ဂုဏ်သိက္ခာ
Vol. 130 Ch. 1808
ကျန်းရီသည် သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်အား ကောင်းကင်စိတ်အာရုံနှင့် အာရုံခံ၍ ကော့ချန်ဘုရင်ကို ဖုန့်နီအား ဖမ်းချုပ်ထားစေလိုက်၏။ ပြီးမှ သူတို့နှစ်ယောက်ကို အပြင်ထုတ်လိုက်သည်။
သူတို့ အပြင်ရောက်လာသောအခါ ကျန်းရီသည် ရုတ်ခြည်း ကောင်းကင်စွမ်းအား ထည့်သွင်း၍ ဖုန့်နီ၏ နတ်ဘုရားအမြုတေကို အလွှာအနည်းငယ် ထပ်ချိပ်ပိတ်လိုက်၏။ ထို့နောက် တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ သူ ပြောလိုက်သည်။
“ဖုန့်နီ... မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ မင်း ကော့ချန်ဘုရင်လို့ ငါ့ဆီမှာ အညံ့ခံမလား၊ ငါ မင်းရဲ့လွတ်လပ်ခွင့်ကို ဆယ်နှစ်နေရင် ပြန်ပေးမှာပါ။ ဒါမှမဟုတ်... သေမလား”
ဖုန့်နီ၏ လှပသော ငွေရောင်မျက်ဝန်းလေး အရောင်လက်သွား၏။ သူမသည် တွေးပင် မတွေးဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ကျွန်မ သေဖို့ ရွေးတယ်။ ကျန်းရီ.. မြန်မြန်လုပ်လိုက်ပါ”
“...”
ကျန်းရီနှင့် ကော့ချန်ဘုရင်တို့ ဆွံ့အသွားကြ၏။ ထိုလှပသော မင်းသမီးလေးက အလွန်စိတ်ဓာတ်မာကြောပေသည်။ သူမက တုံ့ဆိုင်းမှုပင်မရှိဘဲ သေရန် ရွေးချယ်နေလေသည်။
ဖုန့်နီက ငယ်ရွယ်သေးပြီး အဆင့်အတန်းလည်း အလွန်မြင့်သည်။ နောင်တွင် သူမသည် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်ကာ ထျန်းဖုန့်ဧကရီလည်း ဖြစ်လာနိုင်သည်။ သို့သော် အဘယ်ကြောင့် သူမက သူမ၏အသက်ကို တန်ဖိုးမထားရသနည်း။
ကျန်းရီသည် သူမက ရှေ့တိုးရန် နောင်တစ်လှမ်းဆုတ်ခြင်း ဖြစ်ရမည်ဟု တွေးလိုက်၏။ ထို့ကြောင့် သူ အေးစက်စက်လေသံနှင့် ကော့ချန်ဘုရင်ကို ပြောလိုက်သည်။
“ကော့ချန်ဘုရင်... သူ့ကို သူ့လမ်း ပို့ပေးလိုက်ပါ။ မင်းသမီးဖုန့်နီ အေးအေးချမ်းချမ်း အနားယူပါတော့”
ကော့ချန်ဘုရင်၏ လက်တစ်ဘက်က ဖုန့်နီ၏ ဂုတ်ပိုးကို ဆုပ်ကိုင်ထားပြီးဖြစ်သည်။ သူ ကျန်းရီ၏အမိန့်ကို ကြားသောအခါ မေးခွန်းပင် ပြန်ထုတ်မနေဘဲ ကျန်ဘောလက်တစ်ဘက်နှင့် ဖုန့်နီ၏ ဦးခါင်းကို ရိုက်ချလိုက်သည်။
ဖုန့်နီ၏ မျက်နှာထားမှာ လုံးဝ ပြောင်းလဲမသွားပေ။ သူမ မျက်လုံးများကို အေးချမ်းစွာ မှိတ်ထားသည်။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက သူမအပေါ် အာရုံစိုက်ထားသဖြင့် ထိုအကြောင်းများကို သိရပေသည်။ ကောင်းကင်ဝါးမျိုသားရဲလေးမှာလည်း သူမ၏ စိတ်ဝိညာဉ်ထဲတွင် ရှိနေသေးသည်။ ထို့ကြောင့် သူမ၏ စိတ်ဝိညာဉ်က တိတ်ဆိတ်နေကြောင်းကိုလည်း ကျန်းရီ သိရသည်။ သူမက သေရန်စောင့်နေကြောင်း ထင်ရှားပေသည်။
“ရပ်လိုက်”
ကော့ချန်ဘုရင်၏ လက်က ဖုန့်နီ၏ ဦးခေါင်းကို ထိတော့မည့် အချိန်တွင် ကျန်းရီ အော်ပြောလိုက်သည်။ ကော့ချန်ဘုရင်၏ လက်က ရုတ်တရက် ရပ်တန့်သွား၏။ သို့သော် ပြင်းထန်သော အဟုန်အားက ဖုန့်နီ၏ ဦးခေါင်းကို တုန်ခါသွားစေသေး၏။ သူမ နောက်သို့ ယိုင်ထွက်သွားပြီး မျက်နှာပေါ်တွင် နာကျင်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။
ဖုန့်နီ မျက်လုံးဖွင့်လာပြီး ကျန်းရီကို ခနဲ့တဲ့တဲ့ ကြည့်လိုက်သည်။
“ရှင် ဘာလို့ ကျွန်မကို မသတ်တာလဲ”
ကျန်းရီကလည်း ရွဲ့တဲ့တဲ့ ပြန်ပြုံးကာ မေးလိုက်သည်။
“မင်းကရော ဘာလို့ ဆယ်နှစ် ကျွန်လုပ်မဲ့အစား သေဖို့ ရွေးရတာလဲ။ ဆယ်နှစ်ပြည့်ရင် ငါ မင်းကို လွတ်လပ်ခွင့် ပြန်ပေးမှာကို မယုံဘူးလား”
“ဟင့်အင်း... ကျွန်မ ရှင့်ကို ယုံပါတယ်”
ဖုန့်နီက ခပ်ရေးရေး ပြုံး၏။
“ရှင့်လို လူတစ်ယောက်က သေချာပေါက် စကားဖျက်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံမှာတုန်းက ကျွန်မ ရှင့်အကြောင်းတွေကို အများကြီး ကြားခဲ့ရတယ်။ ရှင့်ရဲ့ အကျင့်စရိုက်ကို ကျွန်မ နည်းနည်း နားလည်ပါတယ်။ ရှင်က ဆယ်နှစ်လို့ ပြောရင် ဆယ်နှစ်ပဲပေါ့။ ဒါပေမဲ့ ဆယ်နှစ်နဲ့ တစ်ဘဝစာမှာ ကွဲပြားမှု ရှိလို့လား။ ကျွန်မက လွတ်လပ်မှုကို လိုချင်တာ မဟုတ်ဘူး... ဂုဏ်သိက္ခာကို လိုချင်တာ”
“ဂုဏ်သိက္ခာလား”
ကျန်းရီ အတန်ငယ် ရင်ထဲထိသွားပြီး မိစ္ဆာမျိုးနွယ်၏ ထိုမင်းသမီးလေးအပေါ် လေးစားသွားသည်။ စွမ်းအားကြီးသူတိုင်းက သူတို့၏ ဂုဏ်သိက္ခာကို အလေးထားကြသည်။ သို့သော် အချိန်အများစုတွင် ထိုအလေးထားမှုသည် ရက်စက်သော လက်တွေ့တရားကြောင့် ပျက်သုဉ်းသွားရသည်သာ။ ဥပမာအနေဖြင့် ကော့ချန်ဘုရင်ကို ကြည့်ပါ။ သူက အရှေ့ဒေသ၏ နံပါတ်တစ် ဖြစ်နေပြီဖြစ်သော်လည်း သူ့မျိုးနွယ်အတွက် ကျန်းရီထံတွင် ဝိညာဉ်ကျွန်လုပ်ရပေသည်။
ကျန်းရီ၏ ရင်ထဲတွင် ယောက်ျားများက မိန်းမများထက် ဂုဏ်သိက္ခာကို ပိုတန်ဖိုးထားသည်ဟု ထင်ထားခဲ့၏။ ယောက်ျားများက ယန်ဓာတ်ဖြစ်၍ အရှုံးမပေးတတ်သည့် သဘာဝ ရှိသည်။ မိန်းမများမှာမူ ယင်ဓာတ်ဖြစ်၍ သိမ်မွေ့အားနည်းသည်။ သို့သော် ဖုန့်နီသည် ကျန်းရီက ဆယ်နှစ်ပြည့်လျှင် သူမအား လွတ်လပ်မှု ပြန်ပေးမည်ဖြစ်ကြောင်း သိသော်လည်း သေရန်သာ ရွေးချယ်ခဲ့လေသည်။
ဟုတ်၏။
ဆယ်နှစ်နှင့် တစ်ဘဝစာတွင် ကွဲပြားမှု မရှိပါ။ ယင်းမှာ ပြည့်တန်ဆာများက သူမတို့၏ ခန္ဓာကိုယ်ကို တစ်ကြိမ်ရောင်းခြင်းနှင့် အကြိမ်ကြိမ်ရောင်းခြင်းတွင် ကွာခြားမှု မရှိသကဲ့သို့ပင်။ သူမတို့ ဆုံးရှုံးသွားသည်မှာ အသွေးအသားမဟုတ်၊ ဂုဏ်သိက္ခာသာဖြစ်သည်။
“ကောင်းပြီ...”
ကျန်းရီ ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်၏။
“ငါ မင်းရဲ့အသက်ကို ချမ်းသာပေးနိုင်တယ်။ ဒါပေမဲ့ မင်း ယီးတီးယားတားတော့ မလုပ်နဲ့။ မဟုတ်ရင် ငါ မင်းကို ချက်ချင်း သတ်ပစ်မယ်။ မင်း ငါ့ရဲ့ အကျင့်စရိုက်ကို သိတယ်မဟုတ်လား၊ ဒီတော့ မင်း ဘာလုပ်သင့်တယ်ဆိုတာလည်း သိမှာပေါ့”
ဖုန့်နီ ခေါင်းညိတ်လိုက်သည်။
“ကျွန်မ ဘာရူးမိုက်တာတွေမှ မလုပ်ချင်ပါဘူး။ ရှင်နဲ့ ကော့ချန်ဘုရင်က ကျွန်မထက် ပိုစွမ်းအားကြီးပါတယ်။ အခု ကျွန်မမှာ ရှေးဦးဝိညာဉ်ရတနာစစ်ချပ်ဝတ်လည်း မရှိတော့ဘူး။ ရှင် ကျွန်မကို အချိန်မရွေး သတ်ပစ်နိုင်တယ်”
ကျန်းရီ စိတ်အေးသွား၏။ ဉာဏ်ကောင်းသူများနှင့် စကားပြောရသည်မှာ အလွန်လွယ်ကူပေသည်။ သူတို့သည် သူ့ကို ချက်ချင်း နားလည်ကြပေသည်။
ကျန်းရီသည် ဖုန့်နီက အလစ်တိုက်ခိုက်မည်ကို မကြောက်ပေ။ သူ့တွင် ကောင်းကင်လေပြေချပ်ဝတ်ရှိသည်။ သူ၏ရုပ်ခန္ဓာကလည်း အလွန်သန်မာနေသည်။ ထို့ကြောင့် ဖုန့်နီက သူ့ကို ရုတ်ခြည်း သတ်ပစ်နိုင်မည် မဟုတ်ချေ။ ထို့ပြင် သူမ၏ စိတ်ဝိညာဉ်ပင်လယ်ထဲ၌ ကောင်းကင်ဝါးမျိုသားရဲလေး ရှိနေသေးသည်။ သူမ စိတ်ဝိညာဉ်တိုက်ခိုက်မှုများ ထုတ်သုံးဝံ့လျှင် ကောင်းကင်ဝါးမျိုးသားရဲလေးက သူမကို ချက်ချင်း တိုက်ခိုက်ပေလိမ့်မည်။ ယင်းတို့အပြင် ကျန်းရီ၏ စိတ်ဝိညာဉ်ကလည်း အားမနည်းပါပေ။
ကျန်းရီ လှည့်ပတ်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အခု ငါတို့က အခက်အခဲတစ်ခုထဲ ရောက်နေတယ်။ ဒီကန်က... ငါ ကူးနေတာ တစ်ရက်ရှိပြီ၊ ဒါပေမဲ့ ကန်မျက်နှာပြင်ကို မရောက်သေးဘူး။ ငါ ဘာအစီအရင်ကိုမှလည်း အာရုံမခံမိဘူး။ မင်းတို့နှစ်ယောက် နည်းလမ်းတစ်ခု အတူ စဉ်းစားလိုက်ကြပါ”
ကော့ချန်ဘုရင်သည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို စတင် အာရုံခံလိုက်၏။ ဖုန့်နီလည်း အတူလိုက်လုပ်သည်။ မကြာခင်မှာပင် သူတို့နှစ်ယောက် မျက်မှောင်ကြုတ်သွားကြသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံများက ကန့်သတ်ခံထားရသည် မဟုတ်ပါလား။
“ဒါက...”
တစ်ခဏမျှ အာရုံခံပြီးနောက် ကော့ချန်ဘုရင်က သံသယနှင့် မေးလိုက်၏။
“သခင်... သခင်က တကယ်ပဲ တစ်ရက် ကူးခဲ့တာလား။ ကျုပ်တော့ ဒီနေရာမှာ ဘာမူမမှန်တာမှ ရှာမတွေ့ပါဘူး”
ဝိညာဉ်ကျွန်များသည် သူတို့သခင်၏ အမိန့်များကို မလွန်ဆန်နိုင်ပေ။ သို့သော် စကားလုံးများမှာ အမိန့်မဟုတ်ပေ။ ထို့ကြောင့် ကော့ချန်ဘုရင် သံသယဖြစ်သည်ကို နားလည်နိုင်ပေသည်။ ကျန်းရီ၏ အမြန်နှုန်းနှင့်ဆိုလျှင် နတ်ဆိုးချောက်နက်မှနေ၍ အဖော်မဲ့ပင်လယ်ဆီ တစ်ရက်တည်းနှင့် သွားနိုင်သည် မဟုတ်ပါလား။
ကျန်းရီ ခေါင်းညိတ်ပြလိုက်ပြီး ကော့ချန်ဘုရင်ကို လျစ်လျူရှုကာ ဖုန့်နီကို ကြည့်လိုက်သည်။ ဖုန့်နီက မျက်လုံးမှိတ်ထားဆဲပင်။ ငါးမိနစ်ကြာပြီးနောက်မှ သူမ မျက်လုံးဖွင့်လာပြီး ပြောလိုက်လေသည်။
“ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်”
ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွား၏။ သူ လေသံတိုးတိုးနှင့် ပြောလိုက်သည်။
“ပြောပါ”
ဖုန့်နီက ရှင်းပြသည်။
“ပထမဖြစ်နိုင်ခြေက ဒီနေရာမှာ အရမ်းစွမ်းအားကြီးတဲ့ ပုံရိပ်ယောင်နယ်မြေတစ်ခု ရှိနေတာပဲ။ အဲ့ဒါကြောင့် ရှင်က တစ်ရက်လုံး စက်ဝိုင်းပုံ လှည့်ပတ်ပြီး ကူးနေမိတာ ဖြစ်နိုင်တယ်။ ဒုတိယဖြစ်နိုင်ခြေကတော့ ဒါက ထူးခြားတဲ့ နေရာတစ်ခုပဲ။ ကျယ်လွန်းလို့ အဆုံးမရှိတာ ဖြစ်နိုင်တယ်”
ကျန်းရီ တွေးတောလိုက်၏။ ဖုန့်နီ၏ သုံးသပ်ချက်မှာ အကျိုးအကြောင်းဆီလျော်သည်။ သူ မျက်မှောင်ကြတ်လိုက်သည်။ ဖြစ်နိုင်ခြေက မည်သို့ဖြစ်စေ ယင်းမှာ ပြဿနာကြီးတစ်ခုပင်။ သူတို့ ဤနေရာတွင် တစ်သက်လုံး ပိတ်မိနေနိုင်သည်။ သူ ဖုန့်နီကို ကြည့်ကာ မေးလိုက်သည်။
“မင်းမှာ ဖြေရှင်းနည်း ရှိလား”
ဖုန့်နီ ခေါင်းခါသည်။
“ရှင့်မှာတောင် မရှိတာ၊ ကျွန်မမှာ ဘယ်လိုလုပ် ရှိမှာလဲ။ ကျွန်မက အရှေ့ဒေသ စစ်ပွဲမှာ ရှုံးခဲ့တယ်။ အဲ့တော့ ရှင်က ကျွန်မထက် ပိုဉာဏ်ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့”
“ငါက ကံကောင်းသွားရုံပါ”
ကျန်းရီသည် ထိုအကြောင်းကို ထပ်မပြောလိုတော့ပေ။ သူ ကော့ချန်ဘုရင်ကို အမိန့်ပေးလိုက်သည်။
“ဖုန့်နီကို ခေါ်ခဲ့ပါ။ ကျွန်တော်တို့ ဆက်ပြီး ကူးတက်ကြမယ်။ ခင်ဗျားတို့ နှစ်ယောက် ပတ်ဝန်းကျင်ကို စူးစမ်းနေပါ။ တစ်ခုခုတွေ့ရင် ကျွန်တော့်ကို ချက်ချင်း ပြောပါ”
ကျန်းရီသည် သူ၏ ထောက်လှမ်းနည်းက ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့၏ ထောက်လှမ်းနည်းလောက် အစွမ်းမထက်မည်ကို စိုး၏။ ထို့ကြောင့် သူ သူတို့နှစ်ယောက်ကို ခေါ်သွားပြီး လွတ်လမ်းတစ်ခု ရှာလိုနေသည်။ သို့ဖြင့် သူတို့သုံးယောက် အထက်သို့ လျင်မြန်စွာ ကူးခတ်သွားကြ၏။ ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို အာရုံခံရင်း ဖုန့်နီတစ်ယောက် ထူးထူးဆန်းဆန်းများ လုပ်မည်လောကိုလည်း စူးစမ်းနေလိုက်ပေသည်။
ဖုန့်နီက အလွန်နာခံနေသည်။ သူမက ဉာဏ်ကောင်းသူဖြစ်ရာ ရှင်သန်နိုင်ချိန်တွင် ကိုယ့်သေလမ်းကိုယ်ရှာမည် မဟုတ်ချေ။ သူမသည် ကောင်းကင်စိတ်အာရုံကို သုံး၍သာ ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းနေသည်။ ကော့ချန်ဘုရင်မှာလည်း ထို့အတူပင်။
နှစ်နာရီ၊ လေးနာရီ... ခြောက်နာရီ...
ဖုန့်နီ ရုတ်တရက် အော်ပြောလိုက်၏။
“ရပ်လိုက်”
ကျန်းရီသည် ဖုန့်နီက တစ်ခုခု တွေ့သွားပြီဟု တွေးလိုက်၏။ သူ ချက်ချင်းရပ်ကာ မျက်လုံးများ ဖွင့်လိုက်၏။ သို့သော် သူမက တုန်ယင်နေသည်ကိုသာ တွေ့လိုက်ရသည်။ သူမ၏ မျက်နှာမှာ နှင်းကဲ့သို့ ဖြူဆွတ်နေသည်။ သူမ ခိုက်ခိုက်တုန်လျက် ပြောလာ၏။
“ဒီအတိုင်း ဆက်သွားရင် ကျွန်မ အေးခဲပြီး သေသွားလိမ့်မယ်”
ရွှီး...
ကျန်းရီသည် ဖုန့်နီ၏ ခန္ဓာကိုယ်ထဲ ကောင်းကင်စွမ်းအား အနည်းငယ် ထည့်သွင်းပေးလိုက်၏။ ထိုအခါမှ သူမ အတန်ငယ် သက်သာသွားသည်။ ကျန်းရီ သူမကို မေးလိုက်သည်။
“မင်း တစ်ခုခု ရှာတွေ့လား”
“မတွေ့ပါဘူး”
ဖုန့်နီက ခါးသက်သက်ပြုံး၏။
“မိစ္ဆာမျိုးနွယ်က အစီအရင်အပိုင်းမှာ မတော်တာ ရှင်လည်း သိတာပဲ။ ကျန်းရီ... ကျွန်မကို ရှင့်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ပြန်ဝင်ခွင့်ပေးပါ။ ကျွန်မ အပြင်မှာ အအေးဓာတ်ကို တောင့်မခံနိုင်ဘူး”
“နည်းနည်းလောက် ထပ်စူးစမ်းကြည့်တာပေါ့။ ကော့ချန်ဘုရင် သူ့ကိုယ်ထဲကို မကြာ မကြာ မိစ္ဆာစွမ်းအား ထည့်ပေးလိုက်ပါ။ သူ အအေးဓာတ်ကို ခုခံနိုင်အောင် ကူညီပေးလိုက်ပါ”
ကျန်းရီ အေးစက်စက် အမိန့်ပေးလိုက်သည်။ ထို့နောက် ဖုန့်နီကို ကြည့်ကာ ပြောလိုက်၏။
“ငါ အပြင်ကို မထွက်နိုင်ရင် မင်းတို့နှစ်ယောက်လည်း ဒီမှာ တစ်သက်လုံး ပိတ်မိနေမှာပဲ။ တွေးကြည့်ပါ။ မင်း ဒီမှာ ဆယ်နှစ်၊ နှစ်တစ်ရာ၊ နှစ်တစ်ထောင်ကြာအောင် ပိတ်မိနေရင်၊ အိုသေတဲ့အထိ ပိတ်မိနေရင်... အဲ့ဒါက ဘယ်လောက်ကြောက်ဖို့ ကောင်းလိုက်မလဲ”
“အာ...”
ဖုန့်နီနှင့် ကော့ချန်ဘုရင်တို့ မျက်နှာပျက်သွားကြ၏။ သူတို့ ကြက်သီးများလည်း ထသွားပေသည်။
***