ငါ့ကိုပါ ထည့်တွက်လိုက်
Vol. 8 Ch. 103
မဟာမိတ် အဖွဲ့ခေါင်းဆောင်က မျက်မှောင်ကြုတ်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“မင်းက ဘယ်သူလဲ...”
သူ၏ စကားကြောင့် နောက်ရှိ ကျင့်ကြံသူများမှာ လက်နက်များကို ပြန်လည် ချလိုက်ကြသည်။ ပုံမှန်ဆိုလျှင် မဟာမိတ် ခေါင်းဆောင်မှာ မေးခွန်း တစ်ခွန်းပင် မေးလေ့ မမေးပဲ သတ်ဖြတ်လေ့ရှိသူ ဖြစ်သည်။ ထို့ကြောင့်ပင် ကြိုးကြာငှက်နှင့် အတူ ရောက်ရှိလာသူမှာ လေးစားခံထိုက်သူ တစ်ယောက် ဖြစ်ရပေမည်။
မေ့ယန်က အလိုက်တသိပင် ခေါင်းဆောင် နှစ်ယောက်ကို ကြည့်ကာ မိတ်ဆက်ပေးလိုက်၏။
“ကျန့်တိုင်ယု... တုန်းဖာ... သူက ဝေ့ဝူယင်တဲ့”
ပိုင်လင်၏ ကျောထက်မှ ဆင်းပြီးနောက် ဝေ့ဝူယင်မှာ အနည်းငယ် အံ့အားသင့်သွား၏။ ထိုအရာက မေ့ယန်၏ မိတ်ဆက်ပေးမှုကြောင့် မဟုတ်ပဲ ကျန့်တိုင်ယု ကြောင့်ပင်။ ထိုဓားနတ်မိမယ်လေးကား အလွန်တရာပင် လှပလွန်းသည်။ ချယ်ရီရောင် နှုတ်ခမ်းပါးလေးများမှ ကျောထက်၌ ဖြာကျနေသည့် အနက်ရောင် ဆံပင်ရှည် အဆုံး... သူမနှင့် ပတ်သက်သမျှ အရာအားလုံးမှာ ပြီးပြည့်စုံလွန်း၏။ ဝေ့ဝူယင်မှာ ကြည့်ရင်း ရင်ပင် တဒိန်းဒိန်း ခုန်လာခဲ့လေသည်။
မေ့ယန်က ဝေ့ဝူယင် အနားသို့ လျှောက်လာ၏။
“ဂိုဏ်းက ထွက်သွားပြီးတဲ့နောက် အဆင်ပြေရဲ့လား...”
ထိုစဥ်က ဝေ့ဝူယင်သည် အတားအဆီးများကို ချိုးဖျက်ကာ ချီပျစ်ခဲခြင်း အဆင့်ခုနစ် မြင့်မြတ်သောချီ အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းလွန်းသော ပါရမီကို ထုတ်ဖော်ပြသခဲ့သည်။ ထိုနေ့၌ သူ့အား ဂိုဏ်းအတွင်း ပြန်လည် ဆွဲခေါ်လိုခဲ့သော်လည်း အရာအားလုံးမှာ လက်လွန်ခဲ့ပြီး ဖြစ်သည်။
(မူရင်း စာရေးသူ မှတ်ချက် ။ နေသွေးနီနီဂိုဏ်းတွင် အဆင့် တက်လှမ်းစဥ် အခါက ဝေ့ဝူယင်သည် ချီပျစ်ခဲခြင်း အဆင့်ရှစ်ကို ထိတွေ့နိုင်ခဲ့သော်လည်း နတ်ဘုရား အရှင် တစ်ပါး၏ အစွမ်းကိုမူ ထင်သာမြင်သာအောင် ထုတ်ဖော်ပြသခဲ့ခြင်း မရှိခဲ့ချေ။ သူ့ထံမှ ထွက်ပေါ်ခဲ့သည့် တစ်ခုတည်းသော အရိပ်အမြွက်မှာ မြင့်မြတ်သော ချီ လှုပ်ရှားမှု ဖြစ်စဥ်သာ ဖြစ်သည်။ ထို့ကြောင့်ပင် မေ့ယန်မှာ ဝေ့ဝူယင်ကို သာမန်ထက် ပိုအစွမ်းထက်သည့် ချီပျစ်ခဲခြင်း အဆင့်ခုနစ် ထိပ်ဆုံး အဆင့်ဟု မှတ်ယူထားခဲ့ခြင်း ဖြစ်သည်။ )
ဝေ့ဝူယင်က ကျန့်တိုင်ယုကို တစ်ခဏမျှ ကြာအောင် စိုက်ကြည့်ပြီးမှ မေ့ယန်ဘက်သို့ လှည့်လိုက်၏။ ထိုမိန်းမမှာ နတ်ဘုရား အရှင်မ တစ်ပါး ဖြစ်သည့်တိုင် သူ လုံးဝ မကြောက်ပါချေ။ နောက်ဆုံး တွေ့ဆုံချိန်တုန်းကနှင့် မတူညီစွာပင် သူ၏ ကျင့်ကြံခြင်းမှာ ချီပျစ်ခဲခြင်း အဆင့်ရှစ်၌ အခြေကျကာ ခိုင်မာနေခဲ့ပြီ ဖြစ်သည်။
သူသည် သူ့ကိုယ်သူ နတ်ဘုရား အရှင်များ အကြား၌ ပြိုင်ဘက်ကင်းပြီဟု ခံယူ မထားသည့်တိုင် မေ့ယန်မှာလည်း သူ့ကဲ့သို့ပင် မနေ့ တနေ့ကမှ နတ်ဘုရား အရှင် ဖြစ်လာသူ ဖြစ်သည်။ သူမအား သတ်ဖြတ်ရန် သူ့တွင် ယုံကြည်ချက် ရှိပေသည်။
“ခင်ဗျား ကျွန်တော့်ကို ခေါ်တာ ဘာကိစ္စ ရှိလို့လဲ”
ဝေ့ဝူယင်က အေးစက်စက် မေးလိုက်၏။ မေ့ယန်မှာမူ ဝေ့ဝူယင်၏ သဘောထားကို သတိမထားမိဟန်ဖြင့် ခါတိုင်း ကဲ့သို့ပင် လှပစွာ ပြုံးနေဆဲ ဖြစ်သည်။
“ငါတို့ ပြန်ဆုံရတာ ရေစက်ကြောင့်လို့ နင် မထင်ဘူးလား”
ထိုစကားလုံးများ၏ အဓိပ္ပာယ်နှင့် လှပသော မျက်ဝန်းများက ယောက်ျားတိုင်းကို ပျော့ခွေ သွားစေနိုင်သော အစွမ်းကို ပိုင်ဆိုင်ထား၏။
သို့သော်လည်း ဝေ့ဝူယင်မှာမူ တည်ငြိမ်နေဆဲပင်။ သူမကား ပြည်တန်သည့် မိန်းမလှ တစ်ယောက် ဖြစ်သည့်တိုင် နေသွေးနီနီဂိုဏ်း၌ သူမ၏ အတွင်းစိတ်ကို သူ တစ်စေ့တစ်စောင်း မြင်တွေ့ခွင့် ရခဲ့သည်။ စကားလုံးတိုင်းတွင် အဆိပ်အတောက်များ ပြည့်နှက်နေသည့် ထိုမိန်းမ၏ ကျော့ကွင်း အတွင်း သူ နောက်တစ်ကြိမ် ထပ်မံ ခုန်ချလိမ့်မည် မဟုတ်ချေ။
မေ့ယန်မှာ ဝေ့ဝူယင်၏ တည်ငြိမ်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း အိန္ဒြေမပျက် ရှိနေဆဲ ဖြစ်သည်။
“နင်က သေမျိုးနတ်ဘုရား အထွတ်အထိပ် တစ်ယောက်ဆိုတော့...”
မေ့ယန်က အလေးအနက် အမူအရာ ဖြစ်သွားကာ ဆက်ပြောလိုက်သည်။
“နင်သာ ပူးပေါင်းလိုက်ရင် ငါတို့ ဒီတာဝန်ကို အောင်မြင်ဖို့ ပိုပြီး အာမခံချက် ရှိလာမှာ သေချာတယ်... နောက်ပြီး နင့်ဘက်ကလည်း အကျိုးအမြတ်တချို့ ရရှိနိုင်တယ်... နင် ဘယ်လိုသဘောရလဲ”
ဝေ့ဝူယင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
“ခင်ဗျားတို့ အဖွဲ့ထဲမှာ သေမျိုး နတ်ဘုရား ရှစ်ယောက်၊ အထွတ်အထိပ် သေမျိုး နတ်ဘုရား နှစ်ယောက်နဲ့ နတ်ဘုရား အရှင် တစ်ယောက် ပါနေတောင် ကျုပ်ကို ထပ်ခေါ်နေသေးတယ်... ဒီကိစ္စက တော်တော် ကြီးကျယ်လို့လား”
အထွတ်အထိပ် သေမျိုး နတ်ဘုရား နှစ်ယောက်မှာ ကောင်းကင်ဓားဂိုဏ်း ခေါင်းဆောင် ကျန့်တိုင်ယုနှင့် မဟာမိတ် အဖွဲ့ခေါင်းဆောင် တုန်းဖာတို့ ဖြစ်သည်။ သူတို့ကာ ချီပျစ်ခဲခြင်း အဆင့်ခုနစ်၊ မြင့်မြတ်သော ချီ အဆင့်၌ ရှိနေကြရာ ဝူတိုင်းပြည်အတွင်းရှိ ထိပ်တန်းဂိုဏ်းချုပ်များနှင့်ပင် ပခုံးချင်းယှဥ်နိုင်နေပြီ ဖြစ်သည်။
မေ့ယန်၏ မျက်ခုံးများမှာ အနည်းငယ် ကော့တက်သွား၏။ ဝေ့ဝူယင်၏ ဝိညာဥ်အာရုံကား အားလုံး၏ ကျင့်ကြံခြင်း အဆင့်ကို ဖောက်ထွင်းမြင်နိုင်သည် အထိ ထူခြားလှသည်။ သို့သော်လည်း ပုံမှန်မဟုတ်သည့် ပါရမီ အကြောင်း တွေးလိုက်မိသော အချိန်၌ သူမ ထိုအရာကို လက်ခံ လာနိုင်ခဲ့၏။
“ဟုတ်တယ်... တော်တော်ကြီးကျယ်တဲ့ ကိစ္စတစ်ခုပဲ... နင် ဝင်ချင်လား”
အမှန်အတိုင်း ဆိုရလျှင် ဝေ့ဝူယင်သည် စိတ်ဝင်စားသောကြောင့်သာ ပိုင်လင်ကို ဆင်းသက် စေခဲ့ခြင်း ဖြစ်သည်။ သူ ဘာမှ မပြောသည့်တိုင် မေ့ယန်မှာ ထိုအရာကို သဘောပေါက်၏။ ထို့ကြောင့်ပင် သူမက အလိုက်တသိ ရှင်းပြလိုက်သည်။
“ယုဟိုင်တိုင်းပြည်မှာ မိစ္ဆာ ကျင့်ကြံသူ အုပ်စု တစ်ခု ရှိတယ်... အခု သူတို့က ဒီကို ပြောင်းရွှေ့လာပြီး ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြတယ်... လူသတ်ပြီး လုယက်ကြတယ်... အခု ငါတို့က သူတို့ရဲ့ အားနည်းနေတဲ့ အခြေအနေကို အသုံးချပြီး အပြတ်ရှင်းမလို့ လုပ်နေတာ”
“လူသတ်ပြီး လုယက်တယ်ပေါ့”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ မေ့ယန်က တခစ်ခစ် ရယ်ရင်း “အင်း” ဟု ပြောသည်။
သူမ ခေါင်းစဥ်တပ်ထားသည့် “မိစ္ဆာ ကျင့်ကြံသူများ” မှာ အမှန်တကယ် မိစ္ဆာ ကျင့်ကြံသူများ ဟုတ်၊ မဟုတ် ဝေ့ဝူယင် မသိချေ။ သို့သော်သည်း မဟာဂိုဏ်းကြီး နှစ်ခုနှင့် မဟာမိတ်များ အဖွဲ့၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီးသည့်နောက်တွင်မူ သူတို့အား သမိုင်းတွင် ထိုကဲ့သို့သာ မှတ်ယူကြတော့မည် ဖြစ်သည်။ လခရမ်းဂိုဏ်း၏ ကံကြမ္မာက အကောင်းဆုံး ဥပမာ ဖြစ်ပေသည်။
“ကျုပ်ကို အမှန်အတိုင်းပြောပါ...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
မေ့ယန်မှာ တဒင်္ဂမျှ အံ့အားသင့် သွားသော်လည်း လျှင်မြန်စွာပင် စိတ်ကို ပြန်လည် စုစည်းလိုက်သည်။ ထိုကောင်စုတ်လေးမှာ ယခင်တစ်ကြိမ်ကနှင့် စာလျှင် ဉာဏ်ကောင်းလာပုံ ရသည်။ သူမ၏ အလှအပနှင့် စကား ထောင်ချောက်အတွင်း သက်ဆင်းခြင်း မရှိတော့ချေ။ သူမက ခပ်ဖြည်းဖြည်း သက်ပြင်းချလိုက်၏။
“ယုဟိုင်တိုင်းပြည်ရဲ့ ဧကရာဇ်က သက်တမ်း ကုန်ဆုံးပြီး စုတေ သွားခဲ့တယ်... ဒါပေမဲ့ သူ့ရဲ့ မျိုးဆက်တွေဟာ ထီးနန်းကို ဆက်ခံဖို့ လုံလောက်တဲ့ အရည်အချင်း မရှိခဲ့ကြဘူး...ဒါကြောင့်ပဲ အခြားသူတွေရဲ့ သတ်ဖြတ် နန်းလုခြင်းကို ခံခဲ့ကြရတယ်”
“လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ အသက်ရှင် ကျန်ရစ်တဲ့ တော်ဝင်မျိုးဆက် အနည်းငယ်ဟာ ပုန်းကွယ်ပြီး ထွက်ပြေးလာခဲ့ကြတယ်... လတ်တလော သတင်းတွေ အရဆို အခု သူတို့က ကောင်းကင်ဓားဂိုဏ်းရဲ့ နယ်မြေအတွင်း ရောက်နေတယ်တဲ့... သူတို့က ထွက်မပြေးခင်မှာ မျိုးနွယ်ပိုင် ရတနာတွေ အကုန်လုံး နီးပါးကို ယူဆောင်လာခဲ့ကြတယ်”
မေ့ယန်၏ အသံက အမိုက်မှောင် လောဘတို့နှင့် ပြည့်နှက်နေ၏။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ ထိုဇာတ်လမ်းက ပိုမို အဓိပ္ပာယ် ရှိ၏။ သူကိုယ်တိုင်သည်လည်း ယုဟိုင်တိုင်းပြည်၏ သတင်းကို ကြားဖူးထားရာ မေ့ယန်ပြောသော အရာက အမှန်ဖြစ်ကြောင်း သိပေသည်။
အင်ပါယာ မျိုးနွယ်များသည် တိုင်းပြည်၏ ချမ်းသာ ကြွယ်ဝမှုကို ထိန်းချုပ်ထားရာ သူတို့ ပိုင်ဆိုင်သည့် ရင်းမြစ်မျာမှာ ချီပျစ်ခဲခြင်း အဆင့်ကိုပင် ကျော်လွန်နေသည်။ ဝေ့ဝူယင်မှာ လောဘကို ငြိမ်းသတ်နိုင်သည့် သူတော်စင် တစ်ယောက် မဟုတ်သေးချေ။ တစ်ခါတစ်ရံ လောဘနောက်သို့ လိုက်ခဲ့သည့် အပြုအမူများကြောင့်ပင် သူ ဤနေရာအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“နင် ဘယ်လိုသဘောရလဲ”
မေ့ယန်က မေးလိုက်၏။ သို့သော်လည်း ဝေ့ဝူယင်၏ မျက်လုံး၌ တဖျပ်ဖျပ် လက်နေသော မျက်လုံးများကိုကြည့်ခြင်းဖြင့် အဖြေကို သူမ သိရှိပြီး ဖြစ်၏။
“ကောင်းပြီလေ... ငါ့ကိုပါ ထည့်တွက်လိုက်တော့”
ထိုအရာက အခြားလူများ အားနည်းနေချိန်တွင် အခွင့်ကောင်းယူခြင်းမျိုး ဖြစ်သော်လည်း ဝေ့ဝူယင် လိပ်ပြာမလုံ မဖြစ်မိချေ။ သူသည် မိစ္ဆာကျင့်ကြံသူ တစ်ယောက် မဟုတ်သည့်တိုင် ကျင့်ကြံခြင်း လောကတွင် မည်ကဲ့သို့ ရှင်သန်ရမည်ကို နားလည်ထားသည်။
ယင်ဆုံမှတ်သုံးခု ခန္ဓာပိုင်ရှင်မှ အစ၊ နဂါးအရိုးပြာ မြို့တော် ဘဏ္ဍာတိုက် အဆုံး... အခွင့်အလမ်းကောင်းများ တွေ့ရတိုင်း ဝေ့ဝူယင် ဘယ်တော့မှ လက်မလွှတ်ခဲ့ချေ။ အမိအရ ယူခဲ့သည်ချည်းသာ ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင် သံသယ ဖြစ်နေသည့် အချက်မှာ မိမိ ပိုင်နက်အတွင်း ရောက်နေသည့်တိုင် ကောင်းကင်ဓားဂိုဏ်း၏ နတ်ဘုရားအရှင် နှစ်ယောက်မှာ ဘာလုပ်နေသနည်း။ သူတို့က အင်ပါယာ မျိုးနွယ်တစ်ခု၏ ရင်းမြစ်များကို မမက်မောသည်လော။
သို့သော်လည်း မေ့ယန်က ရှင်းပြလာ၏။ သူမသည်လည်း အစက ဝေ့ဝူယင် ကဲ့သို့ အံ့အားသင့်ခဲ့ရသည်ဟု ဆိုသည်။ သို့သော်လည်း ကောင်းကင်ဓားဂိုဏ်း၏ နတ်ဘုရား အရှင် နှစ်ယောက်မှာ အမှန်တကယ် အလုပ်မအားခြင်း ဟု ဆက်ပြောပြသည်။ တစ်ယောက်မှာ ချီပျစ်ခဲခြင်း အဆင့်ကိုး နတ်ဘုရား ဧကရာဇ် အဆင့်ကို ချိုးဖျက်ရန် အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေပြီး အခြား တစ်ယောက်မှာလည်း လောကီရေးရာများနှင့် မအား မလပ်နိုင်အောင် ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် သူတို့သည် လက်ထောက် ဂိုဏ်းချုပ် ကျန့်တိုင်ယုကိုသာ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ကျန့်တိုင်ယုသည် ကောင်းကင်ဓားဂိုဏ်းတွင် စတုတ္ထမြောက် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး လျှပ်တစ်ပြက်ဓား နတ်မိမယ် ဟု ကျော်ကြားသည်။ ကောလဟာလများ အရဆိုလျှင် သူမ၏ ဓားမှာ အလွန် လျှင်မြန်လှပြီး ပစ်မှတ်ထားခံရသူမှာ လျှပ်တစ်ပြက်အတွင်း သေဆုံးသွားရသည်ဟု ဆိုသည်။
နောက်ဆုံး အဖွဲ့ကိုမူ ကမ္ဘာကောင်းကင် မဟာမိတ် အဖွဲ့ဟု ခေါ်ဆိုသည်။ သူတို့သည် ကောင်းကင်ဓားဂိုဏ်း နယ်မြေအတွင်း နေထိုင်ကြသည့် တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြပြီး ဂိုဏ်းအဖွဲ့ ဟူ၍ သီးသန့် မရှိချေ။ သို့သော်လည်း သူတို့၏ ခေါင်းဆောင် တုန်းဖာမှာမူ မဟာဂိုဏ်းကြီး ငါးဂိုဏ်းမှ ဂိုဏ်းချုပ်များနှင့်ပင် ယှဥ်နိုင်သည့် အထွတ်အထိပ် သေမျိုး နတ်ဘုရား တစ်ယောက် ဖြစ်သည်။
ဝေ့ဝူယင်က ပိုင်လင်နှင့် စုမေ့တို့ကို သူ ပြန်မလာခင် အချိန်အထိ အစားအသောက် ရှာဖွေ၍ တစ်နေရာ၌ ကျင့်ကြံနေကြရန် မှာကြားလိုက်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကိုယ်ပွား မြူနှင်းများမှာ စုမေ့၏ လက်ကို ရစ်ပတ်ကာ လက်ကောက်တစ်ကွင်း ဖြစ်သွား၏။
စုမေ့မှာ ဝေ့ဝူယင်၏ သဘောထားကို နားလည်ကာ ထိုအရာကို လက်ခံလိုက်သည်။ ဗိုက်ဆာနေသော ပိုင်လင်မှာမူ အစာရှာဖွေရန် အတွက် ကောင်းကင်သို့ ပျံတက်သွား၏။ ဝေ့ဝူယင် သူမအား မတားဆီးခဲ့ချေ။ မကြာသေးမီကပင် သားရဲထိန်းချုပ်ခြင်းဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံထားဖူးရာ ပိုင်လင်မှာ ယခုတစ်ကြိမ်တွင် ပိုမို သတိရှိပေလိမ့်မည်။
ထို့နောက် မေ့ယန်နှင့် ဝေ့ဝူယင်တို့မှာ အင်အားစု သုံးခုဆီသို့ ပြန်လာခဲ့ကြ၏။ မေ့ယန်သည် ဝေ့ဝူယင်၏ နာမည်ကို မိတ်ဆက်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အများစုမှာ သူအား ကြားဖူးကြခြင်း မရှိချေ။ ကောင်းကင်ဓားဂိုဏ်း၏ တပည့် တစ်ယောက်မှာ ရှေ့သို့ တက်လာ၏။ သူက ဝေ့ဝူယင်ကို တိုက်ရိုက်ပင် မေးလိုက်သည်။
“မင်းက နေသွေးနီနီဂိုဏ်းက ဝေ့ဝူယင်မလား...”
ဝေ့ဝူယင်က လူငယ်၏ မျက်နှာကို ကြည့်ရင်း အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ထွက်ပေါ်နေသော အရှိန်အဝါ အရဆိုလျှင် ထိုလူငယ်သည် ယန်ဖွံ့ဖြိုးခြင်း အဆင့် ကျင့်ကြံသူ ဖြစ်သည်။
“ကောင်းကင်ဓားဂိုဏ်းက လူတွေနဲ့ ငါ ဘယ်မှာ ဆုံဖူးတာလဲ...”
ဆက်စပ်တွေးတောရင်း လွန်ခဲ့သော ဆယ့်တစ်နှစ်ခန့်က အကြောင်းအရာကို ဝေ့ဝူယင် ပြန်လည် အမှတ်ရသွားခဲ့၏။
"တောက်ရှင်း...”
သူသည် အမွေခံ အပြစ်သား တစ်ယောက် ဖြစ်လာခဲ့သည့် မူရေကန် ခရီးစဥ်တွင် တောက်ရှင်းနှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုစဥ်က တောက်ရှင်းသည် ကောင်းကင်ဓားဂိုဏ်းကို ကိုယ်စားပြုကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ တောက်ရှင်း၏ ကျင့်ကြံခြင်း ပါရမီကား အလွန် အံ့အားသင့်ဖွယ် ကောင်းလှ၏။ ဆယ့်တစ်နှစ် အတွင်းမှာပင် သူကား သေမျိုး နတ်ဘုရား အဆင့်ကိုပင် ရောက်ရှိတော့မည် ဖြစ်သည်။
***