← Chapters

ကျင့်ကြံခြင်း လောက၏ ရက်စက်မှု

Vol. 7 Ch. 93

ကျင့်ကြံခြင်း လောက၏ ရက်စက်မှု

Vol. 7 Ch. 93

ချိုက်ထူ၏ မျက်လုံးများမှာ ဒေါသတရားများနှင့် ပြည့်နှက်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ ရုတ်ရင်း ကြမ်းတမ်းသော အရောင်အဝါများ ထွက်ပေါ်လာကာ သားဖြစ်သူကို ကယ်တင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း... ထိုပုဂ္ဂိုလ်မှာ ချိုက်လင်ကို တစ်ချက်တည်း သတ်ဖြတ်ပစ်နိုင်‌သော အခြေအနေ ဖြစ်ရာ သူ အလောတကြီး မလုပ်ဝံ့ချေ။

“အရှင်ဝေ့...”

စုမေ့မှာ ဝေ့ဝူယင်၏ ရုတ်တရက် ပေါ်လာမှုကြောင့် အံ့အားသင့်သွား၏။ သို့သော်လည်း သူ့ကို ကြည့်ရင်း တစ်စုံတစ်ခုတော့ လွဲချော်နေသလို သူမ ခံစားလိုက်ရသည်။

“အရှင်ဝေ့...”

ချိုက်ထူ၏ စိတ်မှာ တုန်လှုပ်သွားသည်။ ထိုပုဂ္ဂိုလ်က နတ်ဘုရား အရှင်ဝေ့လော...။

မင်လီမှာ ဝေ့ဝူယင်ကို ကြည့်ရင်း မသိစိတ်ဖြင့် ညာလက်ရှိ လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်မိသည်။ ထိုအခါ ဝေ့ဝူယင် ပေးလိုက်‌သော လက်ကောက် မရှိတော့ကြောင်း သူမ သတိထားလိုက်မိ၏။ သူမ ထိတ်လန့်တကြားဖြင့် လက်ကို ငုံ့ကြည့်လိုက်မိသည်။ မည်သည့် အချိန်က ပျောက်ကွယ်သွားခဲ့သနည်း။

ဝေ့ဝူယင်က ပါးစပ်ကို ဖွင့်လိုက်၏။ သို့သော်လည်း မည်သည့် စကားသံမှ ထွက်ပေါ်မလာခဲ့ချေ။ မိုးခြိမ်းသံ၊ မီးလောင်သံ၊ ‌ရေစီးသံများနှင့် တူသည့် ဂြိုဟ်သားသံများသာ ထွက်ပေါ်လာသည်။

“ ... “

စုမေ့၊ မင်လီနှင့် ချိုက်ထူတို့မှာ ကြောင်ကာ ကြည့်နေမိကြ၏။

ဝေ့ဝူယင်၏ ကိုယ်ပွားမှာ ထိုအရာကို ချက်ချင်းပင် သဘောပေါက်သွားသည်။ သူက ချီဖြင့် အသံလှိုင်းများကို ထုတ်လွှတ်ကြည့်လိုက်ပြန်၏။ သို့သော်လည်း ထိုချီလှိုင်းများမှာ နားစည်သို့ ရောက်သော အခါ ဗုံတီး သကဲ့သို့ တဒုန်းဒုန်းသာ မြည်ဟီးသွားကြသည်။

ဝေ့ဝူယင်၏ ကိုယ်ပွား၌ များစွာသော အားနည်းချက်များ ရှိနေသေးဆဲ ဖြစ်သည်။ ထိုအရာက အကိုးအကား မရှိ၊ အမှီအခို မရှိ ကိုယ်ပိုင် ဖန်တီးထားသော ကျင့်စဥ် တစ်ခုသာ ဖြစ်သည်။ ဝေ့ဝူယင်သည် ပြောဆို ဆက်သွယ်နိုင်စွမ်းရည်ကို ကောင်းစွာ တည်ဆောက်ရခြင်း မရှိသးချေ။

ဝှစ်...

ကိုယ်ပွားသည် ချိုက်လင်ကို ဂုတ်မှ ကိုင်ရင်း ခုန်လိုက်၏။ သူကား အလွန် လျှင်မြန်လှကာ တစ်ခဏ အတွင်းမှာပင် ပိုင်လင်၏ ကျောထက်သို့ ရောက်ရှိသွားသည်။

ပိုင်လင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ ဝေ့ဝူယင်တွင် ကိုယ်ပွားတစ်ခု ရှိကြောင်း သူမ သိရှိပြီး ဖြစ်သည်။ ကိုယ်ပွားက ချိုက်လင်၏ ကျင့်ကြံခြင်းကို ပိတ်လှောင်ကာ မင်လီ၏ ခြေရင်းသို့ ပစ်ချလိုက်သည်။

သူက စုမေ့ကို ကြည့်လိုက်၏။ ထို့နောက် မင်လီကို ဆက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ စိတ်မကောင်းမှု အရိပ်အယောင် အချို့ ပေါ်လာခဲ့သည်။ သူသည် ချိုက်ထူ၏ ခြံဝန်း တစ်ခုလုံးနှင့် ချိုက်လင်၏ မှတ်ဉာဏ်များကိုပါ ရှာဖွေခဲ့ပြီး ဖြစ်သည်။ တစ်ခါတစ်ရံ၌ လူကယ်ရန် သွားရောက်ခြင်းမှာ ထိုလူလုံခြုံနေပြီ ဟု  မဆိုလိုချေ။

ချိုက်ထူမှာ ဝေ့ဝူယင်၏ အမြန်နှုန်းကို ကြည့်ကာ အနည်းငယ် စိုးထိတ်သွားသည်။ ထို့ကြောင့်ပင် မိုက်ရူးရဲဆန်စွာ မတိုက်ခိုက်တော့ရန် သူ ဆုံးဖြတ်လိုက်၏။

“မင်း ငါ့သားကို ဘာလုပ်မလို့လဲ”

သူက အော်ဟစ်လိုက်သည်။ ထိုအရာက သူလုပ်နိုင်သမျှ အကုန်လည်း ဖြစ်၏။

မင်လီကမူ သူ့ခြေထောက်နားရှိ ချိုက်လင်ကို ငုံ့ကြည့်လိုက်၏။ ထိုလူငယ်၏ ကျင့်ကြံခြင်း စွမ်းအားများမှာ ပိတ်ဆို့ထားဟန် ရသည်။ နတ်ဘုရား အရှင်ဝေ့က အဘယ်ကြောင့် သူ့ကို ဖမ်းဆီးလာရသနည်း။

စုမေ့ကမူ ဝေ့ဝူယင်ကိုသာ ကြည့်သည်။ အရှင်ဝေ့မှာ အကြောင်းရင်း မရှိပဲ လုပ်လိမ့်မည် မထင်ချေ။

ဝေ့ဝူယင်က တစ်ချက် စဥ်းစားလိုက်၏။ ထို့နောက် သူက လက်ညိုးကို မြှောက်ကာ စုမေ့နှင့် မင်လီတို့၏ နဖူးများကို ထိလိုက်လေ၏။ ဧဒင်ချီသည် ပုံရိပ်များ၊ အသံများ၊ ခံစားချက်များကို သယ်ဆောင်ကာ သူတို့၏ စိတ်များ အတွင်း ဝင်ရောက်သွားလေသည်။

...

ချိုက်လင်၏ မှတ်ဉာဏ်များ အတွင်း၌...

လွန်ခဲ့သော သုံးနှစ်ခန့်က ချိုက်ကျင်းသည် ဖခင်ဖြစ်သူ၏ အသိအမှတ် ပြုမှုကို မရသေးသည့် ဆယ့်ခုနစ်နှစ် အရွယ် ဆယ်ကျော်သက် တစ်ယောက် ဖြစ်ခဲ့သည်။ သူ၏ ပါရမီသာ သာမန်သာ ဖြစ်ပြီး အမျိုးမျိုးသော ရင်းမြစ်များကို သုံးခဲ့သည့်တိုင် ချီပျစ်ခဲခြင်း အဆင့်ကို ခြေမချနိုင်သေးချေ။ ထိုကဲ့သို့ ပါရမီ ချို့တဲ့မှုကြောင့်ပင် သူသည် အသောက်အစားနှင့် မိန်းမဘက်ကို ပို၍ အာရုံရောက်လာခဲ့၏။ ထိုကာလများ အတွင်း၌ သူသည် လက်အောက်ငယ်သားများကို ငွေပေးကာ လမ်းပေါ်တွင် တွေ့ရသည့် မိန်းမလှများအား ဖမ်းဆီးစေခဲ့သည်။

ဤသို့ဖြင့် ကံကောင်းထောက်မစွာပင် သူ မိန်းမငယ်လေး တစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ မကြာခင်မှာပင် ထိုမိန်းကလေးမှာ ထူးခြားသော ခန္ဓာတစ်ခု ဖြစ်သည့် အမြုတေ ခန္ဓာကို ပိုင်ဆိုင်ထားကြောင်း ရှာဖွေ တွေ့ရှိလာ၏။

အမြုတေ ခန္ဓာကား ယင်သွေးကြောသုံးခု ခန္ဓာလိုပင် ထူးခြားသော ခန္ဓာတစ်ခု ဖြစ်သည်။ ထိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို သာမန်ထက် ငါးဆ ပိုမို မြန်ဆန်စွာ စုပ်ယူနိုင်စွမ်း ရှိသည်။ ထိုအရာက သူတို့ တစ်နှစ် ကျင့်ကြံခြင်းမှာ အခြားလူများ ငါးနှစ် ကျင့်ကြံခြင်းနှင့် ညီမျှသည် ဟု ဆိုလို၏။

ထိုအရာကို သိရှိပြီးနောက် ချိုက်လင်သည် မိန်းကလေး၏ ပါရမီကို ခိုးယူရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားတော့သည်။ သို့သော်လည်း ကံဆိုးစွာပင် သူ၏ ကျင့်ကြံခြင်း အဆင့်က အခြားတစ်ယောက်ထံမှ စွမ်းရည်ကို ခိုးယူနိုင်‌သော အဆင့်၌ ရှိမနေခဲ့ချေ။

စုံတွဲ ကျင့်ကြံရန် အတွက်လည်း မိန်းကလေးမှာ သာမန် သေမျိုးသာသာ အဆင့်တွင်သာ ရှိနေသေးသည်။ သူမ၏ အမြုတေ ခန္ဓာမှ အကျိုးအမြတ် အပြည့်အဝ ရရှိရန် မဖြစ်နိုင်ပြန်ချေ။

သို့သော်လည်း... ဆေးပညာရှင် တစ်ယောက်က သူ့အား အကြံတစ်ခု ပေးခဲ့၏။ သူက မိစ္ဆာကျင့်ကြံသူများ မကြာခဏ အသုံးပြုတတ်သည့် အမှောင်ကျင့်စဥ်ကို ပြောပြသည်။ ထိုကျင့်စဥ်သည် မိန်းကလေး၏ ခန္ဓာ၊ စိတ်၊ ဝိညာဥ် စွမ်းအင်၊ အသက်ခွန်အားနှင့် ကျင့်ကြံခြင်း ပါရမီတို့ကို  အပြည့်အဝ သန့်စင် မပြီးခင် အချိန်အထိ တဖြည်းဖြည်း စုပ်ယူပေးလိမ့်မည် ဖြစ်သည်။ ထိုနည်းဖြင့် သူသည် သူမထံမှ ကျင့်ကြံခြင်း ပါရမီများကို လုယူနိုင်စွမ်း ရှိလာလိမ့်မည် ဖြစ်သည်။ ထိုအရာက သူမ၏ အရာရာ မဟုတ်သည့်တိုင် အနည်းငယ် အဆင့်နိမ့်သည့် အမြုတေ ခန္ဓာ အငယ်စားကို ရရှိရန် လုံလောက်ပေသည်။

ချိုက်လင်သည် ထိုကျင့်စဥ်ကို သုံးရန် မဆိုင်းမတွပင် ဆုံးဖြတ်ခဲ့၏။ ဤသို့ဖြင့် ဖြည်းညင်းစွာပင် မိန်းမငယ်လေးမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ချိုက်လင်၏ အကြမ်းဖက်ခြင်းကို အခါခါ ခံရလေတော့၏။ အကြိမ်တိုင်း၌ သူမ၏ ပိုင်ဆိုင်မှု တစ်ခုချင်းစီမှာ နာကျင်စွာ ထုတ်ယူသွားခြင်းကို ခံခဲ့ရသည်။

သူမ မည်မျှပင် ငိုကြေးစေကာမူ၊ သူမ မည်သို့ပင် တောင်းပန်စေကာမူ...

ချိုက်လင်သည် ရိုင်းစိုင်းစွာပင် သူမ၏ အရာရာကို ယူဆောင်သွားခဲ့သည်။ သန့်စင်ခြင်း ပြီးဆုံးချိန်၌ သူမ၏ ရုပ်အလောင်းမှာ ပြာအဖြစ် ပြောင်းလဲကာ ဤလောကထဲမှ ထာဝရ ထွက်သွားခဲ့ရလေတော့သည်။

ထို့နောက်တွင်... ချိုက်လင်၏ ကျင့်ကြံခြင်းမှာ အရှိန်အဟုန်နှင့် အတူ တိုးတက်လာခဲ့၏။ ယခုဆိုလျှင် သူသည် ဖခင်ဖြစ်သူ၏ ချစ်ခြင်းနှင့် အလေးထားခြင်းကို ခံရသည့် ပါရမီရှင် တစ်ယောက် အဖြစ် သတ်မှတ်ခံ နေခဲ့ရပြီ ဖြစ်လေသည်။

နောက်ပိုင်းတွင် မင်ရီ၌ အမွှာအမတစ်ယောက် ဖြစ်ကြောင်း သူ သိရှိလာခဲ့ရသည်။ ထို့ကြောင့်ပင် သူသည် လူများကို စေလွှတ်ကာ ထောက်လှမ်းထားစေခဲ့သည်။ သူမကိုပါ ရရှိပါက သူ ပြီးပြည့်စုံသည့် အမြုတေ ခန္ဓာကိုပင် ရရှိကောင်း ရရှိနိုင်သည် မဟုတ်ပါလား။

ဤသို့ဖြင့် သူ စောင့်ဆိုင်းနေခဲ့သည်။ တစ်နေ့၌ မင်ရီ၏ လှပသော အမွှာလေးမှာ သူ၏ တံခါးဝသို့ ရောက်ရှိ လာပေလိမ့်မည်။

...

“အဲဒီတုန်းက သူက ဆယ့်သုံးနှစ်ပဲ ရှိသေးတာလေ”

စုမေ့၏ မျက်နှာက အနည်းငယ် ဖြူဆွတ်ဆွတ် ဖြစ်နေ၏။ သူမ၏ မျက်လုံးထဲတွင်မူ ဝမ်းနည်းမှု အရိပ်အယောင်များက ပြည့်နှက်နေသည်။

မင်လီမှာမူ ခြေပစ်လက်ပစ် ငေးငိုင်နေခဲ့ပြီ ဖြစ်လေသည်။ သူမသည် သူမ၏ နာမည်ကို အကူအညီရနိုးဖြင့် ထပ်တလဲလဲ ရေရွတ်နေသည့် ညီမဖြစ်သူ၏ အသံလေးများကို ပြန်လည် ကြားယောင်နေခဲ့မိ၏။

ကျင့်ကြံခြင်း လောကကား ရက်စက်လွန်းလှပေသည်။

ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် အတွေးတစ်ချက်ဖြင့်ပင် မြူမှုန်အဖြစ် ပြောင်းလဲကာ စုမေ့၏ လက်တွင် လက်ကောက်တစ်ခု ဖြစ်သွားတော့သည်။ စုမေ့မှာ သူမ၏ လက်ကောက်ဝတ်ရှိ လက်ကောက်ကို ငုံ့ကြည့်လိုက်ရင်း ခံစားချက်များ အနည်းငယ် လျော့ပါးလာ၏။

“အရှင်ဝေ့ရဲ့ ကိုယ်ပွားလား...”

သူမ တွေးလိုက်မိသည်။ ဝေ့ဝူယင်သည် ထိုစွမ်းရည်ကို မကြာသေးခင်ကမှ ရရှိထားခြင်း ဖြစ်ရမည်။ ထို့ကြောင့်ပင် သူမ မသိသေးခြင်း ဖြစ်၏။

“ခွေးကောင်...”

ထိုအချိန်တွင်ပင် ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်နေသည့် မင်လီ၏ အသံက ပေါက်ကွဲထွက်ပေါ်လာ၏။ သူမကား နီရဲသော မျက်လုံးများနှင့် ချီကြိုးများ စည်းနှောင်ခံထားရသည့် ချိုက်လင်ကို ကြည့်နေခဲ့သည်။

ရွှစ်...

သူမက ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ကာ ဆုပ်ကိုင်လိုက်သည်။ ချိုက်လင်ကား သူမက ခြေရင်းတည့်တည့်တွင်ပင် ရှိနေပေသည်။ ဓားမြှောင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း သေခြင်းတရားကို ပုံဖော်ရန် သူမ စိုက်ချလိုက်တော့၏။

“မလုပ်နဲ့ ရပ်စမ်း...”

ချိုက်ထူက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်၏။ ဖခင် တစ်ယောက် အနေဖြင့် ထူးချွန်သော သားတစ်ယောက် သေဆုံးရမည့် အရေးကို သူ မည်ကဲ့သို့ ကြည့်နေနိုင်ပါမည်နည်း။

သူ တုန့်ဆိုင်းမနေပဲ ချက်ချင်းပင် ရေတံခွန် ‌ရေစီး အစီအရင်ကို အသက်သွင်းလိုက်တော့သည်။

ဘုန်း...

ချက်ချင်းပင် လောကကြီးသည် တစ်ခဏမျှ အေးခဲသွားပုံ ရလေ၏။ လေထုထဲရှိ ရေခိုးရေငွေ့များနှင့် ရေစွမ်းအင်များမှာ စတင်ကာ ထူထပ်လာကာ မမြင်နိုင်သော ကြိုးများသဖွယ် ဖြစ်ပေါ်လာသည်။

ဂီး...

ပိုင်လင်သည် ပတ်ဝန်းကျင်မှာ ဖိအားများဖြင့် ပြည့်နှက်ကာ လှုပ်ရှားရန်ပင် ခက်ခဲလာကြောင်း တွေ့ရှိ လိုက်ရ၏။ သို့သော်လည်း ထိုတိုက်ခိုက်မှု၌ ဦးတည်ချက်မှာ မင်လီထံသို့ ဖြစ်သည်။ ရုတ်ချည်းပင် မင်လီမှာ သံကွန်ချာ တစ်ခုဖြင့် အထပ်ထပ် ပိတ်ဆို့ခံလိုက်ရသည့်နှယ် ရပ်တန့်သွား၏။ သူမကား လှုပ်ရှား၍ မရနိုင်တော့ချေ။

စုမေ့မှာ အခြေအနေကို သဘောပေါက်ရာ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူမသည် အဆုံးမဲ့ ထက်ရှမှုများ ပါဝင်နေသည့် ဆေဘာချီကို ပစ်လွှတ်ကာ မင်လီအား ချုပ်နှောင်ထားသည့် ရေကွန်ယက်ကို ဖြတ်တောက်ရန် ကြိုးစားလိုက်၏။

ကံဆိုးစွာပင် သူမ၏ ဆေဘာချီမှာ ရေကြိုးများကို အနည်းငယ် ပွန်းပဲ့စေသည်မှ လွဲ၍ ဘာမှ ဖြစ်မလာခဲ့ချေ။ ထိုအစီအရင်ကား ချိုက်ထူခြံဝင်းတစ်ခုလုံးမှ ရေများနှင့် ချိတ်ဆက်နေသည့် အစီအရင် ဖြစ်ပေသည်။ ထို့အပြင် ရေ၏ ပြောင်းလွယ်ပြင်လွယ်သော သဘာဝကလည်း ကိုင်တွယ်ရန် ခက်ခဲလှ၏။

စုမေ့မှာ သူမ၏ ကျင့်ကြံခြင်း အဆင့် နိမ့်ကျနေခြင်းကြောင့် ဖြစ်ကြောင်း ချက်ချင်းပင် နားလည်သွားသည်။ သေမျိုး နတ်ဘုရား တစ်ပါး ထိန်းချုပ်ထားသည့် ချီအစီအရင်ကို ဖျက်ဆီးရန်မှာ စိတ်ကူးယဥ်ရသလောက် မလွယ်ကူလှချေ။

ချိုက်ထူသည် မင်လီကို ထိန်းချုပ်ထားကာ သူမအား သတ်ပစ်ရန်ပင် တွေးတောနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ မလှုပ်ရှားနိုင်ခင်မှာပင် ပိုင်လင်မှာ ဒေါသတကြီး အော်ဟစ်ကာ ရွှေရောင် အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်လေ၏။

ချိုက်ထူက ချက်ချင်းပင် သတိထားမိသွားကာ ခံစစ်ကို ပြင်ဆင်လိုက်သည်။ သူသည် ချိုက်ထူ ခြံဝင်း တစ်ခုလုံးရှိ မြေအောက်ရေများမှ ရေစွမ်းအင် အကုန်လုံးကို စုစည်းလိုက်၏။

‌ရေတံခွန် ကာကွယ်သူ...

ဘုန်း...

သူ၏ ရှေ့၌ အလွန်တရာ ကြီးမားသော ရေလူသားကြီး တစ်ယောက် ပေါ်လာခဲ့၏။ ထိုလူသားကြီးသည် မီတာ နှစ်ဆယ်ကျော် မြင့်မားကာ အလွန် ကြီးမားသော လက်ကြီးများကို အသုံးပြုလျှက် ရွှေရောင် အလင်းတန်းကို တားဆီးလိုက်လေ၏။

ထို‌ရေလက်ကြီးကား သေမျိုး နတ်ဘုရား တစ်ယောက်၏ တိုက်ခိုက်မှုကိုပင် အလွယ်တကူ တားဆီးနိုင်စွမ်း ရှိသော်လည်း ပိုင်လင်၏ နိပန်မီးတောက်များမှာ သာမန် မဟုတ်ချေ။

ရွှေရောင် မီးတောက်နှင့် ထိတွေ့သည့် တစ်ခဏအတွင်းမှာပင် အလွန် ကြီးမားသည့် ရေလူသားကြီးမှာ ပွက်ပွက်ဆူလာသည်။ ထို့နောက်၌ ရေခိုးရေငွေ့များ အဖြစ် ပြောင်းလဲသွားကာ ထိုနေရာမှ ပျောက်ကွယ်သွားရ‌တော့၏။

“ဘာလဲ...”

ချိုက်ထူမှာ ထိတ်လန့် တုန်လှုပ်သွား၏။ သူ နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း အချိန် နှောင်းသွားခဲ့ပြီ ဖြစ်သည်။

***

All Chapters