← Chapters

ပြန်လည် ဆုံတွေ့ခြင်း

Vol. 8 Ch. 102

ပြန်လည် ဆုံတွေ့ခြင်း

Vol. 8 Ch. 102

ဂီး...

ပိုင်လင်သည် ဂူထဲမှ စုမေ့ ထွက်လာသည်ကို ပထမဆုံး သတိထားမိလိုက်၏။ သူမက ပျော်ရွှင်စွာ အော်ဟစ်ရင်း စုမေ့ဆီ ပြေးလာကာ ခေါင်းဖြင့် တိုးဝှေ့လိုက်သည်။

ပိုင်လင်မှာ ဝေ့ဝူယင်၏ သားရဲဖြစ်သည့်တိုင် ငယ်စဥ်ကတည်းက စုမေ့၏ ပြုစု ယုယမှုများကို ခံခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့်ပင် စုမေ့နှင့် သူ့အကြား သံယောဇဥ်မှာလည်း နက်ရှိုင်းလှ၏။

“အဆင့်ချိုးဖျက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်... စုမေ့”

ဝေ့ဝူယင်ကလည်း လျှောက်လာရင်း ပြောလိုက်သည်။ သူ၏ မျက်နှာထက်၌ အပြုံးတစ်ခုက နေရာယူနေသည်။

“ကျေးဇူးပါ အရှင်ဝေ့...”

စုမေ့က လေးစားသမှုဖြင့် ဦးညွှတ်လိုက်သည်။

ဝေ့ဝူယင်မှာ ပိုင်လင်နှင့် စုမေ့တို့ကို ကြည့်ရင်း အချိန်များ လျှင်မြန်စွာ ဖြတ်ကျော်သွားသလို ခံစားလိုက်ရသည်။ ပထမဆုံး စတင် တွေ့ဆုံချိန်၌ သူတို့ နှစ်ယောက်မှာ ပိန်လှီနေသည့် ကောင်မလေးနှင့် ဆယ်မီတာခန့်သာ မြင့်မားသေးသည့် ကြိုးကြာပေါက်စလေးသာ ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ စုမေ့မှာ ချီပျစ်ခဲခြင်း အဆင့်ငါး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့ကာ ပိုင်လင်မှာလည်း မီတာလေးဆယ်ကျော် အထိ မြင့်မားသည့် သားရဲကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ကဲ... နင်တို့နှစ်ယောက် အဆင်သင့်ပဲ ပဲလား...”

ဝေ့ဝူယင်က မေးလိုက်၏။ စုမေ့ ကျင့်ကြံနေသည့် အတောအတွင်း၌ သူသည်လည်း အဂ္ဂိရတ် ဧဒင်ချီ နှလုံးသားနှင့် နဂါးသွေး နှလုံးသားတို့တွင် အဆင့်ခြောက်များသို့ အသီးသီး ခြေချနိုင်ခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ဤနေရာမှ ထွက်ခွာရန် အချိန်ကား ကျရောက်လာခဲ့ပြီ ဖြစ်လေသည်။

"အင်း...”

စုမေ့က ခေါင်းညိတ်လိုက်၏။ ပိုင်လင်ကမူ စိတ်လှုပ်ရှားစွာဖြင့် တွန်သံ တစ်ချက် ပေးသည်။

“ကောင်းတယ်...”

ဝေ့ဝူယင် ပြုံးလိုက်သည်။ သူ၏ နောက်ထပ် မှတ်တိုင်ကား ဝူနက္ခတ်မျှော်စင်ပင် ဖြစ်လေသည်။ ထို့အပြင် မိန်းမလှ သတ်မှတ်ချက် ထိပ်ဆုံး သုံးယောက်ဝင် မင်းသမီး ဝူပိုင်ကျိုးကိုပါ တစ်ခါတည်း သွားရောက် ကြည့်ရှုရန် ဝ့ဝူယင် ဆုံးဖြတ်ထားသည်။

မကြာမီမှာပင် သူတို့ သုံးယောက်သည် ထွက်ခွာရန် အစစ အရာရာ ပြင်ဆင် ပြီးသွားကြပြီ ဖြစ်လေသည်။ ဝေ့ဝူယင်နှင့် စုမေ့တို့သည် ပိုင်လင်၏ ကျောပေါ် တက်ကာ နေရာယူလိုက်ကြ၏။

“နှုတ်ဆက်ခဲ့တယ် ဂူကြီးရေ...”

ပိုင်လင်က တောင်ပံများကို အရှိန်ပြင်းစွာ ခတ်ရင်း ကောင်းကင်သို့ ပျံတက်လိုက်၏။ သူမ၏ ဦးတည်ရာကား ကောင်းကင်ဝူမြို့တော် ဟု ထင်ရှား ကျော်ကြားသည့် ဝူအင်ပါယာမြို့တော်ပင် ဖြစ်လေတော့သည်။

...

ကောင်းကင်ဝူမြို့တော်၊ အင်ပါယာ နန်းတော်အတွင်း...

မိန်းကလေး နှစ်ယောက်သည် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသော နန်းဆောင်တစ်ခု အတွင်း ထိုင်နေကြလေသည်။ အကယ်၍ ဝေ့ဝူယင်သာ ထိုနှစ်ယောက်ကိုသာ မြင်ပါက ချက်ချင်း မှတ်မိသွားလိမ့်မည် ဖြစ်သည်။

ပထမ တစ်ယောက်သည် အပြာရောင် မျက်ဝန်းများနှင့် ရှည်လျား နက်မှောင်သည့် ဆံနွယ်ရှည်များ ပိုင်ဆိုင်ထား၏။ သူမ၏ အရပ်မှာ ပျမ်းမျှခန့်သာ ရှိသည့်တိုင် သေးသွယ်သော ခန္ဓာ၊ အသက်ရှူမှားလောက်သည့် အရှိုက်အမို့များနှင့် ချောမွေ့ ကြည်လင်သော အသားအရေတို့က ပုရိဿတိုင်း၏ ရင်အစုံကို ကိုင်လှုပ်နိုင်စွမ်း ရှိသည်။ သူမ၏ ရှည်လျားသော မျက်တောင်မွေးများနှင့် ဖီးနစ်မျက်လုံးမှာလည်း ထည်ဝါမြင့်မြတ်လှကာ လောက၏ လေးနက်သော အမှန်တရားများကို သယ်ဆောင်ထားဟန် ရလေသည်။

အခြား တစ်ယောက်မှာလည်း ‌ရွှေဝါရောင် ဆံနွယ်၊ အပြာရောင် မျက်လုံးများနှင့် မိန်းမလှ တစ်ယောက်ပင် ဖြစ်လေသည်။ သူမ၏ မျက်လုံးများမှာ ကံကြမ္မာ အငွေ့အသက်များနှင့် ကြည်လင်ကာ တောက်ပနေ၏။ သူမ၏ အရှေ့၌ မည်သည့် အရာမှ ဖုံးကွယ်၍ ရပုံ မပေါ်ချေ။

ထိုနှစ်ယောက်ကား အခြားလူ မဟုတ်။ ဝေ့ဝူယင်ကို လှည့်စားသွားသည့် အရှင်မလင်းနှင့် ကံကြမ္မာဟောပြောသူ တို့ပင် ဖြစ်လေတော့သည်။

“ဒါဆို ငါဆက်နေလိုက်မယ်လေ... နင့်ပြောတာ ကျိန်းသေတယ်နော်”

အရှင်မလင်းက တည်ငြိမ်စွာဖြင့် ဆိုလိုက်၏။

ကံကြမ္မာဟောပြောသူမှာ အနည်းငယ် စိတ်လှုပ်ရှားနေဟန် ရလေသည်။

“ကျိန်းသေတယ်... သူက နင့်အတွက် လာရုံတင် မဟုတ်ဘူး... အဲဒီကနေ နင် အကျိုးအမြတ်တွေပါ ရလိမ့်မယ်”

အရှင်မလင်း၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွား၏။ ထိုအထဲ၌ ထင်ထင်ရှားရှား ပါဝင်နေသည်က ချစ်ခြင်း၏ အရိပ်အငွေ့များပင်။

...

ဝူဗဟို နယ်မြေ၏ လမ်းမ တစ်ခုထက်၌ ချောမောသော လူငယ် တစ်ယောက်ရှိ၏။ သူသည် အနက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ ဓားအိမ်ကို ကျော၌ လွယ်ထားသည်။ သူ၏ အနက်‌ရောင် မျက်ဝန်းအိမ်များမှာ ကြည်လင် ရှင်းလင်းနေကာ အနက်ရောင် ဆံပင်တိုများမှာ လေနှင့် အတူ တဖျပ်ဖျပ် လွင့်ပါနေခဲ့၏။

သူ၏ ဘေးတွင်မူ မိန်းကလေး တစ်ယောက် ရှိသည်။ သူမသည် မြစိမ်းရောင် ဆံပင်များနှင့် မျက်ဝန်းများကို ပိုင်ဆိုင်ထား၏။ သူမကား အလွန်လှပလှကာ လောကကြီး တစ်ခုလုံးကိုပင် ပိုင်ဆိုင်ထားဟန် ရလေသည်။

လူငယ်နှင့် မိန်းကလေးတို့ နှစ်ယောက်ကား ‌ဘေးချင်းယှဥ်ကာ လက်ချင်းတွဲရင်း လမ်းလျှောက် နေကြခြင်း ဖြစ်သည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် သူတို့ နှစ်ယောက် အကြားရှိ ဆက်ဆံရေးကို အကဲခတ် နိုင်ပေလိမ့်မည်။

“လုံချန်...”

မိန်းကလေးက တစ်ခုခု ပြောချင်ဟန်ဖြင့် လူငယ်ကို ကြည့်လိုက်သည်။

လူငယ်က သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသော လက်ကလေးများကို ဖျစ်ညှစ်လိုက်၏။ ထို့နောက် သူက နွေးထွေးသော ပြုံးလိုက်ရင်း သူမကို နှစ်သိမ့်လိုက်သည်။

“အဆင်ပြေသွားမှာပါ... ဘာကိစ္စပဲ ဖြစ်ဖြစ် အကို သူ့ကို ရအောင် ကယ်ပေးမယ်နော်”

အကယ်၍ ဝေ့ဝူယင်သာ ထိုလူငယ်နှင့် မိန်းကလေးကို မြင်ပါက အလွန်အမင်း အံ့အားသင့် သွားလိမ့်မည် ဖြစ်လေတော့သည်။

...

စစ်စေတီမှ ထွက်ခွာလာပြီးနောက် ဝေ့ဝူယင်တို့၏ နောက်ထပ် ပန်းတိုင်မှာ ဝူဗဟိုနယ်မြေ ဖြစ်လေသည်။ သို့သော်လည်း ကျောက်စိမ်းပုလဲ ရေကန်ကို ပထမဆုံး သွား‌ရောက်လိုက်ခြင်းကြောင့် ခရီးလမ်းမှာ အနည်းငယ် လွဲချော်သွားရာ ကောင်းကင်ဓားဂိုဏ်း နယ်မြေကို ပြန်လည် ဖြတ်သန်းရဦးမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ဝူဗဟို နယ်မြေသို့ ရောက်ရှိရန် ရက်အနည်းငယ်မှ ရက်သတ္တပတ် တစ်ခုအထိ အချိန်ယူပေလိမ့်မည်။

ဝေ့ဝူယင်သည် မျက်မှောင်ကြုတ်ရင်း “ဖီးနစ်နှင့် နဂါး ရတနာ” ဆိုသည့် စာအုပ်ကို ဖတ်နေခဲ့သည်။ ထိုစာအုပ်ထဲတွင် ပိုင်လင် စားသုံးခဲ့သည့် ရွှေရောင်ဖီးနစ် သစ်သီး အပါအဝင် ကောင်းကင်နှင့် မြေကြီး အကြား တွေ့ရှိရသည့် ဆန်းကြယ်သော ရတနာများ အကြောင်းကို ရေးသားထားသည်။ သူသည် ထိုစာအုပ်ကို သားရဲ ထိန်းချုပ်ခြင်းဂိုဏ်း၏ လျှို့ဝှက် ဘဏ္ဍာတိုက် တစ်ခုထဲမှ ရရှိထားခဲ့ခြင်း ဖြစ်သည်။

“ဒီစာအုပ် အရဆိုရင် ရွှေရောင်ဖီးနစ် သစ်သီးက အရမ်းကို ရှားပါးတဲ့ အသီး တစ်မျိုးပဲ... အဲဒါက ဖီးနစ်သွေးစက် တစ်စက်လိုမျိုး အာနိသင် ရှိပြီးတော့ ဖီးနစ်ကနေ ဆင်းသက်လာတဲ့ မျိုးဆက် အားလုံးကို အကျိုးသက်ရောက် စေနိုင်တယ် တဲ့...”

ဝေ့ဝူယင်မှာ အတွေးနက် နေခဲ့၏။ နဂါးများနှင့် ဖီးနစ်များမှာ ဒဏ္ဍာရီများ မဟုတ်ပဲ အမှန်တကယ် တည်ရှိနေသည့် သက်ရှိများ ဖြစ်နိုင်သည်။ သူတို့ သွေးစက် တစ်စက်ပင်လျှင် ထိုမျှ အစွမ်းထက်နေလျှင် မူရင်း သတ္တဝါများမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်နည်း။

သွေးစက်များအကြောင်း တွေးမိသော အခိုက်၌ သူ၏ ဧဒင်ချီ အဂ္ဂိရတ် နှလုံးသားမှာ ထူးထူးခြားခြား တုန်ရီလာ၏။ ဖျတ်ခနဲ ပေါ်လာသော အတွေးက ဝေ့ဝူယင်ကို မတူကွဲပြားသည့် အချိန် တစ်ခုသို့ ခေါ်ဆောင်သွား၏။။ ဧဒင်သစ်ပင် ရွက်နုလေးများ စတင် ထွက်ပေါ်လာသော အချိန်၌ သွေးတစ်စက်သည် ၎င်းကို ထိမိသွားသည်။ ထိုသွေးစက်ကြောင့်ပင် ခံစားချက်များ၊ အတွေးများ တည်ရှိလာသည့် ဧဒင်သစ်ပင်ကြီး အဖြစ် ကြီးထွားလာသည်ဟု ဝေ့ဝူယင် ခံစားလိုက်ရသည်။

စုမေ့မှာမူ လောကကြီးကို ငေးမောကြည့်နေခဲ့၏။ သူမသည် လတ်တလော၌ ကျင့်ကြံခြင်းကို အနားပေးထားသည်။ ရုတ်တရက် သူမ၏ မျက်လုံးများမှာ တစ်စုံတစ်ရာကို သတိထားမိသွားဟန်ဖြင့် အနည်းငယ် ကျဥ်းမြောင်းသွား၏။

“အရှင်ဝေ့...”

သူမက ခေါ်လိုက်သည်။ ဝေ့ဝူယင်က စာအုပ်ကို သိမ်းဆည်းကာ စုမေ့အား လှည့်ကြည့်လိုက်သည်။

သူတို့နှင့် ကီလိုမီတာ အနည်းငယ် အကွာအဝေး၌ ကျင့်ကြံသူများမှာ စုဝေးနေ၏။ ဝတ်ဆင်ထားသော ဝတ်စုံများနှင့် အနေအထား အရ သူတို့ထဲတွင် အုပ်စု သုံးခု ကွဲနေကြောင်း သိရှိနိုင်သည်။ ထိုအထဲမှ တစ်စုမှာ သွေးရောင် ဝတ်စုံကို ဆင်မြန်းထားသည့် နေသွေးနီနီဂိုဏ်းသားများပင် ဖြစ်သည်။

ဒုတိယ အုပ်စုမှာမူ အမျိုးမျိုးသော ဝတ်စုံများကို ဆင်မြန်းထားသော်လည်း စုစုစည်းစည်း တည်ရှိ နေကြသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူတို့မှာ ရည်ရွယ်ချက် တစ်ခုတည်းအတွက် အတူတကွ လှုပ်ရှားနေသည့် မဟာမိတ် အင်အားစု တစ်ခု ဖြစ်ကြောင်း သိရှိနိုင်ပေသည်။

နောက်ဆုံး အုပ်စုမှာမူ အဖြူရောင် ဓားအိမ်များကို လွယ်ထားကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ဓားတစ်စင်း သဖွယ် ဖြောင့်တန်းနေ၏။ ထက်ရှသော အရောင်အဝါများက သူတို့အား ဝန်းရံထားသည်။

သံသယ ရှိစရာ မလိုလောက်အောင်ပင် သူတို့ကား စစ်မှန်သော ဓားသမား ဖြစ်ကြသည်။ ဝူတိုင်းပြည်တွင် ထိုကဲ့သို့ ဓားသမားကောင်းများ မွေးထုတ်ပေးနိုင်သည့် အင်အားစု ဟူ၍ တစ်ခုသာ ရှိပြီး ထိုတစ်ခုမှာ “ကောင်းကင်ဓားဂိုဏ်း” ဖြစ်ပေသည်။

အုပ်စုတစ်ခုချင်းစီတွင် ခေါင်းဆောင် တစ်‌ယောက် ပါဝင်ကြ၏။ မဟာမိတ် အဖွဲ့အစည်း၏ ခေါင်းဆောင်ကား ဆံပင်များ ဖြူဖွေးသေနည့် အသက်လတ်ပိုင်း လူကြီး တစ်ယောက်ပင် ဖြစ်လေသည်။ အရပ်ရှည်ရှည် ခပ်ပိန်ပိန်နှင့် အေးစက်စက် အမူအရာရှိသည့်တိုင် သူ၏ ရုပ်ရည်က ချောမောသည်ဟု ဆိုနိုင်ပေသည်။ သူ၏ ဖြူဖွေးနေသော ဆံပင်များနှင့် နက်မှောင်သော အသားအရေတို့က မြင်ရသူကို တမူ ထူးခြားသော ဆွဲဆောင်မှု တစ်မျိုး ပေးစွမ်းနေ၏။

ကောင်းကင်ဓားဂိုဏ်း၏ ခေါင်းဆောင်မှာ အသက် နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက် ရုပ်ရည်မျိုး ရှိသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမ၏ ဇင်ယော်တောင် မျက်ခုံးမွေး၊ ကျောက်စိမ်း ကဲ့သို့ စိုပြည်သည့် အသားအရေနှင့် တင်ပါး အထိ ဖြာကျနေသည့် ဆံနွယ်ရှည်တို့က အားလုံးထက် ထူးခြားနေခဲ့သည်။

နောက်ဆုံး တစ်ယောက်မှာမူ နေသွေးနီနီဂိုဏ်းမှ ဖြစ်၏။  စုမေ့နှင့် ဝေ့ဝူယင်တို့သည် သူမကို အဝေးကပင် သတိထားမိလိုက်ကြပြီး ဖြစ်သည်။ သူမ၏ ‌ရွှေရောင် မျက်လုံးများသည် ပတ်ဝန်းကျင်မှ အရောင် အားလုံးကို စုပ်ယူနေဟန် ရ၏။ အထူးသဖြင့် သူမ၏ ဆွဲဆောင်မှုရှိသော အကွေ့အကောက်များနှင့် ပုလဲကဲ့သို့ ဖြူဖြူဖွေးဖွေး အပြုံးလေးများမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်မိမယ်လေး တစ်ပါး အလားပင် ထင်မှတ်မှားရသည်။

သူမသည် ငွေရောင် ဆံနွယ်စတစ်ခုကို နားရွက်နောက်သို့ လက်ဖြင့် ပင့်တင်လိုက်ရင်း ဝေ့ဝူယင်အား လှမ်းကြည့်ကာ ပြုံးပြလိုက်၏။

“လာလေ ဒီကို...”

သူမ၏ အသံက ယောက်ျားတကာကို အရည်ပျော်ကျစေနိုင်သည့် အချိုသာဆုံး ဂီတသံ တစ်ခုလိုပင်။

သို့သော်လည်း ဆန့်ကျင်ဘက်ပင် ဝေ့ဝူယင်မှာမူ ငှက်စုန်းထိုးသံကို ကြားလိုက်ရသည့် မျက်မှောင်ကြုတ်လိုက်၏။ ထိုမိန်းမကား နေကျီးကန်း စုန်းမဟု လူသိများလှသည့် မေ့ယန်ပင် ဖြစ်လေတော့သည်။ ထိုမိန်းမကြောင့်ပင် သူနှင့်  နေသွေးနီနီဂိုဏ်း အကြား၌ အကွဲအပြဲများစွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သာမန်အချိန်တွင် ဆိုပါက နေသွေးနီနီဂိုဏ်းနှင့် ပြဿနာ ထပ်မတက်စေရန် အတွက် ဝေ့ဝူယင် ထိုမိန်းမကို ရှောင်ရှားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ပုံမှန် မဟုတ်သော လူစုလူဝေးက သူ၏ စူးစမ်းလိုမှုကို ဆွဲဆောင်နေ၏။ ဝူတိုင်းပြည်၏ မဟာဂိုဏ်းကြီး နှစ်ဂိုဏ်း စုဝေးရလောက်သည်အထိ မည်သည့် ကိစ္စက အရေးကြီးနေသနည်း။

ဂီး...

ပိုင်လင်မှာ ဝေ့ဝူယင် သဘောထားကို ချက်ချင်းပင် နားလည်သွားကာ ထိုနေရာသို့ ဦးတည်လိုက်သည်။ သူမ၏ လှပသော အသွင်အပြင်နှင့် လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းတို့ကြောင့် လူစုလူဝေးမှာ လျှင်မြန်စွာ သတိထားမိသွား၏။

“ဟူး... ဟူး...”

ပိုင်လင်သည် လူစုလူဝေးနှင့် အနီး တစ်နေရာတွင် ဆင်းသက်လိုက်၏။ သူမ၏ အလွန်တရာ ကြီးမားလှသည့် အတောင်ပံ အဟုန်တွင် လေများက မုန်တိုင်းသဖွယ် တိုက်ခတ်ကြရာ ဖုန်မှုန်များမှာ နေရာတိုင်းကို ဖုံးလွှမ်းသွားလေ၏။ အင်အားစု သုံးခုမှ ကျင့်ကြံသူများမှာ ချက်ချင်းပင် လက်နက်များကို ဆွဲထုတ်ကာ အသင့်ပြင် လိုက်ကြလေသည်။

***

All Chapters