← Chapters

အသက်အလင်း

Vol. 130 Ch. 1809

အသက်အလင်း

Vol. 130 Ch. 1809

နတ်ဆိုးချောက်နက်ထဲ ပြုတ်ကျပြီးနောက် ကျန်းရီနှင့် ဖုန့်နီတို့နှစ်ယောက်စလုံး သတိလစ်သွားခဲ့ကြသည်။ သူတို့ သတိလစ်သွားသည့်အခိုက်တွင် သူတို့၏ ခန္ဓာကိုယ်များက အရှိန်ပြင်းပြင်းနှင့် အောက်ပြုတ်ကျသွားသည်ကိုလည်း ခံစားခဲ့ရသည်။

နတ်ဆိုးချောက်နက် အောက်ခြေတွင် ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခု ရှိနေသည်။ ထျန်းဖုန့်ဧကရာဇ်ပင် ထိုဖြစ်တည်မှုကို ရှိန်ရသည်။ သို့သော် ကျန်းရီနှင့် ဖုန့်နီတို့သည် မသေခဲ့သလို မီးပင်လယ်ထဲလည်း ကျမသွားခဲ့ပေ။ ထိုအစား ထူးဆန်းသော ရေအေးကန်ထဲသာ ကျသွားခဲ့သည်။

ကျန်းရီနှင့် ဖုန့်နီတို့သည် ထိုအဖြစ်ကို နားမလည်နိုင်ချေ။ ယင်းမှာ အလွန်မယုံနိုင်စရာ ကောင်းလွန်းသည်။ ဤအကြောင်း သတင်းပျံ့သွားလျှင်ပင် မည်သူကမှ ယုံနိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းရီ၊ ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့ အထက်သို့ ဆက်ကူးခတ်နေကြသည်။ ငါးမိနစ်နေတိုင်း ကော့ချန်ဘုရင်က ဖုန့်နီ၏ ကိုယ်ထဲ မိစ္ဆာစွမ်းအား အနည်းငယ် ထည့်ပေးသည်။ သို့မှ သူမ အေးခဲပြီး မသေသွားမည်ဖြစ်သည်။

ဤကန်ထဲမှ ရေများက အလွန်အေးသည်။ သို့သော် ထူးဆန်းစွာပင် အေးခဲမသွားပေ။ ဤနေရာမှ အအေးဓာတ်က သာမန်နတ်ဘုရားဧကရာဇ်များကို ရေခဲရုပ်တုများ ဖြစ်သွားစေနိုင်သည်။ အုပ်ချုပ်သူအဆင့်အထိ ရောက်နေသူများသာ အ‌အေးဓာတ်ကို တောင်ခံနိုင်ပေလိမ့်မည်။

ကျန်းရီတို့ ဆက်ကူးတက်နေကြသည်။ နာရီအနည်းငယ် ကြာပြီးတိုင်း ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို ထုတ်၍ သူ၏ ထိခိုက်ထားသော သွေးကြောများနှင့် ကြွက်သားများကို ကုသသည်။

ဤခရီးမှာ အလွန်ကြမ်းတမ်းပေသည်။ ကျန်းရီတို့သုံးယောက်က အလွန်ခံနိုင်ရည်ရှိကြ၍သာ တော်သေးသည်။ ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့သည် ပတ်ဝန်းကျင်ကို အကောင်းဆုံး ကြိုးစား၍ အာရုံခံနေကြ၏။ သူတို့ ဤအခြေအနေထဲမှ လွတ်မြောက်နိုင်ရန် လိုအပ်ပေသည်။ လက်ရှိတွင် သူတို့သုံးယောက်က တစ်လှေတည်းစီးများ ဖြစ်နေကြသည်။ ကျန်းရီ မလွတ်မြောက်နိုင်လျှင် သူတို့လည်း ဤနေရာ၌ တစ်သက်လုံး ပိတ်မိနေတော့မည်ဖြစ်သည်။

သို့သော်...

တစ်ရက်လုံး ကူးတက်ပြီးသည်ပင် မည်သည့်အရာကိုမှ ရှာမတွေ့သေးချေ။ ကျန်းရီ ရပ်တန့်လိုက်ပြီး မျက်နှာဖြူဖျော့ကာ နှုတ်ခမ်းများ တုန်ယင်နေသော ဖုန့်နီကို ကြည့်လိုက်သည်။ သူ ရွေးချယ်စရာ မရှိတော့ဘဲ သူမနှင့် ကော့ချန်ဘုရင်တို့ကို ဆောင်းဥတုပုလဲထဲ ထည့်လိုက်ရလေသည်။

ဖုန့်နီ ပြောခဲ့သလိုပင် မိစ္ဆာမျိုးနွယ်က အစီအရင်အပိုင်းတွင် မတော်ကြပေ။ တစ်ရက်ကြာပြီးသည်အထိ သူမနှင့် ကော့ချန်ဘုရင်တို့သည် မည်သည်ကိုမှ ရှာမတွေ့ခဲ့ချေ။ ဤရေအေးကန်ထဲမှ ထွက်နိုင်မည့် နည်းလမ်း မရှိပါပေ။

‘ဒီမှာပဲ ပိတ်မိနေတော့မှာလား’

ကျန်းရီ၏ ခန္ဓာကိုယ်သည် အအေးဓာတ်ကြောင့် ထုံနေ၏။ သူ၏ အသိစိတ်မှာလည်း တဖြည်းဖြည်း ထိုင်းမှိုင်းလာသည်။ သူ အလိုလို စိတ်ဓာတ်ကျနေပေသည်။ မကောင်းသော ခံစားချက်အမျိုးမျိုးက သူ့စိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း တိုက်စားနေလေသည်။

ကျန်းရီက ဘုရားတစ်ပါး မဟုတ်ပေ။ သူ့တွင် ခံစားချက်များ ရှိသည်။ ထိုခံစားချက်များကလည်း သူ့စိတ်အပေါ် သက်ရောက်မှုရှိသည်။ သူ အတွေးများကို ဇက်ကြိုးလွတ်ပေးလိုက်သောအခါ လီရှန်းအာ၊ ကြမ်းကြုတ်နဂါးဘုရင်နှင့် အရှေ့ဒေသထဲရှိ အခြားသူများအကြောင်းကို တွေးမိလာသည်။ သူ ထွက်လာပြီးနောက် အရှေ့ဒေသတွင် တစ်ခုခု ဖြစ်နေမည်လော။ ထျန်းဖုန့်ဧကရာဇ်က အရှေ့ဒေသမှ မိစ္ဆာများကို သတ်နိုင်မည့် နည်းလမ်းများ ရှာမည်လော။

ကျန်းရီသည် အထက်ဘုံတွင်ရှိနေသာ ရီချန်၊ စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် ကျန်းရှောင်နူတို့အကြောင်းကိုလည်း တွေးမိလာ၏။ သူမတို့က ဒေါသထွက်နေသော မိုးပြာမဟာဧကရာဇ်ကြောင့် အသတ်ခံခဲ့ရမည်လော။ ထို့ပြင် ရီဖျောင်ဖျောင်မှာ သူတော်စင်ဝိညာဉ်တောင်အောက်တွင် ဖိနှိပ်ခံထားရဆဲပေလော။ အဆုံးမဲ့ လွမ်းဆွတ်မှုနှင့် အထီးကျန်မှုတို့ကို ခံစားနေရဆဲလော။

ကျန်းရီ ကောင်းကင်ကြယ်တာရာနယ်နမိတ်အကြောင်းကိုလည်း တွေးမိလာသည်။ ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်း၊ ကျန်းယွင်ဟိုင်၊ မိုယောင်အာ၊ ရှောင်ဖေးနှင့် အခြားသူများ။ ချမ်ဝမ်ကွမ်း၊ ကျန်ဝူရွှမ်းနှင့် မိုယောင်အာတို့က အထက်ဘုံသို့ တက်လှမ်းလာနိုင်ခဲ့ပြီး ယခု မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲတွင် ရှိနေကြောင်း သူ မသိသေးပေ။

“အချိန်တွေ အများကြီးကြာခဲ့ပြီ။ အဘိုးက အားနည်းတယ်၊ သူ ဆုံးများသွားပြီလား။ ရှောင်ရီ တာဝန်မကျေပါဘူး...”

အထက်ဘုံအချိန် တစ်ရက်က အနိမ့်ဘုံအချိန် ရက်တစ်ရာနှင့် ညီမျှသည်။ ကျန်းယွင်ဟိုင်၏ တိုက်ခိုက်စွမ်းအားက စွမ်းအားမကြီးပေ။ သူ၏ သက်တမ်းကလည်း တိုသည်။ သူ ကျန်းဧကရာဇ်မြို့တွင် အသက်ကြီးကာ သေသွားလောက်ပေပြီ။

ကျန်းရီသည် ထိုအထိ တွေးမိသောအခါ ရင်ထဲတွင် ပို၍ နာကျင်ကာ စိတ်ဓာတ်ကျလာ၏။ သူ့အတွေးထဲတွင် မကောင်းသော အတွေးများသာ ပြည့်နှက်နေသည်။ ဤ အေးစက် မည်းမှောင်နေသော ကန်ထဲတွင် ရှိနေရခြင်းက သူ့ကို ပို၍ အားငယ်စေပေသည်။

ကျန်းရီ သူ၏ ကိုယ်ပိုင် လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်၍မရပေ။ ထို့ကြောင့် အပြင်တွင် အအေးဓာတ်ကိုသာ အံတုနေရသည်။ သူ ရေကန်ထဲတွင် မဆင်မခြင် အိပ်၍လည်း မဖြစ်ပေ။ ရေအေးများက သူ့ကို ထာဝရအိပ်စက်စေသွားမည် မဟုတ်ပါလော။

ခေါင်းရှုပ်ထွေးနေခြင်း...

ယင်းမှာ ကျန်းရီ၏ လက်ရှိ အခြေအနေပင်။ ထိုအခြေအနေက နာရီအနည်းငယ် ကြာခဲ့သည်။ တစ်ချက်တွင် ကျန်းရီသည် မည်သည်ကိုမှ အရေးမစိုက်တော့ဘဲ အိပ်ပစ်လိုစိတ်ပင် ပေါက်ခဲ့၏။ သူ အလွန်ပင်ပန်းနေရာ ထာဝရ အနားယူပစ်လိုနေပေသည်။

နောက်ဆုံးတွင် ကျန်းရီ အအေးဓာတ်ကို ဆက်တောင်မခံနိုင်တော့ဘဲ သတိလစ်မလို ဖြစ်သွား၏။ ရေအေးများက သူ့တစ်ကိုယ်လုံးကို အေးစက်တောင့်တင်းနေစေပြီး ယခု သူ့စိတ်ဝိညာဉ်ကိုပါ တိတ်တဆိတ်အေးခဲလာစေသည်။ သူ့စိတ်ဝိညာဉ်သာ အေးခဲသွားလျှင် သူ သေသွားပေလိမ့်မည်။

ကျန်းရီသည် ထိုသို့တွေးမိသောအခါ ချက်ချင်းပင် အေးခဲသော သူ့သွေးကြောများထဲ ကောင်းကင်စွမ်းအား လှည့်ပတ်လိုက်၏။ ထိုမှ သူ အတန်ငယ် ပြန်လှုပ်လာနိုင်သည်။ သူ လက်တစ်ဘက်လှုပ်၍ ရသောအခါ နတ်ဘုရားသစ်ရွက်ထဲ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်လေသည်။

ရွှီး...

နတ်ဘုရားသစ်ရွက်က သိမ်မွေ့စွာ လင်းလက်လာပြီး ကျန်းရီကို လျင်မြန်စွာ ကုသပေးလိုက်၏။ ထိုအလင်းမှာ မတောက်ပသော်လည်း မည်းမှောင်နေသော ရေကန်ထဲတွင်မူ နေတစ်စင်းအလားပင်။ ထိုတောက်ပမှုက ကျန်းရီကို အတန်ငယ်ပင် မျက်စိကျိန်းသွားစေသည်။

ကျန်းရီ မျက်မှောင်ကြုတ်၍ နတ်ဘုရားသစ်ရွက်ကို ကြည့်လိုက်၏။ သူ၏ အေးခဲနေသော ကြွက်သားများ၊ အရိုးများနှင့် သွေးများက မျက်စိနှင့် မြင်သာသော နှုန်းဖြင့် ပြန်ကောင်းလာသည်ကို သူ ခံစားလိုက်ရသည်။ သူ ထပ်မံ သက်ပြင်းချလိုက်၏။ အရှင်မချင်လင်း၏ နတ်ဘုရားသစ်ရွက်က အလွန်အစွမ်းထက်ပေသည်။ ၎င်းမှာ အသက်သစ်ရွက်ပင်။ နတ်ဘုရားသစ်ရွက်၏ အလင်းမှာလည်း အသက်အလင်းပင်။

‘အသက်အလင်း...’

ထိုစကားလုံးလေးလုံးကြောင့် ကျန်းရီ အရှင်မချင်လင်းနှင့် သူမ၏လှပသော မျက်နှာလေးကို တွေးမိသွားသည်။ ထို့နောက် ရီချန်၊ စုလောရွှယ်၊ ယဉ်ရို့ပင်း၊ ကျန်းရှောင်နူနှင့် အခြားသူများ၏ အပြုံးမျက်နှာလေးများကိုလည်း ပြန်မြင်ယောင်လာသည်။ သူ ရီဖျောင်ဖျောင်၏ မေတ္တာတရားပြည့်နှက်နေသာ မျက်နှာကိုလည်း သတိရသွားသည်။ သူ ရင်ခုန်မြန်သွားပေသည်။

“ငါ လက်လျှော့လို့ မဖြစ်ဘူး၊ လက်လျှော့လို့ မဖြစ်ဘူး။ ဘယ်လောက်ခက်ပါစေ၊ ဘယ်လောက်ပင်ပန်းပါစေ၊ ဘယ်လို အဟန့်အတားတွေနဲ့ ကြုံရပါစေ ငါ လက်လျှော့လို့ မဖြစ်ဘူး။ ငါ့အမေအတွက်၊ ငါချစ်ရသူတွေအတွက်၊ အရှင်မချင်လင်းအတွက် ငါ ဆက်ရှင်သန်ရမယ်။ ငါ လက်မလျှော့သေးသ၍ ကောင်းကင်ကတောင် ငါ့ကို ကျရှုံးအောင် လုပ်နိုင်မှာ မဟုတ်ဘူး”

ကျန်းရီ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့အသံထဲတွင် ကောင်းကင်စွမ်းအား ထည့်ထားရာ ကန်ရေမှာ တုန်ယိမ်းသွားသည်။ ထို့နောက် သူသည် ထက်ရှသော ဓားတစ်လက်အလား အထက်သို့ ဆက်ကူးတက်သွားလိုက်လေသည်။

ဖုန့်နီက ဖြစ်နိုင်ခြေနှစ်ခုကို သုံးသပ်ခဲ့သည်။ ဤနေရာတွင် ပုံရိပ်ယောင်နယ်မြေတစ်ခု ရှိနေသည်ဖြစ်စေ သို့မဟုတ် ဤနေရာက အဆုံးမဲ့သော ထူးဆန်းသည့်နေရာတစ်ခု ဖြစ်စေ တစ်ခုခု ဖြစ်နိုင်သည်။ ကျန်းရီသည် ပုံရိပ်ယောင်နယ်မြေမှနေ၍ ထုတ်လွှတ်တတ်သည့် တုန်ခါလှိုင်းများကို အာရုံမခံမိပေ။ ထို့ကြောင့် ဤနေရာက အဆုံးမဲ့သော ထူးဆန်းသည့်နေရာတစ်ခု ဖြစ်ရမည်ဟု ယူဆလိုက်ပေသည်။

ထိုအခိုက်တွင် ကျန်းရီ တွေးနေသည်။ ဤနေရာက မည်မျှကြီးမားပါစေ တစ်ချိန်ချိန်တွင် သူ အဆုံးကို ရောက်ရပေမည်။ တစ်ရက်က မလုံလောက်လျှင် ဆယ်ရက်သွားမည်။ ဆယ်ရက်က မလုံလောက်သေးလျှင် ရက်တစ်ရာသွားမည်။ ရက်တစ်ရာနှင့် မရသေးလျှင် တစ်နှစ်သွားမည်။ သူ၏ အရိုးစွဲနေသော ခေါင်းမာမှုက လှုံ့‌ဆောင်ခံလိုက်ရပြီဖြစ်သည်။ ဤနေရာက အဆုံးမရှိဟု သူ မယုံပေ။

သို့ဖြင့် ကျန်းရီတစ်ယောက် သူ့ဘဝတွင် ကြုံခဲ့ဖူးသည့် ခရီးများထဲ အနာကျင်ရဆုံး၊ အထီးကျန်ရဆုံး၊ အခက်ခဲဆုံး၊ ကူကယ်ရာအမဲ့ဆုံး ခရီးကို စတင်လိုက်လေတော့သည်။

ကျန်းရီ၏ နှလုံးသားက သံမဏိကဲ့သို့ ခိုင်မာသည်။ သူ မည်သည့်အရာကိုမှ အရေးမစိုက်တော့ဘဲ အထက်သို့သာ ဆက်ကူးတက်သွားသည်။ သူ ဗိုက်စာချိန်တွင် အားဖြည့်ဆေးလုံးများ ထုတ်သောက်သည်။ ရေစာချိန်တွင် ကန်ရေကို သောက်သည်။ ပင်ပန်းချိန်တွင် ကော့ချန်ဘုရင်ကိုထုတ်၍ သူ့ကို ဆွဲခေါ်ကာ ဆက်ကူးစေသည်။ သူ တစ်ခဏမျှ အနားယူပြီးလျှင် ကိုယ်တိုင်ဆက်ကူးသည်။

ခရီးတစ်လျှောက်လုံးတွင် စကားပြောဖော်မရှိပေ။ ကျန်းရီ ကောင်းကောင်းလည်း မအိပ်ရချေ။ ပတ်ဝန်းကျင်တွင်လည်း ကြည့်စရာ၊ ရှုစရာ ရှုခင်းများ မရှိပေ။ ရေထု၊ အအေးဓာတ်နှင့် အထီးကျန်မှုတို့သာ ရှိပေသည်။

တစ်ရက်၊ ဆယ်ရက်၊ ရက်ငါးဆယ်... ရက်ရှစ်ဆယ်...

ကျန်းရီ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့လာ၏။ သို့သော် သူ့အရိုးများထဲတွင် ပြတ်သားမှုတစ်ခု စွဲထင်နေသေးသည်။ သူ အရှုံးမပေးလိုချေ။ သူ မော၍ သေသွားသည်အထိ အထက်သို့ ဆက်ကူးတက်နေရပေမည်။

ထိုကဲ့သို့သော အခြေအနေအောက်တွင် အချိန်ကြာမြင့်စွာ နေခဲ့ရသူတစ်ယောက်၏ စိတ်အခြေအနေကို တွေးကြည့်နိုင်သည်။ သို့သော် ကျန်းရီ တောင့်ခံနေဆဲပင်။

ကော့ချန်ဘုရင်သည် အပြင်သို့ အကြိမ်များစွာ ထွက်ခဲ့ရ၏။ ကျန်းရီ၏ အမိန့်အောက်တွင် သူ ရွေးချယ်စရာမရှိဘဲ အထက်သို့ ကူးတက်ရသည်။ အမှန်တွင် ကော့ချန်ဘုရင်သည် လက်လျှော့ထားပြီးဖြစ်သည်။ သူတို့ ဤနေရာမှ မထွက်နိုင်တော့ဘဲ ဤနေရာတွင် တစ်သက်လုံး ပိတ်မိနေတော့မည်ဟု လက်ခံထားပြီးပေပြီ။

သို့သော်...

ရက်တစ်ရာမြောက်နေ့တွင် ဖြစ်ရပ်ဆန်းကြယ်တစ်ခု ဖြစ်လာ၏။

ကျန်းရီသည် သူ့ခေါင်းအထက်တွင် ငွေရောင်အလင်းတစ်ပျောက်ကို မြင်လိုက်ရသည်။ ထိုအလင်းမှာ အလွန်ဝေးလောက်သေးသည်။ ထို့ကြောင့် သိပ်၍ မတောက်ပချေ။ မည်သို့ပင်ဖြစ်စေ ထိုအလင်းမှာ နတ်ဘုရားသစ်ရွက်၏ အသက်အလင်းကဲ့သို့ပင်။ ကျန်းရီ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်လျှံသွားပေသည်။

***

All Chapters