← Chapters

လက်တွေ့နှင့်တူသော အိပ်မက်တစ်ခု

Vol. 130 Ch. 1813

လက်တွေ့နှင့်တူသော အိပ်မက်တစ်ခု

Vol. 130 Ch. 1813

ကံမကောင်းစွာပင် ဖုန့်နီ၏ ခန့်မှန်းချက်က မှန်ခဲ့ပေသည်။ ကြောက်မက်ဖွယ် ဖြစ်တည်မှုက အမှန်ပင် ရက်စက်သည်။ သူတို့ ရေအေးကန်ထဲ ပြန်ဝင်လိုက်လျှင် ပြန်ထွက်လာနိုင်တော့မည် မဟုတ်ပေ။ ကော့ချန်ဘုရင်က သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ကျန်းရီနှင့် ဖုန့်နီတို့သည် ရေအေးကန်ထဲ ဆင်းရန်အတွေးကို လုံးဝလက်လျှော့လိုက်ပေပြီ။

ကျန်းရီ၏ စိတ်ဝိညာဉ်ထဲတွင် ကော့ချန်ဘုရင်၏ ဝိညာဉ်မျိုးစေ့ရှိ၏။ သို့သော် သူတို့နှစ်ယောက်က အလွန်ဝေးကွာနေသဖြင့် ကျန်းရီ ကော့ချန်ဘုရင်ကို အာရုံမခံနိုင်ပေ။ ကော့ချန်ဘုရင်က သေသည်၊ ရှင်သည်ကို မသိရလျှင် သူ ကော့ချန်ဘုရင်ကို ကယ်ရန် လိုက်မဆင်းဝံ့ပါပေ။

ကျန်းရီ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ယခုတွင် ကောင်းကင်မှာ သူ့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သွားပေပြီ။ သူ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ဖုန့်နီကို ဆောင်းဥတုပုလဲထဲ ပြန်ထည့်လိုက်သည်။

ကျန်းရီသည် ဖုန့်နီက မည်သည်ကိုမှ အလျင်စလို မလုပ်လောက်ကြောင်း သိသော်လည်း သူ ကောင်းကင်ထက်သို့ ပျံတက်သွားလျှင် သတိလစ်သွားမည်ဖြစ်ရာ သူမက ယင်းကို အခွင့်ကောင်းယူ၍ သူ့အား သတ်မည်ဆိုပါက သူ သေရမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းသည်ဟု တွေးပေသည်။

ကျန်းရီ ခေတ္တမျှ တွေးတောပြီးနောက် အဝေးသို့ ပျံသန်းသွားလိုက်သည်။ ရေတွင်းနှင့် မိုင်တစ်ရာအကွာသို့ ရောက်သောအခါ သူ အထက်သို့ ဖြည်းဖြည်းချင်း ပျံတက်လိုက်၏။ သူသည် သူ၏အမြန်နှုန်းက အနိမ့်ဆုံးတွင်ထား၍ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းလည်း ဝင်လိုက်သည်။ ပြီးလျှင် ပတ်ဝန်းကျင်ကို ဂရုတစိုက်အာရုံစိုက်ကာ အဘယ်ကြောင့် သူတို့က သတိလစ်သွားရကြောင်းကို စူးစမ်းလိုက်လေသည်။

ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးပေ...

ကျန်းရီ၏ အမြန်နှုန်းက လိပ်သွားနှုန်းလောက်သာ ရှိနေ၏။ သူသည် ပတ်ဝန်းကျင်မှ ပြောင်းလဲမှုအားလုံးကိုသာ အပြည့်အဝ အာရုံစိုက်ထားသည်။ ပေသုံးသောင်းသို့ ရောက်သောအခါ သူ့လက်ထဲမှ နတ်ဘုရားသစ်ရွက်က လင်းလက်လာသည်။ တစ်ချိန်တည်းမှာပင် သူ့အခြားလက်ထဲရှိ မီးဝိညာဉ်ပုလဲကလည်း တောက်ပစွာ လင်းလက်လာသည်။ ထိုနေရာတွင် ထူးဆန်းသော စွမ်းအင်တစ်မျိုး ရှိနေပေသည်။

ဂျုန်း...

မျှော်လင့်ထားသလိုပင် ကျန်းရီ၏ စိတ်ဝိညာဉ်သည် ရုတ်တရက် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏။ ထို့နောက် သူသည် ရေဝဲကြီးတစ်ခုထဲ ရောက်သွားသလို ခံစားလာရ၏။ သူ့စိတ်ဝိညာဉ်က အဆက်မပြတ် ချာချာလည်နေသကဲ့သို့ပင်။ နောက်ဆုံးတွင် သူ သတိလစ်ကာ မြှားမှန်သွားသော ငှက်ကြီးတစ်ကောင်အလား အောက်သို့ အရှိန်အဟုန်နှင့် ပြုတ်ကျသွားလေသည်။

ဘုန်း...

ကျန်းရီသည် ဧရာမတောင်ကြီးတစ်လုံး၏ တောင်စောင်းပေါ်သို့ ပြုတ်ကျသွား၏။ သူ သစ်ပင်အချို့ကို ကျိုးသွားစေပြီး အောက်ဘက်သို့ လိမ့်ဆင်းသွားသည်။ ဆယ်မိနစ်ကြာပြီးမှ သူ မျက်လုံးများ ပြန်ပွင့်လာပြီး သတိလည်လာလေသည်။

ကျန်းရီ ခေါင်းကိုက်နေ၏။ သူ၏ စိတ်ဝိညာဉ်က ပြင်းထန်စွာ ဒဏ်ရာရမသွားသော်လည်း အလွန်မသက်မသာ ခံစားနေရသည်။ သူ နတ်ဘုရားသစ်ရွက်ကို သုံးကာ ငါးမိနစ်မျှ ကုသလိုက်မှ ပြန်ကောင်းလာပေသည်။

ဤတစ်ကြိမ်တွင် ကျန်းရီ မည်သည့် မူမမှန်မှုကိုမှ မတွေးခဲ့ပေ။ ပေသုံးသောင်းအမြင့်တွင် မည်သည့်အစီအရင်မှ ရှိမနေ။ သို့သော် ထိုအမြင့်သို့ ရောက်သည်နှင့် သူ့စိတ်ဝိညာဉ်က မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ ထို့နောက် သူ မူးဝေကာ သတိလစ်သွားခဲ့သည်။

ကျန်းရီသည် တစ်ခဏမျှ တွေးတောလိုက်သော်လည်း ထိုသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းကို ရှာမတွေ့ချေ။ သူ၏ စိတ်ဝိညာဉ်က အပြည့်အဝ ပြန်ကောင်းသွားပြီးနောက် သူ ကောင်းကင်ထက်သို့ ဆက်ပျံတက်လိုက်သည်။ အစောကလိုပင် သူ ပေသုံးသောင်းအမြင့်သို့ ရောက်သောအခါ အရှိန်ကို နှေးချလိုက်ပြီး ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် စူးစမ်းလိုက်သည်။ ၎င်းနောက်တွင် သူ သတိလစ်ကာ ပြုတ်ကျလာပေသည်။

ဘုန်း...ဘုန်း...ဘုန်း...

ကျန်းရီ အကြိမ်ကြိမ် ပြုတ်ကျလိုက်၊ ပြန်ပျံတက်လိုက်နှင့် ရှိနေသည်။

ဆယ်ကြိမ်၊ အကြိမ်ငါးဆယ်၊ အကြိမ်တစ်ရာ...

***

တစ်ရက်ကုန်သွားချိန်တွင် ကျန်းရီသည် အကြိမ်ထောင်ကျော် ကြိုးစားပြီးခဲ့ပေပြီ။ နောက်ဆုံးတွင် သူ ရပ်တန့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူ အကြိမ်ထောင်ကျော် ပျံတက်ခဲ့ပြီးပြီဖြစ်သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့သေးချေ။

‘ငါ့ရဲ့ ခန့်မှန်းချက်က မှားနေတာလား။ ကောင်းကင်ထက်မှာ လုံးဝ ထွက်ပေါက် မရှိဘူးလား။ အဲ့လိုဆို ထွက်ပေါက်က ဘယ်မှာလဲ။ ဒါမှမဟုတ် ထွက်ပေါက်ကို မရှိတာလား’

ကျန်းရီ၏ အတွေးထဲတွင် သံသယများ ပြည့်နှက်လာသည်။ ထို့နောက် သူ အိပ်မောကျသွားပေသည်။ သူ၏ စိတ်ဝိညာဉ်ကို အနားပေးရန်လိုသည်။ မဟုတ်လျှင် သူ ရူးသွပ်သွားနိုင်လေသည်။

ဤတစ်ကြိမ် အိပ်စက်ရာတွင် ကျန်းရီ အိပ်မက်တစ်ခု မက်၏။ သူက ဖားတစ်ကောင်ဖြစ်နေပြီး ရေတွင်းတစ်တွင်းထဲ ပစ်ချခံရသည်။ ရေတွင်းထဲမှ ပြန်ထွက်နိုင်ရန် သူ ခုန်သည်၊ ခုန်သည်၊ ခုန်သည်။ သူ နှစ်ရာနှင့်ချီအောင် ခုန်သည်။ သို့သော် နောက်ဆုံးတွင် သူ ဆက်မခုန်နိုင်တော့ဘဲ ရေတွင်းအောက်ခြေမှာပင် အိုမင်းသေဆုံးသွားလေသည်။

ကျန်းရီသည် နိုးထလာပြီးနောက် အိပ်မက်ကို ပြန်တွေးကာ ခါးသက်သက် ပြုံးလိုက်၏။ အိပ်မက်မှာ လက်တွေ့နှင့် တူလှပေသည်။ လက်ရှိ သူ့အခြေအနေက အိပ်မက်ထဲမှ ဖား၏ အခြေအနေနှင့် မည်သို့ကွာခြားပါသနည်း။ သူ ရေတွင်းထဲမှ ခုန်ထွက်နိုင်ရန် ကြိုးစားနေသော်လည်း အကြိမ်ကြိမ် ပြန်ပြုတ်ကျနေသည် မဟုတ်ပါလား။

ကျန်းရီ မြေပြင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေပြီး ကောင်းကင်ကို တွေတွေကြီး စိုက်ကြည့်နေ၏။ သူ လက်ချောင်းတစ်ချောင်းပင် မလှုပ်လိုပေ။ သူ့‌ခေါင်းထဲတွင်လည်း မည်သည့်အတွေးမှ မရှိတော့ဘဲ ဗလာဖြစ်နေပေသည်။

ကျန်းရီသည် သူက အမှန်ပင် ဖားတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဤနေရာက ရေတွင်းကြီးတစ်ခုအဖြစ် ပြောင်းသွားသည်ဟု ခံစားနေရ၏။ ရေတွင်းနှုတ်ခမ်းဝတွင် စွမ်းအားကြီး အကာအရံတစ်ခု ရှိနေသည်။ ထိုအကာအရံက သူ့ကို ရေတွင်းအထက်မှ ရှုခင်းကို မမြင်နိုင်အောင် တားဆီးထားသည်။ ရေတွင်းအထက်တွင် ဧရာမမျက်ဝန်းတစ်စုံလည်း ရှိရမည်။ ထိုမျက်ဝန်းတစ်စုံမှာ သူ့အား ဖားတစ်ကောင်ကို ကြည့်နေသလို ကြည့်နေပေလိမ့်မည်။

‘ငါ မထွက်နိုင်ဘူး။ လက်လျှော့လိုက်တော့။ ငါ ဒီနေရာမှာ ဖားတစ်ကောင်လိုပဲ အိုမင်းပြီး သေသွားရမှာပဲ’

ထိုသို့တွေးမိသောအခါ ကျန်းရီ တဖြည်းဖြည်း စိတ်ဓာတ်ကျလာသည်။ သူ မျက်လုံးများ မှိတ်လိုက်ပြီး ဤအတိုင်း တစ်သက်လုံး အိပ်စက်ပစ်လိုနေပေသည်။

‘မဟုတ်သေးဘူး...’

ကျန်းရီ၏မျက်လုံးများက ရုတ်တရက် ပြန်ပွင့်လာ၏။ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းတစ်ချက် လက်သွားသည်။ သို့သော် သူ ထပ်မံ၍ မျက်လုံးပြန်မှိတ်လိုက်၏။ သူ့ခေါင်းက ပေါက်ထွက်တော့မလို ကိုက်လာသည်။ ထိုအခိုက်တွင် ရုတ်တရက် သူ တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။

အိပ်မက်မှာ နေ့အချိန်တွင် တွေးရသောအရာ မဟုတ်၊ ညအချိန်တွင် မက်ရသောအရာပင်။ ‘အိုမင်းကာ သေသွားမည်’ဆိုသော အတွေးမှာ သူ့အတွေးမဟုတ်ပါ။ တစ်စုံတစ်ယောက်က သူ့အတွေးကို လွှမ်းမိုရန် ကြိုးစားနေခြင်းပင်။ ထိုတစ်စုံတစ်ယောက်မှာ နတ်ဆိုးချောက်နက်အောက်ရှိ ကြောက်မက်ဖွယ် ဖြစ်တည်မှု ဖြစ်နိုင်ပေသည်။

အဘယ်ကြောင့် ထိုဖြစ်တည်မှုက ကျန်းရီ၏ အတွေးကို လွှမ်းမိုးရန် ကြိုးစားနေရသနည်း။ ၎င်းဖြစ်တည်မှုသည် ကျန်းရီကို လမ်းလွှဲ၍ သူ အပြင်ပြန်မထွက်နိုင်တော့ဟု တွေးမိစေလိုခြင်း ဖြစ်မည်။ ထို့ကြောင့် ဤနေရာတွင် ထွက်ပေါက်ရှိရပေလိမ့်မည်။ ထို့ပြင် ထွက်ပေါက်က ကောင်းကင်ထက်တွင် ဖြစ်ရမည်။ သို့ကြောင့် ကြောက်မက်ဖွယ် ဖြစ်တည်မှုက သူ့ကို လမ်းလွှဲလိုခြင်း ဖြစ်မည်။

‘အဲ့ဒါလည်း မဟုတ်သေးဘူး...’

ကျန်းရီသည် တွေးရင်းနှင့် ထိုအတွေးက အဓိပ္ပာယ်မရှိကြောင်း ခံစားလာရ၏။ ကောင်းကင်ထက်တွင် ထွက်ပေါက်ရှိလျှင်ပင် သူက ထွက်ပေါက်ကို ရှာမတွေ့နိုင်ပေ။ သို့ဖြစ်ရာ အဘယ်ကြောင့် ကြောက်မက်ဖွယ် ဖြစ်တည်မှုက သူ့အား လမ်းလွှဲရမည်နည်း။ ယင်းက မီးထဲ လောင်စာထည့်သလို ဖြစ်မနေသလော။

“မှားတယ်၊ မှားတယ်.. ဟားဟားဟား...”

တစ်နာရီကြာပြီးနောက် ကျန်းရီ ရုတ်တရက် နှစ်ကြိမ်အော်၍ ကျယ်လောင်စွာ ရယ်လိုက်၏။ သူ့မျက်ဝန်းများကလည်း တောက်ပစွာ လင်းလက်လာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် မိုးမြေစွမ်းအား လည်ပတ်လာသည်။ ထို့နောက် သူသည် ထရပ်၍ မြေပြင်ကို ကန်အားပြုကာ ကောင်းကင်ထက်သို့ ပျံတက်လိုက်လေသည်။

ပေသောင်းကျော် ပျံတက်ပြီးနောက် ကျန်းရီ ရုတ်တရက် လက်ဝဲအောက်ဘက်သို့ ပျံဆင်းလိုက်၏။ လက်ဝဲအောက်ဘက် ကီလိုမီတာငါးဆယ်အကွာတွင် ဧရာမအပေါက်ကြီးတစ်ပေါက် ရှိနေသည်။ ထိုအပေါက်မှာ ရေတွင်းပင်။

ကျန်းရီသည် တုံ့ဆိုင်းမှုမရှိဘဲ ရေတွင်းထဲ ပျံဝင်သွားလိုက်၏။ နောက်ဆုံးတွင် သူ ရေအေးကန်ထဲ ရောက်သွားပေသည်။ အရိုးခိုက်လောက်အောင် အေးသော ရေအေးများကြောင့် ကျန်းရီ တုန်ယင်သွား၏။ သူ ကောင်းကင်စိတ်အာရုံထုတ်ကာ ပတ်ဝန်းကျင်နှင့် အထက်မှာ ရေတွင်းဝကို အာရုံခံလိုက်သည်။ ပြီးလျှင် အံကြိတ်လျက် အောက်ဘက်သို့ ကူးခတ်လေသည်။

အစောတွင် ကျန်းရီသည် ထွက်ပေါက်က အထက်တွင် မဟုတ်ဘဲ ရေအေးကန်အောက်တွင် ဖြစ်ရမည်ဟု သုံးသပ်ခဲ့မိ၏။ ကြောက်မက်ဖွယ် ဖြစ်တည်မှုက သူ့အား တမင်လမ်းလွှဲကာ သူ့ပါးနပ်မှုက သူ့ကို ပြန်ဒုက္ခပေးရန် ကြံရွယ်ထားခြင်းဖြစ်မည်။ ကြောက်မက်ဖွယ် ဖြစ်တည်မှုသည် သူ့ကို ရေတွင်းထဲမှ ဖားလို အထက်သို့သာ အဆက်မပြတ် ခုန်တက်နေပြီး အောက်ဘက်မှ ရေအေးကန်ကို မေ့လျောနေစေလိုခြင်းပင်။

ထိုအိပ်မက်ကြောင့်သာ မဟုတ်လျှင်၊ ကြောက်မက်ဖွယ် ဖြစ်တည်မှုကသာ သူ့အား တမင်လမ်းမလွှဲခဲ့လျှင် ကျန်းရီသည် ရေအေးကန်ထဲ ပြန်ဆင်းရန် စိတ်ကူးမိမည် မဟုတ်ပေ။ ကော့ချန်ဘုရင်က ရေအေးကန်ထဲ ပြန်ဆင်းပြီးနောက် ပျောက်ကွယ်သွားခဲ့သည် မဟုတ်ပါလား။

ကျန်းရီသည် ကော့ချန်ဘုရင် ပျောက်ဆုံးသွားမှုကြောင့် ကြောက်ရွံ့နေခဲ့သည်။ ယခုမှသာ ဟာကွက်ကြီးတစ်ခုကို သူ သတိပြုမိသွားခြင်းဖြစ်သည်။

ထိုရေအေးကန်က လမ်းဆုံးတစ်ခုဆိုလျှင် ကော့ချန်ဘုရင်သည် ဆင်းလျှင်ဆင်းချင်း မသေသွားခဲ့ရသနည်း။ သူနှင့် ဖုန့်နီတို့သည် ကော့ချန်ဘုရင်ကို သုံးကီလိုမီတာလောက်အထိ အာရုံခံနိုင်ခဲ့သည်။ ကော့ချန်ဘုရင်က အောက်ဘက်သို့ ဖြည်းဖြည်းချင်း ကူးသွားနေသည်ကို သူတို့ ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရသည်။

ထို့ကြောင့်...

အကယ်၍ ထိုရေအေးကန်ကသာ ထွက်ပေါက်တစ်ခုဆိုလျှင် ကော့ချန်ဘုရင် ရုတ်တရက် ပျောက်ဆုံးသွားခြင်းမှာ သေသွား၍ မဖြစ်နိုင်ဘဲ အပြင်ရောက်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျန်းရီသည် ရေတွင်းဝကို ပြန်လှည့်မကြည့်ဘဲ အောက်ဘက်သို့သာ အမြန်ဆုံး ငုပ်ကူးနေသည်။ ကြောက်မက်ဖွယ် ဖြစ်တည်မှုက ကစားပွဲ၏ စည်းမျဉ်းများကို ထပ်မံပြောင်းလိုက်မည်ကို သူ စိုးရိမ်ပေသည်။

ကျန်းရီ၏ ကူးခတ်နှုန်းက အလွန်မြန်၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ ကီလိုမီတာသုံးဆယ်အနက်အထိ ငုပ်ပြီးသွားသည်။ အထက်မှ ရေတွင်းဝကို မမြင်ရတော့ပေ။ သူ့ပတ်ဝန်းကျင်ကလည်း မည်းမှောင်လာသည်။ ရေအေးကန်သည် ဧရာမသားရဲကြီးတစ်ကောင်၏ ပါးစပ်ကြီးအလား ကျန်းရီကို အရှင်လတ်လတ် ဝါးမျိုးလိုက်ပေပြီ။

***

All Chapters