သက်ရှိအားလုံး၏ အရင်းအမြစ်
Vol. 130 Ch. 1817
တာအိုပုံသဏ္ဌာန်တစ်ခုခု သို့မဟုတ် အနှစ်သာရတစ်ခုခု၏ ကနဦးအဆင့်ကို ရောက်သွားလျှင် ဉာဏ်တံခါးပွင့်သွားသလို ခံစားချက်တစ်မျိုးကို ခံစားလိုက်ရမည်ဖြစ်သည်။ ထိုတံခါးကိုဖြတ်၍ အထဲမှ လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားမည်ဆိုလျှင် အဆုံးကို ရောက်မည်ဖြစ်သည်။
ယခုတွင်မူ ကျန်းရီသည် ထိုကဲ့သို့သော ခံစားချက်မျိုးကို မခံစားရပေ။ ထို့ကြောင့် သူ ကြိုးစားခဲ့သော နာရီခုနစ်ဆယ်ကျော်က အသုံးမဝင်သလို ဖြစ်နေပေသည်။ သူ့မျက်ဝန်းများ အေးစက်လာသည်။ သူ၏ မည်းတူးနေသော မျက်နှာပေါ်တွင်လည်း အကြောက်တရားအနည်းငယ် ထွက်ပေါ်လာသည်။
‘ငါ လမ်းမှားသွားတာလား’
လျှပ်စီးတန်းများက ပို၍ ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ ကျန်းရီ၏ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ နတ်ဘုရားသစ်ရွက်မရှိပါက တစ်နာရီကြာကုသလျှင်ပင် သူ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရှေ့ဒဏ်ရာ မပျောက်ခင် နောက်ဒဏ်ရာ ဖြစ်လာရာ ဒဏ်ရာများမှာ ပို၍ ဆိုးဝါးလာပေသည်။ ဤအတိုင်းဆက်သွားလျှင် လျှပ်စီးတန်း အချက်တစ်ရာ မပြည့်ခင်မှာပင် သူ သေသွားလောက်ပေသည်။
နာရီခုနစ်ဆယ်ကျော်ကြာအောင် လမ်းမှားအတိုင်း လျှောက်ခဲ့မိသည်လော။ ကျန်းရီသည် သူ လမ်းမှားသွားလျှင် ချောက်နက်ထဲ ကျသွားမည်ဖြစ်ကြောင်း သိသည်။ တစ်ချက်မှားသွားရုံနှင့် ပြန်ကြိုးစားကာ လမ်းမှန်ကို ရှာရန် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
‘ငါ လက်လျှော့လို့ မဖြစ်ဘူး၊ လက်လျှော့လို့ မဖြစ်ဘူး။ ရေအေးကန်ထဲမှာ ရက်တစ်ရာကျော်လောက် နေခဲ့ရတာတောင် ငါ လက်မလျှော့ခဲ့ဘူး။ အခုမှ ဘယ်လိုလုပ် လက်လျှော့နိုင်မှာလဲ’
ကျန်းရီ၏ မျက်ဝန်းများက ပြတ်သားလာ၏။ လမ်းကြောင်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ အဆုံးအထိ တိုက်ခိုက်ရပေမည်။ သူ သေရမည်ဆိုလျှင်ပင် အကောင်းဆုံး ကြိုးစားပြီးမှ နောင်တမရှိဘဲ သေလိုပေသည်။
ကျန်းရီ ခေါင်းခါလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ဖိအားပေးလိုက်သည်။ မကြာခင်မှာပင် သူ့အတွေးက ဗလာဖြစ်သွားသည်။ သူ ဆက်၍ တင်ပျဉ်ခွေထိုင်ကာ သူ့ခန္ဓာကိုယ်ကို ကုသရင်း ဆက်လေ့လာလိုက်လေသည်။
ဂျိန်း...ဂျိန်း...ဂျိန်း...
လျှပ်စီးတန်းများက ကျန်းရီကို မြေကြီးထဲ အကြိမ်ကြိမ် နစ်ဝင်စေနေသည်။ အကြိမ်တိုင်း သူ့ဒဏ်ရာများက ပိုဆိုးလာသည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာမရှိသောနေရာဟူ၍ တစ်နေရာပင် မရှိတော့ပေ။
ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေကြောင့်သာ မဟုတ်လျှင် ကျန်းရီ ဆက်ပင် လေ့လာနိုင်တော့မည် မဟုတ်ပေ။ ပြင်းထန်သော နာကျင်မှုက သူ့စိတ်ဝိညာဉ်ကို စုတ်ပြဲထွက်တော့မလို ခံစားနေရစေမည်ဖြစ်သည်။ ထိုအခါ သူ ဆက်လေ့လာလိုစိတ်ပင် ရှိတော့မည် မဟုတ်ပါ။
ကျန်းရီသည် လျှပ်စီးတန်း ထိမှန်ခံရတိုင်း ချက်ချင်း အံကြိတ်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်လိုက်၏။ သူသည် အသားကင်ဖြစ်တော့မည့် သူ့ခန္ဓာကိုယ်ကို ဂရုမစိုက်တော့ပေ။ ကောင်းကင်စွမ်းအားက ခန္ဓာကိုယ်ထဲ ၎င်းဘာသာ လှည့်ပတ်ကာ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ကုသပေးနေသည်။ သူ၏စိတ်ဝိညာဉ်မှာတော့ လေ့လာခြင်းအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နေပေသည်။
ကျန်းရီ၏ ခန္ဓာကိုယ်ပြန်ကောင်းနှုန်းက အလွန်မြန်သည်။ သို့သော် လျှပ်စီးတန်းများ၏ ပြင်းအားက ပိုအားကောင်းလာနေ၍ သူ အပြည့်အဝ ပြန်မကောင်းနိုင် ဖြစ်နေရ၏။ လက်ရှိတွင် သူ့၏ ကြွက်သားတစ်ဝက်ကျော်လောက်မှာ ပျက်စီးနေပေပြီ။ သွေးကြောများစွာလည်း ပေါက်ပြဲနေသည်။ အကယ်၍ သွေးကြောအားလုံးသာ ပေါက်သွားလျှင် ကောင်းကင်စွမ်းအားက သူ့ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နိုင်တော့မည် မဟုတ်ချေ။ ထိုအခါ သူလည်း ပြန်မကောင်းနိုင်တော့ဘဲ သေရန် စောင့်နေရုံသာ ရှိပေလိမ့်မည်။
နှစ်နာရီ၊ လေးနာရီ၊ ဆယ်နာရီ...
ထိုအခိုက်တွင် ကျန်းရီက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်၏။ သူ့ခန္ဓာကိုယ်က မလှုပ်နိုင်သော်လည် သူ့မျက်ဝန်းများထဲတွင် မည်သည့်နာကျင်မှုအရိပ်အယောင်မှ ရှိမနေပေ။ ထိုအစား ဝမ်းသာအားရမှုနှင့်သာ ပြည့်နှက်နေလေသည်။
“ဟားဟားဟား...ဖူး...”
ကျန်းရီသည် အားတင်းကာ ရယ်လိုက်၏။ သို့သော် အဆုံးတွင် သူ သွေးအန်သွားပြီး သူ့မျက်နှာပေါ်တွင် သွေးများ ပေကုန်၏။ သူ့နှုတ်ခမ်းစွန်းက လှုပ်နေသော်လည်း သူ မပြုံးနိုင်ပေ။ သူ အလွန်နာကျင်နေသည်ဖြစ်ရာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပေသည်။
ကျန်းရီသည် သူ့ဒဏ်ရာများက ပြင်းထန်ကြောင်း သိထားပြီးဖြစ်သော်လည်း ခန္ဓာကိုယ်ကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် အတန်ငယ် တုန်လှုပ်သွားပေသေးသည်။ သူသာ နာရီအနည်းငယ် ထပ်ကြာပြီးမှ နိုးထလာလျှင် မည်သို့မှ ဆက်မတောင်ခံနိုင်တော့ဘဲ သေရန် စောင့်နေရုံသာ ရှိပေလိမ့်မည်။
“ဟူး... နောက်ဆုံးတော့ ငါ ကနဦးအဆင့်ကို ရောက်သွားပြီ။ ငါ့ရဲ့ အစလမ်းကြောင်းက မမှားဘူး။ ငါက နက်ရှိုင်းမှုအစစ်အမှန်ကို မသုံးသပ်ရသေးတာပဲ။ အခုတော့ လျှပ်စီးအနှစ်သာရဲ့ ကနဦးအဆင့်ကို ရောက်ပါပြီ။ ငါ ဒီအခက်အခဲကို ဖြတ်ကျော်နိုင်လောက်ပြီ မဟုတ်လား”
ကျန်းရီသည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး လေသံတိုးတိုးနှင့် ရေရွတ်လိုက်၏။ ထို့နောက် ဒဏ်ရာ စတင်ကုသလိုက်သည်။ သူက လျှပ်စီးအနှစ်သာရ၏ ကနဦးအဆင့်ကို သိမြင်နားလည်သွားပြီဖြစ်သော်လည်း နောက်လျှပ်စီးချက်တွင် ရှင်သန်နိုင်မည်၊ မနိုင်မည်ကို အတပ်မပြောနိုင်သေးပေ။
လျှပ်စီးကို အမှန်ပင် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေဆိုသော ဓာတ်ကြီးငါးပါးနှင့် ဖန်တီးထားခြင်းပင်။ တစ်နည်းဆိုရသော် ဓာတ်ကြီးငါးပါးမှာ လျှပ်စီးမှ ခွဲထွက်လာခြင်းဖြစ်ပေသည်။
ရေမှာ သက်ရှိအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ သို့သော် ထိုဆိုရိုးမှာ အမှန်တွင် မှားနေပါ၏။ လျှပ်စီးကသာ သက်ရှိအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရေဓာတ်မှာ လျှပ်စီးမှ ခွဲထွက်လာသော ဓာတ်ဖြစ်၍ပင်။
ကျန်းရီ၏ ခန့်မှန်းချက်သာ မှန်လျှင် ဤလောကတွင် မူလက မည်သည့်အရာမှ မရှိခဲ့နိုင်ပေ။ မည်သည့်ဘုံ၊ မည်သည့်သက်ရှိမှ မရှိခဲ့နိုင်။ ဗလာနတ္ထိတရားသာ ရှိခဲ့လောက်သည်။
သို့သော်...
ဟင်းလင်းပြင်ကြီးထဲ၌ ပထမဆုံး လျှပ်စီးတန်း ဖြစ်ပေါ်လာခဲ့သည်။ ထိုလျှပ်စီးတန်းက ဟင်းလင်းပြင်ကြီးကို ဖြတ်သန်း၍ မိုးနှင့်မြေဟူ၍ ခွဲထုတ်လိုက်သည်။ ထို့နောက် လျှပ်စီးတန်းမှာ ဤလောက၏ ဓာတ်ကြီးငါးပါးဖြစ်သော သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေတို့အဖြစ် ခွဲထွက်သွားခဲ့သည်။
ဓာတ်ကြီးငါးပါးမှာ အပြန်အလှန် အမှီသဟဲပြုကြသည်။ ရေက သစ်ကို ကြီးထွားစေသည်။ သစ်က မီးကိုပေးသည်။ မီးက မြေကို မွေးဖွားသည်။ မြေက သတ္တုကို ဖြစ်တည်စေသည်။ သတ္တုမှာ ရေကို ပြန်ပေးသည်။ ထို့ပြင် သတ္တုက သစ်ကိုနိုင်သည်၊ သစ်က မြေကိုနိုင်သည်၊ မြေက ရေကိုနိုင်သည်၊ ရေက မီးကိုနိုင်သည်၊ မီးက သတ္တုကိုနိုင်ပေသည်။
စက်ဝန်းတစ်ခု... ပျက်သုဉ်းပြီးနောက် ပြန်မွေးဖွားခြင်း၊ မွေးဖွားပြီးနောက် ပြန်ပျက်သုဉ်းခြင်း။
ထိုစက်ဝန်းက အဆုံးမဲ့ပင်။ မဟာတာအိုစက်ဝန်းမှာ ၎င်းဘာသာ အဖန်ဖန်ကြော့နေသည်။ သက်ရှိအားလုံး ဖြစ်တည်လာကာ ဆင့်ကဲပြောင်းလဲခဲ့သည်။ တဖြည်းဖြည်းနှင့် ရေစက်များ၊ မြေကြီး၊ သစ်ပင်များ၊ မီးတောက်များနှင့် သက်ရှိများက ဤလောကထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ ဆင်ကဲ့ပြောင်းလဲမှု နှစ်သန်းပေါင်းထောင်နှင့်ချီအောင် ကြာပြီးနောက်တွင်မူ လက်ရှိလောကကြီး ဖွားမြင်လာလေသည်။
သို့သော်...
၎င်းတို့အားလုံးမှာ ကျန်းရီ၏ ခန့်မှန်းချက်များသာ ဖြစ်ပါသည်။ ထိုခန့်မှန်းချက်များက မှန်မမှန်မှာ ကျဆင်းလာတော့မည့် လျှပ်စီးတန်းအပေါ်တွင် မူတည်နေသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးနေ၏။ မကြာခင်မှာပင် လျှပ်စီးတန်း ထပ်မံ ကျဆင်းမည့်အချိန် ကျရောက်လာသည်။ ကျန်းရီသည် ခန္ဓာကိုယ်က အပြည့်အဝ ပြန်မကောင်းသေးသော်လည်း ကောင်းကင်စွမ်းအား လှည့်ပတ်မှုကို ရပ်တန့်လိုက်၏။ သူသည် စုတ်ပြတ်နေသော ခန္ဓာကိုယ်နှင့် မြေကြီးထဲမှ ထွက်ကာ ကောင်းကင်ထက်သို့ တိုက်ရိုက် ပျံတက်သွားလိုက်၏။
ရွှစ်...
ကောင်းကင်ထဲတွင် လျှပ်ပြက်သွား၏။ ၎င်းနောက် လူခန္ဓာကိုယ်လောက် ကြီးသော လျှပ်စီးတန်းတစ်တန်းက ကောင်းကင်ကိုဖြတ်၍ ကျဆင်းလာသည်။ ကျန်းရီသည် ရှောင်လည်းမရှောင်သလို အောက်သို့ဆင်း၍လည်း မရပ်လိုက်ပေ။ သူ ကောင်းကင်ထဲတွင် မားမားမတ်မတ် ရပ်၍သာ လျှပ်စီးတန်းကို ငေးကြည့်နေသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။
“လာခဲ့စမ်း၊ လျှပ်စီး... ငါ မင်းရဲ့ သန့်စင်ပေးမှုကို ခံပါရစေ”
ဝုန်း...
လျှပ်စီးတန်းသည် ဧရာမနဂါးကြီးတစ်ကောင်အလား ကျန်းရီကို ပြင်းထန်စွာ ထိမှန်သွား၏။ လျှပ်စီးတန်းနှင့် ယှဉ်လျှင် ကျန်းရီက အလွန်သေးငယ်ကာ အားနည်းသည်။ ထို့ပြင် ကျန်းရီက ချက်ချင်း ပြာကျသွားလိမ့်မည်ဟုလည်း ထင်ရပေသည်။
သို့သော်...
ဤတစ်ကြိမ်တွင် အခြေအနေက လုံးဝကွဲပြား၏။ ကျန်းရီက ပြာမကျသွားသည့်အပြင် အောက်သို့လည်း လွင့်မထွက်သွားချေ။ သူ လေထဲတွင် ဆက်ရပ်နေနိုင်သည်။
ထို့နောက်တွင် ပို၍ အံ့အားသင့်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်လာသည်။
ကျန်းရီ၏ ခန္ဓာကိုယ်က တဖြည်းဖြည် စုတ်ပြဲလာ၏။ ၎င်းက ဖျက်ဆီးခံလိုက်ရသည်။ သို့သော် လျင်မြန်စွာ ပြန်ဖြစ်တည်လာပေသည်။ သူ့တစ်ကိုယ်လုံး တစ်ကြိမ် ပျက်စီးကာ လျင်မြန်စွာ ပြန်ဖြစ်တည်လာသည်။ နောက်ဆုံးတွင် ကျန်းရီ လေထဲတွင် အဝတ်မပါဘဲ ကိုယ်လုံးတီး ဖြစ်သွားသည်။ သူ့ကိုယ်ပေါ်တွင် ဒဏ်ရာအနာတရ တစ်ခုပင် မတွေ့ရတော့ချေ။
“ဟားဟားဟား...”
ခန္ဓာကိုယ်တွင် နာကျင်မှုတစ်ခုမှ ခံစားမနေရခြင်းက အလွန်သက်တောင့်သက်သာ ရှိပေသည်။ ကျန်းရီသည် သူ့ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့စွမ်းအင်များ ပြည့်နေသည်ဟု ခံစားလိုက်ရသဖြင့် ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ ကိုယ်လုံးတီးဖြစ်နေသော်လည်း စိတ်မရှိပါ။ သူ့ရယ်သံက ကီလိုမီတာငါးထောင်ပတ်လည်အတွင်း ပဲ့တင်ထပ်သွားသည်။
“ထင်ထားသလိုပဲ... ငါ့ခန့်မှန်းချက်က အကျိုးအကြောင်း ဆီလျော်တယ်။ လျှပ်စီးဆိုတာ အဖျက်ဓာတ် မဟုတ်ဘူး၊ သက်ရှိအားလုံးရဲ့ အရင်းအမြစ်ပဲ။ အဲ့ဒါက ဒီလောကကြီးရဲ့ အရင်းအမြစ်ပဲ။ လျှပ်စီးက ဒီလောကကို ဖန်တီးခဲ့တာ။ ဟားဟားဟား”
***
ဟီး...ဟီး...
ကျန်းရီ လျှပ်စီးတန်း ထိမှန်သွားသည့်အခိုက်တွင် ကောင်းကင်မိစ္ဆာဘုံထဲတွင် လေပြင်းများ တဟီးဟီး တိုက်ခတ်လာသည်။ ကျယ်ပြောသော အရှိန်အဝါတစ်ခုကလည်း ကောင်းကင်မိစ္ဆာဘုံတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။
ကောင်းကင်မိစ္ဆာဘုံထဲရှိ မိုးမြေဝိညာဉ်စွမ်းအင်များက နတ်ဆိုးချောက်နက်ဆီသို့ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ရွေ့လျားသွားကြသည်။ ၎င်းနောက်တွင် ကောင်းကင်မိစ္ဆာဘုံ၏ ကောင်းကင်ထဲရှိ မရေမတွက်နိုင်သော တိမ်လုံးကြီးများ ထွက်ပေါ်လာသည်။ ထိုတိမ်လုံးများမှာလည်း နတ်ဆိုးချောက်နက်ဆီသို့ လျင်မြန်စွာ ရွေ့လျားသွားကြလေသည်။
နတ်ဆိုးချောက်နက် အထက်တွင် အဆက်မပြတ် ပေါက်ကွဲမှုများ ဖြစ်ပွားနေ၏။ ကျယ်လောင်သော မိုးချုန်းသံများကိုလည်း ကောင်းကင်ဂဠုန်နယ်မြေမှနေ၍ပင် ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။ လက်မောင်းလုံးလောက် ကြီးပြီး အရောင်ကိုးရောင်ပါသော လျှပ်စီးတန်းတစ်တန်းက တိမ်လုံကြီးများနေ၍ ဖြစ်တည်လာသည်။ ၎င်းလျှပ်စီးတန်းသည် တရှီးရှီး မြည်သံပေးကာ နတ်ဆိုးချောက်နက်ထဲ ကျဆင်းသွားလေသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိုးမြေမူမမှန်မှုကို မကြားခဲ့။ မမြင်ခဲ့ဖူးပေ။ ထို့ကြောင့် ကောင်းကင်မိစ္ဆာဘုံတစ်ခွင်လုံး အုတ်အော်သောင်းနင်း ဖြစ်သွားပေသည်။