သစ်ပင်အိုကြီး၏ အညှောက်
Vol. 130 Ch. 1816
လျှပ်စီးတန်း၏ စွမ်းအားက ထပ်မံ၍ တိုးလာသည်။ ကျန်းရီ ခန့်မှန်းထားသည်နှင့် တစ်ပုံစံတည်းပင်။ စွမ်းအား တိုးတက်နှုန်းမှာလည်း အတူတူနီးပါးဖြစ်သည်။ ထို့ကြောင့် နာရီတစ်ရာမှာ တိုလျှင်သာ တိုမည်၊ ရှည်လိမ့်မည်တော့ မဟုတ်ပေ။
ကျန်းရီ မြောင်းထဲမှ ပျံထွက်လိုက်၏။ သူသည် ရွံ့များပေကျံနေသော ခန္ဓာကိုယ်ကို သန့်စင်ရန် အရေးပင် မထားတော့ဘဲ တောင်ထွတ်သို့ ထပ်မံပျံတက်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။
ထို့နောက် သူ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ကောင်းကင်စွမ်းအား လှည့်ပတ်ကာ ခန္ဓာကိုယ်ကို ကုသလိုက်၏။ နတ်ဘုရားသစ်ရွက်ကို မထုတ်နိုင်သဖြင့် ကောင်းကင်စွမ်းအားနှင့်သာ သူ့ကိုယ်သူ ကုသရမည်ဖြစ်သည်။
‘လျှပ်စီးတန်းတွေထဲမှာ သစ်သားဓာတ်၊ ရေဓာတ်နဲ့ မြေဓာတ်လည်း ပါတယ်။ ဒါပေမဲ့ အဲ့ဓာတ်တွေရဲ့ သက်ရောက်မှုက မထင်ရှားဘူး’
အချိန်က မရှိပေ။ ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ အရာအားလုံးကို အတင်းမေ့ပစ်ကာ လျှပ်စီးအနှစ်သာရကို လေ့လာရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်ရသည်။ သူ့တွင် အားသာချက်တစ်ခုရှိ၏။ အခြေအနေက အန္တရာယ်များလေ၊ သူ့ဦးနှောက်က ပိုလျင်မြန်စွာ အလုပ်လုပ်လေပင်။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် စိတ်လှုပ်ရှားနေပါက ပို၍ သေရနိုင်ခြေများကြောင်းကိုလည်း သူ ကောင်းစွာ သိပေသည်။
ဂျိန်း...
တစ်နာရီကြာပြီးနောက် ကျန်းရီ လျှပ်စီးတန်း ထပ်မံထိမှန်သွားပြီး တောင်အောက်သို့ လိမ့်ကျသွား၏။ ဤတစ်ကြိမ်တွင် သူ ပြန်ပျံမတက်တော့ဘဲ မြက်ခင်းပေါ်တွင်သာ တင်ပျဉ်ခွေထိုင်၍ ဆက်လေ့လာလိုက်သည်။
ဂျိန်း...ဂျိန်း...ဂျိန်း...
တစ်နာရီပြည့်တိုင်း လျှပ်စီးတန်း တစ်တန်း ကျဆင်းလာသည်။ လျှပ်စီးတန်းများမှာ တစ်ချက်ထက်တစ်ချက် ပိုအားကောင်းလာသည်။ ကျန်းရီ၏ ခန္ဓာကိုယ်က အလွန်သန်မာသော်လည်း သူ စတင်၍ ဒဏ်ရာရလာပေသည်။ အစတွင် သူ့အရေပြားကသာ မည်းတူးရုံသာ မည်းတူးသွားခဲ့၏။ ယခုတွင် သူ့အရေပြားနှင့် ကြွက်သားများ စတင်ပျက်စီးလာသည်။ သူ့အသားမှာလည်း စုတ်ပြတ်နေပေသည်။
ထိုကဲ့သို့သော နာကျင်မှုမှာ အလွန်မခံမရပ်နိုင်အောင် ပြင်းထန်သည်။ တစ်ကိုယ်လုံး မီးရှို့ခံရသလိုပင်။ ကျန်းရီက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ထား၍ တော်သေးသည်။ သူ၏ စိတ်အာရုံနှင့် ခန္ဓာကိုယ်က ကွဲထွက်နေသည်။ ထို့ကြောင့် သူ ရုပ်ခန္ဓာနာကျင်မှုကို လျစ်လျူရှုကာ ကောင်းကင်စွမ်းအား လှည့်ပတ်၍ ခန္ဓာကိုယ်ကို ကုသနိုင်သည်။ လျှပ်စီးအနှစ်သာရကိုလည်း ဆက်လေ့လာနိုင်ပေသည်။
ဂျိန်း...
ဆယ့်ငါးချက်မြောက်တွင် လျှပ်စီးတန်းသည် မြေပြင်ကိုပင် အက်ကွဲသွားစေ၏။ ကျန်းရီလည်း မြေကြီးထဲ နစ်ဝင်သွားသည်။
“ထွီ...ထွီ...ထွီ...”
ကျန်းရီသည် ပါးစပ်ထဲမှ မီးခိုးအရသာ ရှိနေသော မြေကြီးများကို ထွေးထုတ်လိုက်၏။ သူ့မျက်နှာပေါ်မှ ကြွက်သားများမှာ တဆတ်ဆတ် တုန်ယင်နေသည်။ သူ မီးကျွမ်းနေသော လက်များနှင့် မြေကြီးများကို တွန်းဖယ်ကာ မြေပြင်ပေါ်သို့ ခေါင်းပြူထွက်လိုက်လေသည်။
ကျန်းရီသည် ပျံတက်လုဆဲဆဲတွင် ရုတ်တရက် ရပ်တန့်လိုက်၏။ အနီးတွင် သစ်ပင်အိုကြီးတစ်ပင် ရှိနေကြောင်းကို သူ သတိပြုမိလိုက်သည်။ ၎င်းသည်လည်း အစောတွင် စက်ကွင်းမလွတ်ခဲ့သဖြင့် ခါးမှနေ၍ ထက်ပိုင်းကျိုးနေ၏။
သစ်ပင်အိုကြီး ထက်ပိုင်းကျိုးနေခြင်းမှာ အဓိကအချက် မဟုတ်ပါ။ အဓိကမှာ ကျိုးသွားသော ပင်စည်းထိပ်မှနေ၍ အညှောက်လေးတစ်ခု ထွက်နေခြင်းပင်။ ထိုသစ်ပင်အိုကြီးက အလွန်အိုပြီဖြစ်သည်။ အကိုင်းများတွင် မည်သည့်သစ်ရွက်အသစ်မှလည်း မရှိတော့ပေ။ သို့သော် ထိုအညှောက်လေးမှာ ယခုမှ ထွက်လာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
‘သစ်ပင်အိုကြီးကနေပြီး အညှောက်အသစ် ထွက်တာလား’
ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်၏။ ထို့နောက် သူ့တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ မြေကြီးထဲမှ ပြန်ထွက်ရန်ပင် မကြိုးစားတော့ဘဲ ချက်ချင်း ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ သစ်ပင်အိုကြီးကို အကြိမ်ကြိမ် အာရုံခံလိုက်သည်။
‘အဲ့လိုကိုး... အဲ့လိုကိုး...’
မကြာခင်မှာပင် ကျန်းရီ၏ မျက်ဝန်းများထဲ၌ အလင်းတစ်ချက် လက်သွား၏။ နောက်ဆုံးတွင် သူက အဘယ်ကြောင့် လျှပ်စီးထဲမှ သစ်သားဓာတ်ကို မခံစားနိုင်ခဲ့ကြောင်း သဘောပေါက်သွားပေပြီ။
လျှပ်စီးထဲတွင် အမှန်ပင် သစ်သားဓာတ် ရှိသည်။ သူ့ခန္ဓာကိုယ်က ထိခိုက်ခဲ့သော်လည်း ဖြည်းဖြည်းချင်း ပြန်ကောင်းနေသည်။ ထို့ပြင် မသိလိုက်ဘဲနှင့် သူ့ခန္ဓာကိုယ်က ပို၍သန်မာလာနေသည်။ သန်မာနှုန်းက မမြန်ရာ ဆယ်ကြိမ်ကျော် လျှပ်စီးတန်း ထိမှန်ခံရပြီးသည်အထိ သူ သတိမပြုမိခဲ့ခြင်းဖြစ်သည်။
‘ပြန်လည်မွေးဖွားခြင်း၊ ဘဝအသစ်... လျှပ်စီးမှာ သတ္တုရဲ့ ထက်ရှမှု၊ မီးရဲ့ အဖျက်တရားနဲ့ သစ်ရဲ့ ပြန်လည်မွေးဖွားခြင်း ပါတယ်။ ပျက်သုဉ်းပြီးနောက် ပြန်လည်မွေးဖွားခြင်း... ငါသာ ပျက်သုဉ်းမှုကို တောင့်ခံနိုင်ရင် ပိုသန်မာလာလိမ့်မယ်...’
ကျန်းရီ၏ မျက်ဝန်းများက လမင်းအလား တောက်ပနေသည်။ လျှပ်စီးထဲမှ သစ်သားဓာတ်ကို သူ သိမြင်နားလည်သွားပေပြီ။ ယခု ရေနှင့် မြေသာ ကျန်ပေတော့သည်။
ဆယ့်ခြောက်နာရီသာ ရှိသေးသော်လည်း ဆက်လက်လေ့လာရန် ဓာတ်နှစ်မျိုးသာ လိုတော့သည်။ သို့သော် ကျန်းရီ စိတ်မအေးနိုင်ပေ။ သူက လမ်းမှန်ကို လိုက်နေကြောင်း မည်သူ သိနိုင်မည်နည်း။ အကယ်၍ သူ့ခန့်မှန်းမှုက မှားလျှင် သူ့တွင် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။
ကျန်းရီသည် မြေကြီးထဲမှ ပြန်မထွက်ရန် ဆုံးဖြတ်လိုက်၏။ သူ့ခန္ဓာကိုယ် တစ်ဝက်လောက်က မြေကြီးထဲ နစ်ဝင်နေသည်။ သူ သူ့ကိုယ်သူ ကုသရင်း ဆက်လေ့လာလိုက်ပေသည်။
ကံဆိုးစွာပင်...
ဤတစ်ခေါက်တွင် ကျန်းရီ နာရီလေးဆယ်ကျော် ကြာအောင် လေ့လာလိုက်၏။ သို့သော် သူ မည်သည်ကိုမှ ထပ်မသိတော့ပေ။ လျှပ်စီးထဲတွင် အဘယ်ကြောင့် မြေဓာတ်နှင့် ရေဓာတ် ပါနေရကြောင်းကို သူ နားမလည်နိုင်သေးချေ။
ယခု လျှပ်စီးတန်းများက ပထမဆုံးလျှပ်စီးတန်းထက် အဆပေါင်းများစွာ ပိုအားကောင်းနေပြီဖြစ်သည်။ လျှပ်စီးတန်းများ ကျဆင်းလာတိုင်း ကျန်းရီ၏ အသားများ မီးကျွမ်းသွားသည်။ သူ နတ်ဘုရားသစ်ရွက်ကို အပြင်ထုတ်မထားခဲ့မိသည့်အတွက် နောင်တရလာသည်။ မဟုတ်လျှင် သူ ဤမျှ ရုပ်ခန္ဓာနာကျင်မှုကို ခံစားနေရမည် မဟုတ်သလို ချက်ချင်းလည်း ပြန်ကောင်းနိုင်မည်ဖြစ်သည်။
ဤလောကထဲတွင် နောင်တတရားအတွက် ဆေးမရှိပါ။ အချိန်ပြောင်းပြန် စည်းမျဉ်းတော့ရှိ၏။ သို့သော် ကျန်းရီသည် အချိန်ကို မည်သို့ နောက်ပြန်လှည့်ရမည်ကို မသိပေ။ သူ သိလျှင်ပင် အချိန်အများကြီး နောက်ပြန်လှည့်နိုင်လိမ့်မည် မဟုတ်ချေ။ ချီလင်းဧကရီက အချိန်ကို နောက်ပြန်လှည့်နိုင်ကြောင်း ကောင်းကင်ဘုံတွင် ကျန်းရီ ကြားခဲ့ဖူးသည်။ သို့သော် သူမပင် အချိန်ငါးမိနစ်သာ နောက်ပြန်လှည့်နိုင်ပေသည်။
ဂျိန်း...
ကျန်းရီ နောက်တစ်ကြိမ် လျှပ်စီးတန်း ထိမှန်ခံလိုက်ရပြန်၏။ သူ မြေကြီးထဲမှ ပြန်မထွက်ခဲ့သဖြင့် ယခု မြေကြီးအောက် ပေထောင်ကျော်အနက်အထိ နစ်ဝင်နေပြီဖြစ်သည်။ သူ့ပတ်ပတ်လည်တွင်လည်း ဧရာမတွင်းကြီးတစ်တွင်း ဖြစ်နေ၏။ ကျန်းရီသည် တွင်းထဲတွင် အရှင်လတ်လတ် အမြှုပ်ခံထားရပေသည်။
ပြင်းထန်သော နာကျင်မှုက ကျန်းရီကို ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းမှ ထွက်လာစေ၏။ သူ နာကျင်လွန်းသဖြင့် လူးလိမ့်ရန်ပင် စွမ်းအင် မရှိတော့ပေ။ တဆတ်ဆတ်တုန်ယင်၍သာ နေရသည်။ သူသည် ကုန်းပေါ်ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ပင်။
‘ရေမဲ့လို့ သေရတော့မဲ့ ငါးတစ်ကောင်လား’
ကျန်းရီသည် ထိုသို့တွေးမိသောအခါ ရုတ်တရက်ကြီး အလွန်ရေဆာလာ၏။ သူသည် အစောကတည်းက ရေဆာနေသော်လည်း ယင်းကို အရေးမထားခဲ့ပေ။ သူ့တွင် ရေရှာရန် အချိန်မရှိသည် မဟုတ်ပါလား။
ယခုတွင်မူ ကျန်းရီ တောင့်မခံနိုင်တော့ပေ။ သူ သူ့ကိုယ်သူ ကုသလိုက်ပြီး မြေပြင်ထက်သို့ ပျံထွက်ကာ အနီးနားသို့ ပျံသန်းသွားလိုက်သည်။ မကြာခင်တွင် စမ်းချောင်းလေးတစ်စင်းကို ရှာတွေ့၏။ သူ စမ်းချောင်းစပ်သို့ ပျံဆင်းကာ ရေကို လက်ဖြင့်ကုပ်၍ သောက်လိုက်လေသည်။
‘မဟုတ်သေးဘူး...’
လက်ဆယ်ကုပ်ကျော်မျှ သောက်ပြီးနောက်တွင် ကျန်းရီ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွား၏။ အဘယ်ကြောင့် သူ ရေဆာခဲ့ရသနည်း။ သူ၏ရုပ်ခန္ဓာက မည်မျှ သန်မာပါသနည်း။ ထို့ပြင် သူသည် သူ့ကိုယ်သူ ကုသရန် ကောင်းကင်စွမ်းအားကို မပြတ်လှည့်ပတ်နေခဲ့သည်။ ကောင်းကင်စွမ်းအားကို လှည့်ပတ်နေလျှင် ပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲ အလိုလိုစုပ်ယူနိုင်ပေသည်။
ထိုကဲ့သို့ သန်မာသော ရုပ်ခန္ဓာနှင့်ဆိုလျှင် နှစ်အနည်းငယ်လောက် မစားမသောက်ဘဲ နေလျှင်ပင် ဗိုက်မဆာ၊ ရေမဆာသင့်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် ကျန်းရီ ရေဆာခဲ့ရသနည်း။
‘ရေ... ငါ့ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်လာတာပဲ။ လျှပ်စီးက ငါ့ခန္ဓာကိုယ်ထဲက ရေဓာတ်ကို စုပ်ယူသွားတာပဲ။ ငါ့ကို ရေဓာတ်ခမ်းခြောက် အားနည်းလာပြီး တဖြည်းဖြည်းနဲ့ သေသွားအောင် လုပ်တာပဲ’
နောက်ဆုံးတွင် ကျန်းရီသည် အလွန်အရေးပါသော မေးခွန်းတစ်ခု၏ အဖြေကို ရှာတွေ့သွားပေပြီ။ အဘယ်ကြောင့် လျှပ်စီးထဲတွင် ရေဓာတ်ပါရသနည်း။ ယခင်တွင် ရေဓာတ်က တိုက်ရိုက်တိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု သူ တွေးခဲ့၏။ လျှပ်စီးက သူ့ခန္ဓာကိုယ်ထဲမှ ရေဓာတ်ကို စုပ်ယူခြင်း ဖြစ်ရမည်ဟု သူ ထင်မထားခဲ့ပေ။
‘မြေဓာတ်ပဲ ကျန်တော့တယ်... အားတင်းထား’
ကျန်းရီသည် စမ်းချောင်းလေးထဲ ဆင်းသွားပြီး တင်ပျဉ်ခွေထိုင်ကာ နောက်ဆုံးမေးခွန်းကို စဉ်းစားလိုက်၏။ လျှပ်စီးတန်းက အဆခြောက်ဆယ်ကျော် ပိုအားကောင်းလာသည်။ တောင့်ခံနိုင်ရန်လည်း ခက်ခဲလာပေသည်။
ကျန်းရီ အမြန်အဖြေရှာရန် လိုအပ်၏။ မဟုတ်လျှင် သူ့ခန္ဓာကိုယ်က အပြင်းအထန် ထိခိုက်သွားပေလိမ့်မည်။
ဆယ့်ခြောက်နာရီကြာပြီးနောက် ကျန်းရီ၏ မျက်လုံးများက ရုတ်တရက် ပွင့်လာ၏။ ထို့နောက် သူ ဝမ်းသာအားရ ဟစ်အော်လိုက်လေ၏။
“လျှပ်စီးမှာ မြေဓာတ်ပါတာက မြေက လျှပ်စစ်စီးကူးနိုင်လို့ပဲ။ မြေဓာတ်က လျှပ်စီးကို ပိုမြန်မြန် သွားစေနိုင်တယ်။ သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေ... လျှပ်စီးထဲမှာ ဓာတ်ကြီးငါးပါးစလုံးပါတယ်”
နာရီခုနစ်ဆယ်ကျော် သုံးပြီးနောက်တွင် ကျန်းရီသည် မေးခွန်းအားလုံးကို အဖြေထုတ်နိုင်လိုက်ပေပြီ။ ကျန်းရီ အလွန်ဝမ်းသာနေသည်။ နောက်ဆုံးတွင် သူ့ခေါင်းထက်၌ ဝဲနေသော ဓားသွားကို ဖယ်ရှားနိုင်ပေတော့မည်။
‘တစ်ခုခုတော့ မှားနေတယ်...’
ရုတ်တရက် ကျန်းရီ၏ မျက်နှာပေါ်မှ အပြုံးက တည်သွား၏။ သူ့ရင်ထဲမှ အပျော်ကလည်း ခြေရာလက်ရာတစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွား၏။ သူ ပြဿနာတစ်ခုကို သိလိုက်ရသည်။ လျှပ်စီးထဲတွင် ဓာတ်ကြီးငါးပါး ပါရခြင်း အကြောင်းများကို သူ သိသွားသော်လည်း လျှပ်စီးအနှစ်သာရကို နားလည်သွားသည်ဟု မခံစားရသေးပေ။ သူက လျှပ်စီးအနှစ်သာရ၏ ကနဦးအဆင့်ကိုပင် နားမလည်သေးချေ။
တစ်နည်းဆိုရသော်...
သူ နာရီခုနစ်ဆယ်ကျော် အသုံးပြု၍ လျှပ်စီးထဲတွင် အဘယ်ကြောင့် ဓာတ်ကြီးငါးပါး ပါရကြောင်းကို အဖြေရှာနိုင်ခဲ့သော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ခေါင်းအထက်တွင် ဓားဝဲနေဆဲ ရှိသေးသည်။ နောက်နာရီနှစ်ဆယ်ကျော် ကြာပြီးလျှင် သူ လျှပ်စီးတန်းကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေတော့မည်။
***