← Chapters

ဖမ်းဆီးမှု

Vol. 7 Ch. 96

ဖမ်းဆီးမှု

Vol. 7 Ch. 96

ပိုင်လင်သည် ကောင်းကင်တွင် လွတ်လပ်စွာ ပျံသန်းနေ၏။ သူမသည် တောင်ပံများကို ခပ်ရင်း ခန္ဓာကိုယ်အား ချာလည်လှည့်ကာ လေဟုန်စီးနေခဲ့သည်။ ဝေ့ဝူယင်နှင့် စုမေ့တို့ကို ကျောထက်တင်ထားစဥ်တွင် သူမ ထိုကဲ့သို့ စိတ်ကြိုက် မပျံသန်းခဲ့ရချေ။

ထိုအခိုက်အတန့်၌ သူမကား ကောင်းထက်ထက်တွင် ရွှေရောင် အမြီး၊ ရွှေရောင် နှုတ်သီး၊ အဖြူရောင် အမွေးအတောင်များနှင့် လှချင်တိုင်း လှပနေခဲ့တော့သည်။

အောက်ဘက်ရှိ လူများမှာ ပိုင်လင်အား လက်ညိုးထိုးရင်း လှပတင့်တယ်မှု အကြောင်း အံ့သြဘနန်း ချီးမွမ်းခံ ဖွင့်နေကြသည်။ ပိုင်လင်သည် ထိုအကြည့်များကို ပျော်ရွှင်နေဟန် ရကာ သူမ၏ ယုံကြည်ချက်များမှာလည်း ပိုမို မြင့်တက်လာနေခဲ့သည်။

ဝေ့ဝူယင်နှင့် ဝေးကွာခဲ့သော နေ့ရက်များ၌ သူမသည် အဖမ်းခံရမည်ကို စိုးရွံ့ကာ အမြဲလိုလို သေဝပ်စွာ နေခဲ့ရသည်။ သို့သော်လည်း ယခုတွင်မူ သေမျိုးနတ်ဘုရားများကိုပင် သူမ သတ်ဖြတ်နေနိုင်ခဲ့ပြီ ဖြစ်သည်။ သူမ၏ ဉာဏ်ရည်ဉာဏ်သွေးမှာလည်း တိုးတက်လာကာ ခွန်အားနှင့် အောင်မြင်မှုတို့၏ အဓိပ္ပာယ်ကို အတော်အသင့် နားလည်လာခဲ့သည်။

ယခုဆိုလျှင် သူမကို စွမ်းအားရှင် တစ်ဦးဟုပင် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာမူ မည်သူ့ကိုမျှ မကြောက်သည့် အထွတ်အထိပ် စွမ်းအားရှင် ဖြစ်သည်။ ကျောက်စိမ်းကြာပန်းဂိုဏ်းတွင် ပြခဲ့သော သူ၏ မာနတရားနှင့် ‌မောက်မာမှုတို့က သူမ၏ နှလုံးသားတွင် နက်ရှိုင်းစွာ အမြစ်တွယ်ကာ ဂုဏ်ယူမှုတစ်ခု အဖြစ် ရှိနေဆဲ ဖြစ်သည်။

ဂီး...

သူမက မြစ်တစ်စင်းကို သတိထားမိကာ ကမ်းစပ်တွင် ဆင်းသက်လိုက်၏။ ကြည်လင်သော ရေ၌ ပုံရိပ်ထင်နေသည့် လှပသော ကြိုးစားကို သူမ မြင်တွေ့လိုက်ရသည်။ ရွှေရောင် မျက်လုံးများနှင့် နှုတ်သီးတို့မှာ အလွန်ပင် ကြည့်ကောင်းလှကာ အမွေးအတောင် တစ်ခုချင်းစီမှာလည်း အစွမ်းကုန် ဖြူစင်ခြင်းတို့၏ အဓိပ္ပာယ်ကို ဖော်ကျူးနေ၏။ ဖုန်မှုန့် သို့မဟုတ် အမည်းစက် တစ်ခုတစ်လေပင် ရှိမနေခဲ့ပါချေ။

သူမ အလှတရားကို ကြည့်၍ ကြည်နူးနေစဥ်မှာပင် နောက်မှ ပျော့ပျောင်းသော ခြေသံအချို့ကို ကြားလိုက်ရ၏။ ပိုင်လင်မှာ ချက်ချင်းပင် သတိဝင်သွားသည်။ သို့သော်လည်း ထိုအခိုက်၌ သူမမှာ စိတ်ကြီးဝင်နေလေရာ မသိကျေးကျွန်ပြု၍ မြေရေကိုသာ နှုတ်သီးဖြင့် ခပ်သောက်လိုက်၏။

“စတော့...”

စွမ်းအား၊ အာဏာနှင့် ပြည့်နှက်နေသည့် အသံတစ်ခုမှာ ကြမ်းတမ်းစွာ ထွက်ပေါ်လာသည်။ အရပ်ရှည်ကာ တစ်ကိုယ်လုံး ကြွက်သားများနှင့် ပြည့်နှက်နေသော လူကြီးမှာ သတ္တုပိုက်ကွန်ကြီးကို သယ်ဆောင်ကာ ကျောက်တုံး တစ်ခု၏ နောက်မှ ပြေးထွက်လာ၏။

သူ တစ်ယောက်တည်းသာလျှင် မဟုတ်ချေ။ လက်နှစ်ဖက်ကို ချိပ်တံဆိပ် စည်းသဏ္ဌာန်ဟန် ယူထားသည့် ပုံရိပ်တစ်ခုမှာလည်း လေထဲသို့ တိုးဝင်လာ၏။

ရေကျင့်စဥ်... စမ်းရေချည်နှောင်ခြင်း

ဘုန်း... ဘုန်း... ဘုန်း...

ပိုင်လင် သောက်နေသည့် မြစ်ရေပြင်တွင် အသေးစား ပေါက်ကွဲမှု နှစ်ဆယ်မှာ တစ်ကြိမ်တည်း ဖြစ်ပေါ်လာ၏။ ပေါက်ကွဲသည့် နေရာတစ်ခုချင်းစီမှ ပေငါးဆယ်ခန့် အရှည်ရှိသည့် ရေကြိုးကြီးများ ထွက်ပေါ်လာကြ၏။ ထို‌ရေကြိုးကြီးများမှာ လျှင်မြန်စွာပင် လှုပ်ရှားကာ ပိုင်လင်၏ အတောင်ပံ၊ လည်ပင်းနှင့် ခြေထောက်များကို ရစ်ပတ်လိုက်ကြသည်။

ထိုဖြစ်စဥ်တစ်ခုလုံးကား အလွန် လျှင်မြန်လှရာ ပိုင်လင်မှာ တုန့်ပြန်ရန် အချိန်ပင် မရပဲ ချက်ချင်း ချည်နှောင်ခံလိုက်ရ၏။ ထို့နောက်တွင် ပိုက်ကွန်မှာ သူမ အပေါ် ပြုတ်ကျလာသည်။

ပိုင်လင်မှာ ဒေါသထွက်သွား၏။ သို့သော်လည်း သူမ၏ လှပသော ရွှေရောင် မျက်လုံးများမှာ အထင်အမြင် သေးခြင်းတို့နှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

သည်လူများကား လွန်လွန်ကဲကဲ အတင့်ရဲလွန်းသည်။ ပညာပြန်ပေးရမှ သူမ ကျေနပ်မည်။

ဝှစ်...

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင် မီးတောက်များနှင့် ပြည့်နှက်လာ၏။ ချက်ချင်းပင် ရေကြိုးများမှာ အငွေ့ပျံကာ ပျောက်ကွယ်သွားကြသည်။ သတ္တုပိုက်ကွန်မှာလည်း ချက်ချင်းပင် အရည်ပျော်ကျ သွား၏။ ထို့နောက် သူမက အတောင်ပံများကို ခတ်ရင်း လေပြင်းမုန်တိုင်း တစ်ခုကို ဖန်တီးကာ တိုက်ခိုက်လာသူများကို တွန်းထုတ်ပစ်လိုက်သည်။

“ချီးပဲ...”

ရေကျင့်စဥ်ကို ဖော်ထုတ်ခဲ့သည့် လေထုမှ ကျင့်ကြံသူမှာ အရှိန်မထိန်းနိုင်ပဲ လေပြင်းနှင့် အတူ လွင့်စဥ်ကာ ပြုတ်ကျသွား၏။ ပိုက်ကွန်နှင့် တစ်ယောက်မှာမူ ပိုင်လင်နှင့် အလွန်နီးကပ်နေရာ ရွှေရောင် မီးတောက်များ၏ ဝါးမျိုမှုကို ခံရကာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားသည်။

ဂီး...

ပိုင်လင်က အမွေးအတောင်များကို ဖြန့်ကာ ခါလိုက်ရင်း တွန်သံတစ်ချက် ပေးလိုက်၏။ သူမ၏ မျက်လုံးများမှာ မထေမဲ့မြင်မှုများဖြင့် ပြည့်နှက်နေသည်။

ရွှစ်...

ရုတ်တရက် လေတိုးသံလို အသံတစ်ခု ထွက်ပေါ်လာ၏။ ပိုင်လင်က လှည့်ကြည့်လိုက်ရာ အပ်တစ်စင်း တိုးဝင်လာသည်ကို တွေ့မြင်လိုက်ရသည်။ သို့သော် ထိုအပ်၏ ကံကြမ္မာမှာလည်း သတ္တုပိုက်ကွန် ကဲ့သို့ အရည်ပျော်ခြင်းဖြင့် အဆုံးသတ် သွားရလေ၏။

သူမနှင့် မလှမ်းမကမ်း တစ်နေရာတွင်မူ မိန်းမ တစ်ယောက် ရှိသည်။ ထိုမိန်းမ၏ မျက်လုံးများမှာ ပိုင်လင်ကို ကြည့်က ထိတ်လန့် အံ့သြနေဟန်ရ၏။

“မီးလျှံတားဆီးအပ်တောင် အသုံးမဝင်ဘူးလား...”

ထိုအပ်ကား မြင့်မားသော အပူချိန်ကို ထုတ်လွှတ်နိုင်စွမ်း ရှိသည့် မီးအနွယ်ရင် သားရဲများနှင့် ရင်ဆိုင်ရန် အထူး ပြုလုပ်ထားခြင်း ဖြစ်သည်။

ဂီး...

ရန်သူမှာ အမျိုးသမီး တစ်ယောက် ဖြစ်သည် ဆိုသော အကြောင်းပြချက်ကြောင့် ပိုင်လင်မှာ ညှာတာခြင်း မပြု‌ချေ။ ရွှေရောင်အလင်းတန်းများမှာ သူမ၏ မျက်ဝန်း၌ စုစည်းလာကာ မျက်စိတ်တစ်မှိတ် အတွင်း ထွက်ခွာသွား၏။ ထိုမိန်းမကား မည်သို့မျှ လှုပ်ရှားခြင်း မပြုနိုင်ခင်မှာပင် ပြာအဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားရတော့သည်။

“ငါတို့က သားရဲထိန်းချုပ်ခြင်းဂိုဏ်းကပဲ... ရွှေရောင်ဖီးနစ် သစ်သီးကို စားထားတဲ့ နင့်လို သာမန် ကြိုးကြာလေး တစ်ကောင်က ငါတို့ ဖမ်းဆီးတာကို ခုခံရဲတယ်ပေါ့”

လူအိုကြီး တစ်ယောက်မှ ဆင်းသက်လာ၏။ သူသည် လိမ္မော်ရောင် ဝတ်စုံကို ဆင်မြန်းထားကာ ရှူးပျံ တစ်ကောင်ကို စီးနင်းထားသည်။

ပိုင်လင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ ထိုလူအိုကြီး၏ အရောင်အဝါမှာ အတော်လေး သန်မာလှသည်။ သူမသည် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိသည့်တိုင် ပြိုင်ဘက်ကင်းဟုတော့ သတ်မှတ် မထားပါချေ။ ချက်ချင်းပင် ဝေ့ဝူယင်ထံ ပြန်ပြေးရန် သူမ ဆုံးဖြတ်လိုက်၏။

ကံမကောင်းစွာပင် နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။

သွေးမျိုးဆက် မီးလျှံ နှိမ်နင်းခြင်း ဝင်္ကပါ...

“ဝင်္ကပါ အသက်ဝင်စမ်း...”

သူမသည် ဘေးပတ်ပတ်လည်မှ များစွာသော အော်ဟစ်သံများကို တစ်ပြိုင်နက်တည်း လိုလို ကြားလိုက်ရ၏။ အလွန်တရာ တောက်ပလှသော လိမ္မော်ရောင် မျှော်စင်များမှာ သူမ၏ ဘေးပတ်ပတ်လည်တွင် မြင့်တက်လာလေ၏။ သူမ၏ နှလုံးသားမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက် လှောင်ပိတ်သွားသည်။ ယခုအချိန်၌ လွတ်မြောက်ရန်က ပထမ ဦးစားပေး ဖြစ်သွားပြီ ဖြစ်သည်။

ဆက်လက် မတုန့်ဆိုင်းတော့ပဲ ပိုင်လင် ရွှေရောင် မီးတောက်များကို ဖြန့်ကျက်ကာ ကောင်းကင်သို့ ပျံတက်လိုက်၏။ သို့သော်လည်း လူအိုကြီးက နှာခေါင်းတစ်ချက် ရှုံ့ကာ လက်ဟန် တစ်ခုကို ဖော်ထုတ်လိုက်သည်။ ထိုအခါ လောကကြီးမှာ စတင်ကာ တုန်ရီလာလေ၏။

ဝိညာဥ် အစီအရင်... သားရဲစိတ် ပဲ့တင်သံ...

အဆက်မပြတ် ပဲ့တင်ထပ်နေသည့် အော်ဟစ်သံများက စိတ်အတွင်း ဖြစ်ပေါ်လာကာ ပိုင်လင်၏ အာရုံများကို ရိုက်ချိုးသွား၏။ ပိုင်လင်မှာ မူးဝေသွားသလို ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်ရှိ ရွှေရောင် မီးတောက်များမှာ အနည်းငယ် မှိန်ဖျော့သွားကာ ရွှေရောင် အလင်းတန်းများမှာလည်း စွမ်းအား ကျဆင်းသွား၏။ သူမကား တစ်ခါမျှ ယခုလောက် ဖိနှိပ်ခြင်းမျိုးကို မခံခဲ့ရချေ။

ဂီး...

ဝေ့ဝူယင် ကြားလို့ ကြားငြား သူမက အသံကုန် အော်ဟစ်လိုက်သည်။ ကံဆိုးစွာပင် သူမ စစ်စေတီနှင့် အတော်ဝေးအောင် ပျံသန်းလာခဲ့မိသည်။

သူမ မသိလိုက်ခင်မှာပင် လူအိုကြီးမှာ သူမ၏ နံဘေးသို့ ရောက်လာကာ မျက်လုံး၊ နှုတ်သီးတို့နှင့် တွဲလျှက် သံကိရိယာတစ်ခုအား လည်ပင်း၌ ချည်နှောင်လိုက်လေသည်။ သူမ မမြင်နိုင်တော့သလို ကြားလည်း မကြားနိုင်တော့ချေ။ မကြာခင်မှာပင် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အစီအရင်များ၊ အချုပ်အနှောင်များနှင့် ပြည့်နှက်သွားလေတော့၏။

“ထွားကြိုင်းလိုက်တဲ့ အ‌ကောင်ကြီး...”

လူအိုကြီးက ကျေနပ်စွာ ပြုံးလိုက်၏။ ဆုံးရှုံးမှုများနှင့် ယှဥ်ပါက ယခုပြန်ရလိုက်သော အရာမှာ တန်သည်ဟု ဆိုနိုင်ပေသည်။ ဤကြိုးကြာသည် ရွှေရောင်ဖီးနစ်သစ်သီးကို စားသုံးကာ ဖီးနစ် သွေးမျိုးဆက်ကို နှိုးထနိုင်ခဲ့သည်။ သူမ ဘိုဘွား နိုးကြားခြင်း ဖြစ်စဥ် အထိ မရောက်သေးသည်မှာ ကံကောင်းလှသည်။ မဟုတ်လျှင် သူတို့ အားလုံး သေဆုံးကုန်လိမ့်မည် ဖြစ်သည်။

အရပ်ပုပု၊ ဂင်တိုတိုနှင့် တောင့်တင်းသော လူငယ် တစ်ယောက်မှာ အကြီးအကဲ တစ်ဦးနားသို့ ချဉ်းကပ်လာ၏။ သူ၏ မျက်လုံးများက ရွှင်မြူးကာ စိတ်လှုပ်ရှားနေပုံ ရလေသည်။

“အကြီးအကဲခိုင်... ဒီသားရဲမှာ ဝိညာဥ် အမှတ်အသား မရှိသေးဘူးဗျ... ကျုပ်တို့ ကံကောင်းတာပဲ”

ဝိညာဥ် အမှတ်အသားဆိုသည်မှာ သားရဲများကို ကျွန်ပြုရန်၊ ခိုင်းစေရန် အသုံးပြုရသည့် အစီအရင် တစ်ခု ဖြစ်သည်။ သို့သော်လည်း ပိုင်လင်မှာ နေသွေးနီနီဂိုဏ်း၌ မွေးဖွားလာသူ ဖြစ်ပြီး ဝေ့ဝူယင်ထံသို့ ငယ်စဥ်ကတည်းကပင် ရောက်ရှိခဲ့သူ ဖြစ်ရာ ဝိညာဥ် အမှတ်အသား မလိုအပ်ခဲ့ချေ။

“ဟုတ်ပါ့ကွာ... အတော်လေး ကံကောင်းတယ်... ရှင်းတိုင်းပြည်မှာ တွေ့ရတယ်လို့ သတင်းကြားရတည်းက ငါတို့ဒီသားရဲကို ရှာနေခဲ့တာ... နောက်ဆုံး တွေ့ချင်တော့ ငါတို့ရဲ့ ပိုင်နက် အရိပ်ဝှက်နယ်မြေထဲမှာ လာဖြစ်နေတယ်... ဟားဟား...”

အကြီးအကဲခိုင်က ရယ်မောလိုက်ရာ အခြားလူများမှာလည်း အပျော်များ ကူးစက်သွားကြ၏။

“ဟုတ်တယ်ဗျို့... ဘိုးဘွားနိုးကြားခြင်း အတွက် အလားအလာ ရှိတဲ့ သားရဲ တစ်ခုကို ခုလို ရှာတွေ့လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... ကောင်းကင်က ကျုပ်တို့ကို မစတာပဲ”

သူတို့အားလုံး ပျော်ရွှင်နေကြပေသည်။

“ကဲကဲ... ဂိုဏ်းကို ပြန်ကြမယ်ဟေ့”

တစ်ခဏ အကြာ၌ သူတို့ကား ပိုင်လင်ကို ဂိုဏ်းဆီ ခေါ်ဆောင်သွားရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်လေတော့သည်။

သားရဲ ထိန်းချုပ်ခြင်း ဂိုဏ်းသားများသည် ပိုင်လင်ကို ကြီးမားသော စတုဂံ ပုံစံ ယဥ်တစ်ခုပေါ်တင်လိုက်ကြ၏။ ထို့နောက် ဆွဲသူဆွဲ၊ တွန်းသူတွန်း၊ ချီဖြင့် ကူညီသူက ကူညီဖြင့် ထိုနေရာမှ ထွက်ခွာသွားကြလေတော့သည်။

...

မိနစ်အနည်းငယ် အစောပိုင်း၌...

ဝေ့ဝူယင်သည် စစ်စေတီ အရှေ့၌ ထိုင်ရင်း စုမေ့ ထွက်အလာကို စောင့်ဆိုင်းနေခဲ့၏။ ဤခရီးမှာ ထင်သလောက် မပေါက်သဖြင့် သူ စိတ်ပျက်နေ‌သော်လည်း တစ်ချိန်တည်း၌ စုမေ့အတွက် ဝမ်းသာနေမိပါသည်။ ထိုကလေးမကား ပင်ကိုယ် ပါရမီ အလွန်ကောင်းသူ တစ်ယောက် ဖြစ်သည်။

သူ စုမေ့ထက် ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားနေရခြင်းမှာ အခွင့်အရေးများ၊ ကံကောင်းမှုများကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ပါရမီအားဖြင့် သူတို့ နှစ်ယောက်မှာ မကွာခြားလှချေ။ ထိုအရာက မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ... သူကတော့ ထိုကဲ့သို့ ယုံကြည်သည်။

“ဟမ်...”

ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများမှာ ပိုင်လင် ပျံသန်းသွားသည့်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ မျက်ခုံးများက အလယ်၌ စုသွားကာ ဝိညာဥ်အာရုံမှာ ဖြန့်ကျက်သွားသည်။

နတ်ဘုရား အရှင် တစ်ပါး အနေဖြင့် သူ၏ ဝိညာဥ်အာရုံမှာ မခန့်မှန်းနိုင်သော အဆင့် တစ်ခုသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ချီပျစ်ခဲခြင်း အဆင့်ရှစ်သို့ ခြေချခါစ၌ သူသည် ပတ်ဝန်းကျင် ခြောက်ဆယ့်ခြောက် ကီလိုမီတာကို ရှင်းလင်းစွာ တွေ့မြင်နိုင်စွမ်း ရှိလာခဲ့သည်။ ယခုတွင်မူ သူ၏ ဝိညာဥ်အာရုံကို ကီလိုမီတာတစ်ရာ ပတ်လည်ကိုပင် ထိတွေ့နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်၏။

အနည်းငယ် အားစိုက်ထုတ်ရုံဖြင့်ပင် သူ၏ ဝိညာဥ် အာရုံမှာ ပိုင်လင်ထံသို့ ရောက်ရှိသွားသည်။ ထိုအချိန်မှာ သူမကို ကျင့်ကြံသူ တစ်စုက ဝိုင်းဝန်း ဖမ်းဆီးရန် ကြိုးစားနေသော အချိန် ဖြစ်သည်။ တူညီ ဝတ်စုံများကို ကြည့်ရုံဖြင့်ပင် ထိုလူများမှာ မည်သူ ဖြစ်ကြောင်း ဝေ့ဝူယင် တန်းသိလိုက်၏။

“သားရဲ ထိန်းချုပ်ခြင်းဂိုဏ်း...”

ဝေ့ဝူယင်၏ မျက်လုံးတွင် ဒေါသအရိပ်အယောင်က ဖျတ်ခနဲ ပေါ်လာခဲ့၏။ ပိုင်လင်အား သူတို့ ဖမ်းဆီးရသည့် ရည်ရွယ်ချက်ကို ဝေ့ဝူယင် သိရှိပြီး ဖြစ်သည်။ သူ၏ လက်က ရွေ့လျားသွားကာ ဆေဘာကို ထုတ်ယူရန် ဟန်ပြင်လိုက်၏။

ဟမ်...

ရုတ်တရက် ညာဘက်လက်တွင် နာကျင်မှု တစ်ခု ဖြစ်ပေါ်လာ၏။ သူက အင်္ကျီလက်အိုးကို မတင်ကာ တက်တူးကို ကြည့်လိုက်သည်။

ကမ္မတန်ဖိုး - ၆၀၂.၈ > ၅၈၅.၇

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း - ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း - ၄၁ နှစ်

***

All Chapters