ကော့ချန်ဘုရင် ပျောက်ဆုံးသွားခြင်း
Vol. 130 Ch. 1812
နောက်နှစ်ရက်ကြာသည်အထိ ကျန်းရီ၊ ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့ လက်မလျှော့ခဲ့ကြပေ။ သူတို့ ချောက်နံရံတစ်လျှောက် အကြိမ်ကြိမ် လှည့်ပတ်နေခဲ့ကြသည်။ မြေကြီးထဲ တူးဖောက်ခဲ့ကြသည်။ မသင်္ကာစရာနေရာများကို မျက်လုံးဖြဲ၍ ရှာခဲ့ကြသည်။ ချောက်နံရံကိုလည်း တစ်ကြိမ်ပြီး တစ်ကြိမ် တိုက်ခိုက်ခဲ့ကြပေသည်။
ကျန်းရီသည် ဖုန့်နီကိုခေါ်၍ ကောင်းကင်ထက်သို့လည်း ပျံတက်ခဲ့၏။ သူတို့သည် မတူသောနေရာများ၊ မတူသောထောင့်များမှနေ၍ အကြိမ်ဒါဇင်ကျော် ပျံတက်ခဲ့ကြသည်။
သို့သော် မျှော်လင့်ထားသလိုပင် ပေသောင်းကျော် ပျံတက်ပြီးနောက် သူတို့ ချက်ချင်း သတိလစ်ကာ ကြိုးပြတ်စွန်များကဲ့သို့ မြေပေါ်သို့ ပြုတ်ကျလာကြသည်။
နှစ်ရက်ကြာပြီးနောက်တွင် ကျန်းရီ လက်လျှော့လိုက်သည်။ ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့မှာမူ လက်လျှော့ထားသည်မှာ ကြာပြီဖြစ်သည်။ ကျန်းရီ၏ ခေါင်းမာမှုကြောင့်သာ မဟုတ်လျှင် သူတို့ အစောကတည်းက ရပ်လိုက်ကြမည်ဖြစ်သည်။
ကျန်းရီသည် သူတို့နှစ်ယောက်ကို ရေတွင်းဆီသို့ ပြန်ခေါ်သွား၏။ ထို့နောက် နှစ်ယောက်ကို ဆောင်းဥတုပုလဲထဲ ထည့်လိုက်ပြီး မြေပြင်ပေါ်တွင် လှဲချအိပ်စက်လိုက်သည်။ နှစ်ရာကြာအောင် လှည့်ပတ်သွားခဲ့သဖြင့် သူ စိတ်ရောကိုယ်ပါ ပင်ပန်းနေသည်။ သူ၏ လှုပ်ရှားနေသော စိတ်ကို တည်ငြိမ်စေအောင် ကောင်းကောင်းအနားယူရန် လိုအပ်ပေသည်။
နာရီဒါဇင်ပေါင်းများစွာ အိပ်စက်ပြီးနောက် ကျန်းရီ နိုးထလာ၏။ သူ မျက်မှောင်ကြုတ်ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ထိုအခိုက်တွင် သူက အလွန်တည်ငြိမ်နေသည်။ ရီချန်နှင့် အထက်ဘုံမှလူများ၊ လီရှန်းအာ၊ ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်မိစ္ဆာဘုံမှ အခြားသူများအကြောင်းကို တွေးမိမနေချေ။
ကျန်းရီသည် အပြင်ထွက်ရန်လည်း မလောတော့ပေ။ သူ့ကိုယ်သူ တည်ငြိမ်နေအောင်သာ စိတ်လျှော့ထားသည်။ သို့မှ အကျိုးသင့် အကြောင်းသင့် သုံးသပ်၊ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
‘ဒါက တစ်သက်တစ်ကျွန်း အပို့ခဲ့ရသလိုပဲ။ အင်း...လှောင်အိမ်က နှစ်ခုရှိတာဖြစ်မယ်။ အဲ့နှစ်ခုကို အထပ်နှစ်ထပ်ဆိုပြီး ခွဲထားတာဖြစ်မယ်။ အောက်ထပ်က အရမ်းကြောက်စရာကောင်းပြီး လူကို ရူးသွပ်သွားစေနိုင်တယ်။ ဒီနေရာနှစ်ခုကို ကြောက်စရာ ဖြစ်တည်မှုက ဖန်တီးထားတာ ဖြစ်နိုင်တယ်။ ငါတို့က သူ့ပိုင်နက်ထဲ ကျူးကျော်မိခဲ့လို့ ငါတို့ကို ဒီထဲမှာ ဒဏ်ပေးထားတာ ဖြစ်မယ်။ ငါက အောက်ထပ်ကနေ အပေါ်ထပ်ကိုတော့ တက်လာနိုင်ပြီ။ အဲ့တော့ ဒီနေရာက အပိတ်ကြီး မဖြစ်နိုင်ဘူး။ ထွက်ပေါက်ကိုပဲ ရှာဖို့လိုတာ...’
ကျန်းရီ တွေးတောသုံးသပ်လိုက်၏။ ဤနေရာတွင် ထွက်ပေါက်တစ်ခု ရှိရမည်။ မဟုတ်လျှင် ကြောက်မက်ဖွယ် ဖြစ်တည်မှုက ရေတွင်းကို ပိတ်ထားပြီး သူတို့ကို ရေအေးကန်ထဲတွင် အေးခဲသေဆုံး စေရမည် မဟုတ်ပါလား။
ကျန်းရီသည် အခြေအနေကို အခြားအမြင်တစ်မျိုးမှ တွေးကြည့်၏။ သူသာ နတ်ဆိုးချောက်နက်အောက်တွင် အကြောင်းတစ်ခုကြောင့် အပြင်မထွက်နိုင်ဘဲ ပိတ်မိနေသော ကြောက်မက်ဖွယ် ဖြစ်တည်မှုဆိုလျှင် အလွန်ပျင်းရိနေပေလိမ့်မည်။
ထို့ကြောင့်...
ယခု သူ့တွင် အရုပ်အနည်းငယ်ရှိလာပြီဖြစ်ရာ ထိုအရုပ်များကို ချက်ချင်း သတ်ပစ်မည် မဟုတ်ပေ။ ထိုအစား အရုပ်များကို လှောင်အိမ်ထဲ ထည့်၍ ကစားပွဲတစ်ခု ကစားခိုင်းပေလိမ့်မည်။ သူသည် ကျန်းရီတို့ အသက်ရှင်နိုင်ရန် ရုန်းကန်နေသည်ကို ကြည့်နေလောက်သည်။ ကျန်းရီတို့က ထွက်ပေါက်ကို ရှာတွေ့ကာ လွတ်မြောက်နိုင်မည်လောကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေမည်ဖြစ်သည်။
ကျန်းရီသည် ရတနာများကို ရှာရန် နေရာများစွာထဲ ဝင်ခဲ့ဖူး၍ ရတနာချန်ခဲ့သူများ၏ အတွေးကို အနည်းငယ် နားလည်ပေသည်။ သူတို့သည် လမ်းဆုံးများစွာ ထားထားသော်ငြား ထွက်ပေါက်တစ်ပေါက်ကိုလည်း သေချာပေါက် ထားပေးထားမည်ဖြစ်သည်။ မဟုတ်လျှင် ကစားပွဲက ပျော်စရာကောင်းတော့မည် မဟုတ်ပေ။ နေရာတိုင်းက လမ်းဆုံးဆိုလျှင် ဝင်လာကတည်းက သတ်ပစ်လိုက်သည်မှာ ပိုကောင်းသည် မဟုတ်ပါလား။
ထို့ကြောင့် ဤလှောင်အိမ်ထဲတွင် သေချာပေါက် ထွက်ပေါက်တစ်ခု ရှိရပေမည်။ သူတို့တွင် လွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခု ရှိသေးသည်။ သူတို့ လွတ်မြောက်ပြီးလျှင် ထိုကြောက်မက်ဖွယ် ဖြစ်တည်မှုက သူတို့အား ရိုက်သတ်လောက်၊ မသတ်လောက်ကိုမူ ကျန်းရီ မသိပါ။
မည်သို့ပင်ဖြစ်စေ ထွက်ပေါက်ရှိနေသ၍ ကျန်းရီ လက်လျှော့မည် မဟုတ်ပေ။
ကျန်းရီသည် မျက်မှောင်ကြုတ်၍ ဤလှောင်အိမ်ထဲမှ ထွက်နိုင်မည့် နည်းလမ်းကို စတင်တွေးတောလိုက်၏။ သူ အတော်ကြာအောင် နည်းလမ်းမျိုးစုံ စဉ်းစားလိုက်သည်။ ခြောက်နာရီကြာပြီးနောက်တွင် သူ ဖြစ်နိုင်ခြေရှိသော နည်းလမ်းနှစ်မျိုးကို တွေးမိသွားသည်။
ပထမနည်းလမ်းမှာ ရေအေးကန်ထဲ ပြန်ဝင်ရန်ဖြစ်သည်။ ကျန်းရီ ထိုသို့ တွေးမိခြင်းမှာ ဤလှောင်အိမ်ကို ဖန်တီးထားသူ၏ နေရာမှနေ၍ တွေးမိ၍ပင်။ ထိုရေအေးကန်က ကြောက်စရာကောင်းလွန်းသည်။ ထို့ကြောင့် ရေအေးကန်ထဲမှ ကံအားလျော်စွာ လွတ်လာသူများသည် ရေအေးကန်ထဲ ပြန်ဝင်လိုလိမ့်မည် မဟုတ်ပေ။ ကျန်းရီ၊ ဖုန့်နီနှင့် ကော့ချန်ဘုရင်တို့သည်လည်း ရေအေးကန်ထဲ ပြန်ဝင်ရန် စိတ်ပင်မကူးကြချေ။
ပြောင်းပြန်တွေးခြင်း...
သူတို့က မသွားလိုလေလေ၊ ကြောက်မက်ဖွယ် ဖြစ်တည်မှုက ထိုနေရာတွင် ထွက်ပေါက် ထားနိုင်လေလေပင်။ ထိုမှ သူတို့က ထွက်ပေါက်ကို အလွယ်တကူ မတွေ့မည် မဟုတ်ပါလား။ ဖန်တီးသူနှင့် စိန်ခေါ်သူတို့သည် ဉာဏ်ရည်နှင့် သတ္တိ တိုက်ပွဲကို နွှဲရမည်ဖြစ်သည်။ အကယ်၍ ဖန်တီးသူက နိုင်လျှင် သူ အောင်မြင်မှုကို ခံစားရမည်ဖြစ်သည်။
ဒုတိယနည်းလမ်းမှာ ကောင်းကင်ထက်သို့ ရအောင်ပျံတက်ရန်ပင်။ ရေအေးကန်က အောက်ဘက်တွင်ဖြစ်ပြီး ဤနေရာက အထက်တွင်ဖြစ်သည်။ အကယ်၍ ရေအေးကန်မှာ ပထမအဆင့်၊ ဤနေရာက ဒုတိယအဆင့်ဆိုလျှင် တတိယအဆင့်က ဤနေရာ၏ အထက်တွင် ရှိနိုင်ပေသည်။
ဤနေရာမှ ကောင်းကင်က အလွန်ထူးဆန်းသည်။ အထက်သို့ ရောက်သည်နှင့် သတိလစ်ကာ ပြန်ပြုတ်ကျသွားမည်ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်သူများသည် ကောင်းကင်မှာ လမ်းဆုံးတစ်ခုဟု တွေးကာ ဆက်ပျံတက်ကြလိမ့်မည် မဟုတ်ချေ။ သို့သော် ဖန်တီးသူဘက်မှကြည့်လျှင် စိန်ခေါ်သူများ မသွားလိုသော နေရာတွင် ထွက်ပေါက်ထားမည် မဟုတ်ပါလား။
ကျန်းရီသည် တွေးပြီးပြီးချင်း စမ်းသပ်မကြည့်လိုက်ပါ။ ထိုအစား မျက်လုံးမှိတ်၍ အတွေးများကို အကြိမ်အနည်းငယ် ပြန်သုံးသပ်လိုက်သည်။ သေချာပြီဆိုမှ သူ ဖုန့်နီနှင့် ကော့ချန်ဘုရင်တို့ကို အပြင်ထုတ်ကာ သူ့အတွေးများကို ပြောလိုက်လေသည်။
ကော့ချန်ဘုရင်က အတွေးနက်သွား၏။ သူက မိစ္ဆာမျိုးနွယ်မှဖြစ်၍ သိုင်းပညာကိုသာ အလေးထားသည်။ စဉ်းစားတွေးခေါ်ခြင်းတွင်မူ မကျွမ်းကျင်ပေ။ ထို့ကြောင့် သူ မသုံးသပ်၊ မဆုံးဖြတ်နိုင်ချေ။
ဖုန့်နီကမူ ကောင်းကင်ဘုံသို့ ရောက်ဖူးပြီး ထိုဘုံတွင် အချိန်တစ်ခု နေထိုင်ခဲ့သည်။ သူမ၏ ဉာဏ်ရည်မှာလည်း ကောင်းသည်။ တစ်ခဏအတွင်းမှာပင် သူမ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျန်းရီ... ရှင်ရဲ့ အတွေးတွေက မှန်တယ်။ ကျွန်မလည်း အဲ့လို တွေးမိတာ ကြာပြီ။ ကျွန်မအထင် ထွက်ပေါက် ရေအေးကန်အောက်မှာ ရှိလောက်တယ်။ ဒါပေမဲ့ အဲ့ဒါက အရမ်းအန္တရာယ်များတယ်။ တကယ်လို့ ကျွန်မရဲ့ ခန့်မှန်းချက်က လွဲသွားရင်... ကျွန်မတို့ ရေအေးကန်ထဲ ပြန်ဝင်ပြီးတာနဲ့ ဒီရေတွင်းဝက ပိတ်သွားလောက်တယ်။ အဲ့ကျရင် ကျွန်မတို့ ရေအေးကန်ထဲမှာ ထာဝရပိတ်မိနေလိမ့်မယ်”
“အဲ့ဒါကလည်း ဖြစ်နိုင်ခြေတစ်ခုပဲ”
ကျန်းရီ၏ မျက်နှာထားက လေးနက်သွား၏။ ခြေတစ်လှမ်း စမှားသည်နှင့် နောက်ခြေလှမ်းများလည်း ဆက်မှားပေလိမ့်မည်။ အကယ်၍ ဖန်တီးသူကသာ ရက်စက်လျှင် ထွက်ပေါက်ကို ပိတ်ပစ်လိုက်ပြီး စိန်ခေါ်သူများကို ဒုတိယအခွင့်အရေး ထပ်မပေးဘဲ နေလောက်သည်။
ကျန်းရီ ခေတ္တမျှ တွေးတောလိုက်၏။ ထို့နောက် သူ့လက်စွပ်ထဲမှနေ၍ ကြာပွတ်တစ်ချောင်း ထုတ်လိုက်သည်။ သူ ကြာပွတ်ထဲ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်ပြီး ကော့ချန်ဘုရင်၏ ခါးကို ကြာပွတ်နှင့် ရစ်ပစ်လိုက်သည်။
ကော့ချန်ဘုရင် မျက်နှာပျက်သွား၏။ ကျန်းရီက မည်သည့်အရာကို လုပ်လိုကြောင်း သူ ခန့်မှန်းမိပေသည်။ သူ ကျန်းရီကို သနားစဖွယ်ကြည့်၍ အသနားခံလိုက်၏။
ဝှစ်...
ကျန်းရီသည် နှလုံးသားကင်းမဲ့စွာ ကော့ချန်ဘုရင်ကို မမြှောက်လိုက်ပြီး ရေတွင်းထဲ ပစ်ချလိုက်သည်။ ထို့နောက် သူ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“အောက်ဆင်းသွားပြီး ထွက်ပေါက်ကို ရှာလိုက်ပါ။ မသင်္ကာစရာတွေကို အာရုံစိုက်ပါ။ ကြာပွတ်က တင်းသွားရင် ခင်ဗျား ပြန်လာလို့ရပြီ”
ယင်းမှာ အမိန့်တစ်ခုပင်။ ကော့ချန်ဘုရင် ရွေးချယ်စရာ မရှိတော့ဘဲ ရေထဲ ငုပ်သွားရလေသည်။ ကျန်းရီသည် ကြာပွတ်ကို ထိန်းချုပ်၍ ရှည်ထွက်နေစေ၏။ ဤကြာပွတ်သည် ကီလိုမီတာသုံးရာအကွာအထိ ရှည်ထွက်နိုင်သည်။ ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်ကို ကယ်ရန် ၎င်းကို သုံးခဲ့ဖူးပေသည်။
ဤကြာပွတ်နှင့်ဆိုလျှင် ကော့ချန်ဘုရင်သည် အနည်းဆုံးတော့ ပြန်လာနိုင်ပေလိမ့်မည်။
ကျန်းရီနှင့် ဖုန့်နီတို့သည် ရေတွင်းဝတွင် ရပ်နေကြ၏။ ကြာပွတ်မှာ တင်းမသွားသေးပါ။ သူတို့၏ ကောင်းကင်စိတ်အာရုံများကလည်း အောက်ဘက်သို့ ဖြည်းဖြည်းချင်း ငုပ်ဆင်းသွားသော ကော့ချန်ဘုရင်ကို အာရုံခံနိုင်နေသေးသည်။
‘အင်း... ဘာပြဿနာမှမရှိဘူး။ ဒီရေတွင်းက ငါတို့ ဆင်းသွားပြီးရင်လည်း ပိတ်သွားလောက်မှာ မဟုတ်ဘူး’
ကော့ချန်ဘုရင်သည် မီတာရာကျော် ငုပ်ဆင်းပြီးနောက် မည်သည့်ပြဿနာမှ မရှိကြောင်း အတည်ပြုလိုက်၏။ ကျန်းရီနှင့် ဖုန့်နီတို့လည်း စိတ်အေးသွားကြသည်။
ကော့ချန်ဘုရင်က အောက်သို့ ဆက်ငုပ်သွား၏။ မကြာခင်မှာပင် သူသည် ကျန်းရီနှင့် ဖုန့်နီတို့၏ ကောင်းကင်စိတ်အာရုံအောက်မှ ပျောက်ကွယ်သွားသည်။
ကျန်းရီ ကြာပွတ်ကို ဆက်ရှည်ထွက်စေနေသည်။ သူနှင့် ဖုန့်နီတို့သည် ရေတွင်းဝတွင် ရပ်ကာ ကော့ချန်ဘုရင် ပြန်လာမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြပေသည်။
ငါးမိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်...
ကျန်းရီ၏ မျက်ဝန်းများ ရုတ်တရက် အေးစက်လာ၏။ ဤမျှကြာပြီးနောက်တွင် ကော့ချန်ဘုရင်က ကီလိုမီတာသုံးရာအနက်ကို ရောက်နေသင့်ပြီဖြစ်သည်။ သို့သော် ကြာပွတ်က တင်းမသွားသေးပေ။
နှစ်နာရီ...
ကျန်းရီ ကြာပွတ်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။ ကြာပွတ်၏ အဖျားက အလွတ်ကြီးဖြစ်နေသဖြင့် ကျန်းရီနှင့် ဖုန့်နီတို့ တုန်လှုပ်သွားကြသည်။ ကော့ချန်ဘုရင်... ပျောက်ဆုံးသွားပေပြီ။
***