← Chapters

တရားလွန်သွားပြီ

Vol. 130 Ch. 1806

တရားလွန်သွားပြီ

Vol. 130 Ch. 1806

နတ်ဆိုးချောက်နက်မှာ အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ကျန်းရီသည် ယင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပြီဖြစ်သည်။ သို့သော် သူ ကိစ္စတစ်ခုကို သတိလက်လွတ်ဖြစ်သွားခဲ့သည်။ မိစ္ဆာအရှင်များက နတ်ဆိုးချောက်နက်ထဲ မဆင်းဝံ့သော်လည်း မဆင်းနိုင်ခြင်း မဟုတ်ပေ။

ထျန်းဖုန့်ဧကရာဇ်၏ အမြန်နှုန်းက အလွန်လျင်မြန်၏။ ကျန်းရီက ချောက်နက်ထဲ ပေသောင်းကျော်သာ ဆင်းရသေးသည်။ ထျန်းဖုန့်ဧကရာဇ်၏ အမြန်နှုန်းနှင့်ဆိုလျှင် သူ အသက်တစ်ရှူစာအတွင်းမှာပင် ကျန်းရီကို မီလာပေလိမ့်မည်။

ယခု ကျန်းရီထံတွင် ရွေးချယ်စရာ နှစ်ခု ရှိသည်။ သူ ဖုန့်နီကို ချက်ချင်း သတ်ပစ်ပြီး အတူ အသေခံနိုင်သည်။ သို့မဟုတ် ထျန်းဖုန့်ဧကရာဇ်ကို အာရုံလွှဲရန် ဖုန့်နီကို လွှင့်ပစ်လိုက်နိုင်သည်။ ပြီးလျှင် သူ နတ်ဆိုးချောက်နက်၏ အောက်ခြေသို့ တတ်နိုင်သမျှ အမြန်ဆုံး ဆင်သွားနိုင်ပေသည်။

ဖုန်း...ဖုန်း...ဖုန်း...

နတ်ဆိုးချောက်နက်ထဲ ဆင်းလိုက်လျှင် ထူးဆန်းသော အသံတစ်မျိုးကို ကြားရမည်ဖြစ်သည်။ ယခုတွင် ထိုအသံက ကျန်းရီနှင့် ဖုန့်နီတို့၏ စိတ်ဝိညာဉ်ထဲတွင် ထွက်ပေါ်လာ၏။ ထို့ကြောင့် သူတို့ ပို၍ နှလုံးခုန်မြန်လာကြသည်။ ကျန်းရီ၏ စိတ်ဝိညာဉ်က အားနည်းထားပြီးဖြစ်၍ ယခု သူ သတိလစ်မလိုပင် ဖြစ်သွားလေသည်။

“သေပေတော့...”

နောက်ဆုံးအခိုက်အတန့်တွင် ကျန်းရီသည် ဖုန့်နီကို သတ်ရန် ဆုံးဖြတ်လိုက်၏။ သူ ဖုန့်နီကို လွှင့်ပစ်လိုက်လျှင်လည်း ထျန်းဖုန့်ဧကရာဇ်က သူ့ကို ရုတ်ခြည်း သတ်ပစ်နိုင်လောက်သေးသည်။ ထို့ကြောင့် သူ ဖုန့်နီကို သူနှင့်အတူ သေရွာသို့ အပါခေါ်သွားရန်သာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ရွှီး...

ကျန်းရီ၏ လက်ထဲတွင် မိုးမြေစွမ်းအား လင်းလက်လာ၏။ သူ ဖုန့်နီ၏ ဦးခေါင်းကို ထိုးချလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဝါးမျိုသားရဲကလည်း ဖုန့်နီ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။

ဖုန့်နီ၏ ရှေးဦးဝိညာဉ်ရတနာစစ်ချပ်ဝတ်က အလောင်းကြီးကြောင့် ပျက်စီးသွားပြီဖြစ်၍ ဖုန့်နီတစ်ယောက် သူ့လက်သီးချက်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ဟု ကျန်းရီ ယုံကြည်မှုရှိနေသည်။ ထို့ပြင် ဖုန့်နီ၏ နတ်ဘုရားအမြုတေက ချိပ်ပိတ်ခံထားရပြီး ကောင်းကင်ဝါးမျိုသားရဲလေးက သူမ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နေသည် မဟုတ်ပါလော။ အကယ်၍ သူမ၏ ဦးခေါင်းသာ ပေါက်ကွဲထွက်သွားလျှင် သူမ၏ စိတ်ဝိညာဉ်လည်း ရုတ်ခြည်း လွင့်ပြယ်သွားပေလိမ့်မည်။

ရှီး...ရှီး...

ထိုအခိုက်တွင် ချောက်နက်အောက်ခြေရှိ ဧရာမ မီးတောက်လုံးကြီးတစ်လုံးက ရုတ်တရက် မီးမြွေအဖြစ် ပြောင်းလဲသွားပြီး အထက်သို့ ပျံတက်လာ၏။ မီးမြွေ၏ ဦးခေါင်းနေရာတွင် ရေခဲတမျှ အေးစက်သော ဧရာမမျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကလည်း ကျန်းရီကို လွှမ်းခြုံသွားသည်။ ထိုအခိုက်တွင် ကျန်းရီ၏ လက်သီးက လမ်းတစ်ဝက်တွင် ရပ်တန့်သွား၏။ ကြောက်မက်ဖွယ် အရှိန်အဝါ၏ လွှမ်းခြုံမှုကို ခံလိုက်ရသဖြင့် သူ့တစ်ကိုယ်လုံး မလှုပ်နိုင်တော့ပေ။

ဖုန့်နီ၏ မျက်ဝန်းများကလည်း အဖြူရောင်အလင်းတန်း နှစ်တန်းကို ပစ်လွှတ်တော့မည်ဖြစ်သည်။ သို့သော် ထိုအခိုက်တွင် သူမ မလှုပ်နိုင်တော့ချေ။ ကောင်းကင်ဝါးမျိုသားရဲလေးမှာလည်း ဖုန့်နီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲ၌ ကြောက်ရွံ့တကြီး ရပ်တန့်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ယင်နေပြီး ၎င်း၏ မျက်ဝန်းများထဲ၌ အကြောက်တရား ပြည့်နှက်နေသည်။ ထိုအကြောက်တရားမှာ ယုန်တစ်ကောင်က သိမ်းငှက်တစ်ကောင်ကို ကြောက်ရွံ့သလိုမျိုးပင်။

ဖုန်း...ဖုန်း...ဖုန်း...

ထိုမျက်ဝန်းတစ်စုံ ထွက်ပေါ်လာသည်နှင့်အတူ ထူးဆန်းသော အသံမှာလည်း ပို၍စိပ်လာသည်။ ကျန်းရီ၏ အမြင်က မည်းမှောင်သွားပြီး သူ ရုတ်ခြည်း သတိလစ်သွားလေသည်။ ဖုန့်နီ၏ စိတ်ဝိညာဉ်မှာလည်း ကောင်းကင်ဝါးမျိုသားရဲလေး၏ တိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် အနည်းငယ် ထိခိုက်ထားသည်။ ယခု ထူးဆန်းသော အသံက ခပ်စိပ်စိပ် ထွက်ပေါ်လာရာ သူမသည် အမြင်ဝေဝါး၍ သတိလစ်သွားတော့သည်။

“ဟမ်...”

ထျန်းဖုန့်ဧကရာဇ်သည် ရုတ်တရက် လေထဲတွင် ရပ်တန့်လိုက်ပြီး အောက်မှ မျက်ဝန်းတစ်စုံကို ကြောက်ရွံ့ဟန်ဖြင့် ငုံ့ကြည့်လိုက်၏။ ထို့နောက် သူ အသံဩဩနှင့် ပြောလိုက်သည်။

“ဒီဧကရာဇ်က အရှင့်ကို နှောင့်ယှက်လိုစိတ် မရှိပါဘူး။ အဲ့ကောင်မလေးက ဒီဧကရာဇ်ရဲ့ မြေးမလေးပါ၊ အဲ့ဒါကြောင့်...”

“ထွက်သွားစမ်း...”

လွန်စွာအေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက မည်သည့်နေရာမှ ထွက်လာကြောင်း မသိရသော်လည်း နတ်ဆိုးချောက်နက်တစ်ခွင်တွင် ပဲ့တင်ထပ်သွားကာ ချောက်နက်ကို တုန်ခါသွားစေသည်။

“ခင်ဗျား...”

ထျန်းဖုန့်ဧကရာဇ်၏ မျက်ဝန်းများထဲတွင် ဒေါသခိုးများ ဝေသွား၏။ သို့သော် သူ မလှုပ်ဝံ့သဖြင့် အံကြိတ်၍သာ ပြန်အော်ပြောလိုက်သည်။

“တရားမလွန်လာနဲ့... သူက ကျုပ်ရဲ့ မြေးမလေးပဲ”

“မင်း စွမ်းရင် ဆင်းလာပြီး ကယ်လိုက်လေ”

အသံ ထပ်မံထွက်ပေါ်လာသည်။ ၎င်းနောက် ဧရာမ မီးမြွေကြီးနှင့် မျက်ဝန်းတစ်စုံမှာ အောက်ဘက်သို့ ပြန်ဆင်းသွားလေသည်။

“နတ်ဆိုးချောက်နက်ထဲ ပေတစ်သိန်းအထိ ဆင်းလာရဲတဲ့သူတိုင်း အသတ်ခံရမယ်။ အဲ့ဒါက အရင်တစ်ခေါက်က ငါ ချမှတ်ခဲ့တဲ့ စည်းမျဉ်းပဲ။ မင်း သေရမှာ မကြောက်ရင် ဆင်းလာခဲ့လိုက်”

မီးတောက်များမှ ဖြစ်တည်လာသော မီးမြွေကြီးသည် ချောက်နက်အောက်တွင် ပျောက်ကွယ်သွားသည်။ မျက်ဝန်းတစ်စုံနှင့် ကြောက်မက်ဖွယ် အရှိန်အဝါမှာလည်း ပျောက်ကွယ်သွားသည်။ ထိုအခိုက်တွင် ထျန်းဖုန့်ဧကရာဇ်၏ အရှိန်အဝါက ထိုးထွက်လာ၏။ အကယ်၍ အနီးတွင အဆင့်နိမ့်မိစ္ဆာများ ရှိနေလျှင် ထိုအရှိန်အဝါကြောင့် လန့်ဖြန့်ကာ သေသွားလောက်ပေသည်။

“ခင်ဗျား တရားလွန်သွားပြီ၊ တရားလွန်သွားပြီ”

ထျန်းဖုန့်ဧကရာဇ်သည် ခေါင်းမော့၍ ဒေါသတကြီး အော်ပြောလိုက်၏။ သူ့အသံက မိုင်ဆယ်သန်းပတ်လည်အတွင်း အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။ သို့သော် သူ မည်သို့မှ မလုပ်လိုက်ဘဲ ဝမ်းနည်းစွာ နှစ်ကြိမ် အော်ပြီးနောက် အနောက်ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။

ကျန်းရီနှင့် ဖုန့်နီတို့က နတ်ဆိုးချောက်နက်ထဲ ပြုတ်ကျသွားပြီဖြစ်သည်။ ယခုတွင် သူတို့က မီးတောက်များကြောင့် ပြာကျပြီးနေလောက်ပေပြီ။ ထျန်းဖုန့်ဧကရာဇ်သည် သူ့မြေးမလေး သေသွားသည်ကို မကယ်နိုင်ဘဲ ရပ်ကြည့်နေခဲ့ရသည်။ သို့ဖြစ်ရာ သူ မည်မျှ ဒေါသထွက်နေမည်ဖြစ်ကြောင်း တွေးကြည့်နိုင်ပေသည်။

ထျန်းဖုန့်ဧကရာဇ်ထံတွင် ဒေါသဖြေစရာနေရာ မရှိပေ။ အတိတ်တွင် သူသည် မီးမြေခွေးဧကရာဇ်၊ ပူနီဧကရာဇ်တို့နှင့်အတူ နတ်ဆိုးချောက်နက်ထဲ ဆင်းခဲ့ဖူး၏။ နောက်ဆုံးတွင် သူတို့ အရှုံးနှင့် ထွက်ပြေးခဲ့ရသည်။ ချောက်နက်ထဲရှိ ဖြစ်တည်မှုကသာ မသက်ညှာခဲ့လျှင် ယခု သူတို့ သေပြီးနေလောက်ပေပြီ။

ဝုန်း...ဝုန်း...ဝုန်း...

ချောက်နက် အနောက်ဘက်မှနေ၍ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ဧရာမတောင်ကြီးများမှာ တစ်လုံးပြီးတစ်လုံး အမှုန့်ဖြစ်သွားသည်။ ထျန်းဖုန့်ဧကရာဇ်သည် ‌ဒေါသနှင့်ပူဆွေးမှုကို ဖြေရန်နေရာ မရှိသဖြင့် တောင်များကို တစ်လုံးပြီးတစ်လုံး အမှုန့်လုပ်ပစ်နေခြင်းပင်။

“ပြေးကြ...”

နတ်ဆိုးချောက်နက်၏ အနောက်မြောက်ဘက် မိုင်ငါးသန်းအကွာရှိ ဧရာမတောင်တန်းကြီးတစ်ခုတွင် အရှင်မချင်လင်း၏ လက်အောက်ခံမျိုးနွယ်များမှ အဆင့်နိမ့်မိစ္ဆာများ ရှိနေ၏။ တပ်သားတစ်သိန်းကလည်း သူတို့ကို ကာကွယ်ပေးနေသည်။

ထိုတပ်သားတစ်သိန်းသည် ထျန်းဖုန့်ဧကရာဇ်၏ ဒေါသတကြီး အော်ဟစ်သံများကြောင့် ကြောက်ရွံ့သွားကြ၏။ ထိုအခိုက်တွင် သူတို့သည် တောင်ဘက်မှ လာသော ပြင်းထန်သည့် ပေါက်ကွဲမှုများကို ခံစားမိနေကြသည်။ ထို့ကြောင့် သူတို့ သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများကို ခေါ်ကာ အရှေ့ဒေသဆီ ချက်ချင်း ထွက်ပြေးကြလေသည်။

အရှေ့ဒေသမှ တိုက်ပွဲကို နိုင်သွားပြီဖြစ်ကြောင်း သူတို့ သတင်းရထားကြ၏။ ကြမ်းကြုတ်နဂါးဘုရင်က သူတို့ကို ပြန်လာခဲ့ရန် သတင်းမပို့‌သေးသော်လည်း သူတို့ အရေးမစိုက်နိုင်တော့ပေ။ သူတို့ အဆင့်နိမ့်မိစ္ဆာများကို ဦးဆောင်၍ အရှေ့ဒေသဆီ ကြောက်ရွံ့တကြား ထွက်ပြေးကြပေသည်။

ထိုရုတ်ရုတ်သဲသဲ ထွက်ပြေးမှုက ထျန်းဖုန့်ဧကရာဇ်ကို သတိပြုမိသွားစေ၏။ သူ၏ စွမ်းအားကြီး ကောင်းကင်စိတ်အာရုံ ရောက်ရှိလာသည်။ ထို့နောက် သူ့ငွေရောင်မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။

သို့သော် ထျန်းဖုန့်ဧကရာဇ်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် မည်သို့မှ မလုပ်လိုက်ပေ။ ထိုအဆင့်နိမ့်မိစ္ဆာများကို သတ်ဖြတ်ခြင်းတွင် မည်သည့်အဓိပ္ပာယ်မှ မရှိချေ။ သူ၏ ဂုဏ်သတင်း ညစ်နွမ်းသွားသည်သာ ရှိပေလိမ့်မည်။ ၎င်းအဆင့်နိမ့်မိစ္ဆာများနေရာတွင် ကြမ်းကြုတ်နဂါးဘုရင်တို့ ဆိုလျှင်တော့ သူ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ ကပ်သပ်၍ ဆိုရမည်ဆိုလျှင် ဤနေရာက အရှေ့ဒေသ မဟုတ်သည် မဟုတ်ပါလော။

“ချင်လင်း...”

ထျန်းဖုန့်ဧကရာဇ်သည် အမည်တစ်ခုကို ခက်ထန်စွာ အော်ခေါ်လိုက်၏။ သူ ခေတ္တမျှ ရပ်လိုက်ပြီးနောက် သတ်ဖြတ်အရှိန်အဝါနှင့် ဆက်အော်ပြောလိုက်သည်။

“မင်းက ကောင်းကင်မိစ္ဆာဘုံကနေ ထွက်သွားပြီးပြီပဲ။ ဘာလို့ လူသားတစ်ယောက်ကို စေလွှတ်ပြီး အခြေအနေတွေကို ရှုပ်ထွေးအောင် လုပ်ခဲ့ရတာလဲ။ မင်းကြောင့် ငါ့နီအာ အသတ်ခံလိုက်ရပြီ။ မင်းက မင်းရဲ့ လက်အောက်ခံဟောင်းတွေကို ကာကွယ်ချင်တာလား။ ဟားဟား... မင်း ဖြစ်စေချင်သလို မဖြစ်စေရဘူး။ ငါ သူတို့အကုန်လုံးကို သတ်ပစ်နိုင်မဲ့ နည်းလမ်းတစ်ခု ရအောင်ရှာမယ်.. ရအောင်ရှာမယ်”

ဝှစ်...

ထျန်းဖုန့်ဧကရာဇ်သည် အော်ဟစ်ပြီးနောက် အလင်းတန်းတစ်တန်းအလား အနောက်တောင်ဘက်သို့ ပျံသန်းသွား၏။ သူ နဂါးတောင်ကြားကို မသွားဘဲ ထျန်းဖုန့်မြို့သို့သာ ပြန်သွားလိုက်ပေသည်။

***

နဂါးတောင်ကြားထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် သူတို့၏ တပ်များကို ပြန်ခေါ်ခဲ့ရန် အချိန်မရှိသဖြင့် အုပ်ချုပ်သူအဆင့် သိုင်းသမားအချို့ကို ခေါ်၍သာ နဂါးတောင်ကြားသို့ ပြန်လာခဲ့ကြသည်။ ထျန်းဖုန့်ဧကရာဇ်က ကျန်းရီနောက်သို့ လိုက်သွားကြောင်း သိလိုက်ရပြီးနောက် သူတို့သုံးယောက် ရင်တုန်သွားကြလေသည်။

ကြမ်းကြုတ်နဂါးဘုရင်တို့ သုံးယောက်သည် ကျတ်တီးမြေဆီ လိုက်မသွားဝံ့ကြပေ။ ထျန်းဖုန့်ဧကရာဇ်က ဒေါသအလျောက် သူတို့အား သတ်ပစ်မည်ကို သူတို့ စိုးရိမ်ကြသည်။ ထို့ကြောင့် အရင်ဆုံး အခြေအနေကို စုံစမ်းရန် ကျတ်တီးမြေဆီသို့ ထောက်လှမ်းရေးများသာ စေလွှတ်လိုက်သည်။

သတင်းက လျင်မြန်စွာ ရောက်လာ၏။ ထျန်းဖုန့်ဧကရာဇ်က ကျန်းရီနောက်သို့ လိုက်နေစဉ်တွင် ကျတ်တီးမြေထဲရှိ ထောက်လှမ်းရေးအချို့က သတိပြုမိခဲ့ပြီးဖြစ်သည်။ ဖုန့်နီက အဆင့်နိမ့်မိစ္ဆာများအား အလစ်ဝင်တိုက်ရန် စီစဉ်ထားခဲ့မည်ကို စိုးသဖြင့် သူတို့ ကျတ်တီးမြေထဲတွင် ထောက်လှမ်းရေးများစွာ ထားထားခဲ့သည် မဟုတ်ပါလား။ ထိုထောက်လှမ်းရေးများ၏ တင်ပြချက်များမှနေ၍ ကြမ်းကြုတ်နဂါးဘုရင်တို့ သတင်းအချက်အလင်း အချို့ကို သိလိုက်ရပေသည်။

ကျန်းရီက ကော့ချန်ဘုရင်၊ ဖုန့်နီနှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား တစ်ယောက်ကို ခေါ်၍ ကျတ်တီးမြေထဲ ထွက်ပြေးသွားခဲ့သည်။ သူတို့ နတ်ဆိုးချောက်နက် အနီးသို့ ရောက်ချိန်တွင် ထျန်းဖုန့်ဧကရာဇ်က ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားကို သတ်ပစ်လိုက်သည်။ သို့သော် အကြောင်းအချို့ကြောင့် သူ နတ်ဆိုးချောက်နက်တွင် ရပ်တန့်သွားသည်။ ပြီးနောက် သူ ဒေါသတကြီး အော်ဟစ်ကာ တောင်များကို အမှုန့်လုပ်ပစ်ခဲ့သည်။ ထို့နောက်တွင် သူ တောင်ဒေသသို့ ပြန်သွားခဲ့သည်။

ထိုသတင်းများကို ရပြီးနောက်တွင် ကြမ်းကြုတ်နဂါးဘုရင်တို့ အလွန်ဝမ်းမြောက်သွားကြ၏။ လီရှန်းအာလည်း ဝမ်းသာလွန်းသဖြင့် ငိုပင်ငိုကြွေးလိုက်သည်။ ယင်းသတင်းများအရဆိုလျှင် ကျန်းရီက ဖုန့်နီကို ခေါ်၍ နတ်ဆိုးချောက်နက်ထဲ ဆင်းသက် လွတ်မြောက်သွားခဲ့သည်ဟု ကောက်ချက်ချနိုင်သည်။ ထျန်းဖုန့်ဧကရာဇ်က နတ်ဆိုးချောက်နက်ထဲ လိုက်မဆင်းဝံ့သဖြင့် ဒေါသတကြီး အော်ဟစ်ကာ လှည့်ပြန်သွားခြင်း ဖြစ်မည်။ သို့ဖြစ်ရာ ကျန်းရီ အသက်ရှင်နေနိုင်သေးပေသည်။

အဘယ်ကြောင့်ဆိုသော်...

နဂါးတောင်ကြားထဲတွင် ကျန်းရီ ချန်ထားခဲ့သည့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား နှစ်ယောက်နှင့် တပ်သားသုံးသန်းစလုံးက အသက်ရှင်နေသေး၍ပင်။ သူတို့အားလုံးက ကျန်းရီ၏ ဝိညာဉ်ကျွန်များဖြစ်ရာ ကျန်းရီ သေသည်နှင့် လိုက်သေသွားကြမည် မဟုတ်ပါလား။

သို့သော် ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများ သံသယလည်းဖြစ်နေကြသည်။ ထျန်းဖုန့်ဧကရာဇ်ပင် နတ်ဆိုး‌ချောက်နက်ထဲ လိုက်မဆင်းဝံ့လျှင် အဘယ်ကြောင့် ကျန်းရီက နတ်ဆိုးချောက်နက်ထဲတွင် ရှင်သန်နိုင်နေရသနည်း။

***

All Chapters