← Chapters

ပိုင်လင်နှင့် ပြန်လည် တွေ့ဆုံခြင်း

Vol. 8 Ch. 100

ပိုင်လင်နှင့် ပြန်လည် တွေ့ဆုံခြင်း

Vol. 8 Ch. 100

ဝိညာဥ် အစီအရင်ကိုမူ “ပုံသေဝိညာဥ် အစီအရင်” ဟု ခေါ်သည်။ ထိုအစီအရင်မှာ အန်နု သူ၏ ဝိညာဥ်၊ ခန္ဓာနှင့် အသိစိတ် ပင်လယ်တို့ကို အေးခဲ ပစ်ရာ၌ အသုံးပြုခဲ့သော အစီအရင်ပင် ဖြစ်သည်။ ၎င်းသည် ထိန်းချုပ်မှုတို့၏ ဗဟိုချက် ဖြစ်သော “မူလဝိညာဥ်” ကို တိုက်ခိုက်ရပုံ ပေါ်သည်။ အသေးစိတ် လေ့လာပြီးနောက် ထိုအရာကို ခုခံရန် နည်းလမ်း အနည်းငယ်သာ ရှိကြောင်း ဝေ့ဝူယင် သိရှိလာ၏။ ထိုအစီအရင်ကား ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်လွန်းလှပေသည်။

သို့သော်လည်း ကံဆိုးစွာပင် ထိုအစီအရင်ကို အသုံးပြုရန် ချီပျစ်ခဲခြင်း အဆင့်ထက် ပိုမိုသော ကျင့်ကြံခြင်း အဆင့် တစ်ခုကို လိုအပ်ပေသည်။

“ငါ ဆက်ပြီး အချိန်ဖြုန်းနေရင် နောက်ကျတော့မယ်”

ဝေ့ဝူယင်မှာ ပိုင်လင်၏ ကိစ္စကိုလည်း မမေ့ပါချေ။ သူ ဤနေရာသို့ ရောက်လာရသည့် အဓိက ရယ်ရွယ်ချက်မှာ သူမအား ကယ်ရန်ဖြစ်ပေသည်။ ချီစွမ်းအင်သည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လည်ပတ်လာ၏။ သူ၏ ဒူးများက အနည်းငယ် အောက်သို့ ကွေးကျသွားကာ မျက်လုံးများကမူ အပေါ်တည့်တည့်ရှိ အပေါက်ကို မော့ကြည့်လိုက်သည်။

"ဒိန်း...”

ရုတ်တရက် ကြောက်မက်ဖွယ် အသံကြီးနှင့် အတူ မြေပြင်က အင်အားကြီး ငလျင်လှုပ်ခတ်သည့် အလား တုန်ရီသွားလေ၏။ ဝေ့ဝူယင်မှာ ချီစွမ်းအင်ကို အသုံးပြုထားသည့်တိုင် အနည်းငယ် ဟန်ချက် ပျက်ရွင်းကာ ယိမ်းထိုးသွားခဲ့၏။

“နှလုံးခုန်သံ...”

သူသည် အပေါ်၌ ရှိစဥ်က ထိုနှလုံးခုန်သံကို ခံစားမိခဲ့ပြီး ဖြစ်သည်။ ယခုတစ်ကြိမ်က ယခင်ကထက် အဆများစွာ ပိုမို ကြည်လင်၏။

“အန်နု... ဘာဖြစ်တာလဲ...”

ဝေ့ဝူယင်က ချီဖြင့် တစ်ကိုယ်လုံးကို လှည့်ပတ်ရင်း မေးလိုက်၏။ မထင်မှတ်သော အဖြစ်အပျက်များ ဖြစ်ပေါ်လာပါက တုန့်ပြန်ရန် သူ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ့စိတ်ထဲ၌ ကြောက်ရွံ့မှုတော့ မရှိပါချေ။ ဒဏ္ဍာရီထဲမှ အစစ်အမှန် နဂါးဖြစ်နိုင်သည့် ထိုသတ္တဝါကြီးနှင့် သူသည် ဝိညာဥ်ကျိန်ဆိုခြင်းကိုပင် ပြုလုပ်ပြီးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ၎င်းသည် အသက်အင်အားများ အတွက် သူ့ကို လိုအပ်ပေသည်။

“ဟဟ... ငါ စက်ဆုပ်ရွံရှာဖို့ ကောင်းတဲ့ ပိုးကောင်လေးတွေကို ရှင်းလင်းဖို့ လုပ်နေတာပါ”

အန်နု၏ အသံက ဝေ့ဝူယင်၏ စိတ်အတွင်း ပဲ့တင်ထပ်ကာ ဝင်ရောက်လာ၏။ ထိုအသံက သေခြင်းတရားတို့၏ အငွေ့အသက်များနှင့် ပြည့်နှက် မနေတော့ပဲ တက်ကြွကာ အသက်ဝင်နေခဲ့သည်။ ထိုအရာက ငယ်ရွယ်နုပျိုပြီး သန်စွမ်းသည် ဟုပင် ခံစားရ၏။  ဝေ့ဝူယင်၏ အမူအရာမှာ ပြောင်းလဲသွားကာ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန် ရသည်။

သူ အန်နုကို နောက်ထပ် မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် အကန့်အသတ် မရှိသော အရောင်အဝါများမှာ အလွန် ကြီးမားလှသည့် အကြေးခွံများ၊ အသားများနှင့် အရိုးများမှ ကြောက်မက်ဖွယ်ကောင်းအောင် ဖြာထွက်လာတော့သည်။ ယင်းကား ကျယ်ဝန်းသော အခန်းတစ်ခုထဲ၌ နေမင်းကြီးထံမှ အဇူရီ အလင်းတန်းများ အထိန်းအကွပ်မဲ့ အဆုံးမဲ့စွာ ပေါက်ကွဲထွက်လာ သကဲ့သို့ပင်။

ဝေ့ဝူယင်မှာ ဘာကိုမျှ မြင်နိုင်စွမ်း မရှိတော့ချေ။ သူ အံကို တင်းတင်းကြိတ်ကာ ဒြပ်စင်ချီနှင့် ဆေဘာချီတို့ကို ထုတ်လွှတ်လျှက် အဇူရီ အလင်းတန်းများကို ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အသုံးမဝင်ချေ။ အဇူရီ အလင်းတို့မှာ အတားအဆီးတိုင်းကို လွယ်ကူစွာပင် ဖြတ်ကျော်သွားလေ၏။ သူ မျက်လုံးများကို မှိတ်ထားသည့်တိုင် အဇူရီ အလင်း ကမ္ဘာကြီး တစ်ခုကိုသာ အဆုံးမဲ့စွာ တွေ့မြင်နေလေသည်။ ၎င်းအား တန်ပြန်ရန် နည်းလမ်းမရှိပါချေ.

အကန့်အသတ်မဲ့ အရောင်အဝါများက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံနေကာ သွေးသားများကိုပင် ဆူပွက်စေပုံ ရ၏။ ၎င်းမှာ နာကျင်ခြင်း မရှိသည့်တိုင် မသက်မသာ ခံစားချက် တစ်ခုမှာ သူ၏ နှလုံးသားမှ ထွက်ပေါ်လာသည်။ ထိုအဖြစ်အပျက်သည် နှစ်ဆယ့် ခုနစ်စက္ကန့် ကြာမြင့်ခဲ့လေသည်။

အဇူရာ အလင်းတန်များ တဖြည်းဖြည်း လျော့နည်းလာပြီးနောက် ဝေ့ဝူယင်က မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။ ထိုအခါ လောကရှိ အရာအာလုံးမှာ အဇူရီရောင် ဖျော့ဖျော့ဖြင့် ခြယ်ထားသည်ကို တွေ့မြင် လိုက်ရသည်။

အဇူရီ အမှောင်ထုနှင့် အဇူရီ နံရံများ၊ အဇူရီ အရိပ်များ၊ အဇူရီ အလင်းမှုန်များ...

ယင်းတို့ကား အဇူရီ အလင်းတန်းများ တဒင်္ဂ ဖုံးလွှမ်းမှုကြောင့် သက်ရောက်သည့် မျက်လုံး၏ တုန့်ပြန်မှုများပင် ဖြစ်သည်။ တစ်ခဏမျှ ကြာသည့်တိုင် ဝေ့ဝူယင်မှာ အစစ်အမှန် အဇူရီ ကမ္ဘာအတွင်း ရောက်ရှိနေသလိုပင် ခံစားလိုက်ရ၏။

“အန်နု... ဘာလုပ်တာလဲ”

ဝေ့ဝူယင်က တိုက်ရိုက်ပင် မေးလိုက်၏။ သူ ပေးအပ်လိုက်သည့် အသက်အင်အားကို သန့်စင်ပြီးနောက် ထိုသတ္တဝါကြီးမှာ သူ၏ စွမ်းအားကို ပြန်လည် ရရှိသွားပုံ ပေါ်သည်။ အဇူရီ အကြေးခွံနှင့် နဂါးဦးချိုတို့ကို ပိုင်ဆိုင်ထားသော အန်နုမှာ မည်ကဲ့သို့သော သက်ရှိမျိုး ဖြစ်ကြောင်း ဝေ့ဝူယင် မသိသော်လည်း ကမ္ဘာကို ကိုင်လှုပ်နိုင်စွမ်းရှိကြောင်း ဝေ့ဝူယင် ခံစားနေရ၏။

“ငါ စက်ဆုပ်ရွံရှာစရာ ကောင်းတဲ့ ပိုးမွှားအချို့ကို သတ်ပြီးပြီ... ဘာမှ မဟုတ်တော့ဘူး”

အန်နု၏ အသံက ပျံ့နှံ့လာသည်။ သူ၏ အသံက လမ်းတွင် တွေ့ရသည့် ပုရွက်ဆိတ်လေး တစ်ကောင်ကို နင်းကာ သတ်ဖြတ်လိုက်ခြင်းကို ပြောသကဲ့သို့ ပေါ့ပေါ့ပါးပါး ရှိလှ၏။

ဝေ့ဝူယင် အ‌ပေါ်ကို မော့ကြည့်လိုက်၏။ အပေါက်မှာ ရှိနေဆဲ ဖြစ်သည်။ သူ မတုန့်ဆိုင်းတော့ပဲ အရှိန်အဟုန်နှင့် အတူ ဒုံးပျံတစ်စင်း ကဲ့သို့ ခုန်တက်လိုက်လေတော့သည်။

ဟူး... ဟူး...

ဝေ့ဝူယင်သည် လေချီကို ပံ့ပိုးကာ ခန္ဓာကိုယ် ပေါ့ပါးမှုကို ပိုမို တိုးမြှင့်ထား၏။ လမ်း၌ အရှိန်လျော့ကျသွားတိုင်း မတ်စောက်သော နံရံများကို ခြေထောက်ဖြင့် ကန်ကာ မြှင့်တင်သည်။ ဤသို့နှင့် မကြာခင်မှာပင် အပေါက်ဝမှ ထွက်၍ အပြင်သို့ သူ ရောက်ရှိလာခဲ့တော့သည်။

ထိုနေရာကား သားရဲထိန်းချုပ်ခြင်းဂိုဏ်း ဌာနချုပ်၏ ဝင်ပေါက်ပင် ဖြစ်ပေသည်။ သူ၏ ဝိညာဥ် အာရုံသည် လျှင်မြန်စွာပင် ဖြန့်ကျက်သွားကာ စစ်‌ဆေးလိုက်၏။ သူ၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်.

မိုးကြိုးခြေလှမ်း...

ဘုန်း...

ဝေ့ဝူယင်၏ ခန္ဓာကိုယ်သည် ‌ရှေ့သို့ လျှင်မြန်စွာ ရွေ့လျားသွား၏။ ဥမင်လမ်းကြောင်း အဆုံး၌ ဂိတ်တံခါး တစ်ခုကို သူ တွေ့မြင်ရ၏။ သူ မတုန့်ဆိုင်းပဲ ဂိတ်တံခါး အတွင်းဝင်ကာ ပတ်ဝန်းကျင် တစ်ခုလုံးကို အကဲခတ် လိုက်လေတော့၏။

သူ တွေးထားသည့် အတိုင်းပင် သားရဲထိန်းချုပ်ခြင်းဂိုဏ်းတွင် မြေအောက်မြို့တော် တစ်ခု တည်ရှိနေပေသည်။ သို့သော်လည်း ထိုအရေးမကြီးပေ။

ဝေ့ဝူယင်၏ အကြည့်များမှာ အသက်နှစ်ဆယ် မကျော်သေးသည့် မိန်းမငယ်လေး တစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ အသက်ဓာတ် ကင်းမဲ့နေသော သူမသည် မြေပြင်ထက်၌ ငြိမ်သက်စွာ လဲလျောင်းနေ၏။ သွေးခုန်နှုန်း ရှိသေးလုနိုးနှင့် သူ သူမ၏ လည်ပင်းကို ထိကြည့်လိုက်သည်။ ထိုအခါ အဇူရီ အလင်းအမှုန်အမွှားလေးများမှာ သူမ၏ အရေပြားအောက်မှ လင်းလက်လာသည်ကို သူ တွေ့လိုက်ရသည်။

ဝေ့ဝူယင်၏ စိတ်များမှာ မွမ်းကြပ်နေခဲ့၏။ သူမကား သေဆုံးသွားခဲ့ချေပြီ။ အစောကတည်းက သိနေသည့်တိုင် ထိုအရာကို လက်ခံရန် ဆန္ဒ မရှိခဲ့ခြင်း ဖြစ်နိုင်သည်။

သူ၏ ငွေရောင် မျက်လုံးများသည် ငြိမ်းချမ်းသေဝပ်နေသော မြေအောက်ကမ္ဘာကြီးကို ဝှေ့ကာ ကြည့်လိုက်၏။ သွေးမရှိသော စစ်မြေပြင်၊ ဂူမရှိသည့် သင်္ချိုင်းနှင့် အသက်မရှိတော့သော ဂိုဏ်းတစ်ခုပါပေ။

ထိုအချိန်တွင်ပင် တိရစ္ဆာန် သားရဲမျိုးစုံတို့၏ တက်ကြွသော အော်ဟစ်သံများကို ဝေ့ဝူယင် ကြားလိုက်ရ၏။ သူက လှည့်ကြည့်လိုက်ရာ တွားသွား၊ ရေနေ၊ ကုန်းနေနှင့် လေပေါ် ပျံနိုင်သည့် သားရဲ မျိုးစိတ် မျိုးစုံတို့ အဆောက်အဦများ၊ သို့မဟုတ် လမ်းကြားများထဲမှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

အန်နုသည် လူသားအားလုံးကို သတ်ဖြတ်ခဲ့လေသည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ ကောင်းကင်တာအိုက သားရဲထိန်းချုပ်ခြင်းဂိုဏ်း၏ အကုသိုလ် အပြစ်များ အတွက် ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်စေရန် ဆုံးဖြတ်ခဲ့ဟန် ရသည်။ ပထမ၌ နတ်ဘုရားအရှင် တစ်ပါး ဖြစ်သော သူနှင့် တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်စေခဲ့သည်။ သူက ဂိုဏ်းတစ်ခုလုံးနှင့် ရင်ဆိုင်ရန် ဆန္ဒ မရှိသော အခါ အန်နုကို ပြန်လည် အသက်ဝင်စေခဲ့သည်။ အကယ်၍ အန်နုမှ မသတ်ဖြတ်လျှင်လည်း သူတို့မှာ အခြား နည်းလမ်းတစ်ခုဖြင့် အဆုံးသတ်ရပေလိမ့်မည်။

ဝေ့ဝူယင် နေသွေးနီနီဂိုဏ်း၏ အဖြစ်ကိုပင် ပြန်လည် အမှတ်ရလိုက်မိ၏။ ထိုစဥ်က သူသည် ကျူးလင်၏ အပြစ်ကို ဖော်ထုတ်ခြင်းဖြင့် ဂိုဏ်းအား အဆင့်နှစ် ကပ်ဘေးကြီး တစ်ခုမှ ရှောင်လွှဲနိုင်အောင် စွမ်းဆောင် ပေးနိုင်ခဲ့သည်။ သို့သော်လည်း နောက်ထပ် ငါးနှစ်မျှ အကြာ၌ ဂိုဏ်းသည် အခြား ကပ်ဘေးတစ်ခုကို ထပ်မံ ရင်ဆိုင်ခဲ့ရကာ ပျက်စီးလုနီးပါး အထိပင် ဖြစ်ခဲ့ရလေသည်။

ဝေ့ဝူယင် အန်နုထံ ပြန်လည်သွားကာ မေးခွန်းထုတ်ရန် စဥ်းစားလိုက်မိသော်လည်း ထိုဆန္ဒက လျှင်မြန်စွာပင် မှိန်ဖျော့ပျောက်ကွယ်သွား၏။ သူက သူတော်စင် တစ်ယောက် မဟုတ်သလို ထိုအရာကလည်း မပြောင်းလဲနိုင်တော့သည့် အခြေအနေ တစ်ခု ဖြစ်ပေသည်။

ဂီး...

စိတ်တစ်ခုလုံး မွမ်းကြပ်နေသည့်တိုင် နွေးထွေးသည့် အပြုံးတစ်ခုက ဝေ့ဝူယင်၏ နှုတ်ခမ်းတွင် ပေါ်လာခဲ့၏။ သူက လှည့်ကြည့်လိုက်ရာ လွတ်လပ်စွာ ပျံသန်းလာသော ပိုင်လင်ကို တွေ့မြင်လိုက်ရသည်။ အဇူရီ အလင်းများသည် သားရဲထိန်းချုပ်ခြင်းဂိုဏ်း အတွင်းရှိ လူသားအားလုံးကို သတ်ဖြတ်ကာ သားရဲများ အားလုံး၏ ရုပ်ပိုင်းနှင့် နာမ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု အားလုံးကို ဖျက်ဆီးပေးခဲ့ဟန် ရသည်။

အန်နု အဘယ်ကြောင့် ထိုကဲ့သို့ ပြုမူသည်ကို မသိရသော်လည်း သားရဲထိန်းချုပ်ခြင်းဂိုဏ်းနှင့် သူ့အကြား၌ ဇာတ်လမ်းတစ်ပုဒ် ကျိန်းသေ ရှိလိမ့်မည် ဖြစ်ကြောင်းကို ဝေ့ဝူယင် အကဲခတ်လိုက်မိသည်။

ဂီး...

ပိုင်လင်မှာ ‌ဝေ့ဝူယင်၏ နံဘေးတွင် ဆင်းသက်လာ၏။ ထို့နောက် လည်တိုင်ရှည်ကို ညွှတ်ရင်း ဝေ့ဝူယင်ဆီ တိုးဝင်လိုက်သည်။ ဝေ့ဝူယင်က ပြုံးလိုက်ရင်း လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ ပိုင်လင်ကား လုံခြုံသွားချေပြီ။

မည်သို့ပင် ဆိုစေ အန်နုကို ကျေးဇူးတင်ရပေမည်။ သူ့ကြောင့်သာလျှင် မည်သည့် အကျိုးဆက်မျှ၊ ရန်စွယ်မျှ မရှိပဲ ပိုင်လင်ကို သူ ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။

“ကဲ အချိန်ရှိတုန်းလေး...”

ဝေ့ဝူယင်၏ မျက်လုံးတွင် လောဘ အရိပ်အယောင်များက တဝင်းဝင်း လက်လာခဲ့၏။

“ပစ္စည်းလေးတွေ သိမ်းလိုက်ကြစို့...”

သားရဲထိန်းချုပ်ခြင်းဂိုဏ်းကား မြေအောက်မြို့တော်ကြီး တစ်ခုကိုပင် တည်ဆောက်ထားသည့် ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ သူတို့တွင် မရေမတွက်နိုင်သော ရတနာများ၊ ကျင့်စဥ်များ၊ မှော်ဆေးဝါးများ ရှိနေမည်မှာ အသေအချာပင် ဖြစ်ပေသည်။ ဤအတိုင်းထားခဲ့ပါက အလကားဖြစ်သွားမည့် အတူတူ သူ အားလုံးကို သိမ်းဆည်း သွားသင့်ပေသည်။

ဂီး...

ပိုင်လင်မှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ ဤသို့ဖြင့် သူတို့ နှစ်ယောက်ကား တက်ညီလက်ညီပင် အတူတကွ လှုပ်ရှားကြလေတော့သည်။

...

စစ်စေတီ အပြင်ဘက်၌ ဝေ့ဝူယင်နှင့် ပိုင်လင်တို့ နှစ်ယောက်သည် တိတ်တဆိတ်ပင် စုမေ့ ထွက်အလာကို စောင့်မျှော် နေကြလေသည်။ ဝေ့ဝူယင်၏ လက်ထဲတွင် လက်စွပ်များနှင့် ပြည့်နှက်နေသည့် အိတ်တစ်အိတ် ရှိ၏။ ထိုအရာများကား အသက်မဲ့နေသည့် သားရဲထိန်းချုပ်ခြင်းဂိုဏ်းသားများ၏ သိုလှောင်လက်စွပ်များပင် ဖြစ်သည်။

ကံမကောင်းစွာပင် ဝေ့ဝူယင်၏ သုံးလွှာလက်စွပ်မှာ ဂိုဏ်းတစ်ဂိုဏ်းလုံး၏ ရတနာအားလုံးကို သိုလှောင် ထားနိုင်သည် အထိ မကျယ်ဝန်းခဲ့ချေ။ ထို့ကြောင့်ပင် သူသည် ရတနာများကို သိုလှောင်ရန် အခြား နည်းလမ်းများ ရှာဖွေရတော့သည်။ သူ၏ အိတ်ထဲရှိ သိုလှောင်လက်စွပ် အားလုံးမှာ ကျင့်စဥ်များ၊ ဆေးပင်များ၊ ရတနာများနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင်သည် အဆောက်အဦများရှိ အုတ်များ အပါအဝင် တန်ဖိုးရှိသည့် အရာ မှန်သမျှကို တစ်ခုမှ မချန်ရစ်ခဲ့ချေ။

“ဘာဖြစ်လို့ ကမ္မတန်ဖိုးတွေ အများကြီး ဆုံးရှုံးသွားတာလဲ လို့ ငါ အံ့သြနေမိတာ... ခု ငါလိုက်တဲ့ အရာတွေက ကမ္မတန်ဖိုးထက်တောင် ပိုများနေသေးတယ်”

သို့သော်လည်း သူ၏ အဓိက အကျိုးအမြတ်မှာ အန်နုထံမှ ရရှိလိုက်သော အရာများပင် ဖြစ်၏။ ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်ကာ အသိစိတ် ပင်လယ်ထဲကို ရှာဖွေလိုက်သည်။ ထိုနေရာတွင် အစီအရင် ကျင့်စဥ် တစ်ခုနှင့် အစစ်အမှန်နဂါးအသွင်ပြောင်းခြင်း နည်းလမ်းတို့ ရှိပေသည်။

***

All Chapters