ဒီနေ့ကိုစောင့်နေတာကြာခဲ့ပြီ
Vol. 81 Ch. 1129
အခန်း (၁၁၂၉) ဒီနေ့ကိုစောင့်နေတာကြာခဲ့ပြီ
လေမိုးကြိုးအိမ်တော်မှ ထွက်ခွာလာပြီးနောက် ရန်ကျောက်ကဲ ခွန်လွန်တောင်ဆီသို့ ဦးတည်ခဲ့သည်။
သူက အရင်ဆုံး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏နယ်မြေဖြစ်သော နတ်ဘုရားအနားယူတောင်ကြားသို့ သွားရောက်ခဲ့သည်။
အံ့သြစရာ မရှိပေ။ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲသည်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ချူးလီလီပေးလိုက်သော ကျောက်စိမ်းပြားလေးကို ဤအတိုင်း သိမ်းထားရုံသာ တတ်နိုင်ခဲ့သည်။
နတ်ဘုရားအနားယူတောင်ကြားမှ ထွက်ခွာလာပြီးနောက် မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင် ဆီသို့ ဦးတည်လာခဲ့ပြီး ဝမ်ဖူနှင့်အခြားသူများကို ဝင်ရောက်နှုတ်ဆက်လိုက်သည်။
ချိုးကျားဟိုင်ကတော့ ရန်ကျောက်ကဲအကူအညီတောင်းထားသဖြင့် ထျန်းကျိခန်းမ တည်ဆောက်ပေးနေရသည်ဖြစ်ရာ တောင်ပေါ်တွင် မရှိပေ။
ချိုးကျားဟိုင်နှင့်အတူ ရှောင်အိုက် လိုက်ပါသွားခဲ့သည်။
ဟုတ်ပေသည်။
ရှောင်အိုက်က ရန်ကျောက်ကဲ၏ ထျန်းကျိခန်းမ ကိစ္စရပ်များကို အထွေထွေ စီမံခန့်ခွဲရမည့်ပုဂ္ဂိုလ် ဖြစ်သည်။
သူမက ချောမောသောယောကျ်ားလေးများကို သဘောကျသူဖြစ်သော်လည်း ငွေကြေးဥစ္စာ ရတနာပစ္စည်းမျာကို မက်မောသူဖြစ်သလို တစ်ချိန်က ရွှယ်ချူးချင်နှင့် ကမ္ဘာတစ်လွှား လှည့်ပတ်သွားလာဖူးသဖြင့် အတွေ့အကြုံလည်းများသည်။
အနည်းငယ် တုံးအသလိုရှိသော်လည်း ကျင့်ကြံခြင်းတွင် အလွန်ပါရမီထူးသူ ဖြစ်၏။
သူမကိုစောင့်ကြည့်ရန် ချိုးကျားဟိုင်လည်း ရှိနေသည်ဖြစ်ရာ မည်သည့်အမှားအယွင်မှ မရှိနိုင်ပေ။
လုပ်ငန်းစတင်ချိန်တွင် ခပ်ချောချောလေးများကိုတွေ့သဖြင့် ရှောင်အိုက်က စျေးလျှော့ပေးလိုသည်ဆိုလျှင်လည်း ရန်ကျောက်ကဲက မသိချင်ယောင်ဆောင်နေမည် ဖြစ်၏။
“အချောအလှေကောင်လေးတွေနောက် ကောက်ကောက်ပါသွားပြီး ထောင်ချောက်ထဲမကျသွားသရွေ့ အဆင်ပြေပါတယ်”
ရန်ကျောက်ကဲ တွေးလိုက်သည်။
ဤကဲ့သို့ ရတနာပစ်စည်းများကို စီမံခန့်ခွဲခြင်းက ငွေကြေးနှင့် ရတနာပစ္စည်းများကိုတွေ့မြင်တိုင်း မျက်လုံးများ ဝင်းဝင်းတောက်လာသည့် ရှောင်အိုက်အတွက် အလွန်သင့်တော်သည့် အလုပ်တစ်ခုပင်။
သူမက ပိုင်ရှင်မဟုတ်သော်လည်း ဤလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ရုံမျှဖြင့် သူမအတွက် ကြီးမားသောပြီးပြည့်စုံမှု ရရှိနေပြီ ဖြစ်၏။
သို့သော် ရတနာပစ္စည်းရောင်းချသည့်အလုပ်ကို ရှောင်အိုက်တာဝန်ယူလိုက်ရသဖြင့် သူမက ရန်ကျောက်ကဲထံ အစေခံအနေဖြင့် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲအနား မရှိနိုင်တော့သဖြင့် သူမက အနည်းငယ် ဝမ်းနည်းနေသေးသည်။ အစေခံအဆင့်မှ ကြီးကြပ်ရေးမှူးအဆင့် ရာထူးတက်သွားသည်ကို ရှောင်အိုက်က နားလည်ခြင်း မရှိသေးပေ။
ဝမ်ဖူက ...
“မင်း ရှာခိုင်းထားတဲ့ပစ္စည်းအများစုကို နဂါးလိပ်ပြာတောင်ကြားကို ပို့ပေးပြီးပြီ ၊ တချို့က အရေအတွက် တော်တော်နည်းသေးတယ် ၊ နောက်တစ်သုတ်ကို တတ်နိုင်သမျှ မြန်မြန်ပို့ပေးပါ့မယ်”
ရန်ကျောက်ကဲက ဝမ်ဖူကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“ဒါက တကယ့်ကို အံ့သြစရာပဲ ၊ ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းတူအစ်ကို ‘ဝမ်’ “
ထို့နောက် ရန်ကျောက်ကဲက သူ၏အတွေ့အကြုံများကို ဝမ်ဖူအား အကျဉ်းချုံ့ရှင်းပြလိုက်သည်။ ပြောရန် အဆင်မပြေသည့်ကိစ္စရပ်များကိုတော့ ချန်လှပ်ထားခဲ့သည်။
ဝမ်ဖူက...
“ငါတို့တွေ ပိုးသားဧကရာဇ်ရဲ့ အခြေအနေကို အနီးကပ် အာရုံစိုက်သင့်တယ်”
အဖြူရောင်ပိုးသားဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်ကြား ယှဉ်ပြိုင်မှုတွင် ဝမ်ဖူက လျိုကျန်းကူနှင့် တူညီသောအမြင် ရှိခဲ့သည်။
သို့သော် အနက်ရောင်ပိုးသားဧကရာဇ်က မန်ဝမ်နှင့် ဖုထင်ကို သတ်ဖြတ်မည်ဆိုသည့်စကား ရန်ကျောက်ကဲထံမှ ကြားသိရပြီးနောက် သူက အဖြူရောင်ပိုးသားဧကရာဇ်ဘက်သို့ ရပ်တည်ချက် ပြောင်းသွားခဲ့သည်။
လောလောဆယ်မှာတော့ သူတို့နှစ်ယောက်လုံး ဘယ်ဆီရောက်နေမှန်းမသိလေရာ သူတို့အနေဖြင့် စောင့်ကြည့်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။
ဝမ်ဖူက ခဏမျှစဉ်းစားပြီးနောက်...
“မင်းက အဖြူရောင်နဲ့အနက်ရောင်ပိုးသားဧကရာဇ်ရဲ့ အကျင့်စရိုက်တွေကို မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်နိုင်တယ်ဆိုတော့ သတိထားရမယ့် ကိစ္စတစ်ခု ရှိတယ်”
သူက ဆက်ပြောသည်။
“အနက်ရောင်ပိုးသားဧကရာဇ်က အရှေ့ဘက်ကို တိုက်ခိုက်ဟန်ပြပြီး အနောက်ဘက်ကို အကွက်ရွှေ့သွားနိုင်တယ် ၊ စစ်ထိုက်ရှန်းထျန်းအလံကိုအသုံးချပြီး အဖြူရောင်ပိုးသားဧကရာဇ်ရဲ့ စိတ်အာရုံကိုဆွဲဆောင်မယ် ၊ ပြီးရင် သူက တခြားနေရာတစ်ခုကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်မယ် ၊ အဲဒီလိုလုပ်နိုင်တယ်လေ”
ဝမ်ဖူ မည်သို့စဉ်းစားသည်ကို ရန်ကျောက်ကဲ နားလည်သည်။
အနက်ရောင်ပိုးသားဧကရာဇ်က အဖြူရောင်ပိုးသားဧကရာဇ်ကို လှည့်ဖြားပြီး အထက်ဘုံကမ္ဘာသို့ပြန်လာကာ ဖုထင် ၊ ဝမ်ဖူနှင့် ထိုက်ယိဟွာတိမ်တိုက်ပိုင်ဆိုင်ထားသော ရန်တိတို့ကို အလစ်ချောင်း ဝင်ရောက်တိုက်ခိုက်နိုင်သည်။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို’ဝမ်’”
သူက ဆက်ပြောသည်။
“ငါလည်း ဖြစ်နိုင်ခြေတွေကို အဖေနဲ့ ဆွေးနွေးခဲ့သေးတယ် ၊ ဒီလိုဖြစ်နိုင်ခြေက နည်းပါးတယ်ဆိုပေမယ့် သတိထားရမှာတော့ အမှန်ပဲ”
လက်ရှိအခြေအနေအရ အဖြူရောင်ပိုးသားဧကရာဇ်ပဲဖြစ်ဖြစ် ၊ အနက်ရောင်ပိုးသားဧကရာဇ်ပဲဖြစ်ဖြစ် ကျင့်ကြံခြင်းရှေ့ဆက်လိုသည်ဆိုပါက တစ်ယောက်ကို အရင်ဆုံး ဖယ်ရှားပစ်ရမည် ဖြစ်သည်။
ဤသည်က အခြားအရာများ မပြုလုပ်မီ ပြေလည်အောင်ဖြေရှင်းရမည့် အခြေခံအချက်လည်း ဖြစ်သည်။
သူတို့နှစ်ယောက်ကြား ယှဉ်ပြိုင်မှုတွင် အမတမှော်ဝင်ပစ္စည်းဖြစ်သော ‘စစ်ထိုက်ရှန်းထျန်းအလံ’ က အလွန်တရာအရေးပါသည်။
အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် စစ်ထိုက်ရှန်းထျန်းအလံကို စွန့်လွှတ်ပြီး အခြားကိစ္စများကိုင်တွယ်ရန် အထက်ဘုံကမ္ဘာသို့ ပြန်လာမည်ဆိုပါက သူ့အနေဖြင့် အလွန်တရာ အန္တရယ်များလှ၏။
သို့သော် အကျိုးအမြတ် တွက်ချက်ကြည့်မည်ဆိုလျှင် ဖြစ်နိုင်ခြေရှိသည်ဟု ကောက်ချက်ချရပေမည်။
အဖြူရောင်ပိုးသားဧကရာဇ်လက်ထဲ စစ်ထိုက်ရှန်းထျန်းအလံ ရောက်ရှိသွားသည့်တိုင် အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် အဖြူရောင်ပိုးသားဧကရာဇ်ကို တစ်ယောက်တည်းရင်ဆိုင်ရန် မလိုအပ်ပေ။
ဤသို့သောယှဉ်ပြိုင်မှုက တန်ခိုးစွမ်းအားနှင့် သိုင်းပညာအပေါ် မူတည်ခြင်းမရှိဘဲ နောက်ဆုံး မည်သူအနိုင်ရသည်လဲဆိုသည့်အပေါ်သာ မူတည်သည်။
ဝမ်ဖူက...
“ဆရာပြန်လာရင်တော့ အနက်ရောင်ပိုးသားဧကရာဇ် ဒီလိုစွန့်စားရဲမှာမဟုတ်ဘူး ၊ ဆရာဦးလေး’ရန်’ ကို ပြဿနာရှာမယ်ဆိုလို့ကတော့ ဆရာက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“သူ ဆရာဦးလေး’ရန်’ ကို ပြဿနာရှာချင်တယ်ဆိုရင်တော့ ဧကရာဇ်အဆင့်ရောက်အောင် အမြန်ဆုံးအဆင့်တက်နိုင်ဖို့ ကြိုးစားရလိမ့်မယ် ၊ ဒါမှ ဆရာ့ရဲ့အမျက်ဒေါသကို ခံနိုင်ရည်ရှိမှာ ၊ ဒီတော့ အရှုံးအမြတ်တွက်တာကို ပေါ့ပေါ့တန်တန် လုပ်လို့တော့ မရဘူး”
သို့သော် ကျန့်ဟွမ်ဓားဧကရာဇ် အထက်ဘုံကမ္ဘာသို့ မည်သည့်အချိန် ပြန်လာမည်ကို ဝမ်ဖူလည်း မသေချာပေ။
“ဆရာပြန်မလာသေးရင်တော့... အနက်ရောင်ပိုးသားဧကရာဇ်က ဒီလိုစွန့်စားမှုမျိုးကို လုပ်ကောင်းလုပ်နိုင်မယ်ထင်တယ်”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ကြည့်ရတာ... အနက်ရောင်ပိုးသားဧကရာဇ်က ဆရာဦးလေး’ယွဲ့’ ကိုရင်ဆိုင်ဖို့ တခြားသူတွေဆီက အကူအညီကို ကြိုတင်ချိတ်ဆက်ထားတာမျိုး ဖြစ်နိုင်တယ် ၊ သူတစ်ယောက်တည်းဆိုရင်တော့ ဒီလိုစွန့်စားတာက အောင်မြင်ဖို့အခွင့်အရေး နည်းလွန်းတယ်”
ထိုစကားကြားတော့ ဝမ်ဖူကလည်း ပြုံးလိုက်သည်။
သိုင်းသူတော်စင် နဝမအဆင့်မှာပင် သာမန်မဟုတ်သော နျဲ့ကျင်းရှန်က လူသားအထွတ်ထိပ်အဆင့်တက်လှမ်းရာတွင်လည်း သာမန် မဟုတ်ပေ။
ခုခံခြင်းထက် တိုက်ခိုက်ခြင်းကိုအားသန်သော ဓားသိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် နျဲ့ကျင်းရှန်က အစစ်အမှန် နတ်ဘုရားများကို ချန်ချန်းဟွာကဲ့သို့ တွန်းလှန်နိုင်စွမ်းရှိမည် မဟုတ်သော်လည်း အနက်ရောင်ပိုးသားဧကရာဇ်၏ ဖိအားများကိုတော့ လျော့ကျသွားစေသည်။
ထို့ပြင် ကျန့်ဟွမ်ဓားဧကရာဇ်ကလည်း အထက်ဘုံကမ္ဘာတွင် အမတမှော်ဝင်ပစ္စည်းတစ်ခု ချန်ထားခဲ့သည်။
ဝမ်ဖူ အခြားကိစ္စရပ်များကို ဆွေးနွေးပြောဆိုပြီးနောက် ရန်ကျောက်ကဲ ကျောက်စိမ်းကျောင်ဆောင်မှ ထွက်ခွာကာ နဂါးလိပ်ပြာတောင်ကြားသို့ ထွက်လာခဲ့သည်။
ထိုနေရာတွင် ဝမ်ဖူနှင့် ကျောက်စိမ်းကျောက်ဆောင်မှ အခြားသောသိုင်းကျင့်ကြံသူများစွာ၏ အကူအညီဖြင့် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီ ဖြစ်သည်။
ထိုနေရာတွင် အားဟူလည်းရှိနေပြီး ရန်ကျောက်ကဲ ရောက်လာသည်ကိုတွေ့တော့ ဝမ်းသာအားရပြုံးလိုက်ရင်း...
“နောက်ဆုံးတော့ ပြန်လာပြီပေါ့ သခင်လေး”
ရန်ကျောက်ကဲက...
“တကယ့်ကို ဒုက္ခများတဲ့ အချိန်တွေပဲကွာ”
ထို့နောက် ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...
“ဒါပေမဲ့ နောက်ဆုံးတော့ အရာအားလုံး ပြေလည်သွားခဲ့ပါတယ် ၊ ငါ စီစဉ်ထားတဲ့အရာတွေကိုလည်း လုပ်နိုင်ခဲ့တယ်”
သူက နဂါးလိပ်ပြာတောင်ကြား အလယ်ဗဟိုတွင်မတ်တတ်ရပ်နေပြီး ထိုနေရာ၏ ဝိညာဉ်စွမ်းအား အပြောင်းအလဲများကို အာရုံခံရင်း နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်သည်။
ထို့နောက် သူက ခြေတစ်ချက်ဆောင့်နင်းလိုက်ရာ တောင်ကြားတစ်ခုလုံး တုန်ခါသွားလေသည်။
အလင်းတန်းများ တောက်ပစွာထွက်ပေါ်လာပြီး အဝေးတစ်နေရာအထိ လွင့်ပျံသွားကာ ကြီးမားသော အစီအရင်ကြီးတ်စခုက တောင်ကြားတစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။
အလင်းတန်းများ တဖြည်းဖြည်း ပြန်လည်မှေးမှိန်သွားပြီး အပြင်ဘက်မှ မတွေ့မြင်ရသည့်တိုင် တောင်ကြားထဲတွင်တော့ အစီအရင်၏ သဲလွန်စများ ထင်ကျန်ရစ်ခဲ့သည်။
တောင်ကြားအတွင်းရှိ မြေပြင်သွေးကြောလှုပ်ခါသွားပြီး ဝိညာဉ်စွမ်းအားစီးကြောင်းများက စမ်းချောင်းများပမာ စီးဆင်းထွက်ပေါ်လာသည်။
အားဟူက ရန်ကျောက်ကဲ ညွှန်ကြားထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်လိုက်သည်။
“ထစမ်း...”
သူ၏အမိန့်ပေးသံ အဆုံးသတ်သွားသည်နှင့် မီးပြင်းဖိုကြီးများ တစ်ခုပြီးတစ်ခု ကောင်းကင်ထက်သို့ မြင့်တက်လာပြီး ဝိညာဉ်စွမ်းအားစီးကြောင်းများထက်သို့ ရောက်ရှိသွားသည်။
စုစုပေါင်း မီးပြင်းဖို (၉)လုံးတိတိရှိသည်။
မီးပြင်းဖိုများ၏အဖုံးများတပြိုင်တည်းပွင့်သွားပြီး အတွင်းထဲတွင် လောင်စာမီးများ အလိုအလျောက် တောင်လောင်လာ၏။
မြေပြင်သွေးကြောမှထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားများက လောင်စာအဖြစ် မီးပြင်းဖိုများအတွင်းသို့ ဦးတည်ဝင်ရောက်သွားသည်။
မီးပြင်းဖို (၉)လုံးက အဆက်မပြတ် လှုပ်ရှားသွားပြီး ပတ်ဝန်းကျင်မိုးမြေမှ ချီစွမ်းအားများသာမက ရန်ကျောက်ကဲပြုလုပ်ထားသည့် အစီအရင်စွမ်းအားနှင့်ပါ ပေါင်းစပ်သွားသည်။
နဂါးလိပ်ပြာတောင်ကြားကို ဗဟိုပြုပြီး ခွန်လွန်တောင်၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုတွင် သိမ်မွေ့သောအပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားသည်။
မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ ကျေတပ်စွာ ခေါင်းညိတ်လိုက်သည်။
“သိပ်ကောင်းတယ်”
အားဟူက ရိုးရှင်းသည့်လေသံဖြင့်...
“ဘယ်ပစ္စည်းအရင်စလုပ်ရမလဲ သခင်လေး”
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားရင်း...
“ရွှေခန္ဓာမိုးကြိုး လုပ်ရင်ကောင်းမလား ၊ လေမိုးကြိုးအိမ်တော်က ဝီရိယရှိရှိနဲ့ ငါ့ကိုကူညီပေးထားတာ ၊ သူတို့ ပိုပြီးကြိုးစားလာအောင် ၊ ပိုပြီးလိုချင်စိတ်ဖြစ်လာအောင် ဆုချလိုက်သင့်သလား”
ထို့နောက် ရန်ကျောက်ကဲက လက်ညှိုးတစ်ချောင်းထောင်လိုက်ရင်း...
“နေဦး... ရွှေခန္ဓာမိုးကြိုးကို ဒုတိယလုပ်ရမယ် ၊ ငါတို့ တခြားပစ္စည်းတစ်ခု လုပ်ရအောင်”
သူက ဆက်ပြောလိုက်သည်။
“အဲဒါက ငါတို့အတွက် ပိုပြီးအကျိုးရှိစေမယ့်အရာတစ်ခုပဲ ၊ ငါ ဒီနေ့ကို စောင့်နေတာ ကြာခဲ့ပြီ”