တိုက်ခိုက်ခြင်း
Vol. 8 Ch. 105
ထိုအချိန် တောင်ကြား၏ အပြင်၌ ကျင့်ကြံသူ အုပ်စုတစ်ခုမှာ ချီစွမ်းအင်များကို သိုဝှက်ကာ ရောက်ရှိနေကြပြီ ဖြစ်လေသည်။ သူတို့သည် တိတ်တဆိတ်ဖြင့် ခြေသံ လုံလုံ လှုပ်ရှား ချည်းကပ် လာနေကြ၏။
မေ့ယန်သည် ထိုအုပ်စုကို ခေါင်းဆောင်နေသည်။ မည်သည့် စကားမျှ မဆိုသည့်တိုင် သူမ၏ လှပသော မျက်လုံးများလေးမှာမူ များစွာသော အကြောင်းအရာများကို တွက်ချက် နေဟန်ရ၏။
“မင်ရှီ... ဝင်္ကပါကို စစ်ဆေးကြည့်...”
သူမက ခေါ်ကာ အမိန့်ပေးလိုက်၏။ မိန်းမ တစ်ယောက်မှာ ရှေ့သို့ ထွက်လာသည်။ သူမသည် သာမန် ရုပ်ရည် ရှိကာ အသက်လတ် အရွယ်ခန့် ဖြစ်သည်။ သို့သော်လည်း သူမ၏ ရင့်ကျက်ပြီး စွဲဆောင်မှုရှိသော အကြည့်များက တမူထူးခြားလှ၏။
သူမက အဖြူရောင် မြူများအနားသို့ ချည်းကပ်သွားကာ ဒူးထောက်လိုက်သည်။ သူမ၏ လက်များက လျှင်မြန်စွာပင် သဏ္ဌာန် အမျိုးမျိုး ပြောင်းလဲနေ၏။ ထိုအမျိုးသမီးကား ဝင်္ကပါ သခင် တစ်ယောက်ပင် ဖြစ်သည်။
ကျင့်ကြံခြင်း လောက၌ ဝင်္ကပါ ပညာရပ်သည် အဂ္ဂိရတ် ပညာရပ်ပြီးလျှင် တန်ဖိုး အထားခံရဆုံး ပညာရပ် တစ်ခု ဖြစ်သည်။ ဝေ့ဝူယင်ပင်လျှင် ဝိညာဥ် ဝင်္ကပါများကို လေ့လာဖူးပြီး အချို့ကို ခင်းကျင်းနိုင်စွမ်း ရှိပေသည်။ သို့သော်လည်း ဝင်္ကပါ သခင်များနှင့် ယှဥ်လျှင်မူ သူ၏ ကျွမ်းကျင်မှုက အတော်လေး နိမ့်ကျသေးသည်။
မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် မင်ရှီမှာ ထိုင်ရာမှ ထရပ်လိုက်၏။
“ဒီလှည့်ဖျားခြင်း ဝင်္ကပါကို နတ်ဘုရား အရှင်တွေက ခင်းကျင်းထားတာ... အထဲမှာ အချက်ပေး ဝင်္ကပါကိုပါ ထပ်ဆင့် ခင်းကျင်းထားတယ်... အဓိက ဝင်္ကပါကြီးက ဆဋ္ဌဂံ ပုံစံရှိပြီး အရေးကြီးတဲ့ ဆုံမှတ် ခြောက်ခုပါတယ်... အချက်ပေး ဝင်္ကပါကတော့ နှစ်ထပ် ပုံစံမျိုး ဖြစ်ပြီး ဆုံမှတ် နှစ်ခု ရှိတယ်”
မင်ရှီက ခွဲခြမ်းစိတ်ဖြာ ပြလိုက်သည်။ မေ့ယန်၊ ကျန့်တိုင်ယုနှင့် တုန်းဖာတို့မှာ မျက်နှာချင်းဆိုင်ကာ မည်ကဲ့သို့ ချည်းကပ်ရမည်ကို ဆွေးနွေးကြ၏။ မေ့ယန်သည် အားလုံးထဲ၌ အစွမ်း အထက်ဆုံး ဖြစ်သည့်တိုင် တစ်ဦးတည်း ဆုံးဖြတ်ခြင်း မပြုချေ။
မိနစ် အနည်းငယ် ကြာပြီးနောက် သူတို့၏ ဆွေးနွေးမှုမှာ အဆုံးသတ်သွား၏။ ဝေ့ဝူယင်သည် ဘေးနားတွင်ပင် တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ အသက် ရာချီ နေထိုင် ရှင်သန်ခဲ့ပြီးသည့် ထိုမြေခွေးအိုကြီးများနှင့် ယှဥ်ပါက အသက် သုံးဆယ်ကျော် သူကား ကလေးသာသာ သာ ရှိသည်။ သူသည် လတ်တလော၌ ကျန့်တိုင်ယုကို မည်ကဲ့သို့ ချည်းကပ်ရမည် ဆိုသော ပြဿနာနှင့် ပတ်သက်၍ ဦးနှောက်ခြောက် နေခဲ့၏။
“ငါတို့ အုပ်စု နှစ်ခု ခွဲပြီး ချည်းကပ်မယ်... ပြီးရင် အင်အားသုံးပြီး ဒီလှည့်ဖျားခြင်း ဝင်္ကပါကို ဖျက်ဆီးပစ်မယ်”
ထိုအရာကား မေ့ယန်နှင့် အခြားလူများ၏ အစီအစဥ် ဖြစ်သည်။ ဝေ့ဝူယင်မှာ သူတို့၏ ယူဆချက်ကို ငြင်းဆိုခြင်း မပြုချေ။ ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံလိုက်၏။
“တုန်းဖာနဲ့ ဝေ့ဝူယင်... နင်တို့ နှစ်ယောက်က မဟာမိတ် အဖွဲ့ကို ခေါ်ပြီး ဝင်္ကပါ တောင်ပိုင်းကိုသွား... ဆက်သွယ်ရေး သလင်းကျောက်ကနေ အချက်ပြလိုက်ရင် စပြီး တိုက်ခိုက်တော့... ငါနဲ့ ကျန့်တိုင်ယုက ဝင်္ကပါ မြောက်ပိုင်းကို သွားမယ်...”
“နေဦး... ကျုပ်အထင်ပြောရရင်...”
ဝေ့ဝူယင်က စောဒက တက်ရန် ဟန်ပြင်လိုက်သည်။
"ဒါက အသင့်တော်ဆုံး လူခွဲမှုပဲ...”
မေ့ယန်က လှပသော အပြုံးဖြင့် ဖြတ်ပြောလိုက်၏။ ဝေ့ဝူယင် အနည်းငယ် စိတ်ပျက်သွားခဲ့၏။ ထိုစုန်းမကား သူနှင့် ကျန့်တိုင်ယုကို ရည်ရွယ်ချက်ရှိရှိ နေရာခွဲလိုက်ပုံ ပေါ်သည်။ သို့သော် ကျန့်တိုင်ယု ကိုယ်တိုင်က ထိုအရာကို လိုလားခြင်းမျိုးလည်း ဖြစ်နိုင်သည်။
ဝေ့ဝူယင် ပခုံးတွန့် လိုက်၏။ ဘာတတ်နိုင်တော့မည်နည်း။
ရုတ်တရက် သူ မကောင်းသည့် အာရုံတစ်ခုကို ခံစားလိုက်ရ၏။ ထိုအာရုံကို သူ သေချာ ဆန်းစစ်ရန် ကြိုးစားလိုက်သော်လည်း ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားသည်။ ဝေ့ဝူယင်၏ မျက်လုံးများမှာ လေးနက်သွား၏။
“ငါ ပိုပြီး သတိရှိမှ ဖြစ်တော့မယ်”
ဝေ့ဝူယင်က ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။ ထို့နောက် သူနှင့် တုန်းဖာတို့ မဟာမိတ် အဖွဲ့သည် ဝင်္ကပါ သခင် တစ်ယောက်၏ ဦးဆောင်မှုနှင့် အတူ တောင်ဘက်သို့ ဦးတည်လိုက်သည်။ ဝေ့ဝူယင်သည် မထွက်ခွာခင် နောက်ဆုံး အနေဖြင့် လှပသော ဓားနတ်မိမယ်လေးကို လှမ်းကြည့်လိုက်၏။ ထို့နောက် သက်ပြင်းတစ်ချက် ချကာ ကိုယ်လုပ်ရမည့် အလုပ် အပေါ်ကိုသာ အာရုံစိုက်လိုက်တော့သည်။
မိနစ် အနည်းငယ် ကြာပြီးသည့်နောက် သူတို့ အဖွဲ့မှာ နေရာယူခဲ့ပြီး ဖြစ်သည်။ တုန်းဖာသည် ဝေ့ဝူယင်နှင် စကားစမြည် ပြောရန် ကြိုးစားသော်လည်း ဝေ့ဝူယင်မှာ လတ်တလော၌ စိတ်ကြည်လင် မနေခဲ့ချေ။ ထို့ကြောင့်ပင် တုန်းဖာမှာ ဝေ့ဝူယင်ထံမှ ဖာသိဖာသာ တုန့်ပြန်ခြင်းမျိုးကိုသာ ရရှိခဲ့၏။
ဝှစ်...
မကြာမီတွင်ပင် တုန်းဖာ၏ လက်ထဲမှ ဆက်သွယ်ရေး သလင်းကျောက်မှာ လင်းလက်လာ၏။ သူ၏ အမူအရာက လေးနက်သွားသည်။ သူ၏ ဆံပင်ဖြူများသည် နှင်းခဲနှင့် အေးစက်သော လေများကို စတင် ထုတ်လွှတ်လာကာ အပြာရောင် အလင်များမှာ သူ၏ ခန္ဓာကိုယ်မှ တောက်ပလာ၏။
တုန်းဖာက လက်သီးကို ဆုပ်လိုက်ရာ ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ရုတ်ချည်း လျော့ကျသွားသည်။ အခြားလူများမှာ ချက်ချင်းပင် သူနှင့် ခွာလိုက်ကြ၏။ အကြွင်းမဲ့ သုညရေခဲချီကို မွေးဖွားထားနိုင်သည့် ဝေ့ဝူယင် တစ်ယောက်သာလျှင် မည်သည့် အကာအကွယ်မျှ မပါပဲ ရပ်တည်နေနိုင်၏။
အာတိတ်ရေခဲ ကျင့်စဥ်... ရေခဲပြင် ပေါက်ကွဲခြင်း...
ကြောက်မက်ဖွယ် ကောင်းလွန်းသည့် အေးခဲခြင်း စွမ်းအား တစ်ခုမှာ တုန်းဖာ၏ လက်သီးမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။
ဘုန်း...
လက်သီးကျ ဝင်္ကပါပေါ် တိုက်ရိုက်ပင် ကျရောက်သွားကာ မြေပြင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တုန်ရီသွား၏။ တစ်ချိန်တည်း၌ မြောက်ဘက် အရပ်မှ ပေါက်ကွဲသံ သဲ့သဲ့ကိုလည်း ကြားရသည်။ မေ့ယန်မှင့် ကျန့်တိုင်ယုတို့မှာလည်း စတင် တိုက်ခိုက် နေကြဟန် ရလေသည်။
ဘုန်း... ဘုန်း... ဘုန်း...
မဆက်မပြတ် တိုက်ခိုက်မှုများ အပြီး၌ မြူနှင်းများမှာ တဖြည်းဖြည်း ရှင်းလင်းလာ၏။ ဤသို့နှင့် တောင်ကြားမြို့လေးမှာ သူတို့၏ အရှေ့တွင် ရုပ်လုံး ပေါ်လာခဲ့လေသည်။
မေ့ယန်မှာ ကောင်းကင်ကို ပျံတက်လာ၏။ ထိုနေကျီးကန်း စုန်းမ၏ မျက်လုံးများကား ခါတိုင်း ကဲ့သို့ လှပမနေတော့ပဲ ရက်စက် ကြမ်းကြုတ်ခြင်းများနှင့် တဖျပ်ဖျပ် တောက်ပနေလေတော့သည်။
“သတ်ကြဟေ့...”
ဝေ့ဝူယင်သည် ထိုကဲ့သို့သော မြင်ကွင်းများနှင့် ရင်းနှီးပေသည်။ သူသည် ဘဝ တစ်လျှောက်လုံး၌ များစွာသော စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ဖူးသည်။ ကျင့်ကြံခြင်း လောကမှာ ထိုကဲ့သို့ ရက်စက်လှ၏။
အကယ်၍ ကံကြမ္မာအတိုင်းသာ ဆိုပါက နေသွေးနီနီဂိုဏ်းမှာ အယ်ဗန်မှင်စာ မျိုးနွယ်၏ တိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်ကာ သူ ကိုယ်တိုင်မှာလည်း အနက်ရောင် ဝတ်စုံဝတ် လူငယ်၏ ခေါင်းဖြတ် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ အနက်ရောင် အရိုးစုကြောင့်သာ သူ၏ ကံကြမ္မာမှာ အဆုံးစွန်ထိ ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။
ဝေ့ဝူယင်၏ စိတ်မှာ ငြိမ်သက်နေ၏။ သို့သော်လည်း သူ့ဘေးနားရှိ လူများ၏ နှလုံးသားများမှာမူ သတ်ဖြတ်လိုစိတ်များဖြင့် ပွက်ပွက်ဆူနေခဲ့ပြီ ဖြစ်လေသည်။ သူတို့သည် လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ရင်း မျက်လုံများ တဝင်းဝင်း တောက်ပနေ၏။
“တက်ကြ...”
တုန်းဖာက အေးစက်စွာ အော်ဟစ်လိုက်၏။ သူ၏ ဝိညာဥ် အာရုံက တောင်ကြား တစ်ခုလုံးကို လွှမ်းခြုံသွားကာ အစွမ်းထက်သော ပစ်မှတ်များကို ရှာဖွေလိုက်လေသည်။ မဟာမိတ် အဖွဲ့သားများကို အန္တရာယ် ပြုနိုင်သည့် သေမျိုး နတ်ဘုရားများအား ရှင်းပစ်ရန်မှာ သူ၏ ဦးစားပေးဖြစ်သည်။
စက္ကန့်ပိုင်းမျှ အတွင်းမှာပင် တည်ငြိမ်အေးချမ်းနေသော တောင်ကြားမြို့လေးမှာ မှုန်ရီမှိုင်းသွား၏။ အိမ်များ၊ လမ်းမများ ထက်ရှိ လူသားများမှာ ကပ်ဘေး တစ်ခု ဆင်းသက်လာခဲ့ပြီ ဖြစ်ကြောင်း ချက်ချင်းပင် သဘောပေါက် သွားကြသည်။
ဝှစ်...
ပထမဆုံး အနေဖြင့် မြှားတစ်စင်းသည် သေမင်း လက်နက် အလား လမ်းမထက်ရှိ အသက်တစ်ခုကို နှုတ်ယူသွားသည်။ သူသည် ကြယ်လင်ပြီး တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ဆယ်ကျော်သက် လူငယ်လေး တစ်ယောက် ဖြစ်သည်။ မြှားသည် သူ၏ နဖူးတည့်တည့်မှ နေ၍ ဦးခေါင်းခွံ အတွင်း ထိုးဖောက် ဝင်ရောက်နေလေ၏။
“အား...”
လူငယ်လေး၏ ဘေးနားရှိ မိန်းကလေးက ငယ်သံပါအောင် အော်ဟစ်လိုက်၏။ သို့သော်လည်း ထိုအော်ဟစ်သံ မဆုံးခင်မှာပင် ဓားတစ်စင်းသည် သူမ၏ လည်ပင်းကို ဖြတ်တောက်သွား၏။ သွေးများက စက်ဆုပ်ဖွယ် ကောင်းအောင် ကောင်းကင်သို့ ပန်းထွက်ကုန်ကာ မြေပြင်မှာ ချက်ချင်းပင် ချင်းချင်းနီ သွား၏။
သို့သော်လည်း ထိုအရာကား အစမျှသာ...။
“သတ်ကြဟေ့...”
ကမ္ဘာကောင်းကင် မဟာမိတ် အဖွဲ့သားများစွာမှာ သေမင်း၏ တမန်တော်များ အလား တောင်ကြားမြို့လေး အတွင်း တဖွဲဖွဲ ဆင်းသက် လာကြလေ၏။ မည်သည့် ရန်ငြိုးတရားမှ မရှိသည့်တိုင် သူတို့၏ လက်နက်များမှာ ရက်စက်စွာပင် ယုဟိုင်မျိုးနွယ်တို့၏ အသက်ကို တရစပ် နှုတ်ယူသွားကြသည်။
ဝေ့ဝူယင်သည် တည်ငြိမ်စွာပင် အလောင်းများအကြား ဖြတ်ကာ လျှောက်လာခဲ့သည်။ ရိုးရှင်းစွာပင် သူသည် တိုက်ခိုက်ရမည့် ရန်သူကို ရှာဖွေနေခြင်း ဖြစ်သည်။ အင်ပါယာ မျိုးနွယ် တစ်ခု အနေဖြင့် သူတို့တွင် နတ်ဘုရား အရှင်များ ကျိန်းသေ ရှိပေလိမ့်မည်။ ဝူတိုင်းပြည်တွင်ပင် သေမျိုး နတ်ဘုရား အများစုမှာ အင်ပါယာ မျိုးနွယ်မှ ဆင်းသက်လာသူများ ဖြစ်သည်။ ယုဟိုင်တိုင်းပြည်တွင်လည်း အများကြီး ကွာခြားမှု မရှိသင့်ချေ။
“မသတ်ပါနဲ့... ချမ်းသာပေးပါ... အား...”
“မင်းတို့ကို ငါ့အသက်နဲ့ ရင်းပြီး ပြန်သတ်...”
“ကျေးဇူးပြုပြီး ကျွန်မသားလေးကို နာကျင်အောင် မလုပ်ပါနဲ့ရှင်...”
တစာစာ အော်ဟစ်သံ၊ တောင်းပန်သံများမှာ မြို့ငယ်လေး အတွင်း ပျံ့နှံ့နေသည်။ သို့သော်လည်း သူတို့ကား ဆိုးရွာသော သေခြင်းတရားနှင့်သာ ကြုံတွေ့သွားရသည်။ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ရာချီသော သာမန် ယုဟိုင် မျိုးနွယ်များမှာ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။
သို့သော်လည်း မကြာခင်မှာပင် ယုဟိုင် မျိုးနွယ် ကျင့်ကြံသူများမှာ ဒေါသတရားနှင့် အတူ နိုးထလာကြ၏။ ချီပျစ်ခဲခြင်း အဆင့်လေး၊ အဆင့်ငါးနှင့် အဆင့်ခြောက် ကျင့်ကြံသူများသည် လက်နက်များကို ဆွဲကိုင်ကာ ခုခံ လာကြ၏။ သို့သော်လည်း ကျန့်တိုင်ယုနှင့် တုန်းဖာတို့၏ တရကြမ်း တက်လာမှုတွင် သူတို့သည် သေမျိုးများ ကဲ့သို့ပင် ပြားပြားဝပ် သွားကြရသည်။
သေမျိုး နတ်ဘုရားများ ပင်လျှင် အသတ်ခံလိုက်ကြရ၏။
ထိုသို့ဖြင့် သူတို့ အဖွဲ့သည် ဗဟိုဧရိယာသို့ ဆက်လက် ချီတက်လာကြသည်။ ဝေ့ဝူယင်မှာ အနည်းငယ် မျက်မှောင်ကြုတ် နေမိ၏။ ကလေး သူငယ်များ အပါအဝင် ယုဟိုင်မျိုးနွယ်ဝင်များ သတ်ဖြတ် ခံနေရသည့်တိုင် ချီပျစ်ခဲခြင်း အဆင့်ခုနစ်နှင့် အဆင့်ရှစ် ကျင့်ကြံသူများမှာ အဘယ်ကြောင် ပေါ်မရသေးသနည်း။
“တစ်ခုခုတော့ မှားနေပြီ...”
ထိုခံစားချက်က ဝေ့ဝူယင်၏ စိတ်ထဲတွင် ပိုမို ပြင်းထန်လာသည်။ ဝေ့ဝူယင် စစ်မြေပြင်ကို တဖန်ပြန်၍ အကဲခတ်လိုက်၏။ တုန်းဖာ၊ ကျန့်တိုင်ယု၊ မေ့ယန်တို့မှာ ကျေနပ်စွာ သတ်ပွဲတစ်ပွဲ ဆင်နွှဲနေသည်ကို သူ တွေ့လိုက်ရသည်။ သူတို့သည် ရဲတိုက်ကြီးထံသို့ ချည်းကပ်နေကြဟန် ရသည်။
မြို့ငယ်လေး၏ လမ်းမများကား ထောင်ချီသော အလောင်းများနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ ထိပ်သီး ပညာရှင်များမှာ ဤနေရာကို စွန့်ခွာသွားခဲ့ပြီလား။ သို့မဟုတ် ရဲတိုက်အတွင်း၌ ခံစစ်မျက်နှာ တစ်ခု ထူထောင်နေသည်လား။
ဝေ့ဝူယင် ရဲတိုက်ကြီးကို အကဲခတ် လိုက်၏။ သူတို့ လေးယောက်သည် ၎င်းကို အရပ် လေးမျက်နှာမှ ဝန်းရံ၍ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဤတာဝန်မှာ ပုံမှန်ထက် ပို၍ လွယ်ကူလွန်းနေပုံ ပေါက်ရာ ပိုမို သတိထားရပေမည်။
ထိုအခိုက်အတန့်၌ ရဲတိုက်ကြီးထဲတွင်...
ယုဟိုင်ရန်နှင့် ယုဟိုင်ချန်းတို့သည် အဓိက ခန်းမ အတွင်းတွင် ရှိနေကြ၏။ သူတို့၏ ပတ်လည်တွင် သေမျိုး နတ်ဘုရား ခြောက်ယောက်က ဝန်းရံနေသည်။ သူတို့၏ မျက်နှာများမှာ သုန်မှုန်ကာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေ၏။
အခန်းအတွင်းရှိ ပုံရိပ်ဖမ်း ဝင်္ကပါသည် လေးပိုင်းခွဲကာ လူလေးယောက်၏ မျက်နှာများကို ပြသနေ၏။ ကျန့်တိုင်ယု၊ တုန်းဖာ၊ မေ့ယန်နှင့် ဝေ့ဝူယင်တို့ပင်။
***