← Chapters

ရေအေးကန်

Vol. 130 Ch. 1807

ရေအေးကန်

Vol. 130 Ch. 1807

ကျန်းရီသည် အမှန်ပင် မသေသေးချေ။ သူသာမဟုတ် ဖုန့်နီလည်း မသေးသေးပါ။ ယခုတွင် သူတို့နှစ်ယောက်သည် အလွန်ထူးဆန်းသော နေရာတစ်ခုသို့ ရောက်နေကြသည်။ ထိုနေရာကြောင့် သူတို့ အလွန်ခေါင်းရှုပ်နေကြပေသည်။

သူတို့က ရေကန်တစ်ကန်ထဲတွင် ဖြစ်သည်။ နှစ်ယောက်စလုံး ရေအေးများကြောင့် သတိလည်လာကြသည်။ သူတို့ သတိလည်လာသည်နှင့် နားမလည်နိုင်ဖြစ်သွားကြ၏။ နတ်ဆိုးချောက်နက် အောက်ခြေတွင် ကြောက်မက်ဖွယ် မီးတောက်များရှိသည် မဟုတ်လော။ သူတို့ ချောက်အထက်မှပင် ကြောက်မက်ဖွယ် အပူချိန်ကို ခံစားခဲ့ရသည် မဟုတ်လော။ သို့ဖြစ်ရာ အဘယ်ကြောင့် အောက်ဘက်တွင် ရေအေးကန်တစ်ကန် ရှိနေရပါသနည်း။

ထိုရေအေးကန်ထဲမှ ရေများမှာ သာမန်အေးခြင်းမျိုး မဟုတ်ချေ။ အေးလွန်းလှသဖြင့် ကျန်းရီနှင့် ဖုန့်နီတို့၏ သွေးများပင် ခဲလာကာ သူတို့ မလှုပ်နိုင်ကြတော့ပေ။ ဖုန့်နီက အအေးဓာတ်ကို ပို၍ ခံရသည်။ ယခင်တွင် ကျန်းရီက သူမအား သတ်ပစ်မည်ကို စိုးရိမ်ခဲ့သဖြင့် သူမ၏ နတ်ဘုရားအမြုတေမှ ချိပ်စည်းကို ဖယ်ရန် မကြိုးစားခဲ့ပါ။ ထို့ကြောင့် ယခုတွင် သူမသည် မိစ္ဆာစွမ်းအားများကို မသုံးနိုင်သဖြင့် ရေခဲရုပ်တုတစ်ခုအဖြစ် အေးခဲလာနေပေသည်။

ကျန်းရီက တော်သေး၏။ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်စွမ်းအား လှည့်ပတ်လိုက်ရာ လှုပ်၍ရလာသည်။ မိုးမြေစွမ်းအားကို ထုတ်လိုက်ပြီးနောက်တွင်မူ သူ့ခန္ဓာကိုယ်က ချက်ချင်း အားပြန်ပြည့်သွားသည်။ သူ များစွာ တွေးတောမနေတော့ဘဲ ဖုန့်နီကို သတိပြန်လစ်သွားအောင် လုပ်လိုက်၏။ ထို့နောက် သူမ၏ နတ်ဘုရားအမြုတေကို နောက်ထပ် ချိပ်စည်းအလွှာအနည်းငယ်နှင့် ထပ်မံချိပ်ပိတ်လိုက်ပြီးမှ သူမကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်သည်။

ထိုအခါမှ ကျန်းရီ သူရောက်နေသော နေရာကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံနိုင်တော့သည်။ သို့သော် အာရုံခံလိုက်သည်နှင့် သူ ရုတ်ခြည်း မှင်တက်သွားသည်။

ဤရေကန်ထဲတွင် သူ၏ ကောင်းကင်စိတ်အာရုံက သုံးကီလိုမီတာအကွာအထိသာ ရောက်နိုင်၏။ ပတ်ဝန်းကျင်က မည်းမည်းမှောင်နေသည်။ ကန်ထဲတွင်လည်း ကန်ရေအေးများမှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။

‘ဒါက ဘယ်နေရာလဲ။ ငါ နတ်ဆိုးချောက်နက်ထဲ ပြုတ်ကျခဲ့တာ မဟုတ်ဘူးလား။ အဲ့မျက်လုံးတွေရဲ့ ပိုင်ရှင်က ဘယ်သူလဲ။ ဘာလို့ သူက ငါ့ကို မသတ်သေးတာလဲ။ ဘာလို့ ထျန်းဖုန့်ဧကရာဇ်က အောက်ကို ဆင်းလာပြီး ဖုန့်နီကို မကယ်ရတာလဲ’

အဖြေမရှိသော မေးခွန်းများစွာ ရှိနေသည်။ ကျန်းရီသည် တစ်ခဏမျှ တွေးပြီးသည်အထိ အဖြေမရသေးပေ။ ထို့ကြောင့် ဆက်မတွေးရန် ဆုံးဖြတ်လိုက်ပြီး မျက်လုံးများမှိတ်ကာ အနားယူလိုက်သည်။ သူ၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာက အလွန်အားနည်းနေသည်။ သူ အနားမယူလျှင် တိုက်ခိုက်စွမ်းအား လျော့ကျနေပေလိမ့်မည်။

ဤအခြေအနေက ကောင်းချီးဖြစ်နိုင်သလို ကျိန်စာလည်း ဖြစ်နိုင်သည်။ ကျိန်စာဖြစ်နေလျှင် ကျန်းရီ ရှောင်ရှားနိုင်မည် မဟုတ်ချေ။ ထိုမျက်ဝန်းများ၏ ပိုင်ရှင်က သူ့အား သတ်လိုလျှင် သူ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် များစွာ တွေးတောနေလျှင်လည်း အကျိုးမရှိချေ။ မည်သို့ပင်ဖြစ်စေ လက်ရှိတွင် သူ ဘေးကင်းနေသည် မဟုတ်ပါလား။ သို့ဖြစ်ရာ သူ တစ်ခဏမျှ အနားယူ၊ အားဖြည့်ရပေမည်။

ရေအေးကန်ထဲတွင် အနားယူရခြင်းမှာ သက်တောင့်သက်သာ မရှိသည့်အပြင် နှိပ်စက်ခံရနေရသည်နှင့် ပိုတူသည်။ ကျန်းရီ အလွန်ပင်ပန်းနွမ်းနယ်နေသည်။ ထို့ကြောင့် အအေးဓာတ်ကို ‌တောင်ခံကာ ကြိတ်မှိတ်၍ အနားယူနေလိုက်သည်။

နှစ်နာရီ၊ လေးနာရီ၊ နာရီနှစ်ဆယ်...

ရေအေးကန်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မှောင်မည်း တိတ်ဆိတ်နေ၏။ ကန်ထဲတွင် ကျန်းရီက နှစ်တစ်ထောင် အလောင်းကောင်ကြီးလို မျောနေသည်မှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။

နာရီခြောက်ဆယ်ကျော်ကြာပြီးနောက် ကျန်းရီ မျက်လုံးများ ဖွင့်လာ၏။ အတော်ကြာအောင် အနားယူ အားဖြည့်လိုက်ပြီဖြစ်၍ သူ့ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အတော်လေး အားပြန်ပြည့်လာသည်။ အနည်းဆုံးတော့ သူ့ စိတ်ဝိညာဉ်က နာကျင်မနေတော့ပေ။

ကျန်းရီ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို ထပ်မံ အာရုံခံလိုက်သည်။ ပတ်ဝန်းကျင်က ဘေးကင်းကြောင်း အတည်ပြုပြီးနောက် သူ ကောင်းကင်စွမ်းအား လှည့်ပတ်ကာ ခန္ဓာကိုယ်ကို စတင်လှုပ်ရှားလိုက်သည်။ အခြေအနေမှာ မည်သို့ဖြစ်စေ သူ ဤရေအေးကန်ထဲမှ ထွက်သွားရမည် မဟုတ်ပါလား။

ဤနေရာက အလွန့်အလွန် အေးလွန်း၏။ အအေးဓာတ်ကို အံတုရန် ကောင်းကင်စွမ်းအား အဆက်မပြတ် လှည့်ပတ်နေသည်ပင် သူ ရေခဲငရဲ၌ ရောက်နေသလို ခံစားနေရသေးသည်။ သူ ‌အေးခဲ၍ မသေနိုင်သော်လည်း ငရဲကျနေရသကဲ့သို့ ဖြစ်နေပေသည်။

ကျန်းရီသည် အထက်သို့ တစ်ဖြောင့်တည်း ကူးခတ်သွား၏။ ရေကန်တစ်ကန်တွင် ကန်ရေမျက်နှာပြင်တော့ ရှိရမည်သာ။ ဤကန်ထဲက ထွက်ပြီးမှ သူ အနားယူရန် နေရာတစ်ခုကို ရှာရပေမည်။

သို့သော် မိုင်ထောင်ကျော် ကူးတက်ပြီးနောက်တွင်ပင် ကန်ရေမျက်နှာပြင်သို့ မရောက်သေးသဖြင့် ကျန်းရီ တုန်လှုပ်လာသည်။

‘ထူးဆန်းလိုက်တာ’

ကျန်းရီ ပျာယီးပျာယာ ဝေ့ဝဲကြည့်လိုက်၏။ သူနှင့် ဖုန့်နီတို့သည် ကန်ထဲသို့ ကျလာစဉ်က ရေအေးများကြောင့် ချက်ချင်း သတိလည်လာခဲ့သည်။ သူတို့ကျလာသော အရှိန်က အလွန်ပြင်းခဲ့လျှင်ပင် သူတို့ အလွန်ဆုံးမှ ရေထဲ အနက်မိုင်တစ်ရာလောက်သာ နစ်သွားနိုင်သည် မဟုတ်ပါလော။ သို့ဆိုလျှင် ယခု မိုင်ထောင်ကျော် ကူးတက်ပြီးသည်ပင် အဘယ်ကြောင့် ကန်ရေမျက်နှာပြင်ဆီ မရောက်ရသေးသနည်း။

ကျန်းရီတစ်ယောက် မယုံနိုင်ဖြစ်နေသည်။ သူ အထက်သို့ ဆက်ကူးနေပြီး ပတ်ဝန်းကျင်ကိုလည်း ကောင်းကင်စိတ်အာရုံနှင့် အာရုံခံနေသည်။

အမွှေးတိုင်တစ်တိုင်စာ၊ တစ်နာရီ၊ ခြောက်နာရီ၊ ဆယ်နာရီ...

ကျန်းရီ ရပ်တန့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများ မရှိတော့ဘဲ ထုံထိုင်းမှုသာ ပြည့်နှက်နေသည်။ အလွန်အားကောင်းသော အအေးဓာတ်ကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ ကြွက်သားအားလုံးက တလှုပ်လှုပ် တုန်ယင်နေသည်။ သူသည် ရောက်သည့်နေရာတွင်ပင် ရပ်ပြီး ဆက်မကူးတော့ရန် ဆုံးဖြတ်လိုက်ပေသည်။

အအေးဓာတ်ကြောင့် သူ၏ အမြန်နှုန်းက လျော့ကျနေသည်ဆိုလျှင်လည်း ဤမျှလောက်မှာ ကြောက်စရာကောင်းလွန်းသည်။ သူ၏လက်ရှိ အမြန်နှုန်းနှင့်ဆိုလျှင်ပင် ဆယ်နာရီအတွင်း သူ တောင်တန်းဒါဇင်ချီ၍ ဖြတ်ကျော်နိုင်လောက်သေးသည်။ သို့ဖြစ်ရာ ဤရေကန်က မည်မျှနက်ပါသနည်း။ တောင်တန်းဒါဇင်ချီကို ဆက်၍ထောင်ထားသလောက်တော့ မနက်နိုင်သည် မဟုတ်လော။ တစ်ခုခု မှားနေခြင်းသာ ဖြစ်ရပေမည်။

ကန်ရေမှာ သာမန်ပင်။ ကျန်းရီ ရေကို တစ်ငုံ့သောက်ကြည့်ခဲ့သဖြင့် ရေတွင် မူမမှန်မှု မရှိကြောင်း သိသည်။ ရေမှာ အေးစက်နေရုံသာ။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် စေ့စေ့စပ်စပ် အာရုံခံလိုက်ပြန်၏။ ရေကန်ထဲတွင် မည်သည့် အစီအရင်မှလည်း ရှိမနေပါ။

ပတ်ပတ်လည်တွင် ‌ရေထုမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေ။ ကျန်းရီ တစ်နာရီနီးပါး တွေးတောနေလိုက်သည်။ နောက်ဆုံးတွင် သူ အံကြိတ်ကာ အထက်သို့သာ ဆက်ကူးတက်သွားရလေသည်။ ဤတစ်ခေါက်တွင် သူ တစ်ရက်တိတိ ကူးတက်ရန် စိတ်ဆုံးဖြတ်ထားပေသည်။

အပြင်၌ဆိုလျှင် ကျန်းရီသည် တစ်ရက်အတွင်း နတ်ဆိုးချောက်နက်မှနေ၍ အဖော်မဲ့ပင်လယ်အထိ ပျံသွားနိုင်၏။ ထို့ကြောင့် တစ်ရက်ပြည့်ပြီးနောက်တွင်ပင် သူ ကန်ရေမျက်နှာပြင်ဆီ မရောက်သေးလျှင် တစ်သက်လုံး ဤရေကန်ထဲမှာပင် နေရပေလိမ့်မည်။

အ‌အေးဓာတ်က ကျန်းရီ၏ ကိုယ်ထဲကို စိမ့်ဝင်နေသည်။ ပတ်ဝန်းကျင်မှာလည်း မည်းမှောင်နေရာ အသည်းငယ်သူဆိုလျှင် ရူးပင်သွားနိုင်သည်။ ထို့ပြင် ကြောက်မက်ဖွယ်ကောင်းလောက်အောင်လည်း တိတ်ဆိတ်နေသည်။ ၎င်းကန်ထဲတွင် ကူးခတ်ရသည်မှာ အထီးကျန်စရာ ကောင်းလှသည်။ ထို့ပြင် မည်သည့်အချိန်ကျမှ ကန်ရေမျက်နှာပြင်သို့ ရောက်မည်ကိုလည်း မသိရချေ။ သူ ဆက်ကူးခတ်နေရုံသာ ရှိပေသည်။

နေ့တစ်ဝက်ကြာပြီးနောက် ကျန်းရီ၏ စိတ်ဓာတ်က အောက်ဆုံးအထိ ကျဆင်းသွား၏။ တစ်ရက်ကြာပြီးနောက်တွင်မူ သူ၏ စိတ်ဓာတ်မှာ လုံးဝပြိုပျက်သွားလေတော့သည်။ အထက်ဘုံအချိန် တစ်ရက် ကြာပြီးနောက်တွင်ပင် သူက ရေကန်ထဲ၌သာ ရှိနေသေးသည်။ သူ့ပတ်ဝန်းကျင်မှာလည်း မပြောင်းလဲသေးပေ။ သူက တစ်ရက်လုံး စက်ဝိုင်းပုံ လှည့်ပတ်၍ ကူးမိနေသလိုပင်။

‘နေပါဦး..’

ကျန်းရီ၏ မှေးမှိန်နေသော မျက်ဝန်းများ ရုတ်တရက် အရောင်လက်သွား၏။ စက်ဝိုင်းပုံ လှည့်ပတ်၍ ကူးမိနေခြင်းလော။

ဤနေရာတွင် စွမ်းအားကြီးသော ပုံရိပ်ယောင်နယ်မြေတစ်ခု ရှိနေခြင်းလော။ ထို့ကြောင့် သူက သတိမထားမိဘဲ စက်ဝိုင်းပုံ လှည့်ပတ်၍ ကူးမိနေခြင်းပေလော။ ထို့ကြောင့် ဤမျှကြာအောင် ကူးခတ်ပြီးသည်ပင် ကန်မျက်နှာပြင်သို့ မရောက်သေးခြင်းလော။

ကျန်းရီသည် ထိုသို့တွေးမိသောအခါ အတန်ငယ် စိတ်လှုပ်ရှားလာ၏။ အကယ်၍ ဤနေရာတွင် အမှန်ပင် ပုံရိပ်ယောင်နယ်မြေတစ်ခု ရှိနေလျှင် သူ ၎င်းမှနေ၍ ဖောက်ထွက်နိုင်ရန် နည်းလမ်းတစ်ခု ရှာနိုင်သည်။ နည်းလမ်းရှာတွေ့လျှင် သူ ဤနေရာမှ ထွက်သွားနိုင်သေးသည်။

ဤနေရာက အလွန်အေးသဖြင့် ဤနေရာတွင် နေရသော စက္ကန့်တိုင်းမှာ နှိပ်စက်ခံနေရသကဲ့သို့ပင်။ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်းမှာ မပြောပလောက်ပါ။ သို့သော် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်းမှာ ရူးချင်ဖွယ်ပင်။ ကျန်းရီနေရာတွင် အခြားသူတစ်ယောက်ဆိုပါက ယခုလောက်ဆို ရူးနေလောက်ပေပြီ။

အမှောင်ထုမှာ ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ဤနေရာတွင်မူ အမှောင်ထုသာမက အအေးဓာတ်လည်း ရှိနေသည်။ ထို့ပြင် ကန်မျက်နှာပြင်သို့လည်း မရောက်နိုင်သကဲ့သို့ပင်။

လူတစ်ယောက်၏ စိတ်ဓာတ်က မည်မျှခိုင်မာပါစေ မည်းမှောင်နေသော ရေအေးကန်ထဲ၌ ထာဝရပိတ်မိနေတော့မည်ဟု တွေးမိသည်နှင့် စိတ်ဓာတ်ပြိုပျက်သွားမည်သာ။

ယခု ကျန်းရီသည် ပုံရိပ်ယောင်နယ်မြေတစ်ခု ရှိနေလောက်သည်ဟု ခန့်မှန်းမိ၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ထပ်ဝင်၍ ပတ်ဝန်းကျင်တစ်ခွင်လုံးကို ဂရုတစိုက် အာရုံခံလိုက်သည်။ သူ တုန်ခါလှိုင်းများနှင့် မတူညီသော နေရာများကို ဦးစားပေး၍ လိုက်ရှာဖွေသည်။

ပုံရိပ်ယောင်နယ်မြေတစ်ခုတွင် တုန်ခါလှိုင်းများ ရှိတတ်သည်။ ဤပုံရိပ်ယောင်နယ်မြေက သဘာဝပုံရိပ်ယောင်နယ်မြေဆိုလျှင်တော့ ကွဲပြားမှုအနည်းငယ် ရှိနိုင်သည်။ အတုမှာ အတုသာ မဟုတ်ပါလား။ အစစ်နှင့်တော့ ကွဲပြားသည်သာ။ သူသာ ဂရုတစိုက် အာရုံခံမည်ဆိုလျှင် သဲလွန်စအချို့ကို ရှာတွေ့နိုင်လောက်ပေသည်။

အတွေးမှာ လှပသော်လည်း လက်တွေ့က အလွန်ရက်စက်ပေသည်။

ကျန်းရီသည် ကန်ထဲတွင် နေ့တစ်ဝက်ကြာအောင် လိုက်ရှာခဲ့သော်လည်း မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ပေ။ သူပတ်ပတ်လည်တွင် ရေထုသာ ရှိသည်။

‘အားလုံး ပြီးသွားပြီ’

ကျန်းရီ လုံးဝစိတ်ဓာတ်ကျသွား၏။ သူ မကောင်းသော နမိတ်တစ်ခုကိုလည်း ခံစားနေရသည်။ သူ့တစ်ဘဝလုံး ဤရေအေးကန်ထဲတွင်သာ ပိတ်မိနေပေတော့မည်။

‘နည်းလမ်းတစ်ခု စဉ်းစား၊ နည်းလမ်းတစ်ခု စဉ်းစား။ ဒီအတိုင်းသာ ဆက်သွားရင် ငါ ရူးသွားလိမ့်မယ်’

ကျန်းရီသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ဖိအားပေးလိုက်၏။ သူ အသက်ပြင်းပြင်း နှစ်ချက်ရှူသွင်းလိုက်ရာ ရေများ ဝင်လာသဖြင့် သီးသွားသည်။ ရေသီးသွားမှုကြောင့် ကျနေသော စိတ်ဓာတ်မှာ အတန်ငယ် ပုံမှန်ပြန်ဖြစ်သွားပေသည်။

‘ဟုတ်သား...’

ကျန်းရီ သူ့ခေါင်းသူ ရိုက်လိုက်၏။ သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့ ရှိနေသေးသည်။ တစ်ယောက်တည်း အဖြေရှာခြင်းထက် သုံးယောက်ပေါင်း၍ အဖြေရှာခြင်းက ပိုကောင်းပေလိမ့်မည်။ ထို့ပြင် ဖုန့်နီကလည်း အလွန်ဉာဏ်ကောင်းသူဖြစ်ရာ သူမထံတွင် နည်းလမ်းတစ်ခု ရှိနိုင်လောက်သည် မဟုတ်ပါလော။

***

All Chapters