← Chapters

ရှင် ကျွန်မကို မမုန်းဘူးလား

Vol. 130 Ch. 1810

ရှင် ကျွန်မကို မမုန်းဘူးလား

Vol. 130 Ch. 1810

အစတွင် ကျန်းရီသည် သူ့မျက်လုံးများက သူ့အား လှည့်ဖြားနေခြင်းဟု ထင်ခဲ့၏။ ထို့ကြောင့် သူ မျက်လုံးများကို အကြိမ်အနည်းငယ် ပွတ်သပ်ခဲ့သည်။ သူ့လျှာသူ ကိုက်ကာ သူက ထင်ယောင်ထင်မှားဖြစ်နေခြင်း မဟုတ်ကြောင်း အတည်ပြုပြီးမှ ထိုအလင်းမှာ အစစ်အမှန်ဖြစ်ကြောင်း သူ သိရှိသွားပေသည်။

နတ်ဘုရားသစ်ရွက် လင်းလက်လာပြီး ကျန်းရီ၏ ကိုယ်ထဲတွင် မိုးမြေစွမ်းအား လှည့်ပတ်သွားသည်။ သူ့ အမြန်နှုန်းက အဆုံးအစွန်အထိ ထိုးတက်သွား၏။ ထိုမျှော်လင့်ချက်အလင်းရောင်လေး ပျောက်ကွယ်သွားမည်ကို သူ စိုးသည်။ ထို့ကြောင့် ထိုအလင်းဆီ အမြန်ဆုံး ရောက်ရှိရပေမည်။

အလင်းမှာ ပို၍ ပို၍ တောက်ပလာ၏။ ကျန်းရီ၏ မျက်ဝန်းများမှာလည်း အရောင်လက်လာသည်။ ငါးမိနစ်ကြာပြီးနောက် သူ၏ ကောင်းကင်စိတ်အာရုံက ထိုအလင်းအပေါ် ရောက်ရှိသွား၏။ သူ ထပ်မံ၍ တုန်ယင်သွားပြီး အလွန်စိတ်လှုပ်ရှားလွန်းသဖြင့် ငိုမိမလိုပင် ဖြစ်သွားလေသည်။

အလင်းက စက်ဝိုင်းပုံအဝတစ်ခုပင်။ ၎င်းမှာ ရေတွင်းဝတစ်ခုနှင့် တူသည်။ ကျန်းရီသည် ထိုအဝကိုဖြတ်၍ ကောင်းကင်ပြာနှင့် တိမ်ဖြူများကိုပင် တွေ့နေရပြီဖြစ်သည်။

ဝှစ်...

ကျန်းရီသည် သူ၏လှပသော အိပ်မက်ကလေး ကွဲကြေသွားမည်စိုး၍ တစ်ချက်ပင် မရပ်ခဲ့ပါ။ သူ အထက်သို့ လျင်မြန်စွာ ကူးတက်ကာ ထိုအဝမှနေ၍ ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် ပျံထွက်လိုက်သည်။

“ဒါ တကယ်ပဲ၊ တကယ်ပဲ။ နောက်ဆုံးတော့ ငါ အပြင်ရောက်ပြီ၊ အပြင်ကိုရောက်ပြီကွ”

စက်ဝိုင်းပုံအဝမှနေ၍ ပျံထွက်ပြီးနောက် ကျန်းရီသည် သူက မြေရိုင်းတစ်ခုထဲ ရောက်နေကြောင်း သိလိုက်ရ၏။ ထိုမြေရိုင်းက အတန်ငယ် ခြောက်ကပ်နေသည်။ သစ်ရွက်များမှာ ဝါနေပြီး လေမှာ အေးစက်သည်။ ထို့ပြင် မည်သည့်တိရိစ္ဆာန်မှလည်း မရှိချေ။ အဝေးသို့ ဆန့်တန်းနေသော တောင်ကတုံးများသာရှိသည်။

သို့သော် ထိုအခိုက်တွင် ကျန်းရီသည် အလှဆုံး ရှုခင်းတစ်ခုကို မြင်လိုက်ရသလို ခံစားနေရ၏။ ၎င်းတောင်ကတုံးများက အလွန်ချစ်စရာကောင်းသည်ဟုပင် တွေးမိနေသည်။ သစ်ပင်အိုကြီးများနှင့် ပေါင်းပင်များမှာလည်း နှစ်လိုဖွယ်ပင်။ ခြောက်ကပ်ကပ် မြေနံ့သည်ပင် ဤလောကထဲရှိ အကောင်းဆုံးရနံ့တစ်ခုဖြစ်နေပေသည်။

ကျန်းရီက ရေအေးကန်ထဲတွင် ရက်တစ်ရာကျော် ပိတ်မိနေခဲ့သည်။ ထိုရက်တစ်ရာမှာ အထက်ဘုံအချိန် ရက်တစ်ရာပင်။ ကန်ထဲ၌ မည်သည့်အရာမှလည်း မရှိချေ။ ပတ်ဝန်းကျင်က မည်းမှောင်နေပြီး ကန်ရေမှာလည်း အရိုးကွဲမတက် အေးသည်။ ကော့ချန်ဘုရင်ပင် အပြင်၌ ရက်တစ်ရာကျော်လုံး နေရမည်ဆိုလျှင် ရူးသွပ်သွားလောက်သည်။

ရှူး...ရှူး...

ကျန်းရီ အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။ သူ အလွန်စိတ်လှုပ်ရှားနေသဖြင့် တဆတ်ဆတ်တုန်နေသည်။ ထိုအဖြစ်ကို ကိုယ်တိုင် မတွေ့ကြုံဖူးသူများသည် ယခု ကျန်းရီ ခံစားနေရ‌သော ခံစားချက်ကို နားလည်မည် မဟုတ်ပေ။ ထောင်မကျဖူးသည်က ထောင်ထဲတွင် ဆယ်စုနှစ်ချီ၍ နေခဲ့ရသူကို နားမလည်နိုင်သကဲ့သို့ ဖြစ်သည်။

ရွှီး...

ကျန်းရီသည် တစ်နာရီကြာအောင် ထိုင်နေပြီးမှ ကော့ချန်ဘုရင်ကို ဆောင်းဥတုပုလဲထဲမှနေ၍ ထုတ်ပေးလိုက်၏။ ထို့နောက် မှာစရာရှိသည်ကို မှာကာ မြေပြင်တွင် လှဲချ၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်လေတော့သည်။

“ကျွန်တော့်ကို ကာကွယ်ပေးပါ၊ ဘယ်ကိုမှ လျှောက်မသွားနဲ့။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ကျွန်တော့်ကို ချက်ချင်းနှိုးပါ”

ကျန်းရီ အလွန်ပင်ပန်းနေသည်။ သူ ရေအေးကန်ထဲတွင် ကောင်းကောင်းမအိပ်ခဲ့ရသည် မဟုတ်ပါလား။ သူ လုံးဝတောင့်မခံနိုင်တော့မှာသာ ကော့ချန်ဘုရင်ကို ထုတ်၍ သူ့ကို ဆွဲခေါ်ကူးခတ်ရန် ပြောကာ တစ်ခဏမျှ မှိန်းရုံသာ မှိန်းခဲ့ရသည်။ သို့သော် နှစ်နာရီမျှ မှိန်းနေပြီးနောက် သူ အအေးဓာတ်ကြောင့် ပြန်နိုးလာခဲ့သည်ချည်းသာ။ ယင်းက သူ၏စိတ်ကို အလွန်နွမ်းနယ်စေသည်။ သူကသာ စိတ်ဓာတ်မခိုင်မာလျှင် ရူးသွားခဲ့လောက်ပြီဖြစ်သည်။

“ဒါက...ဒါက...”

ကော့ချန်ဘုရင်သည် ကျန်းရီ၏ စကားများကိုပင် ရှင်းရှင်းလင်းလင်း မကြားပေ။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ ကျန်းရီကဲ့သို့ပင် သူသည်လည်း အမြင်မှားခြင်းဟု ထင်မိသွား၏။ ထို့ကြောင့် သူ့ခေါင်းသူ နှစ်ချက်ရိုက်လိုက်သည်။

“သူက တကယ် အပြင်ထွက်နိုင်သွားတာလား၊ ဒါက တကယ်လား”

ကော့ချန်ဘုရင်၏ နှုတ်ခမ်းများ တုန်ယင်လာ၏။ ဤအခြေအနေက အမှန်တရားဖြစ်ကြောင်း သူ အတော်ကြာသည်အထိ လက်မခံနိုင်ချေ။ ရေအေးကန်ထဲက မည်သည့်အခါမှ ထွက်နိုင်လိမ့်မည်မဟုတ်ဟု သူ ထင်ခဲ့သည်။ မျှော်လင့်ချက် ကုန်နေခဲ့သည်။ ကျန်းရီ၏ အမိန့်များကြောင့်သာ မဟုတ်ခဲ့လျှင် သူ အထက်သို့ ဆက်ကူးတက်ခဲ့မည် မဟုတ်ပေ။ သို့သော် ကျန်းရီ၏ ဇွဲမလျှော့မှုကြောင့် ယခု သူတို့ အပြင်သို့ ရောက်လာခဲ့ပေပြီ။

“ကျုပ် ကျေနပ်ပါပြီ...”

ကော့ချန်ဘုရင်သည် နှစ်ခြိုက်စွာအိပ်နေသော ကျန်းရီကို ကြည့်၍ အရိုအသေပေးလိုက်၏။ ဤတစ်ခေါက်တွင် သူ အမှန်တကယ် ကျေနပ်သွားပြီဖြစ်သည်။ ကျန်းရီ၏ ဝိညာဉ်ကျွန် လုပ်ရခြင်းအတွက် သူ ရှက်ရွံ့မနေတော့ပေ။ သူ့နှလုံးသားထဲမှနေ၍ သူ ကျန်းရီကို လေးစားသွားပေပြီ။

ရက်တစ်ရာကျော်...

ကော့ချန်ဘုရင်မဆိုထားနှင့် မိစ္ဆာအရှင်များပင် ထိုမျှကြာအောင် ဇွဲကောင်းနိုင်ပါမည်လာ။ မည်သည့်အချိန်မှ အပြင်သို့ ရောက်မည်ကို မသိရသည် မဟုတ်ပါလား။ မျှော်လင့်ချက် မရှိသည့်အခါတွင် စိတ်ဓာတ်မှာ ပြက်ပြားလာတတ်သည်။ ထိုကဲ့သို့သော အခြေအနေအောက်၌ မည်သူက ထိုမျှကြာကြာ တောင့်ခံနိုင်မည်နည်း။

“ကြောက်စရာပဲ...”

ကော့ချန်ဘုရင်သည် တစ်နာရီကြာအောင် မှင်တက်နေခဲ့၏။ သူ မဆင်မခြင်လည်း လျှောက်မသွားဝံ့ပေ။ ကျန်းရီက သူ့ကို အမိန့်ပေးထားသည်။ ထို့ကြောင့် ကျန်းရီ နိုးလာသည်အထိသာ နာခံစွာ စောင့်နေရပေမည်။

ဤမြေရိုင်းထဲတွင်လည်း ကောင်းကင်စိတ်အာရုံများက ကန့်သတ်ခံထားရ၏။ ကော့ချန်ဘုရင်သည် လှည့်ပတ်အာရုံခံကြည့်ပြီးနောက် သူ့ကောင်းကင်စိတ်အာရုံက သုံးကီလိုမီတာပတ်လည်အတွင်းသာ အာရုံခံနိုင်ကြောင်း အတည်ပြုလိုက်သည်။

သုံးကီလိုမီတာပတ်လည်အတွင်း မည်သည့်အရာမှ မရှိချေ။ မည်သည့်သက်ရှိမှလည်း မရှိချေ။ သို့သော် ကော့ချန်ဘုရင် မစိုးရိမ်ပါ။ သူနှင့် ကျန်းရီ၏ တိုက်ခိုက်စွမ်းအားနှင့်ဆိုလျှင် သာမန်အခြေအနေအောက်တွင် မည်သည်ကိုမှ ကြောက်စရာမလိုပေ။ နတ်ဆိုးချောက်နက်အောက်မှ ကြောက်မက်ဖွယ် ဖြစ်တည်မှု ထွက်လာမည်ဆိုလျှင်ပင် ကြောက်နေရန် မရှိပေ။ ကြောက်နေနေ၊ ကြောက်မနေနေ သူတို့ သေရမည် မဟုတ်ပါလား။

‘ဒီနေရာက ဘယ်နေရာလဲ။ ဘာလို့ ငါ ကောင်းကင်ကို မြင်နေရတာလဲ။ ပြီးတော့ ဘာလို့ ဒီမှာ ကောင်းကင်စိတ်အာရုံက ကန့်သတ်ခံထားရတာလဲ။ ဒီနေရာက သေချာပေါက် ကောင်းကင်မိစ္ဆာဘုံ မဟုတ်ဘူး’

ကော့ချန်ဘုရင်သည် ဟိုဟိုသည်သည် တွေး‌‌တောလိုက်သော်လည်း အဖြေရှာမရပေ။ ထို့ကြောင့် ဆက်မတွေးတော့ဘဲ ကျန်းရီ နိုးလာသည်အထိ စောင့်ရန်သာ ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် ကျန်းရီ၏ ဦးဆောင်မှုနောက်သို့သာ လိုက်ရမည် မဟုတ်ပါလား။

***

ကျန်းရီသည် နာရီခုနစ်ဆယ်ကျော်၊ ရှစ်ဆယ်နီးပါး အိပ်လိုက်၏။ ဤတစ်ခေါက် အိပ်ရသည်က သူ့ဘဝတစ်လျှောက်လုံးတွင် သက်တောင့်သက်သာအရှိဆုံးဟု ခံစားရသည်။ သူ နိုးလာသောအခါ သူ့တစ်ကိုယ်လုံးက အလွန်သက်တောင့်သက်သာ ရှိနေသည်။ သူ့ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှာ အကောင်းဆုံး အခြေအနေကို ပြန်ရောက်သွားပြီဖြစ်သည်။

ကျန်းရီသည် နိုးလာပြီးနောက် ကော့ချန်ဘုရင်၏ မျက်နှာကို တွေ့လိုက်သောအခါ ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရ၏။ သူ ထထိုင်၍ အကြောဆန့်ကာ ပတ်ဝန်းကျင် အခြေအနေကို စူးစမ်းပြီးနောက် ပြုံးလျက် ပြောလိုက်သည်။

“အဘိုးကော့ချန်... အကုန်လုံး အဆင်ပြေရဲ့လား”

“အဘိုးကော့ချန်တဲ့လား”

ကော့ချန်ဘုရင် မျက်လုံးပင့်လိုက်၏။ သူ့ကို ကော့ချန်ဘုရင်ဟု ခေါ်သော်လည်း သူ၏ မျိုးရိုးအမည်မှာ ကော့ချန် မဟုတ်ပေ။ သို့သော် ကျန်းရီက စိတ်ပျော်နေဟန်ရှိရာ သူ များစွာအရေးမထားတော့ဘြ ပြုံး၍ လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။

“သခင်က မယုံနိုင်စရာပဲ။ ကျုပ်တို့က ကန်ထဲကနေ တကယ်ပဲ အသက်ရင်ရက် ထုတ်ပေးနိုင်ခဲ့တယ်။ အခု အကုန်လုံးက ပုံမှန်ပါပဲ”

“အင်း...”

ကျန်းရီ ဆက်၍ မစုံစမ်းလိုတော့ပေ။ သူ ရိက္ခာခြောက်အနည်းငယ်၊ ဝိညာဉ်သစ်သီးများနှင့် သေရည်အိုးအချို့ ထုတ်လိုက်သည်။ ထို့နောက် စားပွဲနှင့် ကုလားထိုင်များထုတ်၍လည်း မြေပြင်တွင် ခင်းကျင်းလိုက်သည်။

အားလုံးပြီးမှ ကျန်းရီ ဖုန့်နီကို အပြင်ထုတ်ပေးကာ သူမအတွက် ကိုယ်တိုင် သေရည်ငှဲ့ပေးလိုက်၏။ ပြီးလျှင် ကြပ်တိုက်အသားတစ်မြှောင်းကို ယူကာ စားလိုက်၏။ သူ စားနေရင်းဖြင့် ကော့ချန်ဘုရင်နှင့် အံ့အားသင့်နေသော ဖုန့်နီကို ပြောလိုက်သည်။

“လာလာ... ရပ်မနေနဲ့။ ကျွန်တော်တို့ သေဘေးကနေ လွတ်လာတာကို အောင်ပွဲခံကြတာပေါ့။ အများကြီး တွေးမနေကြနဲ့။ အရင်ဆုံး ကောင်းကောင်းစားလိုက်ကြတာပေါ့”

ကော့ချန်ဘုရင်က အိုးတိုးအမ်းတန်းနှင့် ဝင်ထိုင်၏။ ဖုန့်နီမှာမူ မထိုင်သလို မည်သို့မှလည်း မပြောပေ။ သူမ၏ လှပသော ငွေရောင်မျက်လုံးလေးများက ပတ်ဝန်းကျင်ကိုသာ ဝေ့ဝဲကြည့်နေသည်။ ငါးမိနစ်ကြာပြီးနောက် သူမ၏ မျက်ဝန်းများထဲမှ အံ့အားသင့်မှုများ ပျောက်ကွယ်သွားလေသည်။ သို့သော် မည်သည့်မေးခွန်းမှ မမေးသေးချေ။ ကော့ချန်ဘုရင်က ဆောင်းဥတုပုလဲထဲကို ဝင်လိုက်၊ ထွက်လိုက် လုပ်နေခဲ့ရသည်။ ထိုအ‌တောအတွင်း အပြင်တွင် ဖြစ်နေမည့် အရာများကို သူမ ခန့်မှန်းထားပြီးဖြစ်သည်။

ဖုန့်နီသည် ခေတ္တမျှ တွေးတောပြီးနောက် ကျန်းရီအား လေးစားစွာ ကြည့်လိုက်၏။

“ကြီးကြီးမားမား အောင်မြင်ခဲ့တဲ့သူတွေက ပါရမီထူးရုံတင်မဟုတ်ဘူး ဇွဲလည်း ကောင်းကြတယ်။ ကျန်းရီ.. ရှင်တို့ လူသားမျိုးနွယ်ရဲ့ ဆိုရိုးက တကယ်မှန်တာပဲ။ ရှင်တို့လူသားမျိုးနွယ်က အရမ်းအင်အားကြီးနေတာ အံ့ဩစရာ မရှိတော့ပါဘူး။ ဖုန့်နီ အထင်ကြီးမိပါတယ်”

ကျန်းရီသည် ပျော်ရွင်စွာ စားသောက်နေပြီး စိတ်ရွှင်နေ၏။ ဖုန့်နီ၏ စိတ်ရင်းအမှန်နှင့် ချီးကျူးစကားကို ကြားသောအခါ ပို၍ပင် စိတ်ရွှင်သွားသည်။ သူ ပြုံးကာ လက်ဝှေ့ယမ်းလိုက်သည်။

“မင်းသမီးနီ... ကျွန်တော့်ကို မမြှောက်ပါနဲ့။ လာထိုင်ပါ။ ကျွန်တော်တို့ ဒီနေရာက ထွက်နိုင်၊ မထွက်နိုင်က အရေးမကြီးဘူး၊ အဆုံးကျ ကျွန်တော်တို့ ရှင်မလား၊ သေမလားလည်း အရေးမကြီးဘူး။ အရင်ဆုံး ကောင်းကောင်းစားကြတာပေါ့။ ခင်ဗျားလို ထူးကဲတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အတူသောက်ခွင့်ရတာ ဘဝထဲက ပျော်ရွှင်မှုတစ်ခုပဲ”

“ထူးကဲတဲ့ အမျိုးသမီးလား”

ဖုန့်နီ ထပ်မံ၍ ရင်ထဲထိသွား၏။ ကျန်းရီ၏စကားက ရင်ထဲမှလာသော စကားဖြစ်ကြောင်း သူမ ခံစားရသည်။ ထို့ကြောင့် သူမ သံသယနှင့် မေးလိုက်၏။

“ကျန်းရီ၊ ရှင်... ကျွန်မကို မမုန်းဘူးလား။ ကျွန်မကိုတောင် ချီးကျူးလိုက်သေးတာလား”

“ကျွန်တော် ခင်ဗျားကို မုန်းပါတယ်”

ကျန်းရီ ခပ်ရေးရေးပြုံးကာ ပြန်ပြောသည်။

“ခင်ဗျားကြောင့်သာ မဟုတ်ရင် ကျွန်တော် ဘာလို့ ဒီနေရာမှာ သေရည်သောက်ပြီး အသားစားနေရမှာလဲ။ ဒါပေမဲ့ မုန်းတာက မုန်းတာပဲ။ ကျွန်တော် ခင်ဗျားကို မလေးစားဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ ဘာလဲ... ရန်သူကို လေးစားလို့ မရဘူးလား။ နောက်ဆုံးကျတော့ ကျွန်တော်တို့ရဲ့ အမုန်းတရားတွေက ဘက်မတူလို့ ဖြစ်လာရတဲ့ဟာတွေပဲ မဟုတ်လား။ ဒီနေရာက ထူးဆန်းတဲ့ နေရာတစ်ခုဆိုတာ သိသာတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သုံးယောက် တစ်သက်လုံး ပိတ်မိနေနိုင်တယ်။ အဲ့တော့ အချင်းချင်း မုန်းနေလို့ ဘာအကျိုးမှ မရှိဘူး”

“ရှင်က တကယ်ကို ထူးခြားတာပဲ။ ရှင်ရဲ့ အတွေးအခေါ်တွေက သာမန်လူတွေနဲ့ မတူဘူး”

ဖုန့်နီ မျက်မှောင်ကြုတ်ကာ အလေးအနက်ဆိုလိုက်သည်။

“ကျန်းရီ... ကျွန်မဘဝမှာ ကျွန်မ ဘယ်သူ့ကိုမှ မလေးစားခဲ့ဖူးဘူး။ ရှင်က ကျွန်မ လေးစားမိတဲ့ ပထမဆုံးတစ်ယောက်ပဲ။ ကျွန်မတို့ ဒီက ထွက်နိုင်နိုင်၊ မထွက်နိုင်နိုင် ကျွန်မ ဘယ်တော့မှ ရှင့်ရဲ့ရန်သူ ထပ်လုပ်တော့မှာ မဟုတ်ဘူး”

***

All Chapters