← Chapters

ယုဟိုင်မျိုးနွယ်

Vol. 8 Ch. 104

ယုဟိုင်မျိုးနွယ်

Vol. 8 Ch. 104

“မင်းက တကယ် ဝေ့ဝူယင်လား...”

တောက်ရှင်း၏ မျက်နှာတွင် မယုံကြည်နိုင်ခြင်းက နေရာယူလာခဲ့သည်။ သူ မှတ်မိသလောက် ဆိုလျှင် ထိုစဥ်က ဝေ့ဝူယင်သည် အဆင့်မြင့် ချီနှစ်ခုကို မွေးဖွားထားနိုင်သည့် ယန်ဖွံ့ဖြိုးခြင်း အဆင့် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ထိုညတွင်ပင် သူသည် စိတ်ဖောက်ပြန်ကာ မူရေကန်နားမှ ထွက်ပြေးသွားခဲ့သည်။

နောက်ပိုင်း၌ ဝေ့ဝူယင် နေသွေးနီနီဂိုဏ်းသို့ ပြန်ရောက်လာသည့် သတင်းများကို သူကြားရသည်။ ထို့နောက် မကြာခင်မှာပင် ဂိုဏ်း၏ အပြင်တစ်နေရာ၌ သေဆုံးသွားသည်ဟု ခပ်သဲ့သဲ့ ကြားရပြန်သည်။ သို့သော်လည်း ယခု ရုတ်ချည်း ပြန်လည် ပေါ်လာသည်။ တောက်ရှင်းမှာ နားမလည်နိုင်အောင် ဖြစ်နေခဲ့တော့၏။

“ဝေ့ဝူယင်...”

အခြားလူများမှာမူ ထိုနာမည်ကို ဇဝေဇဝါ ဖြစ်နေကြသည်။ ဝေ့ဝူယင် ဆိုသော နာမည်များကို သူတို့ ကြားဖူးသော်လည်း ထိုအရာများက သိပ်အရေးမပါလှချေ။ ထို့‌ကြောင့်ပင် သူတို့မှာ ဝေ့ဝူယင် အပေါ် အထူးတလှယ် အမှုမထားကြချေ။

သို့သော်လည်း တုန်းဖာ၏ အမူအရာမှာမူ “ဝေ့ဝူယင်” ဆိုသော နာမည်ကို ထပ်တလဲလဲ ရေရွတ်ရင်း ပြောင်းလဲလာခဲ့၏။ သူ၏ သံသယများက ပိုင်လင်၏ လှသော အသွင်အပြင်နှင့် ပေါင်းစည်း သွားသည်။ ‌နောက်တစ်ကြိမ် ဝေ့ဝူယင်ကို ကြည့်လိုက်သော အခိုက်၌ ကြောက်ရွံ့မှုများက သူ၏ မျက်လုံးများ၌ နေရာယူလာသည်။

“ဆေဘာ အာဏာရှင်... ကျောက်စိမ်းကြာပန်းဂိုဏ်းကို တိုက်ခိုက်ပြီး လဲ့မျိုးနွယ်ကို သုတ်သင်ခဲ့တဲ့ နတ်ဘုရား အရှင်...”

ဝူတိုင်းပြည်အတွင်း ပျံ့နှံ့နေသည့် ကောလဟာလများစွာ အနက်မှ တစ်ခု သူ ပြန်လည် ကြား‌ယောင်လာ၏။ ကြိုးကြာဖြူနှင့် ချောမောသော လူငယ်၊ အေးစက်စက် မိန်းမ ကိုယ်ရံတော်... တုန်းဖာက တံတွေးမြိုချလိုက်၏။ သူ၏ သံသယကား မမှားနိုင်တော့ချေ။

သူ ဂါရဝ ပြုရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝေ့ဝူယင်မှာ တောက်ရှင်းကို ပြုံးပြလိုက်၏။

“မတွေ့တာကြာပြီ”

တောက်ရှင်းနှင့် သူ့အကြား၌ နဂိုကတည်းကပင် ရင်းနှီးမှု သိပ်မရှိလှရာ ဝေ့ဝူယင်မှာ ထိုထက် ပို၍ မပြောတော့ချေ။ ထို့အပြင် တောက်ရှင်း၏ သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အတော်လေး ကွာဟနေခဲ့ပြီ ဖြစ်သည်။ လတ်တလော၌ သူ တောက်ရှင်းထက် ကျန့်တိုင်ယုကို ပိုမို စိတ်ဝင်စားနေ၏။

သူက သွားရောက် မိတ်ဆက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ‌မေ့ယန်က ချိုသာသော အသံဖြင့် ကြေညာလိုက်၏။

“အားလုံးပဲ... ဒီအထွတ်အထိပ် သေမျိုး နတ်ဘုရားက ငါတို့နဲ့ ပူးပေါင်းလိမ့်မယ်... သူ့ရဲ့  ပူးပေါင်း ပါဝင်မှုက ငါတို့ ရည်မှန်းချက် အတွက် အောင်မြင်နိုင်ချေကို အဆများစွာ ပိုမို တိုးတက်စေလိမ့်မယ်...”

အခြားလူများမှာ “အထွတ်အထိပ် သေမျိုး နတ်ဘုရား” ဆိုသော အသုံးအနှုန်းကြောင့် ဝေ့ဝူယင်ကို အံ့သြစွာ ဝိုင်းကြည့်လိုက်ကြ၏။ သို့သော်လည်း ဝေ့ဝူယင်မှာ ထိုအရာကို သာယာခြင်း မရှိချေ။ သူက ကျန့်တိုင်ယုထံကိုသာ သွားရောက် မိတ်ဆက်ရန် ဦးတည်လိုက်သည်။

သို့သော်လည်း ကံဆိုးစွာပင်...

“သွားကြမယ်...”

ထိုလျှက်တစ်ပြက် ဓားနတ်မိမယ်လေးကား ကောင်းကင်ဓားဂိုဏ်း တပည့် အုပ်စုကို ဦးဆောင်ကာ စတင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

မေ့ယန်က ဝေ့ဝူယင်ကို ကြည့်ရင်း ပြုံးပြလိုက်၏။ ဝေ့ဝူယင်၏ ပိုးပန်းမှု မအောင်မြင်ခြင်း အပေါ် သူမ စိတ်ထဲမှ ကြိတ်ရယ်နေမိသည်။

“ကဲ... ငါတို့လည်း သွားကြမယ်”

ထို့နောက် သူမက နေသွေးနီနီဂိုဏ်း တပည့်များကို ဦးဆောင်ကာ ကောင်းကင်ဓားဂိုဏ်း သွားရာနောက်သို့ လိုက်သွားတော့သည်။ မဟာမိတ် အဖွဲ့ခေါင်းဆောင် တုန်းဖာမှာ တစ်ခဏမျှ တိတ်ဆိတ်နေသော်လည်း နောက်ဆုံး၌ တူညီစွာပင် အမိန့်ပေးလိုက်၏။

ဝေ့ဝူယင်က ခေါင်းခါလိုက်ရင်း ကျန့်တိုင်ယု၏ နောက်ကျောကို လှမ်းကြည့်လိုက်၏။ သူ့အနေဖြင့် ချောမောသော ရုပ်ရည်၊ မြင့်မားသော ကျင့်ကြံခြင်း အဆင့်တို့ကို အသုံးချ၍ မိန်းမ အများစုကို လွယ်လင့်တကူ သိမ်းသွင်းနိုင်ခဲ့သော်လည်း ထိုမိန်းမမှာမူ တစ်မူ ထူးခြားပုံ ရသည်။ သူ ပို၍ အားစိုက်ထုတ်ရပေတော့မည်။

ဝေ့ဝူယင် မြေကြီးကို အနည်းငယ် ကန်ကျောက်လိုက်ရင်း နောက်ဆုံးမှ လိုက်လာခဲ့၏။ အခြားလူများနှင့် မတူညီစွာပင် သူသည် ခန္ဓာကိုယ်ကို ဒြပ်စင်ကိုးခု စွမ်းအင်များ၊ ဆေဘာစွမ်းအင်၊ နဂါးသွေး စွမ်းအင်တို့ဖြင့် သန့်စင်ခဲ့ပြီး ဖြစ်သည်။ သူ၏ အမြန်နှုန်းကား တိုင်းတာ၍ မရသည့် အဆင့်တစ်ခုသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ စက္ကန့်ပိုင်း အတွင်းမှာပင် သူသည် ရှေ့မှ ထွက်ခွာသွားသူများကို မှီရုံမျှမက ကျော်ပင် တက်လာခဲ့၏။

ကျန့်တိုင်ယုပင်ဘျှင် သူ့နောက် အတော် လှမ်းလှမ်း၌ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်က အမြန်နှုန်းကို လျှော့ချကာ ခြေလှမ်းများကို နှေးလိုက်၏။ မကြာခင်မှာပင် ကျန့်တိုင်ယုမှာ သူ့ကို မှီလာခဲ့သည်။ သက်တောင့်သက်သာ ပြုံးပြနေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း သူမ၏ မျက်လုံး၌ အံ့သြမှု အချို့ ဖြစ်ပေါ်လာ၏။

“စောစောက မင်းနဲ့ ကိုယ်တိုင်ကိုယ်ကျ မိတ်ဆက်ဖို့ အခွင့်အရေး အရလိုက်ဘူး... ငါ့နာမည်က ဝေ့ဝူယင်ပါ... ကျော်ကြားတဲ့ လျှပ်တစ်ပြက် နတ်မိမယ်ကို တွေ့ရတဲ့ အတွက် ဝမ်းသာပါတယ်”

သို့သော်လည်း ကျန့်တိုင်ယုကား အလွန် ဇီဇာကြောင်သော မိန်းမ တစ်ယောက် ဖြစ်သည်။ သူမ၏ ခံစားချက်နှင့် အတွေးများမှာ ခန့်မှန်းရန် ခက်ခဲလှသလို သူမကို ချည်းကပ်ရန်မှာလည်း ထင်သလောက် မလွယ်ကူလှချေ။

“အလုပ်ကိုပဲ အာရုံစိုက်ပါ... အမှား မလုပ်မိစေနဲ့”

ထိုကဲ့သို့ ပြောပြီးနောက် သူမက ဝေ့ဝူယင်ကို ကျော်တက်ကာ ထွက်ခွာသွား၏။ ကောင်းကင်ဓားဂိုဏ်း တပည့်များမှာလည်း ဝေ့ဝူယင်ကို ကွက်ကြည့်ကွက်ကြည့်ဖြင့် သူမ နောက်မှ လိုက်သွားကြသည်။ သူတို့သည် စိတ်ထဲမှ ကြိတ်ကာ ရယ်နေမိကြ၏။ ထိုမိန်းမကို လိုက်ရန် ကြိုးစားရခြင်းမှာ အထွတ်အထိပ် သေမျိုးနတ်ဘုရားများ တစ်ယောက် အတွက်ပင် မလွယ်ကူသည်လား။

မကြာခင်မှာပင် မေ့ယန် အပြုံးဖြင့် ‌ရောက်ရှိလာ၏။ သို့သော်လည်း သူမ ဘာမျှ မမေးရသေးခင်မှာပင် ဝေ့ဝူယင်မှာ မြေကြီးကို ခြေဖြင့် ကန်ကာ ရှေ့သို့ ပြေးထွက်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ပျောက်ကွယ်သွားပြီးနောက် မေ့ယန်မှာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ထိုလူငယ်က အဘယ်ကြောင့် သူမ ကဲ့သို့ နတ်ဘုရားအရှင် တစ်ပါးထက်ပင် ပိုမို မြန်ဆန်နေရသနည်း။ သူမ၏ မျက်လုံးများက လျှို့ဝှက်သော အလင်းရောင်ဖြင့် တဖျပ်ဖျပ် တောက်ပသွားခဲ့တော့သည်။

မကြာခင်မှာပင် တုန်းဖာလည်း ရောက်ရှိလာ၏။ ဝေ့ဝူယင်၏ အမြန်နှုန်းကို ကြည့်ရင်း သူ့ နှလုံးသားက ပိုမို တုန်ရီလာနေခဲ့သည်။ ထိုချောမောသော လူငယ်ကား အမှန်တကယ်ပင် နတ်ဘုရားအရှင် တစ်ပါး ဖြစ်ရမည်။ သူ ဝေ့ဝူယင်နှင့် ခင်မင် ရင်းနှီးခွင့်ရရှိရန် အတွက် စိတ်ထဲမှ အစီအစဥ်များ ဆွဲနေမိတော့၏။

...

ကောင်းကင်ဓားဂိုဏ်း နယ်မြေသည် မယုံကြည်နိုင်လောက်‌အောင် ကျယ်ပြန့်လှသည်။ ၎င်းသည် ရှည်လျားသော တောင်စဥ်တန်းကြီးများ၊ မီးတောင် ဒေသများ၊ ရေကန်များ၊ မြစ်များ၊ အဆုံး အစမဲ့ သစ်တောကြီးများ အပါအဝင် ကီလိုမီတာ သိန်းချီသော နေရာဒေသများကို ဖုံးအုပ်ထား၏။ ထိုကဲ့သို့ သယံဇာတ ပေါကြွယ်ဝလှသည့် နယ်မြေတစ်ခုလုံးကို ဂိုဏ်းတစ်ဂိုဏ်းတည်းက ထိန်းချုပ်နိုင်ရန်မှာ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

ထိုဧရိယာကြီး တစ်ခုလုံးကို ကောင်းကင်ဓားဂိုဏ်း နယ်မြေဟု ဆိုသည့်တိုင် စင်စစ်အားဖြင့် ကောင်းကင်ဓားဂိုဏ်းမှာ နယ်မြေ၏ နှစ်ဆယ် ရာခိုင်နှုန်းကိုကာ အာဏာသက်ရောက်သည်။ ထိုအထဲမှ ငါးရာခိုင်နှုန်းကိုသာ သူတို့ အပြည့်အဝ စည်းကြပ်နိုင်၏။

ထိုကဲ့သို့ ကြီးကျယ်ခမ်းနားလှသည့် ကောင်းကင်ဓားဂိုဏ်း နယ်မြေ၏ တစ်နေရာတွင် ကျောက်တုံး ဝင်္ကပါများ အကြားတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော မိုင်ဆယ်ချီ ရှည်လျားသည့် တောင်ကြား တစ်ခုရှိ၏။ အပေါ်တည့်တည့်မှ ဖြတ်ပျံသွားလျှင်ပင် ထိုတောင်ကြားကို မြင်တွေ့ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ အဓိက အားဖြင့် ကျောက်တုံးများ အထက်၌ ဝေ့ဝဲနေသော မြူနှင်းများမှာ အမြင်အာရုံနှင့် ဝိညာဥ်အာရုံ နှစ်ခု စလုံးကို ပိတ်ဆို့ထားသည်။ ထိုနေရာကား ပုန်းကွယ်ရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပေသည်။

အကယ်၍ သင်သာ တောင်ကြား အတွင်း အရဲစွန့် ဆင်းသက်ကြည့်ပါက အဆောက်အဦများနှင့် လူများကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုတောင်ကြားကလေးမှာ မိုင်ဆယ်ဂဏန်းခန့် ကျယ်ဝန်းရာ မြို့ငယ်လေး တစ်မြို့အလားပင် ထင်ရသည်။

ထိုသီးခြားနေရာလေး၌ လမ်းမများ၊ ချီအစီအရင်များ၊ ဝင်္ကပါများ အပြင် စုဝေးကွင်း တစ်ခုပင် ရှိနေခဲ့သည်။ စနစ်တကျ ဖွဲ့စည်းထားသော ရေဆိုးမြောင်းများ၊ အဆောက်အဦ ပုံစံများနှင့် ဆက်သွယ်ရေး လမ်းများမှာ အချိန်ယူ၍ တည်ဆောက်ထားကြောင်း သိသာလှ၏။

ယုဟိုင်မျိုးနွယ်မှာ အဆိုးဆုံး အခြေအနေအတွက် အစစ အရာရာအား ပြင်ဆင်ထားဟန် ရသည်။ ထို့ကြောင့်ပင် မျိုးဆက်သစ်များ အရည်အချင်း နိမ့်ပါးချိန်နှင့် ထီးနန်းကျဆင်းချိန်တွင် ယခုကဲ့သို့ လေလွင့်မရှိ ဆုတ်ခွာ လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤတောင်ကြားကလေးမှာ ယုဟိုင်ထီးနန်းကို ပြန်လည် မရခင် အထိ သူတို့၏ အိမ် ဖြစ်ပေလိမ့်မည်။ အကယ်၍ ထီးနန်း အတွက် အခြေအနေ မကောင်းတော့လျှင်လည်း မျိုးရိုးနာမည်ကို ပြောင်းလဲကာ ဝူတိုင်းပြည်တွင် အခြေစိုက်ရန် သူတို့၌ ရည်ရွယ်ချက် ရှိပေသည်။

မြို့ငယ်လေး၏ အလယ်ဗဟိုတည့်တည့်တွင် သုံးထပ် ရဲတိုက်ကြီး တစ်ခုရှိ၏။ ထိုရဲတိုက်ကြီး၏ နံရံများမှာ အဖြူရောင် တလက်လက် တောက်ပနေကာ အမိုးမှာမူ အပြာရောင် အဆင်းဖြင့် နက်မှောင်၏။ ၎င်း၏ ခန့်ညား ထည်ဝါမှုကား အထင်ကြီးဖွယ် ကောင်းလွန်းလှသည်။

ရဲတိုက်ထဲတွင် ယောက်ကျား နှစ်ယောက် ရှိနေသည်။ လေးထောင့်ကျကျ မေးရိုး၊ အညိုရောင် ဆံပင်တို့ကို ပိုင်ဆိုင်ထားသည့် လူငယ် တစ်ယောက်နှင့် ကြီးထွား ကြံ့ခိုင်သော ကြွက်သားများကို ပိုင်ဆိုင်ထားသည့် လူကြီး တစ်ယောက်တို့ပင်။

“အဖေ... ကျွန်တော်တို့ တည်နေရာ ပေါက်ကြားသွားပြီ ဆိုတဲ့ သတင်းက အမှန်ပဲလား”

လူငယ် တစ်ဖြည်းလည်း ယုဟိုင်ချန်းက မေးလိုက်၏။ သူ၏ လေသံ၌ စိုးရိမ်သည့် အငွေ့အသက်များက နေရာယူနေသည်။

ယုဟိုင်ရန်က မျက်မှောင်ကြုတ်ကာ အနည်းငယ်ကြာ တိတ်ဆိတ်သွား၏။ ထို့နောက်တွင်မှ သူက သက်ပြင်းတစ်ချက် ချလိုက်သည်။

“မင်းရဲ့ ညီမလေးက ဒီလို အမှားမျိုး ကျူးလွန်လိမ့်မယ်လို့ အဖေ မထင်ဘူး”

ယုဟိုင်မျိုးနွယ်၏ နောက်ဆုံး လက်ကျန် သေမျိုး နတ်ဘုရား တစ်ပါး အနေဖြင့် ယုဟိုင်ချန်းတွင် မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပေသည်။ သို့သော်လည်း နောက်ဆုံး၌ သူ၏ မျိုးဆက်ကပင် ယုဟိုင် မျိုးနွယ်စု၏ ပျက်သုဥ်းမှုကို ယူဆောင်လာတော့မည်လော။

ယုဟိုင်ချန်းက မကျေမချမ်းဖြင့် ဆက်ပြောလိုက်သည်။

“အဖေ့ သမီးက အမြဲတမ်း ကလေးဆန်ပြီး ပေါ့တီးပေါ့ပျက် နိုင်တယ်... ကျွန်တော့် အထင် သူနဲ့ အဲဒီကောင်ရဲ့ ဆက်သွယ်မှုကနေ အချက်အလက် အချို့ ပေါက်ကြားသွားတာပဲ ဖြစ်ရမယ်... ကျွန်တော်တော့ ဒီကောင်မရဲ့ စကားတွေကို မယုံတော့ဘူး...”

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း၌ သူတို့သည် ပုန်းလျှိုးကွယ်လျှိုးဖြင့် ဤမြို့တော်လေးကို တည်ဆောက် ခဲ့ရသည်။ ဤနေရာလေးမှာ ယုဟိုင်မျိုးနွယ်အတွက် ဘေးကင်းလုံခြုံသည့် ကွန်းခိုရာ နေရာလေး ဖြစ်သည်။ ဤနေရာလေး လုံခြုံမှသာလျှင် ယုဟိုင်မျိုးနွယ် ဆက်လက် တည်ရှိနိုင်သည်။

ရှင်းရှင်းပြောရလျှင် သူ၏ ညီမလေးမှာ ချစ်ဖို့ကောင်းသည်။ သို့သော်လည်း သူမမှာ လှည့်စားရလွယ်သည့် အရူးမလေး ဖြစ်သည်။ ကောင်းကင်ဓားဂိုဏ်း နယ်မြေ၌ ဟွားမိန်ဟူ ဟု ခေါ်သော တစ်ကိုယ်တော် ကျင့်ကြံသူ လူငယ်တစ်ယောက် ရှိသည်။ ဟွားမိန်ဟူသည် ကမ္ဘာကောင်းကင် မဟာမိတ် အဖွဲ့မှ ဖြစ်ပြီး ယုဟိုင် မျိုးနွယ် မကျဆုံးချိန် ကာလများတွင် ညီမလေးနှင့် တွေ့ဆုံခဲ့ကြသည်။ သူတို့ နှစ်ယောက် ချစ်ခင် စုံမက်ခဲ့ပြီး နောက် မကြာမီတွင်ပင် ယုဟိုင်မျိုးနွယ်မှာ ပြိုကွဲသွားခဲ့ရသည်။

ထီးနန်းကို ဆုံးရှုံးပြီးနောက် သူတို့သည် ယုဟိုင်ရန်၏ ဦးဆောင်မှုနှင့် အတူ လျှို့ဝှက် လမ်းကြောင်းမှ တစ်ဆင့် ဤမြို့လေးကို ပြောင်းလာခဲ့သည်။ အချစ်စိတ် မွှန်နေသာ ညီမလေးမှာ မျိုးနွယ် ဘေးကင်းလုံခြုံရေးကိုပင် ဂရုမစိုက်ပဲ “ဘယ်လောက် ကြာကြာ သူစောင့်နေပါမည့် အကြောင်း” ဟွားမိန်ဟူထံ ဆက်သွယ်ရေး သလင်းကျောက်မှ တစ်ဆင့် စာပို့ခဲ့သည်။

ယုဟိုင်ရန်က နှလုံးသားထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။ သူသည် ချစ်တတ်လွန်းသည့် သမီး တစ်ယောက်ကို မွေးဖွားခဲ့သည်။ ထိုအရာက ကောင်းသလား ဆိုးသလားပင် သူ မသိတော့ချေ။

“စိတ်မပူပါနဲ့ အဖေ အကုန် ပြင်ဆင်ထားပြီးပြီ... တကယ်လို့ တိုက်ခိုက်ခံရမယ် ဆိုရင်‌တောင် လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ဘူး”

သို့သော်လည်း ယုဟိုင်ရန်၏ နှစ်သိမ့်မှု ယုဟိုင်ချန်း၏ စိုးရိမ်မှုများကို အပြီးတိုင် ပယ်ဖျောက်ပေးနိုင်စွမ်း မရှိခဲ့ချေ။ ထို့အတူ ယုဟိုင်ရန် ကိုယ်တိုင်မှာရော မည်ကဲ့သို့ စိတ်မပူပဲ နေနိုင်ပါမည်နည်း။

ဤသို့ဖြင့် နှစ်ယောက်စလုံး၏ ကိုယ်စီ ရင်ထဲတွင် စိုးရိမ်မှု၊ ကြောက်ရွံမှုတို့နှင့် သံသယများက စိုးမိုး‌ နေရာယူလျှက် ရှိလေတော့၏။

***

All Chapters