← Chapters

အနန္တ ဖန်တီးခြင်း တာအိုနန်းတော်

Vol. 7 Ch. 95

အနန္တ ဖန်တီးခြင်း တာအိုနန်းတော်

Vol. 7 Ch. 95

သုံးပတ်ဟူသော အချိန်ကာလသည် လျှင်မြန်စွာ ဖြတ်ကျော်သွားသည်။ ဝေ့ဝူယင်သည် သူ့တာဝန် သူ ကျေခဲ့ပြီး ဖြစ်သည်။  သူသည် ထိုအတောအတွင်း၌ အဂ္ဂိရတ် ပညာရပ်နှင့် ပတ်သက်သည့် စိတ်ဝင်စားစရာ များစွာကို ရှာဖွေ တွေ့ရှိခဲ့ပေသည်။

သူ၏ ဆေးဖော်စပ်နိုင်စွမ်းမှာ ချို့ယွင်းချက် မရှိသလောက်ပင်။ သူသည် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဥ် တစ်ခုလုံးရှိ ရှုထောင့်တိုင်းနှင့် အသေးစိတ် အချက်အလက် မှန်သမျှကို အမှားအယွင်း မရှိ တိကျစွာ လုပ်ဆောင်နိုင်သည်။ ထို့ကြောင့်ပင် သူ၏ အောင်မြင်မှုနှုန်း ရာနှုန်းပြည့်ခြင်းမှာ မထူးဆန်းတော့ချေ။

ထိုသုံးပတ်အတွင်း၌ သူသည် ချင်ဖုန်းအတွက် ဆေးဖော်စပ်ပြီးစီးခဲ့သည့် အပြင် သူကိုယ်တိုင် အတွက်ပါ ဖန်တီးရန် အချိန် လုံလောက်ခဲ့သည်။ သူသည် ထိုအဆင့်ခြောက် မှော်ဆေးလုံးများကို စုမေ့အတွက်နှင့် သူ၏ ကျင့်ကြံခြင်း အဆင့် အခြေခိုင်မာလာအောင် အသုံးပြုရန် အစီအစဥ် ဆွဲထားခဲ့သည်။

ဝေ့ဝူယင်သည် ကျောက်စိမ်းဆုလာဒ်မြို့ရိုး တံခါးနား၌ ရပ်နေခဲ့၏။ စုမေ့နှင့် ပိုင်လင်တို့မှာ ခပ်လှမ်းလှမ်းမှ သူ့အား စောင့်နေကြသည်။ ဝေ့ဝူယင်၏ ရှေ့တွင်မူ တိုင်ဖေးနှင့် ကျိုးနင် အလှပဂေး နှစ်ယောက် ရှိနေချေသည်။

“ရှင်တို့ ဘယ်သွားမှာလဲ...”

ကျိုးနင်က ဆို့နင့်စွာ မေးလိုက်၏။ လွန်ခဲ့သော တစ်လကား သူမအတွက် မ‌မေ့နိုင်စရာ အမှတ်ရများနှင့် ပြည့်နှက်ခဲ့သော ကာလ ဖြစ်ခဲ့ပေသည်။  ထိုကာလလေးမှာ မကြာခင် အပြီးတိုင် ပျောက်ကွယ်သွားရပေတော့မည်။

တိုင်ဖေးမှာမူ တည်ငြိမ်နေ၏။ ဝေ့ဝူယင်နှင့် တစ်လတိုင်တိုင် အတူတူ နေခဲ့သည့်တိုင်၊ ဝေ့ဝူယင်ကို သူမ လေးစားသည့်တိုင် ချစ်ခဲ့ခြင်းတော့ မရှိပါချေ။ ဝေ့ဝူယင်မှာ ကောင်းပါသည်။ သို့သော်လည်း သူမ၌ ဘဝ တစ်ခု ရှိပြီး ဖြစ်သည်။ သူနှင့် အတူ နေထိုင်ခဲ့စဥ် အတွင်း သူမ ပျော်ခဲ့သည်။ ထိုမျှလောက်သာ...။

ဝေ့ဝူယင်က နွေးထွေးစွာ ပြုံးပြလိုက်၏။ ကျောက်စိမ်းဆုလာဒ်မြို့တွင် နေရသည်က အစစ အရာရာ ပြည့်စုံသော်လည်း အခြေချရန် သူ့တွင် စိတ်ကူး မရှိပါချေ။ သူ၏ ဆန္ဒများမှာ နောင်တမရှိစေပဲ ဘဝကို ဖြတ်သန်းမည်။ ကမ္ဘာကြီးကို ရှာဖွေမည်။  သူတော်စင်တို့၏ အဆင့်ကို တတ်စွမ်းသလောက် ရောက်အောင် ကြိုးစားမည်။ သို့ဖြစ်ရာ... သူဤမြို့မှ ထွက်ခွာရပေမည်။

“ငါ ဝူတိုင်းပြည်အနှံ့ ခရီးထွက်ဖို့ စဥ်းစားထားတယ်... ဘယ်နေရာတွေ အထိ ရောက်မလဲ ဆိုတာတော့ ငါလည်း မပြောတတ်ဘူး... ဒါပေမဲ့ မင်းတို့ နှစ်ယောက်ကိုတော့ ငါ ဘယ်တော့မှ မေ့မှ မဟုတ်ပါဘူး”

သို့သော်လည်း လေနှင်ရာ လွင့်တော့မည့် လူတစ်ယောက် အနေဖြင့် ထိုမိန်းကလေး နှစ်ယောက်အား ပြန်လည် တွေ့မြင်ရန်မှာ ခက်ခဲသွားပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိပေသည်။

ကျိုးနင်မှာ ဆို့နင်သထက် ဆို့နင့်လာခဲ့၏။ ယခုတစ်ကြိမ်က ဝေ့ဝူယင်ကို နောက်ဆုံး မြင်တွေ့ရခြင်းဟု သူ့ မသိစိတ်က သိနေသယောင်ပင်။

ဝေ့ဝူယင်မှာ နောက်ထပ် စကားများ မပြောတော့ပဲ ကျောခိုင်းလိုက်၏။ အနာဂတ်ကို မျှော်ကြည့်မိသော အခိုက်၌ သူ၏ ခြေလှမ်းများက ချုပ်နှောင်ခြင်း ကင်းကာ တက်ကြွလာသည်။

ကျိုးနင်မှာ သူ့နှလုံးသားထဲရှိ မြူမှုန်တစ်မှုန်မျှသာ ဖြစ်ပေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် စုမေ့၊ ပိုင်လင်တို့နှင့် အတူ ထွက်ခွာသွားလေတော့၏။

...

တစ်ပတ်ကြာပြီးနောက်...

ဝေ့ဝူယင်နှင့် စုမေ့တို့သည် ကျောက်စိမ်းကြာပန်းဂိုဏ်း နယ်မြေ အစွန်အဖျားသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူတို့သည် နယ်စပ်တစ်လျှောက် ပျံသန်းလာခဲ့ပြီး ကျောက်စိမ်းကြာပန်း နယ်မြေ၊ နေသွေးနီနီဂိုဏ်း နယ်မြေနှင့် အရိပ်ဝှက် နယ်မြေတို့ ဆုံရာသို့ ရောက်ရှိလာခဲ့သည်။

နားစွင့်ကြည့်ရသလောက် နေသွေးနီနီဂိုဏ်းမှာ ဝေ့ဝူယင်အား ရှာဖွေနေပုံ မရသလို တင်းကြပ်ထားခြင်းလည်း မရှိချေ။ သူ့အား ဝင်ထွက်ခွင့်ပင် ပြုထားပုံ ပေါ်သည်။ ဝေ့ဝူယင်သည် မဆိုင်းမတွပင် အရိပ်ဝှက် နယ်မြေဆီသို့ ပိုင်လင်အား ဦးတည်စေလိုက်၏။

အရိပ်ဝှက်နယ်မြေကား အခြားနယ်မြေနှစ်ခုနှင့် ခြားနားပေသည်။ ကျောက်စိမ်းကြာပန်း နယ်မြေနှင့် နေသွေးနီနီ နယ်မြေတို့မှာ သစ်တောများ၊ မြက်ခင်းလွင်ပြင်များ၊ ရေကန်ကြီးများ၊ တောင်တန်းများနှင့် ပြည့်နှက်နေသော ဒေသများ ဖြစ်ကြသည်။ သို့သော်လည်း ခြားနားစွာပင် အရိပ်ဝှက် နယ်မြေမှာ လုံးဝ လွင်တီးခေါင်ပြင် ဖြစ်သည်။

ဆိုရလျှင်... အရိပ်ဝှက် နယ်မြေ၏ နေရာအများစုမှာ ကျောက်တုံးများ၊ တောင်ကုန်းငယ်များနှင့်သာ ပြည့်နှက်နေသည်။ မြို့တော်များကို တောင်ကုန်းငယ်များ၏ ထိပ်များ၌ တည်ဆောက်ထားလေ့ ရှိရာ မြင်ကွင်းက အနည်းငယ်  ဆန်းကြယ်နေ၏။ မြေအနေအထား မညီညာမှုကြောင့် အဆောက်အဦများမှာ စောင်းလိုက်၊ တည့်လိုက် ဖြစ်နေသော်လည်း အတွင်းပိုင်းကိုမူ ညီညာအောင် ညှိထားဟန် ရကြသည်။

ထို့အပြင် ကြီးမားသော မြစ်များမှာ တောင်ကုန်းများထက်မှ စီးကျနေသည်ကိုလည်း မကြာခဏ တွေ့ရသည်။ ထိုအရာက ထူးခြားသည့် မြေမျက်နှာသွင်ပြင်ကြောင့် မဟုတ်ပဲ မြေအောက်ရေများကို ဝင်္ကပါများဖြင့် သွယ်ယူထားခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် နားလည်လိုက်သည်။ ထိုမြစ်များမှ ပါလာသည့် မြေသြဇာများဖြင့် တောင်ကုန်းများထက်တွင် စိုက်ပျိုးရေး လုပ်ငန်းကို ခပ်ကျဲကျဲ လုပ်ကိုင်နိုင်သည်။

ဝေ့ဝူယင်သည် အရိပ်ဝှက် နယ်မြေရှိ ကျင့်ကြံသူများ၏ တီထွင်ဖန်တီးမှု နည်းလမ်းများကို ကြည့်ကာ မအံ့သြပဲ မနေနိုင်အောင် ဖြစ်ရ၏။

“စစ်စေတီက ပါရမီတွေ၊ အကျိုးအမြတ်တွေကို ပေးစွမ်းနိုင်တဲ့ မှော်ဆန်ဆန် နေရာတစ်ခုလို့ ပြောကြတယ်”

စုမေ့သည် ဝေ့ဝူယင်၏ နံဘေးတွင် ထိုင်နေ၏။ သူတို့သည် မရပ်မနား ပျံသန်းနေခဲ့ကြပြီး အချိန် အများစုကို ကျင့်ကြံခြင်း၊ စကားပြောဆိုခြင်းများနှင့် ဖြုန်းတီးနေခဲ့ရသည်။

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။

“အင်း... စစ်စေတီက ငါ အရိပ်ဝှက်နယ်ကို လာရတဲ့ အကြောင်းပြချက်ပဲ... အဲဒါက ဘာမှ မရှိတဲ့ နေရာတစ်ခု ဖြစ်သလို သယံဇာတ အကြွယ်ဝဆုံး ဗိမာန်တစ်ခုလို့လည်း ပြောကြတယ်... နောက်ပြီး ဘယ်စွမ်းအားကမှ အဲဒါကို ထိန်းချုပ်လို့ မရဘူးတဲ့... အင်ပါယာဝူမျိုးနွယ်တောင်မှပေါ့”

အတိတ်ကာလ တစ်ခု၌ ဝူမျိုးနွယ်သည် စစ်စေတီကို လက်ဝါးကြီးအုပ်ရန် ကြိုးစားခြင်းမျိုး ရှိခဲ့ဖူးသည်။ သို့သော်လည်း ထိုအရာကပင် ဝူတိုင်းပြည် တစ်ခုလုံးကို ပြိုကျလုနီးပါး ဖြစ်သွားစေခဲ့သည်။ ချီပျစ်ခဲခြင်း အဆင့်ကို ကျော်လွန်နေသည့် ကြယ်တာရာ ဧကရာဇ်ကြောင့်သာ မဟုတ်လျှင် အင်ပါယာ ဝူမျိုးနွယ် ပျက်စီး၍ပင် သွားလောက်ချေပြီ။

နောက်ဆုံး၌ လူတိုင်းကို စစ်စေတီထဲ ဝင်ခွင့်ပြုရန် သူတို့ သဘောတူလိုက်ကြရ၏။ ထိုအရာက အင်ပါယာ ဝူမျိုးနွယ်ကို အရှက်ရစေခဲ့သည့် ကိစ္စတစ်ခုပင်။

ဝူမျိုးနွယ် တစ်ခုတည်းသာလျှင် မကချေ။ အခြား မရေမတွက်နိုင်သည့် အင်အားစု များစွာမှာ စစ်စေတီကြောင့် မြင့်တက်လာခဲ့ကြသလို စစ်စေတီကြောင့်ပင် ကျဆုံးခန်းများ ကြုံခဲ့ရသည်။ မရေမတွက်နိုင်သော စစ်ပွဲများစွာလည်း ဖြစ်ပွားခဲ့၏။

နောက်ပိုင်းတွင် စစ်စေတီအတွက် တရားမျှတသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် အတွက် အရိပ်ဝှက်နယ်ကို တည်ထောင်ခဲ့သည်။ ဒေသခံ  အင်အားစုများစွာမှာ မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းကာ စည်းမျဥ်းနှင့် တရား ဥပဒေများကို ချမှတ်ခဲ့လေသည်။ စစ်စေတီ ဖြစ်ပေါ်လာပုံကို မည်သူမျှ မသိကြသော်လည်း ထိုအရာက အံသြဖွယ် ကောင်းသည့် လူတိုင်းပိုင်ဆိုင်နိုင်သော အခွင့်အရေး တစ်ခု ဖြစ်ပေသည်။

နာရီပေါင်းများစွာ ကြာပြီးသည့်နောက်၌ စေတီကမ္ဘာထဲ သူတို့ ရောက်ရှိလာသည်။ စေတီကမ္ဘာဆိုသည်မှာ စစ်စေတီ၏ လွှမ်းမိုးမှု အဆုံးစွန် သက်ရောက်သော နေရာများကို နယ်ခြားစည်းဖြင့် တား၍ ခေါ်ဆိုထားခြင်း ဖြစ်သည်။

စုမေ့မှာ စိတ်လှုပ်ရှား လာခဲ့၏။ သူမသည် နာမည်ကျော် စစ်စေတီကို စိန်ခေါ်ရန် အတော်လေး ဆန္ဒပြင်းပြ နေခဲ့သည်။

“ပြောစကားတွေ အရဆိုရင် လူတစ်ယောက်က မအောင်မြင်မချင်း စစ်စေတီကို ကိုးကြိမ်တိတိ ဝင်ရောက်ခွင့် ပြုထားတယ်တဲ့... ဒါပေမဲ့ အောင်မြင်သွားရင် ဝင်လို့မရတော့ဘူး”

ထိုစည်းမျဥ်းက လောဘသားများ၏ အဆုံးမရှိ စိန်ခေါ်ခြင်း အန္တရာယ်ကို တားဆီးပေးထားသည်။

ဝေ့ဝူယင်က နှုတ်ခမ်းကို ကိုက်လိုက်၏။

“ဒီစေတီက ငါထင်ထားတဲ့ ဝင်ပေါက် မဟုတ်ဖို့ပဲ မျှော်လင့်တယ်”

စစ်စေတီအကြောင်း ဖော်ပြချက်များကို တွေးရင်း သူ အနန္တ စစ်တာအို နန်းတော်ကို ပြန်လည် တွေးတော နေမိခဲ့သည်။ သူနေရာတွင် သူ ဆေဘာရည်ရွယ်ချက်နှင့် အခြေတည် ဆေဘာဝိညာဥ် တစ်ခုကို ရရှိခဲ့ပေသည်။

အကယ်၍ သူ့အတွေးသာ မှန်နေပါက...

ထိုကဲ့သို့ ဖြစ်မလာရန်သာ ဝေ့ဝူယင် ဆုတောင်းနေမိတော့၏။

...

“ချီးပဲကွာ...”

ဝေ့ဝူယင်နှင့် ပိုင်လင်တို့သည် ဘုံကိုးဆင့် စေတီတစ်ခု၏ ရှေ့၌ ရပ်နေကြ၏။ ထိုစေတီကြီးကား ကြီးကျယ် ခမ်းနားကာ ရှေ့ဟောင်း အရောင်အဝါတို့နှင့် ပြည့်နှက်နေသည်။ ၎င်းက မြင်ရသူတိုင်း၏ စိတ်၌ ကြည်ညိုမှု တစ်ခု ကိန်းဝပ်လာအောင် စွမ်းဆောင်နိုင်စွမ်း ရှိ၏။ သို့သော်လည်း ထိုစေတီကို ကြည့်ရင်း ဝေ့ဝူယင်၏ အမူအရာမှာမူ ပို၍ အကျည်းတန် လာခဲ့လေသည်။

သူက ဖုန်များကို ကန်ထုတ်လိုက်၏။ တစ်ပတ်ကြာ မအိပ်မစားပဲ ထွက်လာခဲ့ရသော ခရီးမှာ မတန်သလို သူ ခံစားနေရသည်။

စုမေ့မှာ စေတီအတွင်း ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ ကြိုးစားသည့် အခါတွင်မူ စေတီမှာ တုန့်ပြန်မှု မရှိခဲ့ချေ။ အကြောင်းပြချက်ကား ထိုအရာမှာ ရွှေရောင်နို့နှစ်မြို့တော်ကလို ဝင်ပေါက်တစ်ခု ဖြစ်နေသောကြောင့်တည်း။ ဝင်ရောက်ကာ အောင်မြင်ပြီးသူများမှာ နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက်ရန် အခွင့် မရှိတော့ချေ။

ဂီး...

ပိုင်လင်က ဝေ့ဝူယင်၏ လက်ကို ခေါင်းဖြင့် အနည်းငယ် တိုးဝှေ့လိုက်၏။ သူမ၏ အရည်လဲ့နေသော ရွှေရောင် မျက်လုံးများက နယ်မြေကို စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်က လက်ကို ဝှေ့ယမ်းကာ သူမကို သွားခွင့်ပြုလိုက်၏။ ပိုင်လင်မှာ ရွှင်မြူးစွာ မြည်ကြွေးလိုက်ရင်း အပျော်ရှာဖွေရန် အတွက် ကောင်းကင်ကို ပျံတက်သွားလေတော့သည်။

“ဘာဖြစ်ဖြစ် စုမေ့ပြီးတဲ့ အထိတော့ ငါစောင့်ရမှာပဲ...”

ဝေ့ဝူယင်က ထိုင်ချလိုက်သည်။ သူ အလွန် ရောက်ချင်နေသည့် အထင်ကရ နေရာတစ်ခုကို ‌‌ရှေးမဆွကပင် သူ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ပျော်ရမလား ဝမ်းနည်းရမလား ဝေ့ဝူယင် မတွေးတတ်တော့ချေ။

...

စုမေ့သည် နေရာကူးပြောင်းခြင်း အစီအရင်မှ တစ်ဆင့် ဝင်ပေါက်ကို ဖြတ်ကျော်လာခဲ့၏။ သူမသည် ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ထိုနယ်မြေတစ်ခုလုံး၌  နန်းတော် တစ်ခုတည်းသာ ရှိ၏။ ကောင်းကင်မှာ ထင်ရှားစွာပင် အတုဖြစ်သည်။

“ဒါက စစ်စေတီထဲမှာလား...”

စစ်စေတီမှာ တံခါးပေါက် တစ်ခုမျှသာ ဖြစ်ကြောင်း သူမ မသေချာခဲ့ချေ။ စိတ်များကို ပြန်လည် စုစည်းကာ နန်းတော်ဆီသို့ သူမ ဦးတည်လိုက်၏။

တစ်ခဏမျှ လမ်းလျှောက်ပြီးနောက်၌ သူမ လှေကားထစ် ခြေရင်းကို ရောက်ရှိလာခဲံသည်။

“ကိုးဆယ့်ကိုးထစ်...”

လှေကားထစ်များကို သူမ ရေတွက်လိုက်၏။ ထိုအရာက အရှင်ဝေ့ ပြောဖူးသည့် အနန္တ စစ်တာအို နန်းတော် ဖြစ်နေသည်လော။

ပထမ လှေကားထစ်သို့ ခြေချလိုက်စဥ်မှာပင် သူမ အသံတစ်ခုကို ကြားလိုက်ရ၏။ ထို့နောက် အနီရောင် အရေပြား၊ အနီ‌ရောင် မျက်လုံး၊ အနီရောင် ဆံပင်တို့နှင့် လူပု အဘိုးကြီး တစ်ယောက် လေထဲတွင် ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကား သရဲ၊ တစ္ဆေကဲ့သို့ လေထဲတွင် ပေါလော မျောပါနေ၏။

လူပု အဘိုးအိုက ယန္တရားဖြင့် ဖန်တီးထားသည့် လေသံဖြင့်...

“အနန္တ ဖန်တီးခြင်းတာအို နန်းတော်ကနေ ကြိုဆိုပါတယ်... သင့်ရဲ့ တာအိုကို သင်ရွေးချယ် ရပါမယ်”

“ ... “

စုမေ့မှာ အနည်းငယ် မျက်မှောင်ကြုတ် သွား၏။ ဤနေရာက အနန္တ စစ်တာအို နန်းတော် မဟုတ်ဘူးလား...။ သူက သေချာပြန်၍ နောက်တစ်ခေါက် စဥ်းစားကြည့်လိုက်သည်။ ထိုအခါ အနည်းငယ် ကွဲပြားမှုများ ရှိနေသည်ကို တွေ့လိုက်ရ၏။ ဝေ့ဝူယင်ပြောသည့် လူပုအဘိုးအိုမှာ အပြာရောင် ဖြစ်သော်လည်း ဤလူပု အဘိုးအိုက အနီရောင် ဖြစ်သည်။

“သင့်ရဲ့ တာအိုကို ရွေးချယ်ပါ...”

အနီရောင် လူပု အဘိုးအိုက ထပ်ပြောလိုက်၏။

စုမေ့မှာ မည်ကဲ့သို့ ရွေးချယ်ရမည်ကို အစောတည်းကပင် စဥ်းစားထားခဲ့ပြီး ဖြစ်သည်။

“ရုပ်တာအို...”

သူမက မဆိုင်းမတွပင် ဖြေလိုက်၏။

“ရုပ်တာအို သုံးထောင်ထဲက ထပ်ပြီး ရွေးချယ်ပါ...”

“အမှောင်တာအို...”

“ကောင်းပြီ...”

အနီရောင် လူပု အဘိုးအိုမှာ ခေါင်းညိတ်ကာ ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် အသက်စွမ်းအင်များမှာ ဖိနှိပ်ခံလိုက်ရကာ လှေကားထစ် ကိုးထစ်မှာ အမှောင်မြူနှင်းများနှင့် ပြည့်နှက်သွားလေတော့၏။

စုမေ့၏ စိတ်ကား အလုံးစုံ တည်ငြိမ်နေသည်။ သူမက ပထမ ခြေလှမ်းကို လှမ်းလိုက်၏။ ဤသည်မှာ သူမ၏ ကိုယ်ပိုင် လမ်းစဥ်သို့ စတင်ခြင်း ဖြစ်လာပေလိမ့်မည်။

***

All Chapters