သားရဲ ထိန်းချုပ်ခြင်းဂိုဏ်း
Vol. 7 Ch. 97
သူ၏ ကမ္မတန်ဖိုးမှာ ၁၇.၁ တိတိ လျော့ကျသွားသည်။ ဝေ့ဝူယင်မှာ အနည်းငယ် နှမျောမိသော်လည်း မျက်လုံးများ တဝင်းဝင်း တောက်ပသွား၏။ သူ သတ်ဖြတ်ခြင်း ဆန္ဒများကို ပြန်လည် ရုတ်သိမ်းကာ သားရဲ ထိန်းချုပ်ခြင်းဂိုဏ်းကို စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ဝေ့ဝူယင် လက်ရှိ အနက်ရောင် တက်တူးကို ကြည့်ရင်း လျှို့ဝှက် ဆန်းကြယ်မှုကို ခံစားနေရသည်။ ကောင်းကင်တာအိုက အခြားလူများ၏ ကမ္မ ကံကောင်းမှုများကိုလည်း ထိုကဲ့သို့ ဆုံးဖြတ်သည်လား။
ဝေ့ဝူယင် ခေါင်းခါကာ လက်ရှိ ပြဿနာကို ပြန်လည် အာရုံစိုက်လိုက်၏။ သားရဲထိန်းချုပ်ခြင်း ဂိုဏ်းသားများမှာ ထင်သလောက် အစွမ်း သိပ်မထက်လှချေ။ သူတို့က ပေါင်းစပ်အားထုတ်မှုနှင့် အထူးနည်းလမ်းများကိုသာ သုံး၍ ပိုင်လင်အား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုလူများထဲ၌ သူမအား တစ်ဦးတစ်ယောက်ချင်းယှဥ်နိုင်သူ တစ်ဦး တစ်ယောက်မျှ မရှိချေ။
ဝှစ်...
ဝေ့ဝူယင်သည် လေအလျင်အလား ထိုနေရာမှ ထွက်ခွာသွား၏။ လမ်းတစ်လျှောက်၌ သားရဲ ထိန်းချုပ်ခြင်းဂိုဏ်း အကြောင်း သူကြားဖူးထားသည့် အချက်အလက်များကို ပြန်လည် စုစည်းလိုက်သည်။ သားရဲ ထိန်းချုပ်ခြင်းဂိုဏ်း၏ အဓိက ဌာနချုပ်ကို မည်သူမျှ မသိရချေ။ သို့သော်လည်း ကောလဟာလများ အရဆိုလျှင် သူတို့သည် အရိပ်ဝှက် နယ်မြေ၌ အခြေချကြသည်ဟု ဆိုသည်။ ကျင့်ကြံသူ တစ်ရာခန့်အား တမုတ်ဟုတ်ချင်း စုစည်းနိုင်သည်ကို ကြည့်ခြင်းဖြင့် ထိုအရာက အမှန်တရား ဖြစ်နိုင်သည်။
သို့သော်လည်း သားရဲ ထိန်းချုပ်ခြင်းဂိုဏ်းမှာ ဝူတိုင်းပြည်၏ တရားဝင် အစိတ်အပိုင်း တစ်ခု မဟုတ်ချေ။ သူတို့ကား တိုင်းပြည်တိုင်း၌ ဂိုဏ်းခွဲတစ်ခုစီ အခြေစိုက်ထားသည့် အင်အားစု တစ်ခု ဖြစ်သည်။ အချို့ကမူ သားရဲထိန်းချုပ်ခြင်းဂိုဏ်းကြီးမှာ အနန္တ ကုန်းမြေတိုက်ကြီး၏ တိုင်းပြည် ခုနစ်ခု အနက် တစ်ခုကို ထိန်းချုပ်ထားသည်ဟု ဆိုသည်။
သားရဲထိန်းချုပ်ခြင်းဂိုဏ်းတစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ခြယ်မှုန်းထား၏။ ထိုထက်ပို၍ ပြောရလျှင် သူတို့သည် အရိပ်ဝှက်နယ် မဟာမိတ်များ အဖွဲ့၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။
နိုင်ငံတိုင်း၌ ခြေတစ်ဖက် ချထားကြရာ သူတို့၏ အစစ်အမှန် ခွန်အားကို မည်သူမျှ မသိနိုင်ချေ။ သူတို့သည် သားရဲများကို ထိန်းချုပ် လေ့ကျင့်ကာ ရောင်းချခြင်းဖြင့် ဝင်ငွေများကို ရှာဖွေကြသည်။ အဂ္ဂိရတ် ပညာရှင် မြောက်များစွာမှာ သူတို့၏ ဖောက်သည်များ ဖြစ်ကြသည်။
သူတို့၏ ထူးခြားသော ဝိညာဥ် အမှတ်အသားများမှာ သားရဲများကို ထိန်းချုပ် ကျွန်ပြုရာ၌ အလွန် အသုံးဝင်သော အစီအရင်များ ဖြစ်ကြသည်။ သူတို့အား ကြည့်ရသည်က ပိုင်လင်ကို ထိုနည်းလမ်းဖြင့် ကျွန်ပြုလိုနေကြပုံ ရသည်။
ကမ္မတန်ဖိုး ၁၇.၁ မှာ ထိုစွန့်စားမှုနှင့် ထိုက်တန်ပါ၏လော။
ထိုအုပ်စုသည် တောင်တန်းတစ်ခု၏ အခြေသို့ ရောက်သည်အထိ ဆက်လက် သွားနေကြ၏။ ဝေ့ဝူယင်သည် မကြာခင်ပင် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ ချက်ချင်းပင် သူသည် ဆန်းကြယ်သော ဝိညာဥ် အင်အား တစ်ခု ရှိနေကြောင်း သတိထားလိုက်မိ၏။ သို့သော်လည်း ကံကောင်းစွာပင်... သူ၏ အသိစိတ် ပင်လယ်နှင့် ဝိညာဥ်အာရုံမှာ အဂ္ဂိရတ် ဧဒင်ချီ နှလုံးသား၏ အားဖြည့်မှု ခံထားရရာ မတုန်မလှုပ် ခုခံနိုင်ပေသည်။
အကြီးအကဲခိုင်သည် အုပ်စုကို ဦးဆောင်နေ၏။ သူက ဂရုတစိုက်နှင့် ဖြည်းညင်းစွာပင် လက်ဟန် တစ်ခုကို ပြုလုပ်လိုက်သည်။ သူ၏ လက်များမှာ ကြုံရာကျပန်း ရွေ့လျားနေဟန် ရသော်လည်း လှုပ်ရှားမှု တစ်ခုချင်းစီ၌ ရည်ရွယ်ချက် တစ်ခု ရှိနေခဲ့သည်။ ထိုအထဲမှ အများစုမှာ အတုဖြစ်နိုင်ပြီး ထိုအထဲမှ တစ်ခုသာလျှင် အခြေစိုက် စခန်းကို ဖွင့်သည့် သော့ချက် ဖြစ်နိုင်ကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။
မိနစ် အနည်းငယ် ကြာပြီးနောက် အကြီးအကဲခိုင်မှာ ပြီးဆုံးသွားကာ လက်ဝါးကို တောင်ကုန်း၏ မျက်နှာပြင်ပေါ်သို့ တင်လိုက်သည်။ တဂျိန်းဂျိန်း အသံနှင့် အတူ မြေပြင်မှာ ငလျင်လှုပ်သကဲ့သို့ တုန်ရီသွား၏။ ထို့နောက်တွင် တောင်ကုန်၏ မျက်နှာပြင်မှာ ထက်ခြမ်းကွဲသွားကာ ဝင်ပေါက်တစ်ခု ထွက်ပေါ်လာသည်။ ထိုဝင်ပေါက်ကာ မီတာ တစ်ရာခန့် မြင့်မားကာ ငါးဆယ် မီတာခန့် ကျယ်ပြော၏။ အတွင်းပိုင်းတွင်မူ အမှောင်ထုက စိုးမိုး နေရာယူနေသည်။
“ဝင်ကြစို့...”
အကြီးအကဲခိုင်က အမိန့်ပေးလိုက်၏။ ထို့နောက်တွင် သူနှင့် နောက်လိုက်များမှာ ပိုင်လင်ကို ခေါ်ဆောင်ကာ အထဲသို့ ဝင်သွားကြလေသည်။ ထို့နောက်တွင် တောင်ကုန်းကြီးမှာ တဂျိန်းဂျိန်း အသံပေးကာ ပြန်လည် ပိတ်လာတော့၏။
ဝှစ်...
ဝင်ပေါက် ပိတ်ခါနီးတွင်ပင် ဝေ့ဝူယင်သည် လှစ်ခနဲ ရွေ့လျားကာ အထဲသို့ ရောက်ရှိလာ၏။ သူ၏ နှလုံးသားမှဦ ထိုဂိုဏ်းအကြောင်း သိချင်စိတ်များနှင့် ပြည့်နှက်နေသည်။ ထို့အပြင် မည်သည့် ကမ္မ ကံကောင်းမှုများက သူ့အား ဆီးကြိုနေမည်လဲ စိတ်လှုပ်ရှားနေမိသည်။
...
တစ်ချိန်တည်းမှာပင် တောင်ကုန်း အတွင်းပိုင်း တစ်နေရာ၌ ရွှေရောင် အဆင်းရှိသော မျက်လုံးကြီး တစ်ခုမှာ ပွင့်ဟလာခဲ့သည်။
“အသက်အင်အား...”
သေခြင်းတရားကို သယ်ဆောင်သကဲ့သို့ ၎င်း၏ ကြောက်မက်ဖွယ်ရာ အသံကြီးမှာ အမှောင်ထုထဲတွင် ပဲ့တင်ထပ်ကာ ပျံ့လွင့်သွားလေသည်။
...
ဝှစ်... ဝှစ်...
ဝေ့ဝူယင် အထဲသို့ ဝင်လိုက်သည့် ချက်ချင်းပင် မမြင်နိုင်သော ဝိညာဥ် အင်အားများမှာ နံရံများမှ နေ၍ ထွက်ပေါ်လာလေ၏။ အလျှင်အမြန်ပင် ဝိညာဥ် အစီအရင် တစ်ခုကို ခင်းကျင်းလိုက်သည်။
သွေးဟန့်တားခြင်း အရိပ်...
ထိုအရာကား နေသွေးနီနီဂိုဏ်း၏ အစီအရင် တစ်ခု ဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်ကို ဝိညာဥ်လှိုင်းများဖြင့် ဖုံးကွယ်ပေးပြီး အရိပ်ကဲ့သို့သာ ထင်ကျန်စေ၏။
ဝိညာဥ် အင်အားများက သူ၏ ခန္ဓာကိုယ်ကို ဘာအန္တရာယ်မှ မရှိပဲ ဖြတ်ကျော်သွားသော အခါမှသာ ဝေ့ဝူယင်မှာ သက်ပြင်းချနိုင်တော့သည်။ သားရဲ ထိန်းချုပ်ခြင်းဂိုဏ်းမှာ အလွန် စေ့စပ်သေချာကာ လျှို့ဝှက်မှုများစွာဖြင့် ပြည့်နှက်နေသည်ဟူ နာမည်ကြီးခြင်းကား မထူးဆန်းတော့ချေ။ အကယ်၍ ချီပျစ်ခဲခြင်း အဆင့်ရှစ် ကျင့်ကြံခြင်း အခြေခံသာ မရှိပါက အခြေစိုက် စခန်းအတွင်း ဝင်ရောက်ရန် အခွင့်အရေးမှာ သုညသာ ဖြစ်နေပေလိမ့်မည် ဖြစ်သည်။
တစ်ခဏမျှ တိတ်တဆိတ် နေပြီးနောက်၌ ဝေ့ဝူယင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ ထိုအခါ သူ ရပ်နေသော နေရာမှာ ဥမင်တစ်ခုသာ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအရာက စက်ဝိုင်း ပုံသဏ္ဌာန် ဥမင်မျိုး မဟုတ်ပဲ လေးထောင့် ဥမင် ဖြစ်၏။ ဥမင်လမ်းကြောင်း တောက်လျှောက်၌ မီးတိုင်များကို အကွာအဝေး ညီညီ စိုက်ထူထားပြီး အလင်းပေးထားသည်။
ဝေ့ဝူယင် ဒြပ်စင်စွမ်းအင်များ ထူးထူးခြားခြား ရွေ့လျားနေသော ခြေဖဝါးအောက်ရှိ မြေပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“စောင်းနေတယ်...”
ဥမင်လမ်းကြောင်းမှာ အတည့် မဟုတ်ပဲ အောက်သို့ လျှောစောက် ဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။ ဝေ့ဝူယင် ပေါ့ပေါ့ဆဆ မလှုပ်ရှားပဲ ပထမ ခြေလှမ်းကို လှမ်းလိုက်၏၊
“မီးတိုင်တွေကို မီးစွမ်းအင်တွေနဲ့ ထွန်းညှိထားပြီးတော့ လောင်စာနဲ့ အဆက်မပြတ် အလင်းပေးနေပုံ ရတယ်...”
ထို့အပြင် ဖုန်မှုန့်၊ ကျပ်ခိုးများ ကင်းနေခြင်းနှင့် လေထု၏ လတ်ဆတ်မှုတို့ကလည်း ဝေ့ဝူယင်အား အဝင်အထွက် အသွားအလာကို ခန့်မှန်းစေနိုင်ခဲ့သည်။ လမ်းများတွင် စွန်းထင်နေတတ်သည့် စွမ်းအင် အရှိန်အဝါကလည်း သတိပြုရမည့် အရာ ဖြစ်၏။ သောင်းနှင့်ချီသည့် စွမ်းအင်အကြွင်းအကျန်များကို အကဲခတ်ရင်း အတွေးတစ်ခုက ဝေ့ဝူယင်၏ ခေါင်းအတွင်း ဝင်ရောက်လာခဲ့သည်။
“မြေအောက်မြို့တော် တစ်ခုများလား...”
သူ သွားရင်း မီတာသုံးရာ နီးနီးအထိ ရောက်ရှိလာခဲ့သည်။ မြေအောက်ဥမင်၏ အတွင်းပိုင်းသို့ ဝင်လာနေပြီ ဟူသော သတိက သူ့တွင် အစဥ်ကပ်နေခဲ့၏။ လူတစ်သောင်း ဟူသော ပမာဏမှာ မြို့တော် တစ်ခုဟု သတ်မှတ်ရန် မလွယ်ကူသော်လည်း ထိုအရာက ဝင်ပေါက်တစ်ခုတည်းကို အခြေခံထားခြင်း ဖြစ်သည်။ ဂိုဏ်းတစ်ခုတွင် ဝင်ပေါက် တစ်ခုတည်းသာ ရှိရန် ဖြစ်နိုင်ချေမှာ အတော်လေး နည်းပါးလှ၏။
"ငါ ဘာလုပ်သင့်လဲ...”
ဝေ့ဝူယင် စိတ်ကို အလုပ်ပေးလိုက်၏။ ဂိုဏ်းတစ်ခုလုံးကို အကြမ်းဖက် သတ်ဖြတ်ကာ ပိုင်လင်ကို ပြန်လည် ခေါ်ဆောင်သွားရမည်လော။ ဤကဲ့သို့ဆိုလျှင်ရော မည်သည့် နောက်ဆက်တွဲများနှင့် ရင်ဆိုင်ရမည်နည်း။
သားရဲထိန်းချုပ်ခြင်းဂိုဏ်းကား ကြီးမားသော အဖွဲ့အစည်းကြီး၏ အကိုင်းအခက် တစ်ခု ဖြစ်သည်။ အကယ်၍ သူနှင့် ရန်သူ ဖြစ်သွားပါက ချီပျစ်ခဲခြင်း အဆင့်ကို ကျော်လွန်နေသည့် လူများ၏ အမဲလိုက်ခြင်းကိုလည်း ခံရနိုင်ချေ ရှိသည်။
ချီပျစ်ခဲခြင်း အဆင့်တစ်ခုချင်းစီ၌ မတူညီသော ခွန်အားနှင့် စွမ်းရည်များ ရှိကြောင်း သူသိထားသည်။ ဥပမာဆိုရလျှင် အဆင့်ခြောက် ကျင့်ကြံသူ သေမျိုး နတ်ဘုရားများသည် ဖန်တီးခြင်း စွမ်းအားကို ပိုင်ဆိုင်ကြသည်။
အဆင့်ရှစ် နတ်ဘုရား အရှင်များမှာမူ ကိုယ်ပွားများကို ထုတ်ဖော်နိုင်ကာ စိတ်များကို လှည့်စားနိုင်စွမ်း ရှိသည်။ ထို့အပြင် မိုင်ပေါင်းများစွာရှိ အရာများကို မည်သည့် အားထုတ်မှုမှ မပြုလုပ်ရပဲ ကြည့်ရှုနိုင်ကာ အတွေး တစ်ချက်ဖြင့်ပင် ဧရိယာ တစ်ခုအတွင်း ရွေ့လျားနိုင်စွမ်း ရှိကြသည်။
နတ်ဘုရား ဧကရာဇ်များနှင့် ချီပျစ်ခဲခြင်း အဆင့်ကို ကျော်လွန်နေသည့် တန်ခိုးရှင်များ၏ လုပ်နိုင်စွမ်းရည်ကိုတော့ သူ မသိပါချေ။ အကယ်၍ ထိုကဲ့သို့ ရန်သူမျိုးနှင့် ရင်ဆိုင်ရပါ ငရဲ၏ ဒုတိယ ကပ်ဘေး မဆင်းသက်လာခင် သူ သေဆုံးသွားလိမ့်မည် ဖြစ်သည်။
ထို့ကြောင့်ပင် ပထမ နည်းလမ်းက အန္တရာယ်များလွန်းသည်။ ဒုတိယ ရွေးချယ်မှုက ပိုင်လင်ကို တိတ်တဆိတ် ကယ်တင်ရန် ဖြစ်သည်။ သို့သော်လည်း ပိုင်လင်နှင့် သူ ပျံသန်းနေသည်ကို တွေ့ပါက သားရဲထိန်းချုပ်ခြင်း ဂိုဏ်းသားများမှာ သူ ခိုးဝင်သည်ကို သိရှိသွားပေလိမ့်မည်။
“ငါ ဘာလုပ်ရပါ့မလဲ...”
ဝေ့ဝူယင် ပထမဆုံး စုံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်စဥ်မှာပင် သူ့ခြေထောက်အောက်ရှိ မြေပြင်မှာ တုန်ရီလာ၏။ သူ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ ဘာမှ မလုပ်ရသေးခင် အချိန်ကလေးမှာပင် ခြေထောက်များမှာ လွတ်သွားကာ ခန္ဓာကိုယ် တစ်ခုလုံး အောက်သို့ ပြုတ်ကျသွားတော့၏။
ချက်ချင်းပင် သူ ကြီးမားသော အပေါက်ကြီး တစ်လျှောက် အောက်သို့ ပြုတ်ကျနေခြင်း ဖြစ်ကြောင်း သတိထားလိုက်မိ၏။ သူအော်ဟစ်ခြင်း မပြုပဲ တိတ်တဆိတ်ပင် အလိုက်သင့် ဆင်းသက်လာခဲ့သည်။ ထိုအရာက ထောင်ချောက်တစ်ခုဟု သူမခံစားရချေ။
အတန်ကြာအောင် ပြုတ်ကျလာပြီးနောက် ဝေ့ဝူယင် တစ်နေရာသို့ ရောက်ရှိသွား၏။ ထိုနေရာက မည်းမှောင်နေကာ ဝိညာဥ်အာရုံပင်လျှင် ဘာကိုမှ မြင်နိုင်စွမ်း မရှိချေ။ သို့တိုင်အောင် ထိုအမှောင်ထု၏ အကျယ်အဝန်းကိုမူ သူ တိုင်းတာနိုင်သေးဆဲ ဖြစ်သည်။ ၎င်းသည် စတုရန် ပုံသဏ္ဌာန် သတ္တာ တစ်ခုမျိုး ဖြစ်ကာ ကီလိုမီတာ သုံးဆယ်ခန့် အလျား၊ အနံ ရှိ၏။
သူက အပေါ်သို့ မော့ကြည့်လိုက်ရာ ကျဆင်းလာသည့် အပေါက်ကို တွေ့မြင်လိုက်ရသည်။ သူသာ ဆန္ဒရှိပါက ခုန်တက်ကာ အပေါ်ရှိ မြေပြင်ကို ပြန်သွားနိုင်လိမ့်မည် ဖြစ်သည်။
ဒိတ်... ဒိတ်... ဒိတ်...
ဝေ့ဝူယင်မှာ သူ၏ ခန္ဓာကိုယ် တုန်တုန်သွားသလို ခံစားလိုက်ရ၏။ ထိုတုန်ခါမှုက ခြေဖဝါးအောက်မှ လာသလိုလိုပင်။ ထိုအရာက ဘာနှင့်တူသလဲ ဆိုသော်...
“နှလုံးခုန်သံလား...”
ဝေ့ဝူယင် မီးချီဖြင့် အလင်းလုံး တစ်ခု ဖန်တီးကာ အလင်းရောင် ရစေရန် ပြုလုပ်လိုက်သည်။ အမှောင်ထုထဲမှ အရာများကို လေ့လာလိုသည့် သူ၏ သိချင်စိတ်မှာ အဆုံးထိ မြင့်တက်သွား၏။ ထို့နောက် သူကြည့်လိုက်၏။
ရုတ်တရက် သူ၏ မျက်လုံးများမှာ အေးခဲသွားသည်။ သူ၏ ပါးစပ်မှာလည်း မထိန်းချုပ်နိုင်စွာ အနည်းငယ် ပွင့်ဟသွား၏။ သူ မြင်လိုက်ရသည့် အရာကား...
“ ... “
***