ခွဲခွာခြင်း
Vol. 7 Ch. 94
“ဘုန်း...”
ရွှေရောင်မီးတောက်သည် နေမဝင်မီ ရေတစ်ပေါက် ကဲ့သို့ သူ့ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက်ကာ နှလုံးနှင့် သွေးများကို လောင်ကျွမ်းလေတော့၏။ သေခြင်းတရားသည် ရုတ်ချည်းပင် သူ့ထံသို့ ရောက်ရှိလာခဲ့လေသည်။ ရေစွမ်းအင် အထူးပြု ချီအစီအရင်နှင့် သေမျိုး နတ်ဘုရား အဆင့် ကျင့်ကြံခြင်း အခြေခံတို့ကို ပိုင်ဆိုင်ထားသည့်တိုင် သူကား ပိုင်လင်၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။
ဂီး...
ပိုင်လင်က အောင်ပွဲခံ အော်ဟစ်လိုက်၏။ သူမ၏ မျက်လုံးများမှာ အဆုံးမဲ့ ဂုဏ်ယူမှု၊ ဝင့်ကြွားမှုတို့နှင့် ပြည့်နှက်နေသည်။
“အား... အား... ရပ်ပါတော့... အား...”
ထိုအခိုက်တွင်ပင် ချိုက်လင်၏ နာကျင်သော အော်ဟစ်သံများမှာ ကြောက်မက်စရာ ကောင်းအောင် ထွက်ပေါ်လာ၏။ အချုပ်အနှောင်မှ ကင်းလွတ်သည်နှင့် မင်လီမှာ ချိုက်လင်ကို ဓားမြှောင်ဖြင့် အချက်ပေါင်း မြောက်များစွာ ထိုးစိုက်နေခဲ့ပြီ ဖြစ်သည်။ ဓားချက် တစ်ချက်ချင်းစီမှာ သူမ၏ အငြိုးတရားများကို အပြည့်အဝ သယ်ဆောင်ထား၏။
စုမေ့က ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ အကယ်၍ ချိုက်လင်၏ မှတ်ဉာဏ် ပုံရိပ်များကိုသာ မမြင်တွေ့ခဲ့ရပါက သူမ တားကောင်း တားမိပေလိမ့်မည်။ သို့သော်လည်း ယခုတွင်မူ ရိုးရိုးရှင်းရှင်းပင် သူမ မတားဆီးခဲ့ချေ။ မတားဆီးရက်ခြင်း ပို၍ ဖြစ်ပေလိမ့်မည်။
အချက်နှစ်ဆယ်ခန့် အဆက်မပြတ် ထိုးပြီးနောက်၌ သွေးများမှာ ချိုက်ကျင်း၏ တစ်ကိုယ်လုံး ရွှဲရွှဲစို နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူကား အသက်ရှင်နေဆဲ ဖြစ်သည်။ သူ၏ ရင်ဘတ် တစ်ခုလုံးမှာ အပေါက်များဖြင့် ပြည့်နှက်နေ၏။ သာမန် အခြေအနေဆိုလျှင် ထိုဒဏ်ရာ တစ်ခုချင်းစီ ပင်လျှင် အသက်တစ်ချောင်း သေဆုံးရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
“ပိုင်လင်... မီးတောက်ဖြူတွေ...”
စုမေ့က သဘာပေါက်သွားကာ ပိုင်လင်ကို သတိပေးလိုက်၏။ သူတို့ကား ပိုင်လင်၏ အဖြူရောင် မီးလျှံများ အတွင်း တည်ရှိနေခြင်း ဖြစ်သည်။ ထိုမီးတောက်များမှ အသက်စွမ်းအားများမှာ ချိုက်လင်၏ ခန္ဓာကိုယ် အတွင်းကိုလည်း ဝင်ရောက်နေကာ အသက်စွမ်းအားများဖြင့် အဆက်မပြတ် သွန်းလောင်းပေးသလို ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် ချိုက်လင်မှာ အသက်ငင်နေသည့်တိုင် မသေသေးခြင်း ဖြစ်ပေသည်။
ထိုအခိုက်၌ မင်လီ ပင်လျှင် မောပန်းနေခဲ့ပြီ ဖြစ်သည်။ စိတ်ခံစားချက်များက အဆုံးတိုင် မြင့်တက်ခဲ့ပြီး ဖြစ်ရာ သူမ၏ လက်များမှာ အနည်းငယ်ပင် အားလျော့လာနေခဲ့၏။ ချိုက်လင်၏ ဖြူဖပ်ဖြူရော်နှင့် သွေးလွှမ်းနေသာ မျက်နှာကိုကြည့်ရင်း အဆုံးတိုင် ရူးသွပ်မှုမှ သူမ ပြန်လည် ရုန်းထွက်လာနိုင်ခဲ့၏။ သူမ၏ မျက်လုံးများမှာလည်း အနည်းငယ် စိတ်ကျေနပ်သွားဟန် ရသည်။
“သေလိုက်တော့...”
သူမက ဓားမြှောင်ကို နဖူးမှ တစ်ဆင့် ချိုက်လင်၏ ခေါင်းထဲ ထိုးထည့်လိုက်၏။ အသနားခံသော အသံများမှာ တိုးညှင်းစွာ ချုပ်ငြိမ်းသွားသည်။ ထို့နောက် သူ၏ မျက်လုံးများက မျက်ဖြူလန်သွားကာ မေးရိုးများမှာ ထိန်းချုပ်မှု ပြေလျော့သွားသည်။
မင်လီ၏ ခန္ဓာကိုယ်မှာလည်း အားနည်းသွားကာ အရုပ်ကြိုးပြတ်ဖြင့် အလောင်းနံဘေး ပုံရက်သား လဲကျသွား၏။ မျက်ရည်များမှာ သူမ၏ မျက်ဝန်းထောင့်များမှ စီးကျလာခဲ့သည်။ အိပ်မက် အတွင်း၌ သူမသည် ညီမလေး၏ ပြုံးရွှင်နေသည့် အပြုံးကို မြင်လိုက်ရသည်။ ကတိများ၊ အိပ်မက်များ၊ ဆန္ဒများ... သူတို့ နှစ်ယောက်၏ ဘဝများကား တူညီခဲ့ပါသည်။ သို့သော်လည်း သူမကို ဘယ်တော့မှ ထပ်မံ တွေ့ခွင့်ရတော့မည် မဟုတ်ပါချေ။
“ပြန်ကြမယ်...”
စုမေ့က ပိုင်လင်ကို ပြောလိုက်၏။ ကြိုးကြာဖြူမှာ သူမ၏ လှပသော အတောင်ပံများကို ဖြန့်ကျက်ရင်း အပြန်လမ်းကို ဦးတည်လိုက်လေသည်။ ဤခရီးကား အောင်မြင်ခဲ့သလို တစ်နည်းအားဖြင့်လည်း ကျဆုံးခဲ့ရပေသည်။
...
စုမေ့မှာ အဖြစ်အပျက်များ ထိုကဲ့သို့ အဆုံးသတ် သွားလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ သူမ၏ အမှတ်မထင် ဝင်ရောက် စွက်ဖက်မှုက ချိုက်ထူခြံဝန်းကို ပျက်စီးစေခဲ့သည့် အပြင် ရေတံခွန်လူရိုင်း နတ်ဘုရားချိုက်နှင့် သားဖြစ်သူ ချိုက်လင်တို့ကိုပါ သတ်ဖြတ်ပစ်ခဲ့သည်။ သူမ တွေးသည်။ တွေးပြီးနောက် ထပ်တွေးသည်။ တွေးပြီးရင်း တွေးသည်။ သို့သော်လည်း အဆုံးသတ်၌ မည်သည့် အရာကမျှ သူ၏ ခေါင်းအတွင်း ရောက်ရှိ မလာခဲ့ချေ။
မင်လီမှာမူ ဝက်သစ်ခြပင် တစ်ပင်၏ အောက်တွင် ဒူးနှစ်ဖက်ကို ရင်ခွင်အတွင်း ပိုက်ရင်း ကုပ်ကုပ်လေး ထိုင်နေခဲ့သည်။ တစ်ချက်တစ်ချက် သူမထံမှ ရှိုက်သံ သဲ့သဲ့ ထွက်ပေါ်လာနေခဲ့၏။
စုမေ့က ဖြည်းညင်းစွာပင် သူမ၏ နံဘေးတွင် ထိုင်လိုက်သည်။ ပိုင်လင်မှာမူ ဝေ့ဝူယင်ထံသို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။ ချိုက်လင်၏ အလောင်းကိုမူ ကျီးထိုးထိုး ခွေးစားသား သူတို့ လမ်းတစ်နေရာ၌ ပစ်ချခဲ့ပြီး ဖြစ်၏။
နာရီပေါင်းများစွာ ကြာညောင်း၍ ညမှောင်ရီလာသော အခါ၌ မင်လီ၏ ရှိုက်သံများမှာ တိုးလျော့သွားသည်။ သူမက ခေါင်းမော့ကာ ဘေးနားရှိ စုမေ့ကို ကြည့်လိုက်၏။ ကြေကွဲဖွယ်ရာ ခံစားချက်များ၊ မျက်ရည်များနှင့် စွန်းထင်းနေသည့်တိုင် သူမ၏ မျက်နှာကလေးမှာ ချစ်ဖို့ကောင်းနေဆဲ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်...”
မင်လီက ဖြူရော်စွာ ပြုံးပြရင်း ပြောလိုက်၏။ စုမေ့က သူမအား ပြန်ကြည့်လိုက်သည်။ သို့သော်လည်း မည်သို့မျှ မတုန့်ပြန်ချေ။
“တကယ်လို့ မမသာ မကယ်ရင် ကျွန်မ ညီမလေးလို အဆုံးသတ်နေလောက်ပြီ... ပထမတုန်းက ကျွန်လုပ်ခိုင်းဖို့ ဒါမှမဟုတ် အဲဒါထက် နည်းနည်း ပိုဆိုးတာတွေ ခိုင်းဖို့ ကျွန်မနောက်ကို လိုက်နေတာလို့ ထင်ခဲ့တာ... ကျွန်မရဲ့ ခန္ဓာကိုယ်ကို လိုချင်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး... တကယ်လို့ မမနဲ့သာ မတွေ့ခဲ့ရင်...”
မင်လီက စကားကို အဆုံးသတ်လိုက်၏။ ချိုက်ကျင်း၏ မှတ်ဉာဏ်များ အရဆိုလျှင် ထိုလူယုတ်မာသည် သူမကို ကောင်းစွာ သိထားပြီး ဖြစ်သည်။ သူ၏ လက်အတွင်းသာ ကျရောက်သွားပါက သူမ၏ ဘဝမှာ မတွေးရဲ စရာပင်။ ထို့ကြောင့်ပင်... သူမ စုမေ့ကို အလွန် ကျေးဇူးတင်နေခြင်း ဖြစ်၏။
စုမေ့က သူမ၏ ကျေးဇူးတင်မှုကို လက်ခံသည့်နှယ် ခေါင်းညိတ်လိုက်သည်။
“မမ ကျွန်မကို ဘာလို့ ကယ်ခဲ့တာလဲ”
မင်လီက ရုတ်တရက် မေးလိုက်၏။ ကျင့်ကြံခြင်းလောကကား ရက်စက်ကြမ်းကြုတ်မှုများ၊ သေဆုံးမှုများ၊ ပြစ်မှုများနှင့် ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည်။ တစ်စုံတစ်ယောက်က ကယ်တင်ခဲ့ခြင်း အပေါ် သူမ မယုံကြည်နိုင်လောက်အောင် ခံစားနေရသည်။ ထိုအမျိုးသမီးမှာ အေးစက်ကာ မာကြောသည်။ လူတစ်ယောက်ကို မျက်တောင် မခတ်ပဲ သတ်ဝံ့သည်။ သို့သော်လည်း တစ်ချိန်တည်း၌ သူမ၏ နှလုံးသားမှာ နူးညံ့ကာ ပျော့ပျောင်းကြောင်း မင်လီ ခံစားနေခဲ့မိ၏။
စုမေ့က မှောင်ခါစ ကောင်းကင်ရှိ ထက်ခြမ်းပဲ့လကို မော့ကြည့်လိုက်သည်။
“ငါ့မှာ မိသားစု တစ်ခု ရှိခဲ့တယ်... ငါတို့က ရွာငယ်လေး တစ်ရွာမှာ နေခဲ့တယ်... ကျေးရွာခေါင်းဆောင်က ချီပျစ်ခဲခြင်း အဆင့်တစ်ပဲ ရှိတဲ့ သာမန် ကျင့်ကြံသူ တစ်ယောက်ပေါ့... ငါက ရွာထဲမှာ အလှဆုံး မိန်းကလေး မဟုတ်သလို ငါ့မိသားစုကလည်း လွှမ်းမိုးမှု အရှိဆုံး မဟုတ်ခဲ့ဘူး...”
“ငါ့မှာ အကိုနှစ်ယောက်ရယ်၊ အမေရယ်၊ အဖေရယ်၊ အဖွားရယ် ရှိခဲ့တယ်... လက်ဖျားညွှန်ရာ ရေဖြစ်တဲ့ ဘဝ မဟုတ်ပေမဲ့ ငါလိုအပ်သမျှကို သူတို့က ဖြည့်ဆည်းပေးခဲ့ကြပါတယ်... ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ”
သူမက ရပ်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ အမျိုးမျိုးသော ခံစားချက်များ၊ အတွေးများဖြင့် ပြည့်နှက်သွားဟန် ရလေ၏။
မင်လီမှာ သူမ၏ စကားလုံး တစ်လုံးချင်းစီကို အာရုံစိုက်ကာ နားထောင်နေသည်။ သူမ တစ်ခွန်းပင် ဝင်မနှောက်ယှက်ခဲ့ချေ။
စုမေ့က ဆက်ပြောလိုက်၏။
“တစ်နေ့မှာ ကျင့်ကြံသူ တစ်ယောက်က တာဝန်တစ်ခုနဲ့ ငါတို့ရွာလေးကို ရောက်လာခဲ့တယ်... သူက ဂိုဏ်းကြီး တစ်ဂိုဏ်းရဲ့ အပြင်စည်းဂိုဏ်းသား တစ်ယောက်ပေါ့... သူ့ရဲ့ အဆင့်အတန်း၊ သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှု၊ ဗဟုသုတ၊ မိုးကောင်းကင်တွေက ငါတို့ထက် အဆများစွာ ပိုပြီး ကျယ်ပြန့်ခဲ့တာပေါ့... ငါ့ကို တွေ့တဲ့အခါမှာ သူနဲ့ အတူ လိုက်ခဲ့ဖို့ ခေါ်ခဲ့တယ်... ငါက ငြင်းဖို့ ကြိုးစားခဲ့ပေမဲ့...”
ထိုနေ့ဆီမှ ပုံရိပ်များမှာ သူမ၏ အမြင်အာရုံထဲတွင် ရှင်းလင်းစွာ ထင်ကျန်နေဆဲ ဖြစ်လေသည်။
“သမီး မသွားချင်ဘူး... အမေ... အဖေ... သမီးကို ကယ်ပါဦး”
"သမီး ဒီမှာပဲ နေချင်တယ်... ဘယ်မှ မသွားချင်ဘူး”
“ငါ့ညီမလေးကို လွှတ်လိုက် မိစ္ဆာကောင်ကြီး...”
“မေ့အာ... နင်သွားမှ ဖြစ်မယ်... အဲဒါက ရွာအတွက်ရော နင်ကိုယ်တိုင် အတွက်ပါ နင် လုပ်နိုင်တဲ့ အကောင်းဆုံး အရာပဲ... စိတ်မပူနဲ့... ငါတို့ တစ်နေ့ ပြန်ဆုံရမှာပါ”
စုမေ့က ဝဲတက်လာသော မျက်ရည်တို့ကို မျက်တောင် ခပ်ရင်း ပြန်လည် သိမ်းဆည်းလိုက်၏။
“အဲဒီ အချိန်တုန်းက ငါ နင့်အရွယ်လောက်ပဲ ရှိလိမ့်ဦးမယ်... အဲဒီလူကြီးက ငါ့ကို မောင်းမဆောင် တစ်ခုမှာ ထားပြီး မိသားစု အသစ်တစ်ခုနဲ့ မိတ်ဆက်ပေးခဲ့တယ်”
“ပထမတော့ သူတို့က ငါ့ကို ဂရုစိုက်ကြပါတယ်... ဒါပေမဲ့ ငါမလိုချင်တဲ့ အာရုံစူးစိုက်မှုတွေကြောင့် သူ့တို့က ငါ့အပေါ် ပြောင်းလဲသွားကြတယ်... သူတို့ ငါ့ကို ရိုက်ကြတယ်... အမျိုးမျိုး နှိပ်စက်ကြတယ်... အစားဆိုလည်း မသေရုံပဲ ကျွေးတော့တယ်... ငါ ကိုယ့်ကိုယ်ကို သတ်သေဖို့တောင် အကြိမ်ကြိမ် စဥ်းစားခဲ့တယ်”
“အဲဒီနောက်မှာ ယောက်ျား တစ်ယောက် ရောက်လာတယ်... သူက ငါ့ကို အခွင့်အရေး တစ်ခုနဲ့ ကမ်းလှမ်းခဲ့တယ်... ငါ့ကံကြမ္မာကို ငါစီရင်နိုင်မယ့်၊ ဗိုက်ဆာတိုင်း စားသောက်နိုင်မယ့်၊ အသက်ရှင် နေထိုင်ဖို့ ထိုက်တန်မယ့် အခွင့်အရေး တစ်ခုပေါ့.. အဲဒီနေ့ကစပြီး ငါ့ဘဝ တစ်ခုလုံးက သူ့အတွက် ဖြစ်စေရမယ်လို့ ငါ ကျိန်ဆိုခဲ့တယ်... သူက ငါ့ကို ဘယ်တုန်းကမှ နှိမ့်ချပြီး မဆက်ဆံခဲ့ဘူး... နောက် ငါ့ရဲ့ ရွေးချယ်မှုကိုလည်း ဘယ်တုန်းကမှ မတင်းကြပ်ခဲ့ဘူး”
ဝေ့ဝူယင်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များ၊ အတူ ထမ်းဆောင်ခဲ့သည့် တာဝန်များမှာ သူမ၏ ခေါင်းအတွင်း တရေးရေးပေါ်လာခဲ့၏။ သူနှင့် ပတ်သက်သည့် ဆယ်စုနှစ် တစ်ခုကျော် မှတ်ဉာဏ်များကား ကျေနပ်ဖွယ်ရာ အတိဖြင့် ပြီးခဲ့ရပေသည်။
“ငါ နင့်ကို ကြည့်ရင်း ငါ့ကိုယ်ငါ ပြန်မြင်ခဲ့ရတယ်... နောက်ပြီး အဲဒါက နင့်ကို ကူညီခဲ့တယ် လို့တောင် မဆိုလိုနိုင်ဘူး... ငါ့ဆန္ဒကိုငါ ဖြည့်ဆည်းရုံ သက်သက်ပဲ”
မင်လီက ဘာမှ ပြန်မပြောပဲ သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုပုံပြင်မှ တဆင့် စုမေ့၏ ခံစားချက်များကို သူမ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုအမျိုးသမီးကား ဘဝ၏ အခက်အခဲများ၊ အနိမ့်အမြင့်များစွာကို ဖြတ်သန်းခဲ့ရပေသည်။ သူမ အစဥ်အမြဲ အေးစက်နေသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။
“ကျေးဇူးပဲ...” စုမေ့က ထရပ်လိုက်၏။ လူသားများကား ရှုပ်ထွေးသော ခံစားချက်များနှင့် ပြည့်နှက်နေသည့် သက်ရှိများ ဖြစ်သည်။ တစ်ခါတစ်ရံ၌ သူတို့၏ လုပ်ရပ်များမှာ နည်းလမ်းမကျသလို ယုတ္တိလည်း တန်လိမ့်မည် မဟုတ်ပေ။ ထိုကွက်လပ်များထဲ၌ လူသားဆန်မှုလေးတစ်ခု မကင်းကွာ နေရန်သာ လိုအပ်ပေသည်။
“နှုတ်ဆက်ခဲ့တယ် မင်လီ...”
စုမေ့က ဆိုလိုက်၏။ ထို့နောက်တွင် တဖြည်းဖြည်းနှင့် သူမ အမှောင်ထု အတွင်း တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။
မင်လီမှာ တွေဝေစွာဖြင့် ငေးကြည့်နေမိခဲ့၏။ လွန်ခဲ့သော နှစ်များအတွင်း သူမ ညီမလေးကို ကယ်တင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သည်။ ယခုတွင်မူ ညီမလေးမှာ သေဆုံးသွားခဲ့ချေပြီ။ သူမ၏ ထိုခရီးလမ်းကား အဆုံးသတ် သွားခဲ့ပြီ ဖြစ်၏။ သို့သော်လည်း အရှေ့တွင် ကျယ်ပြောသော အနာဂတ် တစ်ခုက ဆီးကြိုနေပေသည်။
***