လျှပ်စီးအနှစ်သာရ
Vol. 130 Ch. 1815
နတ်ဆိုးချောက်နက် တည်ရှိမှုက ကောင်းကင်မိစ္ဆာဘုံထဲတွင် ပဟေဠိတစ်ခု ဖြစ်နေခဲ့သည်။ မိစ္ဆာမျိုးနွယ် ကောင်းကင်မိစ္ဆာဘုံထဲ စရောက်လာခဲ့စဉ် ကတည်းက နတ်ဆိုးချောက်နက်မှာ အန္တရာယ်အများဆုံး နေရာတစ်ခု ဖြစ်နေခဲ့သည်ဟု ဆိုကြသည်။
နတ်ဆိုးချောက်နက်အောက်မှ ကြောက်မက်ဖွယ် ဖြစ်တည်မှုမှာလည်း နှစ်ထောင်ပေါင်းများစွာ ကြာသည်အထိ ချောက်နက်အပြင်ကို မထွက်ခဲ့ပေ။ မိစ္ဆာတစ်ကောင်က ချောက်နက်အနီး ချဉ်းကပ်လာလျှင်ပင် ၎င်းက မရေးမစိုက်ပါ။ သို့သော် ချောက်နက်ထဲ ဆင်းလာလျှင်တော့ မည်သူမှ ပြန်ထွက်နိုင်မည် မဟုတ်ချေ။ သမိုင်းတစ်လျှောက်တွင် မိစ္ဆာအရှင်လေးပါးသာ ချောက်နက်ထဲ ဆင်းသွားပြီးနောက် ပြန်ထွက်နိုင်ခဲ့ပေသည်။
ယခုတွင် ချောက်နက်ထဲ ဆင်းသွားပြီးနောက် ပြန်ထွက်လာနိုင်ခဲ့သူ စာရင်းတွင် ကျန်းရီ၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် ကြမ်းကြုတ်နဂါးဘုရင်တို့ ပါလာပြီဖြစ်သည်။ ယခင်တွင် သူတို့သည် နတ်ဆိုးချောက်နက်ထဲ ဆင်းခဲ့ကြပြီး ကြောက်မက်ဖွယ် မျက်ဝန်းတစ်စုံကို မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ကြပေသည်။
လက်ရှိ၌ ကျန်းရီ၊ ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့က ကြောက်မက်ဖွယ် ဖြစ်တည်မှုကို ဖမ်းထားမှုကို ခံနေရ၏။ အဘယ်ကြောင့် ဖမ်းထားခြင်းကိုမူ မသိရသေးပေ။ မေးခွန်းများစွာ ရှိနေသော်လည်း ကြောက်မက်ဖွယ် ဖြစ်တည်မှုကသာ အဖြေပေးနိုင်ပေလိမ့်မည်။
ကျန်းရီထံတွင် များစွာတွေးတောနေရန် အချိန်မရှိပေ။ နာရီတစ်ရာအတွင်း လျှပ်စီးတန်းများကို တောင့်ခံနိုင်မည့် နည်းလမ်းတစ်ခု စဉ်းစားရပေမည်။ မဟုတ်လျှင် သူ ပြာဖြစ်သွားမည်ဖြစ်သည်။
နာရီတစ်ရာမှာ အလွန်ကြာသည်ဟု ဆိုနိုင်သည်။ အနိမ့်ဘုံတွင်ဆိုလျှင် လေးရက်လောက်ရှိသည်။ သို့သော် အထက်ဘုံမှ လူများအတွက်မူ ထိုအချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်သွားမည်ဖြစ်သည်။ ထို့ပြင် မူလအနှစ်သာရတစ်ခုကို သိမြင်နားလည်နိုင်ရန် မဆိုထားနှင့် နတ်ဘုရားစွမ်းရည်တစ်ခုကို နားလည်နိုင်ရန်ပင် အလွန်ခက်ခဲပေသည်။
ကျန်းရီသည် ထိုအကြောင်းကို ရှင်းလင်းစွာသိ၏။ သို့သော် သူ မတုန်လှုပ်ပါ။ သူ့အနေဖြင့် လျှပ်စီးအနှစ်သာရကို အထွတ်အထိပ်အဆင့်အထိ သိမြင်နားလည်ရန် မလိုပေ။ ကနဦးအဆင့်သို့ ရောက်နိုင်သည်နှင့် လျှပ်စီးတန်းများကို တောင့်ခံနိုင်ပေလိမ့်မည်။
ကျန်းရီက အခြေခံများကို နားလည်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ လျှပ်စီးသဘောတရာများမှာ သူနှင့် စိမ်းမနေပါ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ကျန်းရီသည် ကြယ်ငါးပွင့်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်က သူ့အား ကြယ်တရာစွမ်းအား ချီးမြှင့်ခဲ့သည်။ ယင်းမှာ မိုးမြေစည်းမျဉ်းများက သူ့ကို အသိအမှတ်ပြုခြင်းပင်။
မိုးမြေစည်းမျဉ်းများက မိမိကို အသိအမှတ်ပြုလိုက်ပြီဆိုလျှင် မိမိက ထိုလမ်းစဉ်ပေါ် ခြေလှမ်းချနိုင်လိုက်ပြီဆိုသော အဓိပ္ပာယ်ပင်။ မိုးမြေစည်းမျဉ်းများ၏ အသိအမှတ်ပြုမှုကို မရလျှင်မူ ထိုလမ်းစဉ်ကို တစ်သက်လုံး လိုက်နိုင်မည် မဟုတ်ချေ။
ယင်းတို့အပြင် အခြေခံကို သိမြင်နားလည်ထားပြီးလျှင် နက်ရှိုင်းသော အကြောင်းအရာများကို သိမြင်နားလည်ရန် ခက်ခဲတော့မည် မဟုတ်ပေ။ အချိန်တစ်ခုသာ လိုပေသည်။
ထို့ကြောင့် ကျန်းရီသာ နာရီတစ်ရာအတွင်း လျှပ်စီးအနှစ်သာရ၏ ကနဦးအဆင့်ကို သိမြင်နားလည်လိုက်လျှင် ရှင်သန်နိုင်ရန် အခွင့်အရေးတစ်ခု ရပေလိမ့်မည်။ သို့သော် ယင်းမှာ ကျန်းရီ၏ တွက်ချက်မှုသာ။ လက်တွေ့တွင် အမှန်တကယ် အလုပ်ဖြစ်၊ မဖြစ်ကိုမူ မည်သူမှ မသိပေ။
ကျန်းရီသည် သူ၏သိစိတ်ကို ယုံကြည်ရန် ရွေးချယ်လိုက်၏။ သူ နေရာရွေးမနေတော့ဘဲ တောင်ထွတ်တစ်ခုပေါ်တွင်သာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်၍ လျှပ်စီးအနှစ်သာရကို စတင်လေ့လာလိုက်လေသည်။
ကျန်းရီသည် ရှန်းစီမျိုးနွယ်စု၏ ကောင်းကင်မိုးကြိုးကျွန်းတွင် အကြိမ်ပေါင်းများစွာ မိုးကြိုးပစ်ခံခဲ့ရသည်။ နောင်ပိုင်းတွင် သူ မိုးကြိုးအမျက်ဟုခေါ်သော မိုးကြိုးလျှပ်စီးတာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ခဲ့သည်။
သို့သော် အထက်ဘုံမှ စည်းမျဉ်းများ၏ နက်ရှိုင်းမှုနှင့် ယှဉ်လျှင် တာအိုပုံသဏ္ဌာန်များမှာ အလွန်ရိုးရှင်းကာ အဆင့်နိမ့်ကြသည်။ တာအိုပုံသဏ္ဌာန်မှာ မိုးမြေစွမ်းအားကို ငှားယူ၍ လျှပ်စီးကို ဆင့်ခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းရီ လျှပ်စီး၏ အနှစ်သာရကို နားမလည်ပေ။
‘လျှပ်စီးရဲ့ အနှစ်သာရက ဘာလဲ’
ကျန်းရီ ခေါင်းကိုက်လာ၏။ သူသည် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲတွင် ကောင်းကင်စမ်းရေစည်းချက်ဟုခေါ်သော အသံအနှစ်သာရတစ်ခုကို သိမြင်နားလည်ခဲ့သည်။ သို့သော် ထိုစဉ်က သူ အိပ်ပျော်နေတုန်း ကောင်းကင်စမ်းရေစည်းချက်က သူ့စိတ်ဝိညာဉ်ထဲတွင် စွဲထင်သွားခဲ့ခြင်းဖြစ်ရာ အနှစ်သာရတစ်ခုကို ရည်ရွယ်ချက်ရှိရှိ မည်သို့ စတင်လေ့လာရမည်ကို သူ မသိပေ။
ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် နတ်ဘုရားအသုံးအဆောင်များနှင့် ကောင်းကင်ပန်းချီကားများ ရှိသည်။ ၎င်းတို့က ကောင်းကင်စမ်းရေစည်းချက်နှင့် သဘောတရားချင်း အတူတူပင်ဖြစ်သည်။ ပညာရှင်များက ထိပ်တန်း နတ်ဘုရားစွမ်းရည်များကို သုံး၍ သူတို့သိမြင်နားလည်ထားသည်များကို နတ်ဘုရားအသုံးအဆောင်များနှင့် ကောင်းကင်ပန်းချီကားထဲတွင် ထည့်သွင်းခဲ့ကြသည်။ နောက်ပိုင်း မျိုးဆက်များက ၎င်းတို့ကို လေ့လာရင်း တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်နိုင်ကြပေသည်။
နတ်ဘုရားအသုံးအဆောင်များနှင့် ကောင်းကင်ပန်းချီကားများကို လေ့လာလိုက်ရုံနှင့် တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်သွားလိမ့်မည်ဟု အာမမခံနိုင်သော်လည်း အနည်းဆုံးတော့ ဦးတည်ချက်တစ်ခု ရှိပေသည်။ ဘိုးဘေးများက နောင်လာနောင်သားများအတွက် လမ်းညွှန်ချက်များ ချန်ပေးခဲ့သည်။ အကယ်၍ နောင်လာနောင်သားများက ထိုလမ်းညွှန်ချက်များအတိုင်း လိုက်မည်ဆိုလျှင် သေချာပေါက် အဆုံးသတ်ကို ရောက်သွားမည်ဖြစ်သည်။
သို့ဖြစ်ရာ တစ်စုံတစ်ခုကို သိလိုလျှင် များစွာ ခက်ခဲမည် မဟုတ်ပေ။
ယခု ကျန်းရီထံတွင်မူ မည်သည့်ဦးတည်ချက်မှ ရှိမနေပါ။ သူ မည်သည့်နေရာမှ စရမည်၊ မည်သည့်လမ်းကြောင်းကို လိုက်ရမည်ကို မသိပေ။
ကျန်းရီ၏ စိတ်ထဲတွင် ပုံရိပ်များ ထွက်ပေါ်လာသည်။ လျှပ်စီးတန်းတစ်တန်းက ကောင်းကင်ကိုဖြတ်၍ ကျဆင်းလာ၏။ ၎င်း ထိမှန်သွားသော နေရာတိုင်းတွင် တောင်များ အက်ကွဲသွားသည်၊ သစ်ပင်များ ပြာကျသွားသည်။
‘လျှပ်စီးက အဖျက်ဓာတ်ကို ကိုယ်စားပြုတယ်။ အဲ့ဒါက အရာဝတ္ထုတွေကို ဖျက်ဆီးနိုင်တယ်’
ကျန်းရီ၏ ခေါင်းထဲ၌ အတွေးတစ်ခု ထွက်ပေါ်လာ၏။ သို့သော် သူ ခေါင်းခါလိုက်သည်။ သူ အနှစ်သာရအကြောင်းကို မသိသော်လည်း အနှစ်သာရ ရှိနေကြောင်းကိုတော့ သိသည်။ တောက်လန်က အဖျက်အနှစ်သာရကို သိမြင်နားလည်ထားသည်။ သူ အနှစ်သာရသုံးမျိုးကို ပေါင်းစည်းထားသော ပေါင်းစည်းအနှစ်သာရတစ်ခု ထုတ်လွှတ်ခဲ့ဖူး၏။ ၎င်းအနှစ်သာရသုံးမျိုးထဲမှ တစ်မျိုးမှာ အဖျက်အနှစ်သာရဖြစ်သည်။
အဖျက်အနှစ်သာရဟူ၍ သီးသန့်ရှိနေပြီးရာ လျှပ်စီးမှာ အဖျက်အနှစ်သာရ မဖြစ်နိုင်တော့ပေ။ လျှပ်စီးက အဖျက်ဓာတ် မဟုတ်လျှင် အဘယ်အရာနည်း။ မီးဓာတ်လော။
လျှပ်စီးက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို မီးလောင်စေနိုင်သည်။ လက်ရှိတွင် ကျန်းရီ၏ ဆံပင်များနှင့် မျက်ခုံးမွှေးနှစ်ဘက်ပင် ပြောင်နေသည် မဟုတ်ပါလော။ သူ လျှပ်စီးတန်း သုံးတန်း ထိမှန်ခံခဲ့ရသည်။ သူ့ရုပ်ခန္ဓာကသာ မသန်မာလျှင် ယခုလောက်ဆို သူ မီးသွေးတုံး ဖြစ်နေလောက်ပေပြီ။
‘အဲ့ဒါလည်း မဟုတ်သေးဘူး။ သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေ... အဲ့ဒါတွေက မိုးမြေရဲ့ ဓာတ်ကြီးငါးပါးပဲ။ မီးဓာတ်မှာ သူ့အနှစ်သာရနဲ့သူ ရှိပြီးသားပဲ။ လျှပ်စီးက လျှပ်စီး၊ မီးမဟုတ်ဘူး။ အဲ့တော့ ဘယ်လိုလုပ် မီးဓာတ်အနှစ်သာရ ဖြစ်နိုင်မှာလဲ’
‘လျှပ်စီးကို မိုးနဲ့ တွဲဖက်ပြီး မြင်တတ်ကြတယ်။ အဲ့တော့ လျှပ်စီးက ရေဓာတ်အနှစ်သာရလား။ သက်ရှိအကုန်လုံးရဲ့ အသက်အရင်းအမြစ်က ရေပဲ။ အဲ့လိုဆိုရင် လျှပ်စီးအနှစ်သာရက အသက်အနှစ်သာရနဲ့ ဆက်စပ်နေတာလား...’
‘လျှပ်စီးက ရေကို ဖန်တီးတယ်၊ ရေက သစ်ကို ဖန်တီးတယ်၊ သစ်က မီးကို ဖန်တီးတယ်၊ မီးက မြေကို ဖန်တီးတယ်၊ မြေက သတ္တုကို ဖန်တီးတယ်။ အသက်က အဆုံးမဲ့ သံသရာလည်နေပြီး သက်ရှိအကုန်လုံးက ကြီးပြင်းလာကြတယ်။ လျှပ်စီးက အသက်အရင်းအမြစ်လား...’
‘အဲ့လိုဆိုရင် လျှပ်စီးက အနှစ်သာရအများကြီးနဲ့ ဆက်စပ်နေတာပဲ။ ဒါပေမဲ့ သူကိုယ်တိုင်ရဲ့ အနှစ်သာရက ဘာလဲ။ လျှပ်စီးက ဘယ်ကလာတာလဲ။ လျှပ်စီးရဲ့ အရင်းအမြစ်အစစ်အမှန်က ဘာလဲ’
ကျန်းရီသည် တွေးတောနေသော်လည်း အဖြေရှာမရသေးပေ။ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ တစ်နာရီမှာ လျှပ်တစ်ပြက်အတွင်း ပြည့်သွားပေသည်။
ကောင်းကင်ထက်တွင် လေခွင်းသံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီ ချက်ချင်းပင် ကိုယ်ထဲ၌ မိုးမြေစွမ်းအား လှည့်ပတ်လိုက်ပြီး သူ့ရုပ်ခန္ဓာကိုယ်ကို ပိုသန်မာလာအောင် လုပ်လိုက်၏။ တစ်ချိန်တည်းမှာပင် လျှပ်စီးကျဆင်းလာချိန်တွင် မိုးမြေဓာတ်များထဲမှ ပြောင်းလဲသွားမှုများကို အာရုံစိုက်လိုက်လေသည်။
ရွှစ်...
ဧရာမငွေရောင်နဂါးကြီးက ကောင်းကင်ကို ဖြတ်၍ ကျန်းရီ၏ ဦးခေါင်းကို ထိမှန်သွား၏။ ကျန်းရီ လွင့်ထွက်သွားပြီး တောင်ထိပ်မှ ပြုတ်ကျသွားသည်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေပြီး သူ့အရေပြားမှနေ၍ မီးခိုးနက်များ ထွက်နေသည်။ သူ့မျက်နှာမှာလည်း မည်းတူးနေကာ သူ့ပုံစံက သူတောင်းစားတစ်ယောက်နှင့် တူသွားပေသည်။
ကျန်းရီ၏ ခန္ဓာကိုယ်တစ်ဝက်လောက်က မြောင်းတစ်ခုထဲရှိ ရွံ့များထဲတွင် နစ်နေသည်။ သို့သော် သူ မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး လှုပ်လည်း မလှုပ်ချေ။ သူသည် သူ၏ရုပ်ခန္ဓာကို အရေးမစိုက်ပါ။ ထိုအခိုက်တွင် သူ့စိတ်က ပတ်ဝန်းကျင်ရှိ မိုးမြေဓာတ်များထဲမှ ပြောင်းလဲမှုများကို စူးစမ်းနေပေသည်။
ဟုတ်၏။ လျှပ်စီးတန်း ကျဆင်းလာခိုက်တွင် မိုးမြေထဲရှိ သတ္တုဓာတ်၊ သစ်သားဓာတ်၊ ရေဓာတ်၊ မီးဓာတ်နှင့် မြေဓာတ်တို့က လှုပ်ရှားသွား၏။ ၎င်းဓာတ်အားလုံး စုစည်းကာ လျှပ်စီးဖြစ်လာခြင်းပင်။ နောက်ဆုံးတွင် လျှပ်စီးသည် ထူးဆန်းသော ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုအဖြစ် ကျန်းရီ၏ ခန္ဓာကိုယ်ထဲ ဝင်သွားခဲ့သည်။
‘လျှပ်စီးက လျှပ်စီးသက်သက်ပဲ မဟုတ်ဘူး။ လျှပ်စီးထဲမှာ သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေဆိုတဲ့ ဓာတ်ကြီးငါးပါးစလုံး ပါတာလား’
ကျန်းရီ စိတ်လှုပ်ရှားသွား၏။ သူက လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပေပြီ။
သတ္တုဓာတ်က အဖျက်ဓာတ်ကို ကိုယ်စားပြုသည်။ အဖျက်ဓာတ်ကို ဖျက်ဆီး၍ မရပေ။ ထို့ကြောင့် လျှပ်စီးက တောင်များပေါ်ရှိ ကျောက်တုံးများကိုပင် ကွဲကြေသွားစေနိုင်ခြင်းပင်။ မီးဓာတ်က မြင့်မားသော အပူချိန်ကို ထုတ်လုပ်နိုင်သည်။ ထို့ကြောင့် လျှပ်စီးတန်း ထိမှန်ခံရလျှင် အရေပြားမှာ မီးကျွမ်းသလို မည်းတူးသွားခြင်းဖြစ်သည်။ သို့သော် သစ်သား၊ ရေနှင့် မြေဓာတ်တို့က မည်သို့မှ မသက်ဆိုင်ဟု ထင်ရပေသည်။
‘ကောင်းတယ်...’
ကျန်းရီသည် သစ်သား၊ ရေနှင့် မြေဓာတ်တို့၏ သက်ဆိုင်ပုံကို မသိသေးသဖြင့် စိတ်လှုပ်ရှားသွားခြင်းဖြစ်သည်။ သူသာ ယင်းကို နားလည်သွားလျှင် လျှပ်စီးအနှစ်သာရကို သိမြင်ကာ လက်ရှိဘေးဒုက္ခမှနေ၍ လွတ်မြောက်နိုင်ပေလိမ့်မည်။
***