်။ “လူရိုင်း” ဆိုသော နာမည်ကို သူ ကိုယ်တိုင် ခံယူခဲ့ခြင်း မဟုတ်ပေ။ လူများက သူ့အား ပေးထားခြင်းသာ ဖြစ်၏။

စုမေ့မှာမူ မင်လီနှင့် ယှဥ်ပါက တည်ငြိမ်နေဆဲ ဖြစ်သည်။ ကျောက်စိမ်းကြာပန်းဂိုဏ်း၌ ပိုင်လင် သေမျိုး နတ်ဘုရား တစ်ပါးအား သတ်ဖြတ်ခဲ့သည်ကို သူမ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထို့အပြင် အန္တရာယ် မကင်းဟု ယူဆပါက အရှင်ဝေ့မှာ သူတို့ကို စေလွှတ်ခဲ့လိမ့်မည် မဟုတ်ချေ။

“ကျွန်မတို့ နတ်ဘုရားအရှင်ဝေ့ရဲ့ အမိန့်အရ ဒီကို လာခဲ့တာပဲ... ဒါက မင်လီတဲ့... ကျွန်မတို့ ခုလာတာ သူ့ညီမကို လာခေါ်တာ”

သူမက မဆိုင်းမတွပင် ဝေ့ဝူယင်၏ နာမည်ကို ထုတ်သုံးလိုက်၏။ သူမ၏ အသံက ကြောက်ရွံ့ဟန် မပြပဲ တည်ငြိမ်နေသည်။

နတ်ဘုရား အရှင်ဝေ့...

ချိုက်ထူက မသေချာ မရေရာမှုများဖြင့် မျက်မှောင်ကြုတ်လိုက်၏။ ဝူတိုင်းပြည်တွင် ဝေ့နှင့်စသော နတ်ဘုရား အရှင် ရှိသည်လော။ ထို့အပြင် ညီမ ဆိုသည်ကရော အဘယ်နည်း။

နေဦး... နတ်ဘုရားအရှင်ဝေ့...

ကျောက်စိမ်းကြာပန်းဂိုဏ်း လဲ့မျိုးနွယ်ကို အပြီးတိုင် ကောလဟာလ တစ်ခုအား သူ ပြန်လည် အမှတ်ရလိုက်သည်။ ပြောစကားများ အရဆိုလျှင် လဲ့မျိုးနွယ်နှင့် လဲ့မျိုးနွယ်ခေါင်းဆောင်တို့သည် ဘယ်က ရောက်လာမှန်း မသိသော လူတစ်ယောက်ကြောင့် ပြိုလဲသွားခဲ့ရသည်။ အကြောင်းပြချက်က မိန်းမ တစ်ယောက်ကြောင့် ဟု ဆို၏။

ကျောက်စိမ်းကြာပန်းနယ်မြေတွင် ထိုအဖြစ်ဆိုးနှင့် ပတ်သက်သည့် နာမည် အချို့ ပျံ့နှံ့နေပြီး ထိုအထဲမှ တစ်ခုမှာ နတ်ဘုရား အရှင်ဝေ့ ဖြစ်သည်။

ချိုက်ထူ၏ မျက်လုံးများမှာ ထိစပ်လု မတတ် ကျဥ်းမြောင်းသွားလေ၏။ ထိုအရာက သမိုင်းတစ်ကျော့ ပြန်လည် လာခြင်းလား။ ဤအတိုင်းဆိုလျှင် သူနှင့် ချိုက်ခြံဝင်းကား အန္တရာယ် ကျရောက်ပေတော့မည် ဖြစ်သည်။ နတ်ဘုရား အရှင်တစ်ပါးနှင့် ရင်ဆိုင်ရန် သူ့တွင် ယုံကြည်ချက် မရှိသလို မျှော်လင့်ချက်လည်း မရှိပါချေ။ သူကား သေမျိုး နတ်ဘုရားတစ်ပါးမျှသာ ဖြစ်ပေသည်။

မင်လီသည် ချိုက်ထူ၏ မျက်နှာ အမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေကြောင်း တွေ့မြင်နေရ၏။ စုမေ့မှာမူ ဂရုစိုက်ခြင်း မရှိချေ။ ဝိညာဥ် ဝင်္ကပါ၏ ဖိအားမှာ ယခုအချိန်ထိ သက်ရောက်နေဆဲ ဖြစ်ရာ သူတို့မှာ စိတ်စွမ်းအား များစွာသုံး၍ ခုခံနေရသည်။ ထိုအရာက မသက်မသာ ဖြစ်စေ၏။

“ရှင့်ရဲ့ ဝင်္ကပါကို ပြန်ရုတ်သိမ်းလိုက်...”

သူမက အမိန့်ပေးလိုက်၏။

ချိုက်ထူမှာ မျက်မှောင်ကြုတ်သွားသည်။ မည်သို့ပင် ဆိုစေ သူကား သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်နေဆဲ ဖြစ်သည်။ နှစ်ပေါင်း နှစ်ရာကျော်တိုင် အသက်ရှင်ခဲ့သည်။ သူ၏ ဖြစ်တည်မှုကား မထင်မရှား မိန်းကလေး တစ်ယောက်မှ အမိန့်ပေးနိုင်သည့် ဖြစ်တည်မှုမျိုး တစ်ခု မဟုတ်ချေ။

အကယ်၍ နတ်ဘုရားအရှင်ဝေ့ ဆိုသော နာမည်ကြောင့်သာ မဟုတ်ပါက ထိုမိန်းမကို သူ မမေ့နိုင်လောက်သည့် သင်ခန်းစာ တစ်ခု နှစ်ခု ပေးလိုက်ပြီ ဖြစ်သည်။ သေမျိုး နတ်ဘုရား ဟူသည်ကား အလှကြည့် သက်သက် နာမည်မျိုး မဟုတ်ချေ။

သို့သော်လည်း... သူ မာနကို မျိုချကာ လက်တစ်ဖက်ကိုသာ ဝှေ့ယမ်းလိုက်၏။ ဝိညာဥ် ဝင်္ကပါသည် ဖြည်းညင်းစွာပင် ပြန်လည် ပိတ်သွားခဲ့သည်။

စုမေ့နှင့် မင်လီတို့မှာ ပျောက်ကွယ်သွားသော ဖိအားများကြောင့် အနည်းငယ် စိတ်သက်သာရ ရသွားကြလေ၏။ ထို့နောက် စုမေ့က မင်လီအား စကားပြောရန် အရိပ်အယောင် ပြလိုက်သည်။

မင်လီက သတ္တိမွေးလိုက်ရင်း...

“နတ်ဘုရားချိုက်... လွန်ခဲ့တဲ့ သုံးနှစ်မှာ ကျွန်မ ညီမကို ရှင့်လူတွေ ဖမ်းခေါ်သွားခဲ့ကြတယ်... သူက ဒီနှစ်ဆိုရင် ဆယ့်ခြောက်နှစ်ပြည့်ပြီ... သူ့နာမည်က မင်ရီလို့ ခေါ်တယ်”

စုမေ့မှာ မင်လီ၏ စကားကို နားထောင်ရင်း တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ နှစ်ယောက်စလုံး ဆယ့်ခြောက်နှစ် ဖြစ်လေရာ မင်လီနှင့် မင်ရီတို့မှာ အမွှာများ ဖြစ်ရမည်။

ချိုက်ထူက မျက်မှောင်ကြုတ်လိုက်သည်။ မင်ရီ... ထိုနာမည်ကို သူ ရင်းနှီးသလို ရှိသည်။ သို့သော် သေချာ မမှတ်မိ။

သူ တစ်ခုခု ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် အောက်မှ ကြောက်လန့်တကြား အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာလေ၏။

“အဖေ... ကယ်ပါဦး”

ချိုက်ထူက မြေပြင်သို့ ငုံ့ကြည့်လိုက်ရာ သားဖြစ်သူ ချိုက်လင်အား အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော လူငယ် တစ်ဦးက ချီကြိုးများဖြင့် ချည်နှောင်ထားသည်ကို တွေ့လိုက်ရလေသည်။ ထိုလူငယ်သည် အံ့သြဖွယ် ကောင်းလောက်အောင် ချောမောကာ လှပသော ငွေရောင် မျက်လုံးများကို ပိုင်ဆိုင်ထား၏။

***

All Chapters