ထျန်းယိခန်းမ၏အောင်မြင်မှု
Vol. 80 Ch. 1128
အခန်း (၁၁၂၈) ထျန်းယိခန်းမ၏အောင်မြင်မှု
ရန်ကျောက်ကဲက နျဲ့ကျင်းရှန်ကို အလွန်တရာ ကျေးဇူးတင်မိသော်လည်း ရေကန်တစ်ထောင်နယ်မြေထက် ပိုမိုကောင်းမွန်ပြီး ကျင့်ကြံရန်အဆင်ပြေသည့် နေရာတစ်ခုတွင်နေထိုင်ရန် တိုက်တွန်းလိုက်သည်။
သို့သော် နျဲ့ကျင်းရှန်ကပင် ရန်ကျောက်ကဲအား ပြန်လည်နှစ်သိမ့်လိုက်သေး၏။
“အဆင်ပြေပါတယ်ကွာ... ငါ အဲဒီလိုမလုပ်ချင်ဘူး”
ထိုသို့ဆိုတော့ ရန်ကျောက်ကဲကလည်း သူ့ကို တိုက်တွန်းခြင်းအား ရပ်တန့်လိုက်သည်။
ပြီးမှ သူက ကိစ္စတစ်ခုအား ရုတ်တရက် သတိရသွားပြီး...
“ဂိုဏ်းတူအစ်ကို’နျဲ့’ ... ချန်ချန်းဟွာက အခု ဒဏ်ရာအပြင်းအထန်ရထားလို့ တစ်နေရာရာမှာ ပုန်းနေတယ် ၊ မင်းအနေနဲ့ သတိထားဖို့လိုတယ် ၊ အခန့်မသင့်ရင် သူက မင်းကိုပစ်မှတ်ထားပြီး ပြဿနာရှာတာမျိုး လုပ်လာနိုင်တယ်”
နျဲ့ကျင်းရှန်က ညင်သာသည့်လေသံဖြင့်...
“လာချင်ရင် လာစမ်းပါစေကွာ...”
သူက ဆက်ပြောသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ငါသူ့ကိုအနိုင်ယူဖို့ အခွင့်အရေးက ငါးဆယ် ငါးဆယ်ပဲရှိတယ် ၊ ဒီလိုရန်သူမျိုးက ငါ့အတွက် ဓားသိုင်းအတွေ့အကြုံရစေဖို့ အကျိုးရှိတယ်လေ”
ရန်ကျောက်ကဲက မချိပြုံးပြုံးလိုက်ရင်း...
“မဟုတ်ဘူး ဂိုဏ်းတူအစ်ကို’နျဲ့’ ... မင်း နားလည်မှုလွဲနေပြီ”
သူက ဆက်ပြောလိုက်သည်။
“ချန်ချန်းဟွာက မင်းကိုလက်စားချေဖို့လာမှမဟုတ်ဘူး ၊ သူ့ရဲ့ ခပ်ကြောင်ကြောင် ပျော်ရွှင်မှုတွေ ရှာဖွေဖို့အတွက် မင်းကို ပြဿနာလာရှာမှာကို စိုးရိမ်မိတာ...”
ချန်ချန်းဟွာက မူကောင်းကင်ကျမ်းစာတွင် အတော်လေး နက်နဲသော အောင်မြင်မှုများ ရရှိခဲ့သည်။ ထို့ကြောင့် ဤကမ္ဘာပေါ်ရှိ လူအများစု၏ အတိတ်နှင့်အနာဂတ်ကို တစ်ချက်ကြည့်ရုံဖြင့် ခန့်မှန်းနိုင်စွမ်း ရှိသည်။
ဟုတ်ပေ၏။
ချန်ချန်းဟွာက သဗ္ဗညုတဉာဏ်ရှင် မဟုတ်ပေ။ ထို့ကြောင့် ပစ်မှတ်ထားမည့်သူကို အတည်ပြုပြီးမှသာ သက်ဆိုင်ရာအချက်အလက်များကို စုစည်းပြီး အဖြစ်အပျက်များကို ခန့်မှန်းကြည့်နိုင်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ ဆန္ဒရှိနေသရွေ့ သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူများပင်လျှင် သူတို့၏လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားရန် ခက်ခဲလှသည်။
ထိုသို့သောအခြေအနေမျိုးတွင် သူ ခန့်မှန်းနိုင်ခြင်းမရှိသော ခြွင်းချက်ရှိသူအနည်းငယ်က ချန်ချန်းဟွာ၏စိတ်အာရုံကို ဆွဲဆောင်နိုင်သည်မှာ သဘာဝကျသည်။
ရန်ကျောက်ကဲအပြင် ထိုက်ယိဟွာတိမ်တိုက်ဖြင့် ကာကွယ်ပေးခြင်းခံထားရသော ရန်တိကိုလည်း ချန်ချန်းဟွာ ခန့်မှန်း၍ မရနိုင်ပေ။
ယခုလည်း ‘နျဲ့ကျင်းရှန်’ ထပ်မံထွက်ပေါ်လာပြန်ပေပြီ။
နျဲ့ကျင်းရှန်က “ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ” ပိုင်ဆိုင်သူ ဖြစ်သည်။
ပြီးတော့ ချန်ချန်းဟွာ တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာအား ရယူမည့်ကိစ္စမှာ နျဲ့ကျင်းရှန်ကြောင့် ပျက်ပြားသွားရသဖြင့် အတော်လေး မကျေမနပ် ဖြစ်နေပေလိမ့်မည်။
သို့ပေသိ ချန်ချန်းဟွာလိုလူမျိုးက နျဲ့ကျင်းရှန်အား လက်စားချေရန် စိတ်ဝင်စားမည်တော့ မဟုတ်ပေ။
ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာကြောင့် နျဲ့ကျင်းရှန်အား ခန့်မှန်းနိုင်ခြင်းမရှိသည်အတွက်သာ ချန်ချန်းဟွာက စိတ်ဝင်စားနိုင်ပေသည်။
နျဲ့ကျင်းရှန်သာ သူနှင့်ပတ်သက်ဆက်နွယ်သူမဟုတ်ပါက ချန်ချန်းဟွာ နျဲ့ကျင်းရှန်နောက်လိုက်သည်ကို ရန်ကျောက်ကဲက ပျော်ပျော်ကြီး ထိုင်ကြည့်နေပေမည်။ သို့သော် နျဲ့ကျင်းရှန်က သူနှင့် ရင်းနှီးသောမိတ်ဆွေဖြစ်နေလေရာ ရန်ကျောက်ကဲအနေဖြင့် သတိပေးရန် လိုအပ်သည်။
နျဲ့ကျင်းရှန် သဘောပေါက်သွားသည်။
“ဒါဖြင့် သူက လက်စားချေဖို့ထက် တခြားနေရာကနေ လျှို့ဝှက်ပြီး ဒုက္ခပေးနိုင်တယ်လို့ ဆိုလိုတာလား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ချန်ချန်ဟွာက သူပျော်ရွှင်ဖို့အတွက် သူများတွေနဲ့ ယှဉ်ပြိုင်ရတာကို သဘောကျတယ် ၊ သူလုပ်ချင်ရာကို လုပ်တယ်ဆိုတဲ့ သဘောပဲပေါ့”
“ဒါပေမဲ့ သူက ယှဉ်ပြိုင်ရတာသဘောကျပေမယ့် တိုက်ခိုက်ရတာတော့ သိပ်မကြိုက်ဘူး ၊ သူ သိုင်းစွမ်းမြင့်မားပေမယ့် တခြားသူတွေနဲ့တိုက်ခိုက်ဖို့ဆုံးဖြတ်တိုင်း သူစိတ်ကျေနပ်ပျော်ရွှင်ဖို့ပဲ အဓိကထားတာ ၊ တခြားကိစ္စအတွက်ဆိုရင်တော့ တိုက်ခိုက်မှာ မဟုတ်ဘူး”
ရကျောက်ကဲစကားကိုကြားတော့ နျဲ့ကျင်းရှန်က အလေးအနက် တွေးလိုက်ပြီး...
“သူက သာမန်သိုင်းကျင့်ကြံသူနဲ့ မတူဘူးလို့ ငါ ခံစားနေရတာ မအံ့သြတော့ပါဘူး”
သူတို့နှစ်ယောက် ခဏမျှ စကားပြောကြပြီးနောက် ရန်ကျောက်ကဲက ထိုက်စွေ့အလံရှည်အကြောင်း နျဲ့ကျင်းရှန်ထံ မေးမြန်းကြည့်လိုက်သည်။
နျဲ့ကျင်းရှန်က ခေါင်းခါယမ်းရင်း...
“အထက်ရပ် ‘ချန်’ ဒီရတနာပစ္စည်းကို ဘယ်ကရသလဲဆိုတာ ငါလည်း မသိဘူး”
ထို့နောက် သူက ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်...
“ဒါနဲ့ ထိုက်ပိုင်ဓားလည်း ရှိသေးတယ်ဆိုတာ သိလား”
ထိုက်ပိုက်ဓားဆိုသည်က အတိတ်တစ်ချိန်တုန်းက ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ ပြုလုပ်ထားသည့်ဓားတစ်လက်ဖြစ်သည်။ ခွန်လွန်အထင်ကရ (၉)ပါးနာမည်အောက်တွင် အလွန်ကျော်ကြားခဲ့သော ဓားတစ်လက် ဖြစ်၏။
ထို ထိုက်ပိုင်ဓားက သောကြာဂြိုဟ်စိုးမိုးခြင်းရှိပြီး နေမင်းကိုကိုယ်စားပြုသော ထူးကဲယန်စည်းတံဆိပ် ၊ လမင်းကို ကိုယ်စားပြုသော ထူးကဲယင်သရဖူ ၊ ကြဿပတေးဂြိုဟ်စိုးမိုးသော ထိုက်စွေ့အလံရှည်တို့ကဲ့သို့ အထက်ဘုံကမ္ဘာတွင် ကျော်ကြားသော နံပါတ် (၁)ဓားတစ်လက် ဖြစ်သည်။
ရန်ရှင်းထန်က ထိုဓားကို သူ၏တပည့်ဖြစ်သူ ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ထံ အပ်နှံခဲ့သည်။
ယွဲ့ကျန့်ပေ ဧကရာဇ်တစ်ပါးဖြစ်လာပြီးနောက် အဆင့်မြင့်အထွတ်ထိပ်အမှော်ဝင်ပစ္စည်များကို အသုံးမပြုတော့ပေ။ သို့သော် သူက ဆရာဖြစ်သူ၏ဓားကို အမှတ်တရ သိမ်းဆည်းထားပြီး သွားလေရာရာတွင် ယူဆောင်သွားလေ့ရှိသည်။
နျဲ့ကျင်းရှန်က...
“ဆရာက ထိုက်ပိုင်ဓားကို သေချာပေါက် ဆရာဦးလေး’ရန်’ ကို ပေးလိမ့်မယ် ၊ ဒါပေမဲ့ ဆရာဦးလေး’ရန်’ က နှစ်ဖက်သွားဓားမသုံးတော့ မင်းလက်ထဲပဲ ရောက်မယ်ထင်တယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ အခု ဆရာ ပြင်ပဗလာနယ်ထဲက ပြန်လာတဲ့အထိတော့ စောင့်ရလိမ့်မယ်”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“အဘိုးက ထိုက်ပိုက်ဓားကို ဆရာဦးလေး’ယွဲ့’ ကို ပေးထားပြီးပြီပဲ ၊ ကျောက်စိမ်းကျောက်ဆောင်က အဆက်အနွယ်တွေလက်ထဲမှာဆက်ထားဖို့ ပိုပြီး သင့်တော်ပါတယ် ၊ ဂိုဏ်းတူအစ်ကို’နျဲ့’ ကိုင်မယ်ဆိုရင် အသင့်တော်ဆုံးလို့ ထင်ပါတယ်”
နျဲ့ကျင်းရှန်က ခေါင်းခါယမ်းရင်း...
“ငါ့အတွက်ဆိုရင်တော့ မလိုပါဘူး”
သူက ဆက်ပြောသည်။
“ငါ ဓားသိုင်းပညာကို ဆရာ့ဆီက သင်ယူခဲ့ကတည်းက ကိုယ်ပိုင်ဓားတစ်လက် သန့်စင်ချင်ခဲ့တာ ၊ ထိုက်ပိုင်ဓားက ဓားကောင်းတစ်လက်ဆိုပေမယ့် ငါကတော့ ကိုယ်ပိုင်ဓားတစ်လက် ပြုလုပ်ရတာကို ပိုပြီး သဘောကျတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“မင်းက ငါသိတဲ့ဓားသိုင်းကျင့်ကြံသူတစ်ယောက်နဲ့ သိပ်တူတာပဲ”
နျဲ့ကျင်းရှန်က ထိုစကားကိုကြားတော့ မေးခွန်းထုတ်ဟန်ဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။
ရန်ကျောက်ကဲက...
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက လုန်ချွမ်ဧကရာဇ်နဲ့ ရွှမ်ဟွမ်ဧကရီရဲ့တတိယသား လုန်ရွှယ်ကျီးလေ... အင်း... အထက်ဘုံကမ္ဘာမှာတော့ သူ့ကို ရှောင်ကျန့်နတ်ဓားရှင် ‘ချန်ရွှယ်ကျီး’ လို့ လူသိများကြတယ်”
ထိုစကားကြားတော့ နျဲ့ကျင်းရှန် ခေါင်းညိတ်လိုက်သည်။
“နောက်ပိုင်းမှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သွားရောက်လည်ပတ်ဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်ပါတယ်”
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ သွားရောက်ရန်က ရှားပါးအခွင့်အရေးတစ်ခု လိုအပ်သည်ပင်။
တစ်ချိန်က ဂိုဏ်းတူညီအစ်ကိုများဖြစ်ကြသော ရန်ရှင်းထန်နှင့် လုန်ရှင်းချွမ်တို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ သွားရောက်ပြီး စိန်ခေါ်ခဲ့ကြသည်။ ထိုစဉ်က အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကြား ဆက်ဆံရေးက ယခုကဲ့သို့ ဆိုးဆိုးရွားရွားမဖြစ်သေးလေရာ နှစ်ဦးနှစ်ဖက် ပညာပြိုင်ခြင်းသာလျှင် ဖြစ်သည်။
နျဲ့ကျင်းရှန်က သူ၏ ဆရာဘိုးဘိုးဖြစ်သူ ‘ရန်ရှင်းထန်’ ၏ လုပ်ရပ်ကို အတုယူမည်ဆိုလျှင် ဆန့်ကျင်ဘက်ဖြစ်နေသည့်အခြေအနေများအလယ်တွင် ယမ်းပုံမီးကျသကဲ့သို့ လောင်ကျွမ်းသွားစေနိုင်သည်။
လက်ရှိအခြေအနေအရ အထက်ဘုံကမ္ဘာမှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ လွတ်လပ်စွာ သွားရောက်လည်ပတ်နိုင်သူဆို၍ ရန်ကျောက်ကဲတို့ သားအဖ နှစ်ယောက်သာ ရှိသည်။
နျဲ့ကျင်းရှန်နှင့် စကားပြောဆိုပြီးနောက် ရန်ကျောက်ကဲ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ ထွက်ခွာပြီး အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။
သူက ခွန်လွန်တောင်သို့ ချက်ချင်းမသွားဘဲ ကျွင်းထျန်းကောင်းကင်ပြည်နယ် အရှေ့ပိုင်းဒေသရှိ တိမ်မျှင်ချိတ်ဆက်တောင်တန်းသို့ ထွက်ခွာလာခဲ့သည်။
တိမ်မျှင်ချိတ်ဆက်တောင်တန်းတွင် ‘လေမိုးကြိုးအိမ်တော်’ တည်ရှိလေည်။
ရန်ကျောက်ကဲရောက်လာသည်နှင့် လေမိုးကြိုးအိမ်တော်သခင် ‘ဟန်ရှန်းတာ့’ ကိုယ်တိုင် လာရောက်ကြိုဆို နှုတ်ဆက်သည်။
ရန်ကျောက်ကဲအား အိမ်တော်အတွင်း ဖိတ်ခေါ်ပြီးနောက် ဟန်ရှန်းတာ့က စကားဆိုသည်။
“’ရန်’ သခင်လေး ဖြစ်စေချင််တဲ့အတိုင်း သတင်းတွေ ဖြတ့်လိုက်ပါပြီ ၊ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်အတွင်းမှာတော့ ထျန်းကျိခန်းမအကြောင်း အတော်လေး သိနေကြပြီ ၊ တခြား နယ်မြေ (၈)ခုမှာလည်း သတင်းတွေ ပျံ့နှံ့နေပါပြီ”
‘ထျန်းကျိခန်းမ’ ဆိုသည်က ရန်ကျောက်ကဲ ဆုံးဖြတ်ခဲ့သော အမည်ဖြစ်သည်။ သူက ယခင်ကပင် လေမိုးကြိုးအိမ်တော်ကို သတင်းပေးခဲ့ပြီး သူတို့တွင်ရှိသမျှ သက်ဆိုင်ရာလမ်းကြောင်းအားလုံးအတိုင်း ဖန်တီးပေးပါရန် တောင်းဆိုထားခဲ့သည်။
ခန်းမတည်ဆောက်မည့်နေရာကိုလည်း အရင်ကတည်းကပင် ဆုံးဖြတ်ပြီးသားဖြစ်ပြီး ယခုဆိုလျှင် ပြီးစီးလုနီးပါးအခြေအနေ ရောက်နေပြီ ဖြစ်၏။
ဟုတ်ပေ၏။
ထျန်းကျိခန်းမ တည်နေရာက တိမ်မျှင်ချိတ်ဆက်တောင်တန်းတွင် မတည်ရှိပေ။ ထျန်းကျိခန်းမကို လေမိုးကြိုးအိမ်တော်နားတွင် တည်ဆောက်မည်ဆိုပါက အတော်လေး လူစည်ကားနေပေလိမ့်မည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အိမ်တော်သခင် ‘ဟန်’ ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ်”
သူက ဆက်ပြောသည်။
“အခုတလော အတော်လေး အလုပ်ရှုပ်နေတဲ့အတွက် အချိန်တွေလည်း ကြန့်ကြာနေခဲ့တယ် ၊ ဒါပေမဲ့ ရတနာပစ္စည်း ပထမအသုတ်ကတော့ မကြာခင် ထုတ်လုပ်ပါတော့မယ်”
ဟန်ရှန်းတာ့နှင့် လေမိုးကြိုးအိမ်တော်မှ သိုင်းကျင့်ကြံသူများက “ရွှေခန္ဓာမိုးကြိုး” ကို အလွန်လိုချင်နေပြီဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။
သူတို့ အလွန်စိတ်အားထက်သန်ပြီး ဝီရိယရှိရှိ အလုပ်လုပ်နေသည့်အကြောင်းရင်းမှာ ရန်ကျောက်ကဲထံမှ ရွှေခန္ဓာမိုးကြိုး အမြောက်အမြား ရယူလိုသောကြောင့် ဖြစ်၏။
လေမိုးကြိုးအိမ်တော်က လက်နက်ပြုလုပ်ရာတွင် အလွန်ကျွမ်းကျင်သော်လည်း ကျင့်ကြံခြင်းက ရှေ့မဆက်နိုင်ဖြစ်နေရသည်။ ထို့ကြောင့် သူတို့က ကျင့်ကြံခြင်းနှင့်သက်ဆိုင်သည့် ရွှေခန္ဓာမိုးကြိုးကို တောင့်တနေကြခြင်း ဖြစ်၏။
ဟန်ရှန်းတာ့က ပြုံးလိုက်ရင်း...
“’ရန်’ သခင်လေး အလုပ်များတယ်ဆိုလည်း အရေးကြီးတဲ့အလုပ်ကို အရင်ဦးစားပေးလို့ ရပါတယ် ၊ ဒီအဘိုးကြီးကတော့ ကနဦးအဆင့် လိုအပ်တဲ့အရာတွေအားလုံး အမှားမယွင်းမရှိအောင် သေချာလုပ်ပေးထားပါတယ်”
သူက ဆက်ပြောသည်။
“ဒါနဲ့... ‘ရန်’ သခင်လေး ခန်းမဖွင့်ပွဲအတွက် တိကျတဲ့ရက်များ သတ်မှတ်ပြီးပြီလားဆိုတာ သိချင်မိတယ်”
ရန်ကျောက်ကဲက ခဏမျှ တွက်ချက်ပြီး...
“အနည်းဆုံး နှစ်ဝက် ၊ အများဆုံးတစ်နှစ်ပေါ့...”
ထိုစကားကြားတော့ ဟန်ရှန်းတာ့က ခဏမျှ တုံ့ဆိုင်းသွားပြီး...
“အိုး... ‘ရန်’ သခင်လေး... မလိုတော့ဘူးပဲ ၊ ဒါပေမဲ့ အရမ်းအချိန်ဆွဲလိုက်ရင်တော့ လူတွေက သိပ်ပြီးအာရုံစိုက်မှာ မဟုတ်တော့ဘူး”
ရန်ကျောက်ကဲကပြုံးရင်း...
“ကိစ္စမရှိပါဘူး ၊ ခင်ဗျားပြောသလိုဆိုရင် အခု အားလုံးက စိတ်ဝင်စားနေကြတဘ်မဟုတ်လား ၊ ပိုပြီး စိတ်ဝင်စားလာဖို့ပဲ ရှိပါတယ်”
သူက ဆက်ပြောသည်။
“အခြေအမြစ်မရှိမှာကို အိမ်တော်သခင်က စိတ်ပူနေတာမဟုတ်လား ၊ အဲဒီအတွက် ဒီ ‘ရန်’ က စီစဉ်ထားပြီးသားပါ ၊ လူတွေ အာရုံစိုက်တာ ပျက်မသွားအောင် နည်းနည်းလောက် မွှေနှောက်ပေးဖို့တော့ လိုအပ်တာပေါ့”
ဟန်ရှန်းတာ့က ခေါင်းညိတ်ရင်း...
“ဒီကိစ္စနဲ့ပတ်သက်ပြီး ‘ရန်’ သခင်လေးမှာ ကိုယ်ပိုင်အကြံအစည်ရှိတယ်ဆိုရင်တော့ ဒီအဘိုးကြီး ပြောမနေတော့ပါဘူး ၊ အနာဂတ်မှာ ထျန်းကျိခန်းမ အကြီးအကျယ် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်”
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“သေချာပေါက် အောင်မြင်ရမှာပေါ့ဗျာ...”
ဟုတ်ပေ၏။
ဟန်ရှန်းတာ့တို့အုပ်စု ထင်မထားလောက်အောင်ပင် အံ့မခန်း အောင်မြင်မှုရရှိမည်မှာ အမှန်ပင် ဖြစ်တော့သည်။