ဖားများ
Vol. 130 Ch. 1811
“ကျွန်တော်နဲ့ ရန်သူ မလုပ်တော့ဘူးတဲ့လား”
ကျန်းရီ ခေါင်းခါကာ ပြုံးလိုက်သည်။ သူတို့ ဤနေရာမှ ပြန်ထွက်နိုင်၊ မထွက်နိုင်ကိုပင် မသိသေးရာ သူတို့ ရန်သူဟုတ်ခြင်း၊ မဟုတ်ခြင်းမှာ အရေးမပါတော့ပေ။ သူ တစ်ခဏမျှ တွေးလိုက်ပြီးနောက် ဖုန့်နီကို ကြည့်၍ သေရည်ခွက် မြှောက်လိုက်၏။
“ကျေးဇူးတင်ပါတယ် သခင်လေးကျန်း”
ဖုန့်နီက လျှောက်လာပြီး စားပွဲတွင် ဝင်ထိုင်လိုက်၏။ ထို့နောက် သူမလည်း သေရည်ခွက်မြှောက်၍ ကျန်းရီနှင့် ခွက်ချင်းတိုက်လိုက်သည်။ ပြီးလျှင် သူမတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံး၍ သေရည်ကို မော့ချလိုက်ကြလေသည်။ ကော့ချန်ဘုရင်က ခေါင်းတဆတ်ဆတ်နှင့် ရှိနေ၏။ ကျန်းရီ၏ သဘောထားကြီးမှုက အမှန်ပင် ရှားပါးပေသည်။ အနည်းဆုံးတော့ ကျန်းရီကဲ့သို့ သဘောထားကြီးသူမျိုးကို သူ ကောင်းကင်မိစ္ဆာဘုံထဲတွင် မမြင်ဖူးသေးချေ။
ရေအေးကန်ထဲမှ လွတ်မြောက်ပြီးနောက် ကျန်းရီတို့သုံးယောက်သား အလွန်စိတ်ရွှင်နေကြသည်။ သာမန်အစားအသောက်များက အလွန်အရသာရှိနေသည်။ ဖုန့်နီသည်ပင် ကြပ်တိုက်အသားမြှောင်းတစ်မြှောင်းနှင့် ဝိညာဉ်သစ်သီးအနည်းငယ် စားလိုက်သည်။
စားသောက်ပြီးနောက် ကျန်းရီ မျက်လုံးမှိတ်ကာ မှိန်းနေလိုက်၏။ သူ မည်သည်ကို တွေးနေကြောင်း မည်သူမှ မသိပေ။ ဖုန့်နီနှင့် ကော့ချန်ဘုရင်တို့ စတင် လှည့်ပတ်ကြည့်ကြသည်။ ခေတ္တနေသောအခါ ကျန်းရီက မျက်လုံးဖွင့်လာပြီး ဖုန့်နီကို ကြည့်လိုက်၏။
“မင်းသမီး တစ်ခုခု ရှာတွေ့လား”
ဖုန့်နီ၏ မျက်နှာထားက လေးနက်သွားသည်။
“ဒီနေရာက ရှင့်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်လို ထူးဆန်းတဲ့ နေရာတစ်ခု ဖြစ်ရမယ်။ ဒီနေရာကတော့ တွေးကြည့်လိုမရအောင် ပိုကြီးတာပေါ့လေ။ ဒါမှမဟုတ်.. ဒီနေရာက ဆန်းကြယ်နယ်မြေတစ်ခု ဖြစ်နိုင်တယ်။ ကျွန်မတို့ နတ်ဆိုးချောက်နက်ထဲ ပြုတ်ကျသွားပြီးတော့ ဒီနေရာကို တိုက်ရိုက်တည်နေရာပြောင်းရွှေ့သွားတာ ဖြစ်လောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့တော့ ပြဿနာတက်ပြီပဲ”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ဖုန့်နီ၏ သုံးသပ်ချက်က သူ၏ သုံးသပ်ချက်နှင့် ဆင်သည်။ သူ ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
“နတ်ဆိုးချောက်နက်ထဲက ကြောက်စရာ ဖြစ်တည်မှုက ဘာလို့ ကျွန်တော်တို့ကို မသတ်လဲဆိုတာ ကျွန်တော် မသိပေမဲ့ သူက ကျွန်တော်တို့ကို ဒီနေရာမှာ ချုပ်ထားတာကို ကြည့်ရင် ကျွန်တော်တို့ ဒီထဲမှာ ထာဝရနေဖို့ စိတ်ပြင်ဆင်ထားရလိမ့်မယ်”
ဤလောကထဲတွင် အကြောင်းမရှိဘဲ အချစ်နှင့် အမုန်းတရားတို့ မရှိပေ။ မိစ္ဆာများစွာသည် နတ်ဆိုးချောက်နက်ထဲ မတော်တဆ ပြုတ်ကျဖူးကြသည်။ ရည်ရွယ်ချက်ရှိရှိ လာရောက်စူးစမ်းသူအချို့လည်းရှိသည်။ သို့သော် မိစ္ဆာအရှင်လေးပါးမှလွဲ၍ နတ်ဆိုးချောက်နက်ထဲမှ ပြန်ထွက်လာနိုင်ခဲ့သူ မရှိခဲ့ပါပေ။
ကျန်းရီတို့မှာလည်း ခြွင်းချက်မဟုတ်ချေ။
မိစ္ဆာမျိုးနွယ်သည် သူတို့၏ ပိုင်နက်ကို တန်ဖိုးအထားဆုံးဖြစ်သည်။ ဥပမာအနေဖြင့် ထျန်းဖုန့်ဧကရာဇ် နေထိုင်သော နန်းတော်ကို ကြည့်ပါ။ မည်သည့်မိစ္ဆာကမှ ထိုနန်းတော်နားကို ကပ်ခွင့်မရှိပေ။ သူ့အမိန့်မပါလျှင် ဖုန့်နီပင် နန်းတော်ထဲ ဝင်ခွင့်မရှိချေ။
ကျန်းရီတို့က ကြောက်မက်ဖွယ် ဖြစ်တည်မှု၏ ပိုင်နက်ထဲ ဝင်မိခဲ့ကြ၏။ ယင်းမှာ ထိုဖြစ်တည်မှုကို အဆုံးအစွန် ရန်စခြင်းပင်။ ယခု ၎င်းက သူတို့သုံးယောက်ကို ဤနေရာတွင် ချုပ်ထားပြီဖြစ်ရာ သူတို့ မည်သို့ ပြန်ထွက်နိုင်မည်နည်း။
ကျန်းရီသည် ထိုသို့တွေးမိသော်လည်း သိပ်ပြီး စိတ်ဓာတ်ကျမသွားပါ။ အနည်းဆုံးတော့ သူတို့ ရေအေးကန်ထဲက ထွက်နိုင်ခဲ့ပြီ မဟုတ်ပါလား။ သူတို့ အအေးဓာတ်၊ အဆုံးမဲ့ အမှောင်ထုနှင့် အဆုံးမဲ့ အထီးကျန်မှုတို့ကို ခံစားစရာ မလိုတော့ပေ။
ဤနေရာတွင် အလင်း၊ သစ်ပင်များနှင့် လေထု ရှိသည်။ သူတို့ ဤနေရာ၌ သေသည်အထိ နေရမည်ဆိုလျှင်ပင် ရေအေးကန်ထဲတွင် ရက်တစ်ရာကျော် နေခဲ့ရသည်ထက်တော့ သာပေလိမ့်မည်။
“သွားကြစို့...”
ကျန်းရီ လက်ဝှေ့ယမ်းလိုက်ပြီး ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့ကို အရှေ့သို့ ဦးဆောင်ခေါ်သွားလိုက်၏။ ရှေးဦးစွာ သူတို့ ထွက်ပေါက်ကို ရှာဖွေရန် လိုအပ်ပေသည်။ ကျန်းရီက အရှေ့ဆုံးမှ ဦးဆောင်ပြီး ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့က အနောက်မှ လိုက်ကြသည်။ အတန်ငယ် သွားပြီးနောက် ကျန်းရီ ကော့ချန်ဘုရင်ထံ အသံပို့လွှတ်၍ ဖုန့်နီ၏ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ထားရန် ခိုင်းလိုက်သည်။ အကယ်၍ သူမက ထူးဆန်းသည့် အပြုအမူများ လုပ်လာရင် သူ သူမကို ချက်ချင်းသတ်ပစ်ရမည်ဖြစ်သည်။
လေးစားခြင်းက လေးစားခြင်း ဖြစ်သော်လည်း ကျန်းရီ ဖုန့်နီကို လွတ်လပ်ခွင့် မပေးနိုင်ပါ။ အကယ်၍ ထျန်းဖုန့်ဧကရာဇ်က အခြားမိစ္ဆာအရှင်နှစ်ပါးနှင့် ပူးပေါင်း၍ ဖုန့်နီကို ကယ်ရန် နတ်ဆိုးချောက်နက်ကို လာရောက်တိုက်ခိုက်လျှင် မည်သို့ လုပ်ပါမည်နည်း။ ဖုန့်နီဆိုသော အပေးအယူလုပ်စရာတစ်ခု ရှိနေသေးလျှင် အနည်းဆုံးတော့ သူ ဘေးကင်နိုင်သေးသည်။ ထို့ပြင် သူတို့နှစ်ယောက်က ရန်သူများဖြစ်၍ သူမကို လွတ်ပေးစရာ အကြောင်းမရှိပါပေ။
ကျန်းရီတို့ သုံးယောက်သည် မနှေး၊ မမြန် သွားနေကြသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံများကလည်း ပတ်ဝန်းကျင်ကို ရသလောက် အာရုံခံနေကြသည်။ သူတို့၏ အကြည့်များက ဓားများကဲ့သို့ ထက်ရှပြီး နေရာတစ်ခုမကျန် ကြည့်ရှုနေသည်။ သို့ဖြင့် သုံးယောက်သား မြေရိုင်းကို ခြောက်နာရီကြာအောင် မရပ်မနား လှည့်ပတ်သွားလိုက်ကြလေသည်။
ကျန်းရီတို့ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့ ဤမြေရိုင်းအဆုံးသို့ ရောက်နေပြီဖြစ်သည်။ သူတို့အရှေ့တွင် ကြေးမုံတစ်ချပ်အလား ချောမွေ့သော ချောက်နံရံကြီးသာရှိတော့သည်။ ချောက်နံရံကြီးက မိုးထိအောင် မြင့်မားပေသည်။ ၎င်းက မည်ရွေ့မည်မျှ မြင့်မားကြောင်း အတိုင်းအတာနှင့် ပြောပြရန် မဖြစ်နိုင်ပေ။
ထိုချောက်နံရံကြီးကို မြင်သောအခါ ကျန်းရီတို့ ဖုန့်နီတို့ စိတ်ဓာတ်ကျသွားကြသည်။ အထူးသဖြင့် ကျန်းရီက ပိုစိတ်ဓာတ်ကျနေသည်။ သူသည် ရတနာရှာရန် နေရာများစွာကို သွားခဲ့ဖူး၍ ဤနေရာက တစ်ခုခု မှားနေကြောင်း အလိုလို ခံစားမိနေလေသည်။
ဝုန်း...
ကော့ချန်ဘုရင်က လက်ဝါးမှနေ၍ အဖြူရောင်အလင်းတန်း တစ်တန်းကို ထုတ်လွှတ်ကာ ချောက်နံရံကြီးကို တိုက်ခိုက်လိုက်၏။ ကျန်းရီ မျှော်လင့်ထားသလိုပင် ချောက်နံရံကြီးမှာ လှုပ်ပင် လှုပ်မသွားချေ။ ချောက်နံရံပေါ်၌ အလင်းခပ်ရေးရေးသာ ပေါ်လာသည်။ ၎င်းကို ဖျက်ဆီး၍၊ ထိုးဖောက်၍ မရနိုင်ပေ။
ဝှစ်...
ကျန်းရီသည် ထိုချောက်နံရံမှာ ထိုးဖောက်၍ မရနိုင်ဟု ခန့်မှန်းပြီးသော်လည်း ကြိုးစားကြည့်ရန် ဆုံးဖြတ်ချက်ချလိုက်၏။ သူ မိုးမြေစွမ်းအား ထုတ်ကာ ချောက်နံရံကို အားကုန် ထိုးလိုက်သည်။
ရွှီး...
ချောက်နံရံက လင်းလက်လာ၏။ သို့သော် ပေါက်သွားရန် မဆိုထားနှင့် တုန်ပင်တုန်ခါမသွားပေ။
“ကော့ချန်ဘုရင် ပျံတက်ကြည့်လိုက်။ အရမ်းအမြန်ကြီး မပျံတက်နဲ့။ တစ်ခုခု ဖြစ်ရင် ချက်ချင်း အောက်ပြန်ဆင်းခဲ့”
ကျန်းရီ အထက်ကို မော့ကြည့်လိုက်၏။ ချောက်နံရံထိပ်သို့ ပျံတက်နိုင်မည်လောကို သူ သိလိုပေသည်။
ကော့ချန်ဘုရင်သည် ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း ပျံတက်သွားလိုက်၏။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု ပြည့်နှက်နေသည်။ သူ့ခန္ဓာကိုယ်ကလည်း မြေဝါရောင်အလင်း လင်းလက်နေရာ ထူးခြားသော စစ်ချပ်ဝတ်တစ်ထည်ကို ဝတ်ဆင်ထားသလို ထင်ရပေသည်။
သုံးကီလိုမီတာ၊ ခြောက်ကီလိုမီတာ၊ ဆယ့်ငါးကီလိုမီတာ... မီတာသုံးဆယ်...
ကျန်းရီနှင့် ဖုန့်နီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများ အတန်ငယ် လင်းလက်လာသည်။ ကော့ချန်ဘုရင်က တိမ်များနှင့် နီးကပ်နေပြီဖြစ်သည်။ တိမ်များကို ဖြတ်ပြီးလျှင် ဤချောက်နံရံကြီးက မည်မျှမြင့်ကြောင်း သူတို့ သိနိုင်ပေလိမ့်မည်။ အကယ်၍ ချောက်နံရံကြီးကို ကွေ့ပတ်သွားနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။
ဝှစ်...
သို့သော် သူတို့၏ မျက်ဝန်းများ အပြည့်အဝ မတောက်ပနိုင်သေးခင်မှာပင် ကော့ချန်ဘုရင်၏ မျက်လုံးများက မှိတ်သွား၏။ သူ တိမ်များနှင့် ထိလျှင်ထိချင်း သူ့အရှိန်အဝါက လုံးဝပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် ဧရာမငှက်ကြီးတစ်ကောင်အလား ခြေလွတ်လက်လွတ် ပြုတ်ကျလာလေသည်။
ဘုန်း...
ကော့ချန်ဘုရင်သည် ဧရာမသစ်ပင်ကြီးတစ်ပင် အပေါ် ပြင်းထန်စွာ ပြုတ်ကျလာ၏။ သစ်ပင်ကြီး ထက်ပိုင်းကျိုးသွားသည်။ ကျန်းရီနှင့် ဖုန့်နီတို့လည်း စိတ်ဓာတ်ကျသွားကြသည်။ သူတို့၏ ခန့်မှန်းချက်က မမှားလျှင် ဤနေရာကို ဤကဲ့သို့ ချောက်နံရံကြီးများက ပတ်လည်ကာထားလောက်သည်။ သူတို့ အထက်သို့ ပျံတက်ရန် ကြိုးစားလျှင်လည်း သတိလစ်ကာ ပြုတ်ကျလာမည်ဖြစ်သည်။
တစ်နည်းဆိုရသော် ဤနေရာက သူတို့ မည်သည့်အခါတွင်မှ ပြန်မထွက်နိုင်မည့် လှောင်အိမ်တစ်ခုကဲ့သို့ပင်။
ကျန်းရီ လျှောက်သွားလိုက်ပြီး ကော့ချန်ဘုရင်ကို နတ်ဘုရားသစ်ရွက်နှင့် ကုသပေးလိုက်၏။ ငါးမိနစ်ကြာပြီးနောက် ကော့ချန်ဘုရင် သတိပြန်လည်လာသည်။ သို့သော် သူ မူးဝေနေဆဲပင်။
ကျန်းရီတို့သုံးယောက်ထဲတွင် ကော့ချန်ဘုရင်က ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသူဖြစ်သည်။ သူ၏စိတ်ဝိညာဉ်ကလည်း အသန်မာဆုံးဖြစ်သည်။ သူပင် အထက်သို့ ပျံတက်ပြီးနောက် သတိလစ်သွားခဲ့ရာ ကျန်းရီနှင့် ဖုန့်နီတို့ ကြိုးစားကြည့်နေရန် မလိုတော့ပေ။
သုံးယောက်သား တစ်ခဏမျှ အနားယူပြီးနောက် ချောက်နံရံတစ်လျှောက် လျှောက်သွားလိုက်ကြ၏။ နာရီလေးဆယ်ကျော် ကြာပြီးနောက်တွင် ကျန်းရီ ရပ်တန့်ရန် လက်ဟန်ပြလိုက်သည်။ သူ ခါးသက်သက်လည်း ပြုံးလိုက်သည်။ သူနှင့် ဖုန့်နီတို့၏ ခန့်မှန်းချက်မှာ မှန်နေပေပြီ။
ဤနေရာက ဧရာမလှောင်အိမ်ကြီးတစ်ခုပင်။
အရပ်မျက်နှာတိုင်းတွင် မိုးထိအောင် မြင့်မားသော ချောက်နံရံကြီးများရှိနေသည်။ ထိုချောက်နံရံများကို မည်သို့မှ မဖောက်နိုင်ပေ။ သူတို့ ထိပ်သို့ ပျံတက်၍လည်း မရချေ။ ပြီးခဲ့သော နာရီလေးဆယ်အတွင်း ကော့ချန်ဘုရင်သည် မြေကြီးအောက်မှ ဖောက်သွားရန် ကြိုးစားခဲ့သည်။ သို့သော် မြေကြီးအောက် မီတာရာကျော်အနက်တွင် ချောက်နံရံသားနှင့် ဆင်တူသော အစိမ်းရောင်ကျောက်သားပြင်ကို တွေ့ရပေသည်။ သူ ထိုကျောက်သားကို မဖောက်နိုင်ပေ။
သစ်ပင်အိုကြီးများနှင့် ပေါင်းပင်များမှလွဲ၍ ဤနေရာထဲ၌ မည်သည့်တိရိစ္ဆာန်၊ မည်သည့်သက်ရှိမှ မရှိချေ။ ပုရွက်ဆိတ်တစ်ကောင်ကိုပင် မမြင်ရပါ။ ထို့ပြင် ဤနေရာရှိ မိုးမြေဝိညာဉ်စွမ်းအင်ကလည်း အလွန်ပါးလျသည်။ ရေအေးကန်သို့ ရောက်သည့် ရေတွင်းမှလွဲ၍လည်း ဤနေရာမှနေ၍ အခြားနေရာသို့ သွားနိုင်သော လမ်းကြောင်း မရှိပေ။
ရေတွင်းအောက်တွင် ရေအေးကန် ရှိနေသည်။ ရေအေးကန်ထဲတွင် အခြားထွက်ပေါက်တစ်ခု ရှိလောက်သည်။ ထိုထွက်ပေါက်က ကောင်းကင်မိစ္ဆာဘုံ သို့မဟုတ် ကောင်းကင်ဘုံသို့ ရောက်လောက်ပေသည်။
သို့သော် ကျန်းရီ ရေအေးကန်ထဲ ပြန်ဝင်ဝံ့ပါသလော။
ရေအေးကန်ထဲတွင် ရက်တစ်ရာကျော် ပိတ်မိနေခဲ့မှုကို ပြန်တွေးကြည့်မိရုံဖြင့်ပင် ကျန်းရီသည် ရေအေးကန်ထဲ ပြန်ဝင်မည့်အစား ဤနေရာ၌သာ အိုမင်းသေဆုံးသည့်အထိ နေလိုသွား၏။ ရေအေးကန်ထဲတွင် နေခဲ့ရသည့် ရက်တစ်ရာကျော်မှာ သူ့ဘဝ၏ ကြောက်စရာအကောင်းဆုံး အခိုက်အတန့် ဖြစ်ပေသည်။
ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့လည်း ထိုအတိုင်းသာ ခံစားကြရသည်။ သူတို့သည် ရေအေးကန်ထဲ ပြန်ဝင်မည့်အစား အသေသာခံလိုကြသည်။ ထို့ကြောင့် သူတို့သုံးယောက်သာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်နေကြပေသည်။
နောက်ထပ်လမ်းဆုံးတစ်ခုလော။
ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ သူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တိမ်များကြား၌ အေးစက်ကာ အကြင်နာမဲ့သော မျက်ဝန်းတစ်စုံ ရှိနေသကဲ့သို့ပင်။
ထိုအခိုက်တွင် ကျန်းရီ ခါးသီးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ သူတို့သုံးယောက်မှာ လှောင်အိမ်ထဲ ပစ်ထည့်ခံရသော ဖားသုံးကောင်ကဲ့သို့ပင်။ ထိုကြောက်မက်ဖွယ် ဖြစ်တည်မှုသည် သူတို့သုံးယောက် လှောင်အိမ်ထဲ၌ လှည့်ပတ်သွားရင်း တဖြည်းဖြည်း သေသွားမည်ကို အပြင်မှနေ၍ ကြည့်နေပေလိမ့်မည်။
***