လူသားဖြစ်ရသည်ကို နောင်တရသွားစေမည်
Vol. 130 Ch. 1804
ထျန်းဖုန့်ဧကရာဇ် ထွက်ပေါ်လာသည့် အခိုက်တွင် လီရှန်းအာတစ်ယောက် ‘မရှုမလှရှုံးနိမ့်မှု’၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ အဘယ်ကြောင့် ကျန်းရီက အစီအမံများ ပြုလုပ်ပေး၍ ချက်ချင်း ထွက်သွားရကြောင်းကိုလည်း သဘောပေါက်သွားသည်။
လီရှန်းအာသည် ကျန်းရီက လူသားဖြစ်ကြောင်းကို သိထားသည်။ ထျန်းဖုန့်ဧကရာဇ်က ကျန်းရီနောက်ကို လိုက်နေခြင်းအား ကြည့်လျှင် ဖုန့်နီက ကျန်းရီမှာ လူသားဖြစ်ကြောင်း သိသွားပြီး ထျန်းဖုန့်ဧကရာဇ်ထံ သတင်းပြန်ပို့လိုက်ခြင်းဖြစ်ကြောင်း သိနိုင်သည်။
အရာအားလုံးကို နားလည်သွားပြီးနောက် လီရှန်းအာတစ်ယောက် တစ်ကိုယ်လုံး အားပျော့သွား၏။ ကောင်းကင်ကြီး ပြိုကျလာသလို သူမ ခံစားလိုက်ရသည်။
ကျန်းရီ ထွက်မသွားခင်က အရှေ့ဒေသတွင် မည်သည့်ကိစ္စကြီးမှ ဖြစ်လာမည် မဟုတ်ဟု ပြောခဲ့၏။ ကျန်းရီက လူသားဖြစ်ကြောင်း ထျန်းဖုန့်ဧကရာဇ် သိသွားခြင်းကိစ္စမှာ အမှန်လည်း အရှေ့ဒေသနှင့် မည်သို့မှ မသက်ဆိုင်ပါ။ အရှေ့ဒေသမှာ လီရှန်းအာတို့အပိုင်ပင် ဖြစ်နေသေးသည်။ ကြမ်းကြုတ်နဂါးဘုရင် ရှိနေသေးသ၍ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကလည်း အန္တရာယ်မဖြစ်နိုင်ပေ။
သို့သော် လီရှန်းအာသည် ကျန်းရီက သေရတော့မည်ဖြစ်၍ ထိတ်လန့်နေသေး၏။ သူမက ကျန်းရီ၏ ကျွန်ပင်။ သူမတို့က ဆက်ဆံခဲ့ဖူးသော်လည်း အဆင့်တွင် သခင်နှင့် ကျွန်သာ ဖြစ်နေသေးသည်။ ကျန်းရီသည် သူမကို သဘောကျသည်ဟု တစ်ခါမှ မပြောခဲ့သလို လီရှန်းအာက သူ့အမျိုးသမီးဖြစ်ကြောင်းလည်း တစ်ခါမှ အများကို မကြေညာခဲ့ချေ။ ထို့ပြင် ယခုတွင် လီရှန်းအာသည် သူမ၏လွတ်လပ်မှုကို ပြန်ရထားပြီဖြစ်သည်။
သို့သော် ဤအတောအတွင်း ကျန်းရီ၏ အပြုအမူများကြောင့် လီရှန်းအာသည် ကျန်းရီကို ရင်ထဲမှနေ၍ နက်နက်ရှိုင်းရှိုင်း လေးစားလာခဲ့သည်။ သူမ သူ့ကို လေးစားချစ်ခင်သည်။ သူ့ကို ကောင်းကင်ကြီးကဲ့သို့ သဘောထားသည်။ ယခုတွင်မူ ကောင်းကင်ကြီးက ပြိုကျပေတော့မည်။
လီရှန်းအာ မည်သို့လုပ်ရမည်မသိ ဖြစ်နေ၏။ သူမ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ထံ မြန်မြန် ပြန်လာရန်သာ အဆက်မပြတ် သတင်းပို့နေရပေသည်။ သူမရင်ထဲတွင် ကျန်းရီက ပြိုင်ဘက်ကင်းပင်။ သူက ဘုရားတစ်ပါးကဲ့သို့ဖြစ်သည်။ ကျန်းရီမှာ အုပ်ချုပ်သူအဆင့်တွင်သာ ရှိသေးသော်လည်း သူ၏တိုက်ခိုက်စွမ်းအားက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား တစ်ယောက်နှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။ သို့သော် ရန်သူက ကောင်းကင်မိစ္ဆာဘုံ၏ နံပါတ်တစ် ဖြစ်နေသည်။ ကျန်းရီက နေ့ဝက်စော၍ ကြိုထွက်ပြေးခဲ့သော်လည်း မည်သည့်နေရာသို့ ထွက်ပြေးနိုင်ပါမည်နည်း။
***
ကျန်းရီ အရှေ့ဘက်သို့ ထွက်ပြေးသွားခဲ့သည်။ သူ့တွင် လမ်းကြောင်းပြောင်း၍ ရန်သူကို တွေဝေအောင်လုပ်ရန်လည်း အချိန်မရှိခဲ့ပေ။ ထျန်းဖုန့်ဧကရာဇ်၏ အမြန်နှုန်းက အလွန်လျင်မြန်ပြီး သူ့ကောင်းကင်စိတ်အာရုံကလည်း အလွန်အားကောင်းသည်။ ထျန်းဖုန့်ဧကရာဇ်က ကျန်းရီကို အလွယ်တကူ တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် လမ်းကြောင်းပြောင်းလျှင်လည်း အကျိုးရှိမည် မဟုတ်ချေ။
ကျန်းရီသည် မိုးမြေစွမ်းအားကို သုံး၍ အမြန်ဆုံးအရှိန်ဖြင့် အရှေ့ဘက်သို့ တစ်ဖြောင့်တည်း ပျံသန်းနေ၏။ သူ ရှင်သန်နိုင်၊ မရှင်သန်နိုင်မှာ ထျန်းဖုန့်ဧကရာဇ် လိုက်မီမလာခင် နေရာတစ်ခုကို ရောက်နိုင်၊ မရောက်နိုင် အပေါ်တွင် မူတည်သည်။
ထိုနေရာမှာ နတ်ဆိုးချောက်နက်ဟုခေါ်သော ကောင်းကင်မိစ္ဆာဘုံထဲရှိ အန္တရာယ်အများဆုံးနေရာပင်။
နတ်ဆိုးချောက်နက်ဆီ ထွက်ပြေးခြင်းက ရှင်သန်နိုင်လိမ့်မည်ဟူသော အဓိပ္ပာယ်တော့ မဟုတ်ပေ။ သို့သော် အနည်းဆုံးတော့ ရှင်သန်ရန် မျှော်လင့်နိုင်ပေလိမ့်မည်။ မိစ္ဆာအရှင်များပင် နတ်ဆိုးချောက်နက်ထဲ မဆင်းဝံ့ကြဟု ဆိုကြသည် မဟုတ်ပါလား။ ကျန်းရီကမူ နတ်ဆိုးချောက်နက်ထဲတွင် တစ်ကြိမ် ရှင်သန်ခဲ့ဖူးပေသည်။
နတ်ဆိုးချောက်နက်အောက်မှ မျက်လုံးပိုင်ရှင်က အလွန်ကြောက်မက်ဖွယ်ကောင်း၏။ သို့သော် ကျန်းရီ၏ ဓားချက်ကိုတော့ မခံနိုင်ခဲ့ပေ။ အကြောင်းက မည်သို့ဖြစ်စေ သူ နတ်ဆိုးချောက်နက်ထဲတွင် တစ်ကြိမ် ရှင်သန်နိုင်ခဲ့ရာ ဤအကြိမ်တွင်လည်း မသေလောက်ချေ။ နတ်ဆိုးချောက်နက်သို့ မသွားလျှင်မူ သေချာပေါက် သေရပေလိမ့်မည်။
နဂါးတောင်ကြားက ကောင်းကင်ဂဠုန်နယ်မြေနှင့် အလွန်ဝေး၏။ နတ်ဆိုးချောက်နက်မှာ ကောင်းကင်ဂဠုန်နယ်မြေ၏ အရှေ့ဘက် မိုင်သန်းအနည်းငယ်အကွာတွင် တည်ရှိသည်။ ကျန်းရီက ကောင်းကင်ဂဠုန်ဘုရင်ထက်ပင် ပိုမြန်နေပြီဖြစ်သော်လည်း အရှေ့ဒေသတစ်ဝက်ကို ဖြတ်သန်းရန် အချိန်တစ်ရက် လိုသေးပေသည်။
ကျန်းရီ၏ ခန္ဓာကိုယ်ထဲမှ မိုးမြေစွမ်းအားက တတိတိ ကုန်ဆုံးလာ၏။ သူ၏ သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်ကိုလည်း မပြတ် နှိုးထားသည်။ ထိုအခိုက်တွင် ကျန်းရီသည် ကောင်းကင်ဂဠုန်နယ်မြေသို့ ရောက်နေပြီဖြစ်သည်။ ကောင်းကင်ဂဠုန်နယ်မြေကို ဖြတ်သန်းပြီးလျှင် ကျတ်တီးမြေထဲ ရောက်သွားမည်ဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ်က ပင်ပန်းမှုဒဏ်ကို ဆက်တောင့်မခံနိုင်တော့ချေ။
ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ပေးနိုင်သည့် မည်သည့်ကျင့်စဉ်မဆို ဘေးထွက်ဆိုးကျိုးများ ရှိပြီး အချိန်ကြာမြင့်စွာ သုံး၍ မရပေ။ ကျန်းရီ၏ ခန္ဓာကိုယ်က မူလတွင် သိပ်၍မသန်မာခဲ့သော်လည်း အချိန်တိုအတွင်း ကြောက်မက်ဖွယ်အဆင့်အထိ သန်မာလာခဲ့ခြင်းမှာ မဟာနတ်ဘုရားအတတ်ကြောင့်သာဖြစ်သည်။ ထိုအတတ်တွင်လည်း ဘေးထွက်ဆိုးကျိုး ရှိပေသည်။
ယခုတွင် ကျန်းရီ၏ ခန္ဓာကိုယ်က ဒဏ်ကို တောင့်မခံနိုင်တော့ပေ။ သူ ခန္ဓာကိုယ်ကို အတင်းဆက်၍ ခွန်အားမြှင့်မည်ဆိုလျှင် သူ့ခန္ဓာကိုယ်က အလွန်အားနည်းသွားရုံသာမက ပြင်းပြင်းထန်ထန်ပင် ထိခိုက်သွားနိုင်သည်။
ကျန်းရီသည် သူ့ကြွက်သားမှ ပြင်းထန်သော နာကျင်မှုကို ခံစားနေရ၏။ ကြွက်သားများမှာ အချိန်မရွေး ပေါက်ကွဲထွက်သွားတော့မလိုပင်။ သို့သော် သူ အရှိန်အဟုန်အပြည့်နှင့် ဆက်ပြေးနေသည်။ သူ့လက်မှ လက်စွပ်က လင်းလက်လာပြီး လှပသောသစ်ရွက်တစ်ရွက် ထွက်လာ၏။ သူ သစ်ရွက်ထဲ ကောင်းကင်စွမ်းအာ ထည့်သွင်းလိုက်သောအခါ သစ်ရွက်က တောက်ပစွာ လင်းလက်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ နာကျင်မှုက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ့စိတ်ဝိညာဉ်ထဲမှ နွမ်းနယ်မှုက အတန်ငယ် လျော့ကျသွားသည်။ ထို့နောက် သူ ခေါင်းငုံ့ကာ ဆက်ပျံသန်းလိုက်လေသည်။
နတ်ဘုရားသစ်ရွက်က ခန္ဓာကိုယ်နာကျင်မှုကို ဖျောက်ပေးနိုင်သော်လည်း စိတ်ဝိညာဉ်နွမ်းနယ်မှုကိုမူ မဖြေဖျောက်ပေးနိုင်ပေ။ ကျန်းရီတွင်သာ သန်မာသော စိတ်ဓာတ် မရှိလျှင် သတိလစ်သွားသည်မှာ ကြာလောက်ပြီဖြစ်သည်။
ကျန်းရီသည် ကောင်းကင်ဂဠုန်နယ်မြေကို ဖြတ်ကျော်နိုင်တော့မည်ဖြစ်ပြီး နတ်ဆိုးချောက်နက်နှင့် မိုင်ငါးသန်း မရှိတရှိသာ ဝေးတော့သည်။ ပုံမှန်ဆိုလျှင် ထိုအကွာအဝေးမှာ သူ့အတွက် မပြောပလောက်သော်လည်းလည်း ယခုတွင် အလွန်ဝေးသလို ခံစားနေရသည်။ သူက ကောင်းကင်၏ အခြားတစ်ဘက်၌ ရှိနေသကဲ့သို့ပင်။
အတန်ငယ် ဆက်ပျံသန်းပြီးနောက် ကျန်းရီ လုံးဝတောင့်မခံနိုင်တော့ပေ။ သူ ဆက်ပြေးနေလျှင် သေချာပေါက် သတိလစ်သွားပေလိမ့်မည်။ သူ့လက်ထဲမှ ဆောင်းဥတုပုလဲက လင်းလက်လာပြီး ကော့ချန်ဘုရင် ထွက်ပေါ်လာ၏။ သူ အော်ပြောလိုက်သည်။
“ကျွန်တော့်ကို နတ်ဆိုးချောက်နက်ဆီ အမြန်ဆုံး ခေါ်သွားပေး”
ကော့ချန်ဘုရင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူတို့က ကျတ်တီးမြေဆီ ရောက်တော့မည်ဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ပြင် နတ်ဆိုးချောက်နက်ဆီ သွားရမည်ဟု ကြားသောအခါ သူ အတန်ငယ် မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူ ကျန်းရီ၏ အမိန့်ကို မလွန်ဆန်နိုင်သဖြင့် ကျန်းရီကို ဆွဲခေါ်ကာ ပျံသန်းသွားလိုက်ရသည်။
ကော့ချန်ဘုရင်၏ အမြန်နှုန်းက ကျန်းရီ၏ အမြန်နှုန်းထက် အတန်ငယ် ပိုနှေး၏။ သို့သော် လုံးဝရပ်တန့်သွားသည်ထက်စာလျှင် တော်ပေသေးသည်။ ထို့ကြောင့်လည်း ကျန်းရီ ကော့ချန်ဘုရင်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်တို့ကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ သူတို့ကို အသုံးချ၍ ထျန်းဖုန့်ဧကရာဇ်အား တားနိုင်မည်လောကိုလည်း သူ သိလိုနေသည်။
ကျန်းရီ၏ စိတ်ဝိညာဉ်က အားနည်း၍လာ၏။ သူ နတ်ဘုရားသစ်ရွက်ကို နှစ်ကြိမ် သုံးလိုက်သော်လည်း မထူးပေ။ ထို့ကြောင့် သူသည် ကိုယ့်လျှာကိုယ် ကိုက်၍သာ သတိမလစ်သွားအောင် လုပ်လိုက်ရပေသည်။
အချိန်အရ ထျန်းဖုန့်ဧကရာဇ်က အနောက်တွင် သိပ်မဝေးလောက်တော့ပေ။ ယခု သူ သတိလစ်သွားလျှင် ထျန်းဖုန့်ဧကရာဇ် လိုက်မီလာသည်နှင့် သေရပေလိမ့်မည်။
နှစ်နာရီ၊ လေးနာရီ... ရှစ်နာရီ...
ကျန်းရီသည် မျက်လုံးမှိတ်လျက် ကော့ချန်ဘုရင် ခေါ်ရာသို့ လိုက်ပါသွား၏။ သူ သတိမလစ်ပါ။ နာရီအနည်းငယ် ကြာပြီးနောက်တွင် သူ့ခန္ဓာကိုယ်က အတန်ငယ် ပြန်အားပြည့်လာသည်။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ပင် ဝင်၍ ပတ်ဝန်းကျင်ကို အာရုံခံနိုင်နေပြီဖြစ်သည်။
သူတို့က နတ်ဆိုးချောက်နက်နှင့် မိုင်သိန်းကျော်လောက်သာ ဝေးတော့သည်။ ကျန်းရီ အတန်ငယ် ရင်ခုန်မြန်လာသည်။ လက်ရှိအမြန်နှုန်းနှင့်ဆိုလျှင် သူတို့ နတ်ဆိုးချောက်နက်သို့ မိနစ်သုံးဆယ်အတွင်း ရောက်ပေလိမ့်မည်။
ထိုအခိုက်တွင် ကျန်းရီ၏ စိတ်ဝိညာဉ်က ရုတ်တရက် တုန်ယင်သွား၏။ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအောက်တွင် သူ၏ပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်းက အလွန်အားကောင်းသည်။ သူသည် အနောက်ဘက် ကောင်းကင်မှ အတန်ငယ် တုန်ခါသွားမှုတစ်ခုကို အာရုံခံလိုက်မိပေသည်။
အနောက်ဘက် ကောင်းကင်အစွန်းတွင် မည်သည့်အရာမှ ရှိမနေပေ။ ထိုတုန်ခါမှုကလည်း အလွန်ငြင်သာသည်။ သို့သော် ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ထျန်းဖုန့်ဧကရာဇ်က ဤနေရာကို ရောက်လာပေပြီ။
ရွှီး...
ကျန်းရီ တုံ့ဆိုင်းမနေပါ။ သူ ဆောင်းဥတုပုလဲထဲမှနေ၍ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားကို အပြင်ထုတ်လိုက်သည်။ ထို့နောက် သေမိန့်ပေးလိုက်လေသည်။
“သူ့ကို ဖြစ်တဲ့နည်းနဲ့တား”
ဝှစ်...
ဝိညာဉ်ကျွန်တစ်ယောက်သည် သခင်၏ အမိန့်များကို မည်သည့်အခါတွင်မှ မလွန်ဆန်ဝံ့ချေ။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားက အနောက်သို့ ပျံထွက်သွား၏။ သူသည်လည်း အနောက်ဘက် ကောင်းကင်မှ တုန်ခါမှုကို အာရုံခံနိုင်ပေသည်။ ပညာရှင်တစ်ယောက်က သူတို့နောက်မှ လိုက်လာကြောင်းကို သူသိပေသည်။
ကော့ချန်ဘုရင်က ကျန်းရီကို ဆွဲခေါ်၍ ဆက်ပျံသန်းနေ၏။ သူတို့ နတ်ဆိုးချောက်နက်နှင့် နီးကပ်လာပေပြီ။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ထပ်ဝင်လိုက်ပြီး သူတို့အနောက်မှ တုန်ခါမှုကို အာရုံခံလိုက်သည်။
ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားက လျင်မြန်စွာ ပျံသန်းသွားနေ၏။ သူ့ပတ်ပတ်လည်မှ အာကာပြင်က တုန်ခါလာသည်။ နောက်ဆုံးတွင် တုန်ခါမှုနှစ်ခုက ထိတိုက်သွားလေသည်။
ဝုန်း...
“အား...”
ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခုနှင့် နာကျင်တကြီး အော်လိုက်သံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ထိုဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားက ထျန်းဖုန့်ဧကရာဇ်၏ တိုက်ကွက်တစ်ကွက်ကိုတောင် မခံနိုင်ခဲ့သည်လော။
“လူသားလား...”
ကျန်းရီ၏ နားထဲတွင် အေးစက်စက်အသံတစ်သံ ပဲ့တင်ထပ်လာ၏။
“နီအာကို ပြန်ပေးရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်။ ပြီးရင် မင်းကို ကောင်းကင်မိစ္ဆာဘုံအပြင်ကိုလည်း ပို့ပေးမယ်။ မဟုတ်ရင်တော့ မင်း လူသားဖြစ်ရတာကို နောင်တရသွားအောင် လုပ်ပစ်မယ်”
***