← Chapters

ပြာဖြစ်သွားမည်

Vol. 130 Ch. 1814

ပြာဖြစ်သွားမည်

Vol. 130 Ch. 1814

“ဟားဟားဟား...”

ကျန်းရီသည် ကီလိုမီတာနှစ်ရာ့ကိုးဆယ်အနက်အထိ ငုပ်ပြီးနောက် အောက်ဘက်တွင် အလင်းကွင်းတစ်ကွင်းကို မြင်လိုက်ရ၏။ သူ စိတ်လှုပ်တရှား ရယ်လိုက်သည်။ သူ၏ခန့်မှန်းချက်က မှန်ခဲ့ပေပြီ။

ကြာပွတ်က ကီလိုမီတာသုံးရာအရှည်အထိ ဆန့်ထွက်နိုင်သည်။ ကော့ချန်ဘုရင်က ကီလိုမီတာသုံးရာအနက်ကို ရောက်ခဲ့လျှင် ကြာပွတ်မှာ တင်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ကော့ချန်ဘုရင်က ကီလိုမီတာသုံးရာအနက်အထိပင် မရောက်ခဲ့ဟု ယူဆနိုင်ပေသည်။

အကယ်၍ ကော့ချန်ဘုရင် သေသွားခဲ့ခြင်းဆိုလျှင်လည်း ကြာပွတ်က အလောင်းကို ပြန်ဆွဲထုတ်နိုင်ခဲ့သင့်သည်။ ထို့ပြင် ကြာပွတ်ဖျားက ပြတ်သွားခြင်းလည်း မဟုတ်ရာ ကော့ချန်ဘုရင်က ဤအတိုင်း ကီလိုမီတာသုံးရာအကွာသို့ မရောက်ခင်တွင် ပျောက်သွားခြင်းသာ ဖြစ်နိုင်ပေသည်။

ထို့ကြောင့်လည်း ကျန်းရီသည် ရေအေးကန်ထဲ ငုပ်ဆင်းလာခဲ့ခြင်းဖြစ်၏။ ယခု ‌အောက်ဘက်တွင် အလင်းကွင်းတစ်ခုကို တွေ့နေရပြီဖြစ်ရာ သူ ထိုအလင်းကွင်းဆီသို့ အမြန်ဆုံး ကူးခတ်သွားလိုက်လေသည်။

အဘယ်ကြောင့် ဤနေရာတွင် အလင်းကွင်းတစ်ခု ရှိနေရသနည်း။ အဘယ်ကြောင့် ကျန်းရီ အထက်သို့ ကူးတက်ခဲ့စဉ်က ထိုအလင်းကွင်းကို သတိမပြုမိခဲ့ရသနည်း။

ကျန်းရီထံတွင် ထိုမေးခွန်းများအတွက် ရှင်းလင်းသောအဖြေမရှိပါ။ သူ ရေအေးကန်ထဲက ထွက်နိုင်လိုက်မှ ထိုအလင်းကွင်းက ပေါ်လာခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် သူတို့ ရေအေးကန်ထဲ ပြန်ဆင်းလိုက်မှ ထွက်ပေါ်လာခြင်းလည်း ဖြစ်နိုင်သေးသည်။

ကျန်းရီ များစွာ တွေးတောမနေလိုပေ။ သူသည် ထက်ရှသော ဓားတစ်ချောင်းအလား အလင်းကွင်းထဲ ဝင်သွားလိုက်သည်။ အဖြူရောင်အလင်း လင်းလက်သွားပြီး သူ့အရှေ့မှ မြင်ကွင်းက လုံးဝပြောင်းလဲသွား၏။ နေရာမှာ ရေအေးကန်မဟုတ်တော့ဘဲ တောင်ကြားတစ်ခု ဖြစ်သွားသည်။ ထိုနေရာတွင် ဧရာမတောင်ထွတ်ကြီးတစ်ခု ရျိနေသည်။ ကျန်းရီသည် ထိုတောင်ထွတ်ကို ယခင်က သူ တစ်ခါမှ မမြင်ဖူးကြောင်း သေချာပေသည်။

“နောက်ဆုံးတော့ ငါ ထွက်လာနိုင်ခဲ့ပြီ”

ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် အပျော်များ ပြည့်နှက်သွားသည်။ သူ ထိုအပျော်ကို တစ်စုံတစ်ယောက်နှင့် ဝေမျှလိုပေသည်။ ထို့ကြောင့် နှစ်ကြိမ်ပင် တွေးမနေတော့ဘဲ ဖုန့်နီကို ဆောင်းဥတုပုလဲထဲမှနေ၍ အပြင်ထုတ်လိုက်လေသည်။

ထူးဆန်းသောအရာတစ်ခု ဖြစ်လာ၏။ ဆောင်းဥတုပုလဲက လင်းလက်လာသော်လည်း ဖုန့်နီကို အပြင်မထုတ်နိုင်ပါ။ ကျန်းရီ အကြိမ်အနည်းငယ် ထပ်ကြိုးစားကြည့်သည်။ သို့သော် အတူတူပင်ဖြစ်သည်။

‘ဒီနေရာက ထူးဆန်းလိုက်တာ’

ကျန်းရီ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ဤတောင်ကြားထဲတွင်လည်း သူ ပေသုံးထောင်ပတ်လည်အတွင်းသာ အာရုံခံနိုင်ပေသည်။ သူ အ‌ဝေးသို့ မျှော်ကြည့်လိုက်၏။ သို့သော် လူသူအရိပ်အယောင်ကို မတွေ့ရပေ။

‘ကော့ချန်ဘုရင်က ဒီနေရာကို ရောက်မလာဘူးလား။ ဘာလို့ သူ့ရဲ့ ခြေရာလက်ရာတွေကို မတွေ့ရတာလဲ’

ကျန်းရီ နားမလည်နိုင်ပေ။ သူ့ဝိညာဉ်မျိုးစေ့ကလည်း ကော့ချန်ဘုရင်၏ အငွေ့အသက်ကို အာရုံမခံနိုင်ချေ။ သူ ခေတ္တမျှ တွေးတောပြီးနောက် တောင်ကြားထဲက ပျံထွက်လိုက်သည်။ ပြီးလျှင် အရပ်မျက်နှာအနှံ့သို့ ဖြည်းဖြည်းချင်း လှည့်ပတ်ပျံသန်းလိုက်သည်။ အရင်ဆုံး ဤနေရာမှ အခြေအနေကို စူးစမ်းရပေမည်။

ရွှစ်...ရွှစ်...

ရုတ်တရက် ကျန်းရီ၏ ခေါင်းအထက်တွင် အဖြူရောင်အလင်း လင်းလက်လာ၏။ ထို့နောက် လက်မောင်းလုံးလောက် ကြီးမားသော လျှပ်စီးတန်းတစ်တန်း ထွက်ပေါ်လာသည်။ ယင်းလျှပ်စီးတန်းသည် ငွေရောင်နဂါးတစ်ကောင်အလား ကျန်းရီပေါ်သို့ ကျဆင်းလာပေသည်။

‘အဲ့ဒါက ဘာလဲဟ’

ကျန်းရီ ကြက်သီးများ ထသွား၏။ သူ ခုခံရန် ချက်ချင်း ကောင်းကင်လေပြေချပ်ဝတ်ထုတ်လိုက်သည်။ သို့သော် ပို၍ပင် တုန်လှုပ်စရာကောင်းသော အရာတစ်ခု ဖြစ်လာ၏။ ကောင်းကင်လေပြေချပ်ဝတ်က သူ့ကိုယ်ထဲတွင် ရှိနေသော်လည်း ထွက်ပေါ်မလာနိုင်ပေ။

ဝှစ်...

ကျန်းရီသည် မိုးမြေစွမ်းအားကို လှည့်ပတ်ကာ ဘေးသို့ အမြန်ဆုံး ရှောင်တိမ်းလိုက်၏။ သို့သော် လျှပ်စီးတန်းက ရုတ်တရက် လမ်းကြောင်းပြောင်းကာ သူ့အနောက်သို့ လိုက်လာသည်။ မကြာခင်မှာပင် လျှပ်စီးတန်းက သူ့အား ထိမှန်သွားလေ‌တော့သည်။

ရှီး...ရှီး...

ကျန်းရီသည် အတိတ်တွင် လျှပ်စီးတန်းပေါင်းများစွာ ထိမှန်ခံခဲ့ဖူးသော်လည်း ဤတစ်ခေါက်က ယခင်အခေါက်များနှင့် လုံးဝကွဲပြားကြောင်း ခံစားလိုက်ရသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လျှပ်စီးတန်းများက အသားကို အပ်နှင့် ထိုးသလိုဆိုလျှင် အထက်ဘုံမှ လျှပ်စီးတန်းများက အသားကို ဓားနှင့်လှီးသလိုဖြစ်သည်။

သို့သော် ဤနေရာမှ လျှပ်စီးတန်းမှာမူ အသားကို ဓားနှင့်လှီးသလိုသာမက စိတ်ဝိညာဉ်ကိုလည်း အပ်နှင့်ထိုးသလိုပင်။

ကျန်းရီ၏ ရုပ်ခန္ဓာမှာ အလွန်သန်မာနေပြီဖြစ်သည်။ သူ ရုပ်ခွန်းအာကို မြှင့်တင်ရန် မိုးမြေစွမ်းအားလည်း သုံးထားသည်။ ထို့ကြောင့်သာ သူ များစွာထိခိုက်မသွားခြင်းဖြစ်သည်။ သို့သော် သူ့ဆံပင်နှင့် မျက်ခုံးများမှနေ၍ ညှော်နံ့များထွက်လာသည်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ့သွားများလည်း မည်းသွားသည်။ သူ့စိတ်ဝိညာဉ်ကလည်း မခံမရပ်နိုင်အောင် နာကျင်နေပေသည်။

ကျန်းရီ နတ်ဘုရားသစ်ရွက်ကို ထုတ်လို၏။ သို့သော် သိုလှောင်လက်စွပ်က လင်းရုံသာ လင်းလာပြီး နတ်ဘုရားသစ်ရွက်ကို ထုတ်မပေးနိုင်ပေ။ ဤနေရာထဲတွင် သိုလှောင်လက်စွပ်နှင့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲက မည်သည့်အရာကိုမှ မထုတ်နိုင်ပါ။ သူ့ကိုယ်ထဲတွင် ပုန်းကွယ်နေသော ကောင်းကင်လေပြေချပ်ဝတ်ကိုပင် ထုတ်၍မရသည် မဟုတ်ပါလား။

သူ့တွင် ကောင်းကင်စွမ်းအားနှင့် မိုးမြေစွမ်းအား ရှိနေ၍သာ တော်သေးသည်။ အမွှေးတိုင်အနည်းငယ်စာမျှ အနားယူပြီးနောက် ကျန်းရီ၏ခန္ဓာကိုယ်က ပြန်ကောင်းလာသည်။ ထိုအခါမှ သူ ကောင်းကင်ထက်သို့ မော့ကြည့်ကာ ကောင်းကင်ကို လက်ခလယ်ထောင်ပြလိုက်သည်။

လက်ခလယ်ထောင်ပြခြင်းမှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ လက်ဟန်ဘာသာစကားဖြစ်၏။ ဒေါသနှင့် မကျေနပ်မှုကို ဖော်ပြလိုလျှင် လက်ခလယ်ထောင်ပြကြပေသည်။ ဤတစ်ခေါက် ကျန်းရီ မကျေမနပ် ဖြစ်နေသူမှာ ကန့်လန့်ကာနောက်ကွယ်မှ ကြိုးကိုင်နေသူပင်။

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ဆက်ပျံသန်းလိုက်သည်။ သူ ဤအထပ်တွင် ကြာရှည်နေလျှင် မကောင်းလောက်ဟု သူ ခံစားနေရသည်။ ထို့ကြောင့် ထွက်ပေါက်ကို အမြန်ဆုံး ရှာရပေမည်။

ဤနေရာမှ မြင်ကွင်းက ခြောက်ကပ်နေသည်။ အဝါရောင်သစ်ရွက်ကြွေများနှင့် မြက်ခြောက်များက နေရာအနှံ့တွင် ရှိနေသည်။ ထို့ပြင် သစ်ပင်များစွာလည်း ရှိသည်။ လမ်းတစ်လျှောက်တွင် ကျန်းရီသည် တိရိစ္ဆာန်ငယ်လေးများကို တွေ့ခဲ့ရ၏။ သို့သော် ၎င်းတို့အားလုံးက အရွက်စားတိရိစ္ဆာန်များသာ ဖြစ်ကြသည်။ သားရိုင်းများနှင့် မိစ္ဆာသားရဲများကိုမူ မတွေ့ရပေ။

ကီလိုမီတာငါးသိန်း ပျံသန်းပြီးနောက် ကျန်းရီ လှပသော ရေကန်တစ်ကန်ကို တွေ့လိုက်ရ၏။ သူ ထိုရေကန်ကို အာရုံခံကြည့်လိုက်သည်။ ထိုနေရာမှ မိုးမြေဝိညာဉ်စွမ်းအင်က အခြားနေရာများမှ မိုးမြေဝိညာဉ်စွမ်းအင်ထက် ပိုသိပ်သည်း၏။ မိုးမြေဝိညာဉ်စွမ်းအင် သိပ်သည်းမှုကို ကောင်းကင်ဘုံနှင့် မယှဉ်နိုင်သော်လည်း အထက်ဘုံနှင့်တော့ ယှဉ်နိုင်သည်။ သူ ဤနေရာတွင် အိုမင်းသေဆုံးသွားရမည့် ကံကြမ္မာပါလာသည်ရှိသော် ထိုရေကန်အနီး၌ အခြေချနေထိုင်ရလျှင်လည်း မဆိုးလှချေ။

ရွှစ်...

ကျန်းရီ အတွေးမဆုံးသေးခင်မှာပင် သူ့ခေါင်းအထက်ရှိ ကောင်းကင်မှနေ၍ နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီ ဆတ်ခနဲ မော့ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာထားက ခါးသီးသွားပေသည်။

ကောင်းကင်ထဲတွင် လျှပ်စီးတန်းတစ်တန်း ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းသည် လျှပ်စီးနဂါးတစ်‌ကောင်အလား ကျန်းရီထံ ကျဆင်းလာသည်။ ၎င်းက မြန်လွန်းသဖြင့် အသက်နှစ်ရှူစာအတွင်းမှာပင် ကျန်းရီ၏ ခေါင်းအထက်သို့ ရောက်ရှိလာလေသည်။

ကျန်းရီသည် သူက ထိုလျှပ်စီးတန်းကို မရှောင်နိုင်ကြောင်း သိသော်လည်း ချက်ချင်း ကိုယ်ထဲတွင် မိုးမြေစွမ်းအား လှည့်ပတ်၍ ရေကန်ဆီသို့ ပျံဆင်းသွားလိုက်၏။ ကန်ရေပြင်က လျှပ်စီးတန်း၏ လမ်းကြောင်းကို ပြောင်းပေးနိုင်လိမ့်မည်ဟု သူ တွေးသည်။ သို့သော် သူက အတွေးချော်ခဲ့ခြင်းသာ။

“လခွမ်းပဲ.. လခွမ်းပဲ...”

ကျန်းရီ၏ ခန္ဓာကိုယ်မှနေ၍ အသားညှော်နံ့ထွက်နေ၏။ သူ့ဆံပင်နှင့် မျက်ခုံးမွှေးများက လုံးဝမီးကျွမ်းသွားပြီဖြစ်သည်။ ဤတစ်ခေါက် လျှပ်စီးတန်းက အစောမှ လျှပ်စီးတန်းထက် နှစ်ဆပိုအားကောင်းသည်။ သူ့ရုပ်ခန္ဓာက လျှပ်စီးတန်းကို အလွယ်တကူ တောင့်ခံနိုင်သေးသော်လည်း သူ အတန်ငယ် မသက်မသာ ခံစားလာရပြီဖြစ်သည်။

အရေးအကြီးဆုံးမှာ...

သူသာ အမှတ်မမှားလျှင် ပထမလျှပ်စီးတန်းနှင့် ဒုတိယလျှပ်စီတန်းကြားတွင် တစ်နာရီတိတိ ကွာခြားသည်။ တစ်နည်းဆိုရသော် ဤနေရာတွင် တစ်နာရီလျှင်တစ်ကြိမ် လျှပ်စီးတန်း ကျဆင်းပေသည်။ ထို့ပြင် လျှပ်စီးတန်း၏ ပြင်းအားကလည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုတိုးလာမည်ဖြစ်သည်။

ကျန်းရီ၏ခန္ဓာကိုယ်က တုန်ယင်နေ၏။ အထက်ပါအတိုင်း တွေးမိသောအခါ သူ ပို၍ပင် တုန်ယင်လာသည်။ လက်ရှိတွင် လျှပ်စီးတန်းများက သူ့ခန္ဓာကိုယ်ကို များစွာထိခိုက်မသွားစေသေးပေ။ သို့သော် လျှပ်စီးတန်းများက ယခုထက် အဆတစ်ရာ၊ အဆတစ်ထောင်၊ အဆတစ်သောင်းပို၍ အားကောင်းလာမည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ ထိုလျှပ်စီးတန်းမျိုး ထိမှန်ခံလိုက်ရပါက သူ ပြာဖြစ်သွားလောက်သည် မဟုတ်လော။

ဝှစ်...

ကျန်းရီသည် သူ့ခန္ဓာကိုယ်က ပြန်မကောင်းသေးသည်ကိုပင် အရေးမစိုက်တော့ဘဲ အဝေးသို့သာ အမြန်ဆုံး ပျံသန်းသွားလိုက်သည်။ သူသည် ပျံသန်းရင်းနှင့် မျက်လုံးရှင်ရှင်ထားကာ ထွက်ပေါက်ကိုလည်း လိုက်ရှာနေသည်။

ဤနေရာက ရေအေးကန်သို့ ဖြစ်နေသည်မှာ စိတ်ပျက်စရာပင်။ ဤနေရာတွင် အဆုံးမရှိချေ။ သူ နောက်ထပ်တစ်နာရီ ပျံသန်းပြီးနောက်တွင်ပင် တောင်များ၏ ဝန်းရံမှုကို ခံထားရဆဲပင် ရှိသေးသည်။

ရွှစ်...

တစ်နာရီပြည့်သောအခါ ကောင်းကင်ထဲတွင် လျှပ်စီးတန်းတစ်တန်း ထွက်ပေါ်လာပြန်သည်။ ၎င်းလျှပ်စီးတန်းက ကျန်းရီကို တန်းတန်းမတ်မတ် ထိမှန်သွားသည်။ ထို့ပြင် ၎င်း၏ ပြင်းအားကလည်း ထပ်မံတိုးလာပေသည်။

ကျန်းရီ လေထဲမှနေ၍ အောက်ဘက် မြက်ခင်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သူ ပင့်သက်နှစ်ချက် ရှိုက်လိုက်ပြီး ဆက်မပျံသန်းတော့ရန် ဆုံးဖြတ်လိုက်သည်။ ဦးတည်ရာမရှိဘဲ ဆက်ပျံသန်းနေလျှင် သူ လျှပ်စီးမှန်ကာ သေဆုံးရပေလိမ့်မည်။

သုံးကြိမ်‌မြောက် လျှပ်စီးတန်း၏ ပြင်းအားအရ သူ လျှပ်စီးတန်းတစ်ရာကို ခံပြီးနောက်တွင် ပြာဖြစ်သွားနိုင်ကြောင်း ကျန်းရီ ခန့်မှန်းပါ၏။ နာရီတစ်ရာအတွင်း သူ ဝေးဝေး ရောက်နိုင်မည် မဟုတ်သလို ထွက်ပေါက်ကိုလည်း ရှာတွေ့လိမ့်မည် မဟုတ်ပေ။ ဤနေရာကို ဖန်တီးထားသူက ထွက်ပေါက်ကို ထိုမျှလွယ်လွယ် ရှာတွေ့အောင် လုပ်ထားလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းရီထံတွင် ရွေးချယ်စရာ နှစ်ခုသာ ရှိတော့သည်။ သူ လျှပ်စီးတန်းများအား တောင့်ခံနိုင်မည့် နည်းလမ်းတစ်ခုကို ရှာလျှင်ရှာ မဟုတ်လျှင် သေရမည်ဖြစ်သည်။

ကျန်းရီ လျှပ်စီးတန်းများအား တောင်ခံလိုလျှင် နည်းလမ်းတစ်ခုသာရှိသည်။ ယင်းမှာ လျှပ်စီးအနှစ်သာရကို သိမြင်နားလည်အောင်လုပ်ရန်ဖြစ်သည်။ ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် လျှပ်စီးတာအိုပုံသဏ္ဌာန်များကို နားလည်ခဲ့သည်။ ၎င်းနောက် သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်၌ လျှပ်စီးတန်းများကို ကြောက်ရန် မလိုခဲ့တော့ပေ။

သို့သော် တာအိုပုံသဏ္ဌာန်များက အလွန်အဆင့်နိမ့်ပေသည်။ လက်ရှိ အခြေအနေတွင် လျှပ်စီးစည်းမျဉ်းမျှနှင့်လည်း မလုံလောက်ပေ။ လျှပ်စီးအနှစ်သာရကို သိမြင်နားလည်ပါမှ ကျန်းရီ ရှင်သန်နိုင်ရန် အခွင့်အရေး ရပေလိမ့်မည်။

‘တစ်ခုခုတော့ မှားနေပြီ’

ကျန်းရီ၏ ခေါင်းထဲတွင် ထူးဆန်းသော အတွေးတစ်ခု ထွက်ပေါ်လာ၏။ အရာအားလုံးက သူ့ကို စမ်းသပ်နေသကဲ့သို့ပင်။ ရေအေးကန်က သူ၏ ဇွဲနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကို စမ်းသပ်ခြင်း ဖြစ်နိုင်သည်။ ရေတွင်းအပြင်မှ နေရာကမူ သူ၏ သတ္တိနှင့် ဉာဏ်ရည်ကို စမ်းသပ်ခြင်း ဖြစ်လောက်သည်။ သို့ဆိုလျှင် ဤနေရာက သူ၏ မွေးရာပါ ပါရမီကို စမ်းသပ်မည့် နေရာပေလော။

သို့သော် အဘယ်ကြောင့် သူက အစမ်းသပ်ခံနေရပါသနည်း။

အဘယ်ကြောင့် နတ်ဆိုးချောက်နက်အောက်မှ ကြောက်မက်ဖွယ် ဖြစ်တည်မှုက သူ့ကို စမ်းသပ်နေရသနည်း။ ကောင်းကင်မိစ္ဆာဘုံကို ပေါင်းစည်းကာ မိစ္ဆာဧကရာဇ်ဖြစ်လာနိုင်မည့် ဆက်ခံသူတစ်ယောက်ကို ရွေးချယ်ရန်လော။ ထို့ပြင် ၎င်းဖြစ်တည်မှုမှာ အဘယ်အရာနည်း။ အဘယ်ကြောင့် ၎င်းက နတ်ဆိုးချောက်နက်ထဲမှ ထွက်မသွားရပါသနည်း။

***

All Chapters