← Chapters

အသက်အတွက် သွေးသုံးစက်

Vol. 8 Ch. 99

အသက်အတွက် သွေးသုံးစက်

Vol. 8 Ch. 99

သတ္တဝါကြီး၏ ကမ်းလှမ်းမှုက မက်မောလောက်စရာ ဖြစ်သော်လည်း ဝေ့ဝူယင်မှာ တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်သည်။

“ငါ့ကို သူတော်စင်တို့ရဲ့ ကျင့်ကြံခြင်း အဆင့်ဆီ ခြေချနိုင်အောင် လုပ်ပေးနိုင်လား...”

သူက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

အန်နု၏ မျက်လုံးများမှာ နားမလည်မှုဖြင့် အနည်းငယ် ရှုပ်ထွေးသွားဟန် ရလေသည်။ သူတော်စင်တို့၏ ကျင့်ကြံခြင်း အဆင့်... ထိုအရာက တည်နေရာ တစ်ခုလော။ မဟုတ်သေး... ထိုလူသား၏ စကားထဲတွင် “ကျင့်ကြံခြင်း” ဟူသော စကားလုံး ပါဝင်နေသည်။

ငြိမ်သက်နေသည့် သတ္တဝါကြီး၏ ဝိညာဥ် ကိုယ်ပွားကို ကြည့်ကာ ဝေ့ဝူယင်မှာ အနည်းငယ် စိတ်ပျက်သွား၏။ အန်နုမှာ သူတော်တို့၏ ကျင့်ကြံခြင်း အဆင့်ကို နားလည်ပုံ မရချေ။

“ငါ့မှာလည်း အသက်အင်အား သိပ်ရှိတာ မဟုတ်ဘူး... ဘာလို့ ငါ့ဆီက လာတောင်းနေတာလဲ... မင်း အထက်မှာ သောင်းနဲ့ချီတဲ့ လူတွေ နေထိုင်နေကြတာပဲ မလား... ဘာလို့ သူတို့ဆီက မတောင်းလဲ”

အန်နုက ဘာမှ မဖြေပဲ ဝေ့ဝူယင် အနား ပိုမို တိုးကပ်လာ၏။ ၎င်း၏ တောက်ပသော ရွှေရောင် မျက်လုံးများမှာ ဝေ့ဝူယင်ကို သေချာစွာ စစ်ဆေး၍ မူလ ယူဆချက်ကို အတည်ပြုနေဟန် ရသည်။ ထို့နောက် သူ၏ အကြည့်ထဲတွင် တောက်ပသော အလင်းတန်း တစ်ခု ဖြစ်ပေါ်လာကာ ပြုံးလိုက်၏။

ဝေ့ဝူယင်သည် ဖွတ်ပုတက် တစ်ကောင် ပြုံးသည်ကို ယခုမှသာ တွေ့မြင်ဖူးခြင်း ဖြစ်သည်။ သားရဲ တစ်ကောင်၏ လူသား ကဲ့သို့ တုန့်ပြန်မှုက သူ့အတွက် အနည်းငယ်တော့ ထူးဆန်းနေ၏။ ပိုင်လင်မှာ ပြုံးသည် ဆိုသော်လည်း မျက်လုံးများဖြင့်သာ ဖြစ်သည်။ တစ်ခါမှ လူသားများကဲ့သို့ မပြုံးပါချေ။

“သင့်မှာ အသက်အင်အား ရှိတယ်... အဆုံးမဲ့ ကျယ်ပြန့်ပြီး နားမလည်နိုင်တဲ့ မခန့်မှန်းနိုင်တဲ့ အသက် အင်အားတွေ အများကြီးပဲ”

အန်နုက သေချာသည့်ဟန်ဖြင့် ပြောလိုက်သည်။

ခန့်မှန်း၍ မရနိုင်သည့် အသက်အင်အား၊ အဆုံးမဲ့သည့် အသက်အင်အား... ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ သူ ဘယ်တုန်းက မသေမျိုး တန်ခိုးရှင် တစ်ပါး ဖြစ်သွားခဲ့သနည်း။  ထိုအဆုံးမဲ့ အသက်အင်အားဖြင့် ဆိုလျှင် ငရဲ၏ ဒုတိယ ကပ်ဘေးကို ရင်ဆိုင်နိုင်တော့မည်လော။ သို့သော်လည်း ထိုအရာက စိတ်ကူးယဥ်ဆန်သော အတွေး တစ်ခုသာ ဖြစ်ပေသည်။

အနည်းငယ် တွေးတောပြီးနောက် ဝေ့ဝူယင် လက်ဖြင့် ရင်ဘတ်ကို ဖိလိုက်၏။ ဧဒင်သစ်ပင်ကြီးသည် သူ၏ နှလုံးသားထဲတွင် အမှတ်အသား တစ်ခုကို ထားရစ်ခဲ့သည်။ ထိုအထဲတွင် ၎င်း တစ်သက်လုံး စုဆောင်းလာသမျှ သစ်သား စွမ်းအင်များနှင့် အသက်အင်အားများ ပါဝင်နေသည်။ ထို့ကြောင့်ပင် သူ၏ ရုပ်ခန္ဓာမှာ ပြိုကျကာ သန်းနှင့်ချီသည့် လူသေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်လေသည်။

ဝေ့ဝူယင် ထိုဧဒင်အမှတ်အသားကို အသုံးပြုရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း လက်ရှိ၌ အသုံးမဝင် သလောက်ပင်။ သူသည် ငယ်ရွယ်သည်။ ကျန်းမာသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ မြင့်မားသော ကျင့်ကြံခြင်း အဆင့်ကလည်း သူ့ကို ထောက်ပံ့ထားသေးသည်။ ထို့ကြောင့်ပင် သူ၏ အသက်အင်အားမှာ ရေပြည့်နေသော ခွက်တစ်ခွက် ကဲ့သို့ပင်။ ထပ်လောင်းထည့်ပါကလည်း လျှံကျသွားရုံသာ ရှိ၏။ အကူအညီ သိပ်မဖြစ်လှချေ။

သို့သော်လည်း သစ်သားစွမ်းအင်များမှာမူ ကျင့်ကြံခြင်း အတွက် လိုအပ်သည့် အခါတိုင်း အသုံးဝင်ခဲ့ပါသည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ အကယ်၍ အန်နုက အသက်အင်အားကို လိုအပ်လျှင် သူ အနည်းအကျဥ်း ပေးနိုင်သည်။ ဧဒင်အမှတ်အသားထဲတွင် အသက်အင်အား မည်မျှ ရှိကြောင်း သူ မသိသော်လည်း ဧဒင် သစ်ပင်ကြီးမှာမူ မသေဆုံးနိုင်လောက်သည် နီးပါးအထိ အသက်ရှင်နိုင်ပေသည်။ ထိုအရာက သူ၏ အသက်အင်အားမှာ မည်မျှ ပမာဏ များပြားကြောင်း ဖော်ပြနေသည်။

“မင်း ဘယ်လောက်လိုလဲ... နောက်ပြီး ငါ့ကို ဘာပြန်ပေးမှာလဲ”

သူ မေးလိုက်၏။

အန်နု၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်သွားသည်။ ဝေ့ဝူယင်၏ လဲလှယ်လိုသော ဆန္ဒကား သူ့အတွက် အမှောင်ကာလ အတွင်း မြင်တွေ့ရသည့် အသက်ဆက်ကြိုး တစ်ခုပင်။

“နှစ်တစ်သောင်း အသက်အင်အား... အပြန်အလှန် အနေနဲ့ ငါ့ဘက်ကနေ မျိုးဆက်၊ ကျင့်စဥ်နဲ့ သွေးအမတေ တွေ ပေးနိုင်တယ်... အဲဒါနဲ့ဆို သင် နဂါးတစ်ကောင်ရဲ့ ခွန်အားကို ရရှိလာလိမ့်မယ်”

“အရမ်းများလွန်းတယ်...”

ဝေ့ဝူယင်က ခေါင်းခါလိုက်၏။

အန်နု၏ ဝိညာဥ် ကိုယ်ပွားမှာ ဝေ့ဝူယင်၏ ငြင်းဆန်မှုကြောင့် အနည်းငယ် စိုးထိတ်သွားပုံ ရလေသည်။ သူသည် ထိုလူငယ်၏ နှလုံးသားထဲရှိ အသက်အင်အားမှာ အဆုံးမဲ့လှကြောင်း တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ နှိုင်းယှဥ်ရပါက နှစ်တစ်သောင်း အသက်အင်အားမှာ အသေးအဖွဲမျှသာ ဖြစ်၏။

“မင်းအတွက် ပေးဖို့ အရမ်း ခက်ခဲနေလို့လား”

အန်နုက မေးလိုက်သည်။

ဝေ့ဝူယင်က ခေါင်းခါလိုက်၏။

“မဟုတ်ဘူး... အရမ်းလွယ်ပါတယ်... ဒါပေမဲ့”

“ဒါပေမဲ့ ဘာလို့လဲ...”

အန်နုမှာ မျက်မှောင်ကြုတ်သွား၏။ ဝေ့ဝူယင်က ပခုံးတွန့်ပြလိုက်သည်။

“ငါမှ မင်းကို မသိတာ... အဲ့လောက် အများကြီး ပေးဖို့ ဘယ်လို အဆင်ပြေမလဲ”

အန်နု၏ ဝိညာဥ် ကိုယ်ပွားမှာ အနည်းငယ် တုန်ရီသွား၏။ အကျိုးဆက် အနေဖြင့် ဝိညာဥ် ကိုယ်ထည် ပင်လျှင် ပျက်ရွင်းလုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော်လည်း ဝေ့ဝူယင်မှာ ဂရုမစိုက်ပါချေ။ ထိုအန်နုဆိုသော သတ္တဝါကြီးကား တွေးတော ပုံဖော်နိုင်စွမ်းထက် ကျော်လွန်နေသော တည်ရှိမှု တစ်ခု ဖြစ်သည်။

အကယ်၍ လိုချင်တာ ရပြီးပါက သူ့အား မသတ်ဟု မည်သူက အာမခံပေးမည်နည်း။ ထို့ကြောင့်ပင် အန်နု တောင်းဆိုသည့် အရာမှန်သမျှကို ချက်ချင်းကြီး ပေးလိုက်ရန် ဝေ့ဝူယင် ဆန္ဒ မရှိချေ။

“ငါ မင်းကို နှစ်တစ်ထောင် အသက်အင်အား ပေးမယ်... နောက် ဆယ်စုနှစ် အနည်းငယ် ဒါမှမဟုတ် ရာစုနှစ် တစ်ခုကြာရင် မင်း ငါ့ကို ထပ်လာရှာချေ... အဲဒီ အခါကျ နောက်ထပ် သဘောတူညီမှု တစ်ခု ထပ်ပြီး လုပ်ကြတာပေါ့... အဆင်ပြေလား”

သူသည် နောက်ထပ် ရာစုတစ်ခု ထပ်ပြီး နေထိုင်နိုင်မည်လား မသေချာသော်လည်း ထိုနည်းဖြင့် နဂါးမှာ သူ့ကို လိုအပ်ပေလိမ့်မည်။

အန်နုက အနည်းငယ် ငြီးတွားလိုက်၏။ သို့သော်လည်း ခေါင်းညိတ် သဘောတူရုံမှ လွဲ၍ သူ ဘာတတ်နိုင်မည်နည်း။

အတန်ကြာ ငြိမ်သက်ပြီးနောက် ဝေ့ဝူယင်က ဆက်ပြောလိုက်သည်။

“ငါ မင်းရဲ့ အမတေ သွေးသုံးစက်ရယ်၊ အဲဒါကို အသုံးပြုရမယ့် နည်းလမ်းရယ်၊ နောက်ပြီး စောစောပိုင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို အေးခဲသွားအောင် အသုံးပြုခဲ့တဲ့ ကျင့်စဥ်ရယ်လိုချင်တယ်”

အမတေ သွေးစက်သည် သားရဲ၏ နှလုံးသားတွင် တည်ရှိနေသည့် သွေးစက်များ ဖြစ်သည်။ ၎င်းတို့ကို သွေးမျိုးဆက် စွမ်းအားများ ရရှိလာစေရန် အတွက် အသုံးပြုနိုင်သည်။ ပိုင်လင်သည် သစ်သီးတစ်လုံးကို စားသောက်ကာ အမတေ သွေးကို ပြောင်းလဲစေခဲ့သောကြောင့် ဘိုးဘေးတို့၏ စွမ်းအားများ နိုးထလာခဲ့ခြင်း ဖြစ်လေသည်။

ထိုအရာက သားရဲများတွင်သာ ရှိသည် မဟုတ်ချေ။ လူသားများတွင်လည်း မျိုးရိုး အလိုက် သွေးမျိုးဆက်များ ရှိကြပြီး အချို့ဆိုလျှင် အမတေ သွေးများပင် ရှိကြသည်။ နေသွေးနီနီဂိုဏ်းမှ ဝေ့ဝူယင်၏ လက်အောက်ငယ်သား ဟန်ယုသည် ကျင့်ကြံခြင်းကို အလွန် အထောက်အကူပြုသည့် ရေနေသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူသည် လမ့်ရ၏ ဖျားယောင်းမှုနှင့် အတူ စင်မြင့်ပေါ်တွင် ကိုယ့်ကိုယ်ကို ဖောက်ခွဲကာ မေ့မေ့ကို တိုက်ခိုက်ခဲ့ပေသည်။

အကယ်၍ အန်နု၏ အမတေသွေးစက်ကို ရရှိ အသုံးပြုနိုင်ပါက အစစ်အမှန် နဂါး တစ်ကောင်၏ စွမ်းရည်များပင် ရရှိလာကောင်း လာနိုင်ပေသည်။ ဤသို့ဆိုလျှင် သူ အသက် ဆက်လက် ရှင်သန်နိုင်မည့် ရာနှုန်းမှာလည်း တိုးလာပေလိမ့်မည်။ ထိုအခြေအနေ အားလုံးမှာ မသေချာ မရေရာသည့်တိုင် အနည်းဆုံးတော့ ကြိုးစားကြည့်ရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။

အန်နု၏ ဖွတ်ပုတက် မျက်နှာမှာ အနည်းငယ် ညိုသွား၏။ ထိုလူငယ်၏ လောဘကား အကန့်အသတ် ဆိုသော အရာကိုပင် မသိပုံရသည်။ သူဘက်က ညှိနှိုင်းချင်နေသော်လည်း...

“မင်း ဆန္ဒမရှိဘူး ဆိုရင်လည်း ထားလိုက်လေ... ငါထွက်သွားမယ်... တကယ်လို့ သဘောတူရင်တော့ ငါတို့ ဝိညာဥ်နဲ့ ကျိန်ဆိုကြတာပေါ့... နှစ်တစ်ထောင် အတွင်း မင်း ငါ့ကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ရော ဒုက္ခ မပေးရဘူး”

ဝေ့ဝူယင်က စကားကုန် ပြောလိုက်၏။ ဝိညာဥ်ကျိန်ဆိုခြင်းမှာ သားရဲများ အပေါ် အကျိုးသက်ရောက်၏လော သူ မသိသော်လည်း အနည်းဆုံးတော့ ကြိုးစားကြည့်ရပေမည်။ ဝိညာဥ် ကျိန်ဆိုခြင်းမှ တစ်ပါး အခြား ကျမ်းကျိန်ခြင်း ဆိုင်ရာ ဗဟုသုတများ သူ့တွင် မရှိလှချေ။ ချွင်းချက်အနေဖြင့် ကောင်းကင်ဘုံ ကျိန်ဆိုခြင်းကို သူသိသော်လည်း အပြစ်ကျမ်းစာ အရဆိုလျှင် ထိုကဲ့သို့ ကျိန်ဆိုခြင်းမှာ အမွေခံ အပြစ်သား ဟူသော သူ၏ ဖြစ်တည်မှုကို ပေါ်လွင်သွားစေနိုင်သည်။

ကောင်းကင်ဘုံ ကျိန်ဆိုခြင်းတွင် ကောင်းကင်တာအိုသည် ခုံသမာဓိ တစ်ပါး ဖြစ်လာရာ ပါဝင်သူ နှစ်ဦး၏ အတွေးများကို အနီးကပ် စောင့်ကြည့်ရသည်။ အတွေးများပင်လျှင် ဖော်ထုတ်ခံရလျှင် အဆင့်အတန်းကို မည်ကဲ့သို့ ဖုံးကွယ်မည်နည်း။

အန်နုမှာ နောက်ဆုံး၌ မည်သို့မျှ မတတ်နိုင်ပဲ “ကောင်းပြီ” ဟု ပြောကာ သဘောတူလိုက်တော့သည်။

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။

“ဪ... မေ့နေလို့... မင်းရဲ့ အမတေ သွေးစက်တွေက လုံးဝ သန့်စင်ပါစေနော်... မင်းရဲ့ ဆန္ဒတွေ၊ အမှတ်အသားတွေ တစ်ခုမှ ပါမလာစေနဲ့ဦး”

အန်နု၏ မျက်လုံးများမှာ အနည်းငယ် ကျဥ်းမြောင်းသွား၏။ ဤလူသားကား သေမင်း ခံတွင်းဝ နီးနေပြီ ဖြစ်သည်။ အရေးတကြီး လိုချင်သည့် အရာသာ မရှိပါက သူ၏ ခေါင်းကိုဖြတ်ကာ နေ့လည်စာ တည်ခင်း ပစ်လိုက်ပြီ ဖြစ်၏။

ဝေ့ဝူယင်က အသာအယာပင် ပြုံးလိုက်လေသည်။

“ကဲ... စကြမလား...”

...

မကြာခင်မှာပင် သူတို့ နှစ်ယောက်သည် ဝိညာဥ်ကျိန်ဆိုခြင်းကို ပြုလုပ်ပြီးသွားကြပြီ ဖြစ်သည်။ အတွေးတစ်ချက်ဖြင့်ပင် ဝေ့ဝူယင်သည် ဧဒင် အမှတ်အသားမှ နှစ်တစ်ထောင်စာ အသက်အင်အားများကို လွှဲပြောင်းပေးလိုက်၏။

အန်နုသည် အသက်အင်အားများကို ဝိညာဥ် ကိုယ်ပွားဖြင့် စုပ်ယူကာ သူ၏ အကြေးခွံထဲသို့ ပြန်ဝင်သွားခဲ့သည်။ ထို့နောက် ၎င်းသည် သူ၏ အလွန် ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှင့် ပြီးပြည့်စုံစွာ ရုတ်ချည်း ပေါင်းစပ် သွားခဲ့၏။

ကြိုတင် သဘောတူညီထားသည့် ဝေ့ဝူယင်သည် အန်နုထံမှ ကျင့်ကြံခြင်း နည်းလမ်းတစ်ခု၊ အစီအရင် တစ်ခုနှင့် အမတေ သွေးသုံးစက်တို့ကို လက်ခံ ရရှိခဲ့သည်။

အမတေ သွေးစက်များသည် ဖန်သားကဲ့သို့ ကြည်လင်ကာ အလင်းဖောက်ဝင်နိုင်သည့် သဏ္ဌာန်ဖြင့် တည်ရှိ၏။ ၎င်းမှာ ပုံမှန်သွေးများကဲ့သို့ အနီရောင် အဆင်းနှင့် ညှီစို့စို့ အနံ့အသက် မရှိချေ။ မြင်သာအောင် ပြောရပါက ၎င်းမှာ သွေးဆိုသည်ထက် ဖန်ရည်စက်များနှင့်ပင် ပိုတူနေသေးသည်။

ထိုအစက်များကို ဝိညာဥ်စွမ်းအားများ ဖြာထွက်နေသည့် စိန်ပုံစံ သဏ္ဌာန် သလင်းကျောက်များထဲတွင် ထည့်သွင်းထား၏။ ထိုအထဲတွင် အမတေ သွေးစက်ကို ထိန်းသိမ်းနိုင်သည့် ဝိညာဥ် အစီအရင် တစ်ခု ပါဝင်နေပုံ ရသည်။

ထိုအရာက ပထမဆုံး အကြိမ်အဖြစ် အမတေ သွေးစက်များကို ဝေ့ဝူယင် မျက်လုံးဖြင့် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ပိုင်လင်၏ တဟုန်းဟုန်း လောင်မြိုက်နေသည့် ရွှေရောင် အမတေ သွေးများကို တွေ့မြင်ခဲ့ဖူးသော်လည်း ထိုအရာက ဝိညာဥ်အာရုံဖြင့်သာ ဖြစ်၏။

ကျင့်ကြံခြင်း နည်းလမ်း၏ အမည်မှာ အစစ်အမှန်နဂါး သဏ္ဌာန်ပြောင်းခြင်း နည်းလမ်း ဖြစ်သည်။ အစစ်အမှန် နဂါးသဏ္ဌာန်ပြောင်းခြင်း နည်းလမ်းသည် “အစစ်အမှန်နဂါး ချပ်ဝတ် ကျင့်စဥ်” အပါအဝင် နဂါးအခြေပြု သိုင်းကျင့်စဥ်များကို ပါဝင်နေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဝေ့ဝူယင်သည် ထိုနည်းလမ်းမှ တစ်ဆင့် သိုင်းပညာ၏ ရှုပ်ထွေးပွေလီမှုနှင့် တည်ရှိမှုတို့ကို သင်ယူနိုင်ခဲ့သည်။

အစစ်အမှန် နဂါးသဏ္ဌာန်ပြောင်းခြင်း နည်းလမ်းတွင် တိုက်ခိုက်ရေး ဆိုင်ရာ နိယာမများများနှင့် အချက်အလက်များကို အသေးစိတ် ဖော်ပြထား၏။ ဝိညာဥ် စွမ်းအင်ကို အခြေခံသည့် ဝိညာဥ် အစီအရင်များ၊ ချီစွမ်းအင်ကို အခြေခံသည့် ချီကျင့်စဥ်များနှင့် မတူညီစွာပင် သိုင်းပညာသည် ခန္ဓာကိုယ် သီးသန့်နှင့် နှလုံးသားထဲရှိ သွေးမျိုးဆက် စွမ်းအားများ အပေါ် အပေါ် မှီခိုသည်။ ဥပမာ ပိုင်လင် သွေးမျိုးဆက် စွမ်းအားကို အသုံးပြု၍ တိုက်ခိုက်သည့် အခါမျိုး၌ သူမ၏ လှုပ်ရှားမှု မှန်သမျှကို သိုင်းပညာဟု သတ်မှတ်နိုင်ပေသည်။

ဝေ့ဝူယင်သည် ထိုရှာဖွေ တွေ့ရှိမှုနှင့် ကျင့်ကြံခြင်း နည်းလမ်း အသစ်များကြောင့် စိတ်လှုပ်ရှား လာခဲ့တော့သည်။

***

All Chapters