နဂါးသွေး နှလုံးသား
Vol. 8 Ch. 101
“စစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်းက တကယ် အံ့သြဖို့ကောင်းတယ်”
ထိုကျင့်ကြံခြင်း နည်းလမ်းတွင် အစစ်အမှန် နဂါးသွေးကို အသုံးပြု၍ နဂါးတစ်ပိုင်း ဖြစ်လာနိုင်မည့် နည်းလမ်းများကိုလည်း ဖော်ပြထားသေးသည်။ ၎င်းသည် သွေးမျိုးဆက်ကို အသွင်ပြောင်းလဲပစ်ကာ အစစ်အမှန် နဂါးတစ်ကောင် ဖြစ်လာစေနိုင်သည်။
ထို့အပြင် နဂါးများမှာ သားရဲများ မဟုတ်ကြောင်းလည်း ဝေ့ဝူယင် သိရှိလာရ၏။ ၎င်းတို့ကို ကောင်းကင် သက်ရှိများ ဟု ဆိုထားသည်။ ဝေ့ဝူယင်သည် ထိုနာမည်ကို အပြည့်အဝ နားမလည်သော်လည်း သားရဲများကို ရည်ညွှန်းခြင်း မဟုတ်ကြောင်း သဘောပေါက် နားလည်သည်။
သို့သော်လည်း သားရဲများမှာမူ နဂါးတို့၏ မျိုးဆက်များ ဖြစ်သည်။ လူသားများတွင်ပင် နဂါးမျိုးဆက်များ ပါဝင်နေသည်။ ထိုကဲ့သို့ နဂါး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် လူများမှာ ကျင့်ကြံခြင်းတွင် ပါရမီ မြင့်မားကာ ပြိုင်ဘက်ကင်းလေ့ ရှိသည်။
ဝေ့ဝူယင်သည် ချီစွမ်းအင်ကို သုံးလွှာ လက်စွပ်အတွင်း ထည့်သွင်းလိုက်၏။ ထို့နောက် သူ စိန်တုံးသဏ္ဌာန် အဇူရီ သလင်းကျောက်လေးကို သူ ရှာဖွေကာ ထုတ်ယူလိုက်သည်။ ထိုအထဲတွင်တွင် နဂါးတစ်ကောင်၏ သွေးမျိုးဆက်များ ပါဝင်နေပေသည်။
သလင်းကျောက်လေးကို ကိုင်ရင်း ဝေ့ဝူယင် ဂရုတစိုက် လေ့လာကြည့်လိုက်၏။
“အစစ်အမှန် နဂါးအသွင်ပြောင်းခြင်း နည်းလမ်းအရဆိုရင် အမတေ သွေးစက်ကို သန့်စင်ဖို့ နည်းလမ်း သုံးခု ငါ ရွေးချယ်နိုင်တယ်... ပထမ တစ်ခုက နှလုံးသားနဲ့ သန့်စင်ဖို့ပဲ... အဲဒါက လူသုံးအများဆုံး နည်းလမ်းလည်း ဖြစ်တယ်... ကျဆုံးနိုင်ချေ သေဆုံးနိုင်ချေ မရှိပဲ အမတေ သွေးစက်ကို အပြည့်အဝ သန့်စင်နိုင်လိမ့်မယ်... ဒါပေမဲ့ အကျိုးဆက် အနေနဲ့ ခန္ဓာကိုယ်က ထိန်းချုပ်မရနိုင်တဲ့ ဗီဇပြောင်းလဲမှုကို ခံစားရလိမ့်မယ်... အဲဒီအခါကျရင် ငါ့ရဲ့ လူသား အသွင်ရော စိတ်ဆန္ဒတွေပါ ပျောက်ဆုံးသွားနိုင်ချေ ရှိတယ်”
တစ်နာရီခန့် အလေးအနက် တွေးတောပြီးနောက်၌ ဝေ့ဝူယင် ခေါင်းကို ခါလိုက်၏။ နဂါဂတ်၌ ကပ်ဘေးကို ရင်ဆိုင်ရမည့် ဝေ့ဝူယင်သည် လူသားမျိုးစိတ် အဖြစ်သာ နေထိုင်လိုသည်။ ထိုနည်းလမ်းက လူသားများထက် သားရဲများနှင့်သာ ပိုမို သင့်တော်ပုံ ပေါ်၏။
“ဒုတိယ နည်းလမ်းက အမတေ သွေးစက်ကို သုံးပြီး မူလယင်ကို သန့်စင်ပစ်ဖို့ပဲ... ရရှိလာတဲ့ နဂါးမူလယင်ကို သုံးပြီး အဲဒီ စွမ်းအင်တွေနဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံလို့ ရတယ်... ဒါပေမဲ့ ငါမွေးဖွားလာမယ့် ကလေးတွေကတော့ နဂါး သွေးမျိုးဆက်ကို မွေးရာပါ ပိုင်ဆိုင်ပြီး ထိပ်တန်း ပါရမီရှင်တွေ ဖြစ်လာလိမ့်မယ်”
ထိုအရာက ကိုယ်ကိုယ်တိုင်ထက် ကိုယ့်သားသမီးများကို ပိုမို အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဝေ့ဝူယင် ရှည်ရှည်ဝေးဝေး မစဥ်းစားပဲ ခေါင်းခါလိုက်၏။ သူ့တွင် ဆယ်စုနှစ် လေးစုခန့်သာ ကျိန်းသေ ရှင်သန်ရန် အချိန်ရှိသည်။ ဒုတိယ ကပ်ဘေးကို ဖြတ်ကျော်နိုင်၊ မကျော်နိုင်က မသေချာသော အရာ ဖြစ်သည်။ ထို့ကြောင့်ပင် ကလေးများ မွေးဖွားပြီး ပြုစုပျိုးထောင်လိုသည့် ဆန္ဒ သူ့တွင် မရှိချေ။
“နောက်ဆုံး နည်းလမ်းက... နေဦး... အဲဒါက ဖြစ်ရော ဖြစ်နိုင်ရဲ့လား”
နောက်ဆုံး နည်းလမ်းကို ဖတ်ရင်း ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ ထိုအရာက လူသားတို့၏ ကျင့်ကြံခြင်း နည်းလမ်းနှင့် ဆင်တူသလိုလို ရှိသော်လည်း အမှန်တကယ်တွင် မတူပြန်ချေ။ ဝေ့ဝူယင် စဥ်းစားရင်း အနည်းငယ် ခေါင်းရှုပ်လာခဲ့၏။ အစစ်အမှန် နဂါးများမှာလည်း ဝိညာဥ်များ ရှိသောကြောင့် ကျင့်ကြံနိုင်ခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။
ထိုနည်းလမ်းထဲ၌ “ကောင်းကင်သက်ရှိ အမှတ်အသား” ကို မွေးဖွားရမည် ဟုလည်း ဆိုထားသေးသည်။ ပထမ တစ်ကြိမ် အစအဆုံး ဖတ်ပြီးသွားသည့်တိုင် ဝေ့ဝူယင်မှာ ဆိုလိုရင်းကို စိုးစိမျှ နားမလည်သေးချေ။
သို့သော်လည်း အကြိမ်ကြိမ်အခါခါ ဖတ်ပြီးသည့် နောက်၌ သူ အနည်းငယ် သဘောပေါက် ရိပ်မိလာခဲ့၏။ ထိုအရာက “နဂါးချီ နှလုံးသား”ကို ဖန်တီးသည့် ဖြစ်စဥ်တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း “ချီ”စွမ်းအင်ကို မသုံးပဲ “သွေး”စွမ်းအင်ကိုသာ အသုံးပြုရာ ထိုနည်းလမ်းက သူ နားလည်ထားသည့် ကျင့်ကြံခြင်း အယူအဆများနှင့် လုံးဝ ခြားနားပေသည်။
၎င်းကို “နဂါးချီ နှလုံးသား”ထက် “နဂါးသွေး နှလုံးသား” ဟု ခေါ်ပါက ပိုမို သင့်တော်ပေလိမ့်မည်။ ထိုနည်းလမ်းမှာ နည်းလမ်းသုံးခုထဲတွင် အခက်ခဲဆုံး ဖြစ်သလို ကန့်သတ်ချက်၊ လိုအပ်ချက်များစွာနှင့်လည်း ပြည့်နှက်နေပေသည်။
အရေအကြီးဆုံး အချက်ကား... ထိုနည်းလမ်းအား အသုံးပြုမည့်သူမှာ ကျင့်ကြံခြင်း အမှု မပြုလုပ်ရသေးသည့် လူတစ်ယောက် ဖြစ်ရပေမည်။ အကြောင်းရင်းကား လူတစ်ယောက်မှာ ချီနှလုံးသား နှစ်ခုကို တစ်ပြိုင်နက်တည်း ဖွဲ့စည်း၍ မရရှိနိုင်သောကြောင့်ပင်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွား၏။ အကယ်၍ သူသာ သာမန် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပါက ထိုနည်းလမ်းမှာ မဖြစ်နိုင်လောက်အောင် ခက်ခဲလှပေသည်။ သို့သော်လည်း သူကား ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
“နဂါးသွေး နှလုံးသား” ကို ဖွဲ့စည်းရန် သူ့အတွက် မခက်ခဲလှချေ။ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ်တို့ကို ခွဲထုတ်ကာ ပေါင်းစည်းလိုက်ရုံသာ ဖြစ်သည်။
သို့သော်လည်း...
“နဂါးသွေး နှလုံးသားကို ဖန်တီးပြီးသွားရင် ငါ ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို အသုံးပြုနိုင်မှာ မဟုတ်တော့ဘူး”
နဂါးသွေး နှလုံးသားကို ပိုင်ဆိုင်ပြီးပါက သူသည် နဂါး သွေးမျိုးဆက်အဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ ရုပ်ကို နောက်တစ်ကြိမ် ထပ်မံ ခွဲထုတ်ရန် မဖြစ်နိုင်တော့ချေ။
အကယ်၍ ထပ်မံခွဲထုတ်ရန် ကြိုးစားပါက သူပိုင်ဆိုင်ထားသည့် နဂါးသွေးမျိုးဆက်ကို ဆုံးရှုံးရပေလိမ့်မည်။ ထိုအခါ သူ ရင်းနှီးထား သမျှ အရင်းအမြစ်များနှင့် အမတေ သွေးစက်များ၊ အဆိုးဆုံး နဂါးသွေး နှလုံးသား ပင်လျှင် ပျောက်ကွယ်သွားရပေလိမ့်မည်။
နာရီအနည်းငယ်ကြာ တွေးတောပြီးနောက်၌ ဝေ့ဝူယင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။ သူ၏ အသက်မှာ အကန့်အသတ် ရှိနေချေသည်။ ထို့ကြောင့်ပင် ချီနှလုံးသား အသစ် အသစ်များကို ထိုင်၍ ဖန်တီးနေရန် သူ့အတွက် မဖြစ်နိုင်ချေ။
“ဒါက ငါ့ရဲ့ နောက်ဆုံး ဝိညာဥ် မွေးဖွားခြင်း ဖြစ်လာလိမ့်မယ်”
ဝေ့ဝူယင် ကျိန်ဆိုလိုက်လေ၏။
...
ရား...
အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် မိုးခြိမ်းသံကြီး တစ်ခုသည် ကမ္ဘာတစ်ခုလုံးကို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာလေ၏။ ထိုအသံကြီးကား ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်သက်ရှိ အမှတ်အသားမှ ထွက်ပေါ်လာခြင်း ဖြစ်ဟန် ရလေသည်။
ထိုအခိုက်အတန့်၌ သူသည် အရိပ်ဝှက်နယ်အတွင်းရှိ တောင်တန်းတစ်ခုအား ဂူသဖွယ်ထွင်းထုကာ မှီတင်း နေထိုင်နေခဲ့ခြင်း ဖြစ်သည်။ သူသည် နဂါးသွေး နှလုံးသားကို ဖွဲ့စည်းရန် ဆန္ဒ ပြင်းပြနေလေရာ စုမေ့ကို စောင့်ရင်း တံခါးပိတ် ကျင့်ကြံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နဂါး သွေးနှလုံးသားကို ဖန်တီးရခြင်းကား သူ့အတွက် အရမ်းကြီး မခက်ခဲခဲ့ချေ။ သူ ပိုင်ဆိုင်ထားသည့် ဧဒင်ချီ နှလုံးသားနှင့် အဂ္ဂိရတ် ပညာရပ် ခုနစ်ပါးသည် ထိုဖြစ်စဥ် အတွက် အထိရောက်ဆုံး အကျိုးပြုခဲ့သည်။ နဂါး အမတေ သွေးစက်များကို စုပ်ယူခြင်း အတွက်လည်း ထုတ်ယူမှု၊ ကြီးထွားမှု၊ ချုပ်ကိုင်မှု၊ သန့်စင်မှု၊ ဖန်တီးမှု၊ အသွင်ပြောင်းမှုနှင့် ပေါင်းစပ်မှု ဟူသော အဆင့်များ လိုအပ်သည် မဟုတ်ပါလော။
ယခုဆိုလျှင် ဝေ့ဝူယင်သည် နဂါးသွေး နှလုံးသား လမ်းစဥ်တွင် ချီပျစ်ခဲခြင်း အဆင့်တစ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မဟုတ်သေး... ထိုအရာကို သွေးပျစ်ခဲခြင်း အဆင့်တစ်ဟု ခေါ်လျှင် ပိုမို မှန်ကန်ပေလိမ့်မည်။
ချီနှလုံးသားများနှင့် မတူညီစွာပင် သွေးနှလုံးသားမှာ ထျန်းတျန်ထဲ၌ နှလုံးသား အသစ် တစ်ခု ထပ်မံ ဖွဲ့စည်းရခြင်းမျိုး မဟုတ်ပဲ မူယင်း နှလုံးသားတွင်သာ ကောင်းကင်သက်ရှိ အမှတ်အသားကို ထွင်းထု ရခြင်းမျိုး ဖြစ်သည်။ ယခုဆိုလျှင် သူ၏ နှလုံးသား၌ ကောင်းကင်သက်ရှိ အမှတ်အသား အပြင် နဂါးသွေးမျိုးဆက်များ စီးဆင်းနေသည့် သွေးလွှတ်ကြောနှင့် သွေးပြန်ကြော အသစ်များ ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
“အစစ်အမှန် နဂါးအသွင်ပြောင်းခြင်း နည်းလမ်းအရဆိုရင်... တတိယ နည်းလမ်းက သွေးမျိုးဆက် စွမ်းအားနဲ့ သန့်စင်မှု အပေါ် မူတည်ပြီး ကောင်းကင်သက်ရှိ အမှတ်အသားကို တည်ဆောက်တာပဲ... ငါ့အနေနဲ့ ကောင်းကင်သက်ရှိ အမှတ်အသားကို ပိုပြီး သန့်စင်စေချင်တယ် အစွမ်းထက်စေချင်တယ် ဆိုရင် အခြား အမတေ သွေးစက်တွေ ဒါမှမဟုတ် ရတနာတွေ လိုအပ်တယ်...”
“ကောင်းကင်သက်ရှိ အမှတ်အသားတွေကို သန့်စင်မှု အလိုက် သေမျိုး အမှတ်အသား၊ လျှို့ဝှက် အမှတ်အသားနဲ့ တန်ခိုးရှင် အမှတ်အသား ဆိုပြီး ခွဲခြားထားတယ်... တစ်ခုချင်းစီကို အဆင့် ခုနစ်ဆင့် ထပ်ပြီး ခွဲခြားထားသေးတယ်... ငါ့ရဲ့ ကောင်းကင်သက်ရှိ အမှတ်အသားက သေမျိုး အမှတ်အသား အဆင့်နှစ်မှာပဲ ရှိသေးတယ်...”
"ဒါပေမဲ့ သွေးပျစ်ခဲခြင်း အဆင့်တစ်ပဲ ရှိသေးတာတောင် ငါ့ခန္ဓာကိုယ်က နဂါးသွေးမျိုးဆက်ရဲ့ အစွမ်းကြောင့် ပိုပြီး သန်မာလာနေပြီ... ချီကျင့်ကြံခြင်း လမ်းစဥ်လိုပဲ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို သုံးပြီး သွေးမျိုးဆက် စွမ်းအားကို ငါ မြှင့်တင်ရမယ်... ပထမ ရည်မှန်းချက်က သွေးပျစ်ခဲခြင်းရဲ့ အဆင့်ကိုးဆင့်လုံးကို ဖြတ်ကျော်ဖို့ပဲ”
ဝေ့ဝူယင် စိတ်ထဲမှ နေ၍ အစီအစဥ်များ ကြိုတင်ချမှတ် နေခဲ့တော့သည်။
...
ရက်အနည်းငယ် ကြာပြီးနောက်... စုမေ့မှာ စစ်စေတီ အတွင်းမှ ထွက်ပေါ်လာ၏။ သူမ ရွေးချယ်လိုက်သည့် အမှောင်တာအိုမှာ အလွန် ရှုပ်ထွေးပြီး အဆင့်မြင့်သည့် စွမ်းအင် တစ်ခု ဖြစ်သည်။ မြင့်မားသော ပါရမီဖြင့်ပင် သူမသည် အမှောင်ချီကို မွေးဖွားနိုင်ခြင်း မရှိခဲ့ချေ။ သို့သော်လည်း စုမေ့မှာ သူ၏ ကျဆုံးမှု အတွက် စိတ်ပျက်လက်ပျက် ဖြစ်မသွားပါချေ။ ထို့အစား သူမသည် အမှောင်ထု၏ နက်နဲမှုနှင့် ဆန်းပြားမှုများကို ပိုမို နားလည်လာကာ ကျင့်ကြံရန်ပင် ပို၍ ဆန္ဒ ပြင်းပြလာခဲ့သည်။
စမ်းသပ်မှုအတွင်း ဆုလာဒ် အဖြစ် သူမသည် “ည၏ အမှောင်ထု အလင်းရောင်” ဟု ခေါ်သော ကျင့်စဥ် တစ်ခုကို လက်ခံ ရရှိခဲ့သည်။ ထိုကျင့်စဥ်တွင် အမှောင်နှင့် အလင်း စွမ်းအင်များကို ကျင့်ကြံရန် နည်းလမ်းများကို ဖော်ပြထားသည်။
ဝေ့ဝူယင်က စုမေ့၏ ဆန္ဒပြင်းပြမှုကို ထောက်ခံကာ အားပေးစကားဆိုလိုက်သည်။ သူမ၏ ကျင့်ကြံခြင်း အတွက် သူ အကောင်းဆုံး ပံ့ပိုးပေးသွားမည် ဖြစ်ပေသည်။
ထို့အပြင်... စမ်းသပ်မှု၏ အကျိုးရလဒ် တစ်ခု အဖြစ် သူမသည် ချီပျစ်ခဲခြင်း အဆင့်ငါး ယန်ဖွံ့ဖြိုးခြင်း အဆင့်ကို ရောက်ရှိရန် အရေးကြီးသော အခြေအနေ တစ်ခုကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ လိုအပ်သော ကျင့်ကြံခြင်း ရင်းမြစ်နှင့် မှော်ဆေးလုံးများ ထောက်ပံ့ပေးပါက သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ တိုးတက် သွားပေလိမ့်မည်။
စုမေ့သည် အဆင့်မြင့် သစ်သားချီ တစ်မျိုးကို မွေးဖွားပြီးခဲ့ပြီး ဖြစ်သည်။ လျှပ်စီးချီကို မွေးဖွားရန်မှာလည်း သိပ်မလိုတော့ချေ။ သူမသည် ဝေ့ဝူယင် လမ်းစဥ်အတိုင်း လျှောက်လှမ်းကာ ဒြပ်စင် ကိုးခုစလုံးဖြင့် ချီနှလုံးသားကို တည်ဆောက်ရန် ဆုံးဖြတ်ထား၏။
ဝေ့ဝူယင်က သူမ၏ ဆုံးဖြတ်ချက်အား အပြည့်အဝ ထောက်ခံပေသည်။ ဒြပ်စင်ချီ ဆန်းကြယ် ဝိညာဥ်ကို ပိုင်ဆိုင်ထားသည့် နတ်ဘုရား အရှင် တစ်ပါး အနေဖြင့် လိုအပ်ပါက သူသည် အသန့်စင်ဆုံး ဒြပ်စင် စွမ်းအင်များကို သူမ၏ ခန္ဓာကိုယ် အတွင်း ဆက်သွယ် ထည့်သွင်းပေးနိုင်သည်။ ထိုနည်းဖြင့် သူမ၏ အောင်မြင်မှုနှုန်းမှာ ပိုမို မြင့်မားလာပေလိမ့်မည်။
ဝေ့ဝူယင်သည် အရိပ်ဝှက် နယ်တွင်ပင် စုမေ့ကို အဆင့်တက်စေရန် ဆုံးဖြတ်လိုက်သည်။ သူမ အနေဖြင့် ထိုဖြစ်စဥ် အတွက် အချိန် တစ်လခန့် ယူရဖို့ ရှိသည်။ သူ ဖန်တီးထားသည့် အဂ္ဂိရတ် မှော်ဆေးလုံးများနှင့် သားရဲထိန်းချုပ်ခြင်းဂိုဏ်းမှ ရရှိလာသည့် ရင်းမြစ်များမှာ သူမအတွက် ကျိန်းသေ အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။
...
နှစ်ဆယ့်ရှစ်ရောက် ကြာပြီးနောက်...
စုမေ့သည် သူမ၏ ဂူထဲတွင် ကြာပန်းသဏ္ဌာန်ထိုင်ကာ ကျင့်ကြံနေခဲ့၏။ သူမသည် ဝေ့ဝူယင်၏ အဆင့်ခြောက် အဂ္ဂိရတ် ထုတ်ကုန်ဖြစ်သော ယန်မီးတောက် ဆေးရည်ကို စုပ်ယူနေခဲ့ခြင်း ဖြစ်သည်။ လေးပတ်မျှ အချိန်အတွင်းမှာပင် သူမသည် ယန်မီးတောက် ဆေးရည် လေးပုလင်းခန့်ကို စုပ်ယူကာ ချီပျစ်ခဲခြင်း အဆင့်ငါး ယန်ဖွံ့ဖြိုးခြင်းသို့ ခြေချနိုင်ခဲ့ပြီ ဖြစ်လေသည်။
“ငါလုပ်နိုင်ခဲ့ပြီ...”
စုမေ့၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်ဟလာ၏။ သူမကား သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်လာရန် ခြေတစ်လှမ်း ပိုမို နီးကပ်လာကာ သန်းချီသော ကျင့်ကြံများ၏ အထက်၌ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ နတ်ဘုရား အရှင် တစ်ယောက် ဖြစ်နေခဲ့ချေပြီ။ သူ၏ စစ်သည်တော် တစ်ယောက်၊ အစေခံ တစ်ယောက် အနေဖြင့် သူမသည် သူ၏ နောက်တွင် ဝေးကွာစွာ ပြတ်မကျန်ခဲ့ရန် ဆန္ဒရှိပေသည်။ ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်၏ အဂ္ဂိရတ် ကျွမ်းကျင်မှုမှာ ထိပ်တန်း အဆင့်၌ ရှိနေခဲ့သည်။
စုမေ့သည် အရှင်ဝေ့၏ အကြောင်းကို တွေးမိတိုင်း အမြဲတမ်း ဂုဏ်ယူမှုကိုသာ ခံစားခဲ့ရသည်။
ချောမောသော ရုပ်ရည်၊ ကြောက်မက်ဖွယ်ကောင်းလှသော ကျင့်ကြံခြင်း ပါရမီ၊ အဂ္ဂိရတ် လမ်းစဥ် ကျွမ်းကျင်မှု...
သူ့အား ထိပ်သီး ပါရမီရှင်ဟု မခေါ်လျှင် မည်သူ့ကို ခေါ်ရတော့မည်နည်း။
***