တိုက်ပွဲအဆုံးသတ်
Vol. 8 Ch. 106
“အထွတ်အထိပ် သေမျိုး နတ်ဘုရားတွေက ကျွန်တော်တို့ကို ဝန်းရံထားပြီ အဖေ...”
ယုဟိုင်ချန်းက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။ သူ၏ လေသံက အမုန်းတရား၊ ဒေါသ၊ ခံပြင်းမှုတို့နှင့် ပြည့်နှက်နေသည်။
ယုဟိုင်ရန်က သက်ပြင်းချလိုက်၏။ သူတို့သည် ဤမြို့လေးကို အချိန်ယူကာ တည်ဆောက်ခဲ့ရသည်။ သို့သော်လည်း နောက်ဆုံး၌ သေဆုံးခြင်းတို့နှင့်သာ ကြုံတွေ့ရသည်။
“အစီအရင်ကို အသက်သွင်းလိုက်တော့... ငါတို့ ပြန်ပြီး တိုက်ခိုက်ကြမယ်”
သူ၏ လေသံက အေးစက်ကာ ဒေါသတရား၏ တောက်လောင်မှုတို့ကို သယ်ဆောင်သွားခဲ့သည်။
“အမိန့်အတိုင်းပါ...”
သေမျိုး နတ်ဘုရား ခြောက်ယောက်က ခေါင်းညိတ် လိုက်ကြလေသည်။
...
ထိုအချိန် အပြင်ဘက်၌ ဝေ့ဝူယင်နှင့် အခြားလူများမှာ မျက်မှောင်ကြုတ်ကာ အခြေအနေကို အကဲခတ် နေကြသည်။
“ခုချိန်ထိ ချီအစီအရင် တစ်ခုကိုမှ အာရုံမခံမိသေးဘူး... သူတို့မှာ ဘာလှည့်ကွက်တွေ ရှိနေသေးတာလဲ”
ထိုအတွေးက ဝေ့ဝူယင်တွင်သာမက အခြားလူများကိုပါ ကြီးစိုးနေခဲ့ခြင်း ဖြစ်သည်။ မည်မျှပင် ကျဆင်းနေသည် ဆိုစေ ယုဟိုင်မျိုးနွယ်မှာ ချီပျစ်ခဲခြင်း အဆင့်ထက် ကျော်လွန်သော တန်ခိုးရှင် တစ်ယောက်ကို ပိုင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် သူတို့ထံမှ မမျှော်လင့်သော တိုက်ခိုက်မှုများ ထွက်ပေါ်လာနိုင်သည်။
ဝေ့ဝူယင်တို့ သတိအနေအထား ဖြစ်နေကြချိန်မှာပင်...
“မင်းတို့ အားလုံး သေရမယ်...”
ယုဟိုင်ရန်၏ အသံက မိုးခြိမ်းသံ ကဲ့သို့ မိုးကောင်းကင်ကို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ကျူးကျော်သူများစွာမှာ တုန်လှုပ်သွားကြကာ မိုးကောင်းကင်ကို လှမ်းကြည့်မိလိုက်ကြလေသည်။
ရုတ်တရက် သဘာဝလွန် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာ၏။ လောကတွင် ထွန်းလင်းနေသည့် နွေးထွေးသော နေအလင်းမှာ မှေးမှိန်ကာ ပျောက်ကွယ်သွားသည်။ အစိမ်းပုပ်ရောင်နှင့် သွေးရောင် အလင်းများမှာ နေရာအနှံ့ ဖြန့်ကျက်လာ၏။ တစ်ခဏအတွင်းမှာပင် မြို့ငယ်လေးမှာ နေ့ခင်းကြောင်တောင်မှ ညအမှောင်သို့ ပြောင်းလဲ သွားလေတော့သည်။
ထိုအရာကို ဆန်းစစ်ရင်း သူတို့၏ အသက်ရှူသံများက ပို၍ လေးလံလာသည်။
“ဘာတွေဖြစ်နေတာလဲ...”
ပုံမှန် နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် သဘာဝလွန် ဖြစ်စဥ်ကို ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားမှာ ခုန်ပေါက်လာသည်။
မေ့ယန်၏ အမူအရာမှာလည်း မည်းမှောင်နေသည်။
"ကောင်းကင်မှာ အစီအရင် တစ်ခု ရှိနေတယ်”
ထိုအရာကို သူမ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ သူမ၏ မျက်လုံးများသည် တဖျပ်ဖျပ် တောက်ပလာ၏။ သူမ၏ ခန္ဓာကိုယ် ပတ်လည်၌ နေရောင်မှ ဖြစ်တည်လာသည့် မီးတောက် တစ်ခုက ကြွမ်းလောင် လာသည်။ တစ်ခဏ အတွင်းမှာပင် သူမသည် နေအသေးစား တစ်စင်းနှယ် ပြောင်းလဲ သွားခဲ့လေ၏။
နေကျီးကန်းမီး ကျင့်စဥ်... နေကို အခြားလောကသို့ ပို့လွှတ်ခြင်း...
ထိုအရာကား သူမ ပိုင်ဆိုင်ထားသည့် အစွမ်း အထက်ဆုံးသော လှုပ်ရှားမှု ကျင့်စဥ် ဖြစ်ပေသည်။ မေ့ယန်ကား မိမိကိုယ်ကို ထိခိုက်စေနိုင်သည့် ကျင့်စဥ် တစ်ခုကို ထုတ်သုံးဝံ့သည် အထိ ဆုံးဖြတ်ချက် ပြတ်သားခဲ့လေသည်။ ချက်ချင်းပင် သူမသည် နေတစ်စင်းအလား အဝေးသို့ ပြေးထွက်သွား၏။ နေသွေးနီနီဂိုဏ်းသားများကို လှည့်ပင် မကြည့်ခဲ့ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် မေ့ယန် ချိုင့်ဝှမ်း အပြင်ဘက် ရောက်သွားသည်ကို ဝေ့ဝူယင် တွေ့မြင်လိုက်ရ၏။ တဖန် သူ ကောင်းကင်ကို မော့ကြည့်လိုက်ပြန်သည်။ အစီအရင်သည် မိုင်ရာဂဏန်းခန့်ကိုပင် လွှမ်းခြုံထားပုံ ပေါ်သည်။ ဝေ့ဝူယင် ထွက်ပြေးခြင်း မပြုရန် ဆုံးဖြတ်လိုက်၏။ သူ ဒြပ်စင်ချီ၊ ဆေဘာချီနှင့် နဂါးချီတို့ဖြင့် အလွှာသုံးလွှာ ဖန်တီး၍ ခန္ဓာကိုယ်ကို ကာကွယ်လိုက်၏။
တစ်ဆက်တည်းပင် သူ “ဒြပ်စင်” ကို ဆင့်ခေါ်ကာ ညာဘက်လက်ဖြင့် တင်းတင်ကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ကောင်းကင်ထက်ရှိ အစီအရင် မည်မျှစွမ်းသည်ကို ကြည့်ရှုရန် သူ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
တုန်းဖာနှင့် ကျန့်တိုင်ယုတို့မှာ မေ့ယန် ထွက်ပြေးသွားသည်ကို မြင်သည်နှင့် ချက်ချင်းပင် လှုပ်ရှားလိုက်ကြ၏။ သူတို့သည် အစီအရင်၏၏ အာရုံကို ခွဲဖြာရန် အတွက် တစ်ယောက်နှင့် တစ်ယောက် ဆန့်ကျင်ဘက် အရပ်များကို ပြေးလွှားလိုက်ကြသည်။
သို့သော်လည်း...
ဝှစ်...
ထိုအသံက ကျောက်ဆောင်ကို ထိရိုက်သည့် လှိုင်းခတ်သံ လိုလို၊ မိုးခြိမ်းသံ ဖျော့ဖျော့လိုလိုပင်။ တိုးညှင်းသည့်တိုင် ကြောက်မက်ဖွယ် အာရုံကို ဆောင်ကျဥ်းလာ၏။
ကောင်းကင်မှနေ၍ လှိုင်းတစ်ခုမှာ လျှင်မြန်စွာ ဖြာကျလာကာ ပစ်မှတ်လေးခုကို ဦးတည်လိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းတို့မှာ ကျန့်တိုင်ယု၊ ဝေ့ဝူယင်၊ တုန်းဖာနှင့် မေ့ယန်တို့၏ အရှေ့သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
မေ့ယန်၏ မျက်လုံးတွင် ကြောက်လန့်မှုများ ဖြစ်ပေါ်လာ၏။ ချက်ချင်းပင် အကာအကွယ်လွှာ အထပ်ထပ်မှာ သူမ၏ ခန္ဓာကိုယ် ပတ်လည်၌ ဖြစ်ပေါ်လာ၏။
ဘုန်း...
သို့သော်လည်း လှိုင်း၏ ရိုက်ခတ်မှု၌ ကိုအကာအကွယ်လွှာ အားလုံးမှာ ချက်ချင်း ပျက်စီးသွားသည်။ အဝတ်အစားမှာလည်း ပြာကျသွားရာ သူမ၏ လှပသော ခန္ဓာကိုယ်မှာ မိမွေးတိုင်း ဖမွေးတိုင်း ထွက်ပေါ်လာ၏။ မေ့ယန်၏ နှုတ်ခမ်းတွင် သွေးများ စီးကျလာသည်။ သို့သော်လည်း သူမသည် ခန္ဓာကိုယ်ကို အဆုံးတိုင် လောင်ကြွမ်းစေကာ စက္ကန့်ပိုင်း အတွင်းမှာပင် ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။
တုန်းဖာနှင့် ကျန့်တိုင်ယုတို့မှာမူ ထိုမျှလောက် ကံမကောင်းလှချေ။
ဘုန်း...
တုန်းဖာ၏ ရေခဲခန္ဓာကိုယ်မှာ ချက်ချင်းပင် အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲသွား၏။ သွေးမြူမှုန်များနှင့် အသားစများသာလျှင် သူ ရပ်ခဲ့သော နေရာ၌ ကျန်ရစ်ခဲ့လေသည်။
ကျန့်တိုင်ယုဘက်သို့ လှည့်ကြည့်လိုက်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ ထက်ရှသွားသည်။ သူ၏ နှလုံးသားတွင် တဆစ်ဆစ် နာကျင်မှု တစ်ခုက ဖြစ်ပေါ်လာ၏။ သူမကား သူ ခုတင်ပေါ်သို့ ဆွဲတင်လိုသည့် မိန်းမ တစ်ယောက်၊ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရသည့် ထိပ်တန်း အလှပဂေး တစ်ယောက် ဖြစ်သည်။
သို့သော်လည်း ယခု၌ သူမကား ဘဝ၏ နောက်ဆုံး အခိုက်အတန့်သို့ ရောက်ရှိခဲ့ရပြီ ဖြစ်သည်။ သို့သော်လည်း စစ်မှန်သော ဓားသမား တစ်ယောက် အနေဖြင့် ကျန့်တိုင်ယုသည် ဘယ်တော့မှ လက်နက်ချ အညံ့မခံခဲ့ချေ။ ဓားနှင့် အတူ သူမ လှိုင်းကို မျက်နှာချင်း ဆိုင်၏။
သူမသည် တုန်းဖာထက် ၀.၃၁ စက္ကန့် ပိုကြာကြာ ခုခံနိုင်ခဲ့သည်။ ထိုအတောအတွင်း၌ သူမသည် နှစ်ကြိမ်တိုင်တိုင် ဓားဖြင့် ခုတ်ဖြတ်ခဲ့၏။ သို့သော်လည်း အဆုံး၌ သူမ၏ ဓားသာလျှင် ဖုန်မှုန့် အဖြစ် ပြောင်းလဲ သွားခဲ့ရသည်။
ထို့နောက် သူမ၏ အဝတ်အစားများမှာ ပြာအဖြစ် ပြောင်းလဲသွား၏။ ဝေ့ဝူယင်သည် သူမ၏ ပြီးပြည့်စုံသော ခန္ဓာကို တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံခန့် မြင်တွေ့လိုက်ရသည်။ မျက်ရည်တစ်စက် ဝေ့ဝဲလာကာ အောက်သို့ မကျခင်မှာပင် သူမ၏ ခန္ဓာကိုယ်မှာ သွေးမြူမှုန်အဖြစ် ပြောင်းလဲကာ ပေါက်ကွဲသွားတော့၏။ သူမကား သေဆုံးသွားခဲ့ချေပြီ ဖြစ်သည်။
မကြာခင်တွင် ထိုနေရာ၌ အသားပုံများနှင့် အရိုးအပိုင်းအစများသာ ကျန်ရစ်ခဲ့ရတော့၏။
ရင်သပ် အံ့သြဖွယ် အလှတရား တစ်ခု ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားတွင် သွေးများ ယိုစီးလာခဲ့သည်။ သူ စိတ်ကူးယဥ်ခဲ့ရသော၊ သူ လက်ထပ်ချင်ခဲ့သော မိန်းကလေးကား မရှိချေတော့ပြီ။ ကျင့်ကြံခြင်း လောက၌ ဘာမဟုတ်သော အမှားလေးတစ်ခုသည် သေဆုံးရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ကောင်း ဖြစ်သွားနိုင်ပေသည်။
သို့သော်လည်း လှိုင်းသည် ဝေ့ဝူယင်၏ အကာအကွယ် ပထမ အလွှာကိုပင် ထိုးဖောက်ရန် မအောင်မြင်ခဲ့ချေ။ သူ၏ ဒြပ်စင်ချီသည် ဒြပ်စင်ကိုးခု၏ အမတေများနှင့် စုဖွဲ့ထားသည့် အပြင် ဆန်းကြယ် ချီဝိညာဥ် နှစ်ခုနှင့် ချီပျစ်ခဲခြင်း အဆင့်ခြောက် ချီနှလုံးသား နှစ်ခု၏ ပံ့ပိုးမှုကိုပါ ရရှိထားသည်။ ဤသေမင်းတမန်လှိုင်းများအား ပိတ်ဆို့ရန်မှာ ထင်သလောက်ပင် မခက်ခဲခဲ့ချေ။
ရဲတိုက်ကြီးထဲမှ လူရှစ်ယောက်မှာ ထိုမြင်ကွင်းကို ကြည့်နေခဲ့ကြသည်။ သူတို့သည် တိုက်ပွဲဝင် လက်နက်များကို ကိုင်ဆောင်ထားကာ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ဖြာထွက်နေ၏။ သို့သော်လည်း သူတို့၏ မျက်လုံးများတွင်မူ မယုံကြည်မှု တစ်စွန်းတစ်စက နေရာယူ နေကြလေသည်။
“သူ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ”
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ဖြည်းညင်းစွာပင် ရဲတိုက်ကြီးထံသို့ ရောက်ရှိသွားသည်။ သူ တစ်ခဏမျှ တွေးလိုက်၏။ နောက်ထပ် လှိုင်းလုံးများ ထွက်ပေါ်မလာတော့ခြင်း၊ ယုဟိုင်ရန်တို့ တိုက်ပွဲဝင်ရန် အဆင်သင့် ပြင်ထားကြခြင်းကို ထောက်ချင့်ပါက အစီအရင်မှာ တစ်ခါသုံး ဖြစ်ဟန်ရသည်။ ဒုတိယ အကြိမ်မြောက် တိုက်ခိုက်နိုင်တော့ပုံ မပေါ်ချေ။
သူ သက်ပြင်းတစ်ချက် ချလိုက်၏။ သူသာ ဆန္ဒရှိပါက ထိုယုဟိုင်မျိုးနွယ်ဝင် အားလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်လိုသော စိတ်မှာ တဖြည်းဖြည်း လျော့ကျလာ၏။ အားနည်းသူတို့၏ သွေးဖြင့် လက်ကို ညစ်ထေးခံရမည့် အစား သူ့တွင် အခြား အစီအစဥ် တစ်ခု ရှိနေပေသည်။
ဝေ့ဝူယင်က ဒြပ်စင်ကို သိမ်းဆည်းလိုက်ကာ လည်ပင်းအား ပွတ်သပ်လိုက်၏။
“ကျုပ်တို့ နည်းနည်းလောက် ဆွေးနွေးလိုက်ရင် မကောင်းဘူးလား”
ယုဟိုင်ရန်မှာ သားသမီးယုံ၍ စုံလည်းကန်းခဲ့သော်လည်း ပါးနပ်သူ တစ်ယောက် ဖြစ်သည်။ သူသည် ကောင်းကင်လှိုင်းကိုးခု အစီအရင်ကိုပင် အပြုံးမပျက် ဝေ့ဝူယင်၏ ကျင်ကြံခြင်း အဆင့်အား သဘောပေါက်မိပြီး ဖြစ်သည်။ ယခုအခိုက်အတန့်၌ ထိုလူငယ်၏ ဆန္ဒက ယုဟိုင် မျိုးနွယ်၏ ကံကြမ္မာကို ဖြစ်နေပြီ ဖြစ်သည်။
“မင်း ဘာလိုချင်လဲ...”
ယုဟိုင်ရန်က ကျယ်လောင်သော အသံဖြင့် မေးလိုက်၏။
“နည်းနည်းပါးပါးပဲ...”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောကာ နှစ်ဖက်ကို နောက်ကျောသို့ ပို့လိုက်လေတော့သည်။
...
ဝေ့ဝူယင် တစ်ယောက် အပြုံးနှင့် အတူ ယုဟိုင်မျိုးနွယ် တောင်ကြားမှ ပြန်လည် ထွက်လာခဲ့၏။ သူသည် ရရှိခဲ့သော အကျိုးအမြတ်များကို ကျေနပ်နေမိ၏။ မည်သည့် အသက်ကိုမျှ မသတ်ရပဲ ထိုအရာများကို သူ ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကောင်းကင်ဓားဂိုဏ်း၊ ကမ္ဘာကောင်းကင် မဟာမိတ် အဖွဲ့နှင့် နေသွေးနီနီဂိုဏ်းတို့မှ ကျင့်ကြံသူများမှာမူ သူ့လောက် ကံမကောင်းကြချေ။ သူတို့သည် မေ့ယန်၊ ကျန့်တိုင်ယု၊ တုန်းဖာတို့ မပါဝင်ပဲ ယုဟိုင်ရန် ခေါင်းဆောင်သော ယုဟိုင်မျိုးနွယ်၏ ကျင့်ကြံသူများနှင့် ယှဥ်ပြိုင်ခဲ့ရသည်။ ထို့ကြောင့်ပင် အဆုံးသတ် ရလဒ်အနေဖြင့် သေသူသေ၊ ကျွန်ပြုခံရသူ ကျွန်ပြုခံရ၊ အဖမ်းခံရသူ ခံရ ဖြစ်ခဲ့ရသည်။
ထိုအရာက အရှုံးသမားတို့၏ ကံကြမ္မာ ဖြစ်သည်။ ကြိုတင် ပြင်ဆင်မှု အားနည်းသော၊ ပျော့ညံ့သော လောဘသမားတို့၏ အဆုံးသတ် ဖြစ်သည်။ ဝေ့ဝူယင်တွင် ဝင်ရောက် စွက်ဖက်ရန် အကြောင်းရင်း မရှိချေ။ သူနှင့် နေသွေးနီနီဂိုဏ်းကြားမှ သံယောဇဥ်မှာလည်း ပြတ်တောက်ခဲ့ပြီး ဖြစ်သည်။
အခြားသော ဂိုဏ်းများမှ လူများ ဆိုလျှင် ပို၍ပင် စိမ်းသေးသည်။ ထိုအထဲမှ အချို့မှာ အနာဂတ်တွင် သူနှင့် ရန်သူများပင် ဖြစ်လာနိုင်ချေ ရှိသည်။ အကယ်၍ ဤနေ့ သူရောက်မလာခဲ့လျှင်လည်း သူတို့၏ ကံကြမ္မာများမှာ တူညီစွာပင် အဆုံးသတ်ရမည်သာ ဖြစ်သည်။
တစ်ချိန်တည်း၌ သူသည် များစွာသော အကျိုးအမြတ်များကို ယုဟိုင်မျိုးနွယ်ထံမှ ရရှိခဲ့သည်။ ထိုအထဲတွင် သူ ကာလရှည်ကြာစွာ လိုချင်နေသည့် ချီပျစ်ခဲခြင်းကိုးဆင့် အကြောင်း တိကျသည့် ရှင်းလင်းချက်များ၊ ထိုအဆင့် အလွန် အချက်အလက်များနှင့် ဝိညာဥ်ချီ ကျင့်စဥ်များလည်း အပါအဝင် ဖြစ်သည်။ ဝိညာဥ်ချီ ကျင့်စဥ်များမှာ သူ့တွင် ရှိပြီးသော အရာများနှင့် မတူညီသည့် ဝိညာဥ်ချီကို အထူးပြုသည့် နတ်ဘုရား အရှင်အဆင့် ကျင့်စဥ်များ ဖြစ်သည်။
ထိုအထဲတွင် ကိုယ်ပွားကျင့်စဥ် တစ်ခုလည်း ပါဝင်နေ၏။ ထိုကျင့်စဥ်ဖြင့် ဆိုပါက သူသည် ကိုယ်ပွားကို ပိုမို ပြီးပြည့်စုံစွာ မွမ်းမံနိုင်လိမ့်မည် ဖြစ်သည်။
သူသည် ဝိညာဥ်ချီ ကျင့်စဥ်များကိုသာ မက ဝိညာဥ်အစီအရင်နှင့် ချီကျင့်စဥ် အချို့ကိုပါ ရရှိခဲ့သေးသည်။ ထို့အပြင် သူသည် ယုဟိုင်မျိုးနွယ်၏ လျှို့ဝှက်ခန်းမများကို ဝင်ရောက်ကာ ရှေးဟောင်း မှတ်တမ်းများစွာကိုလည်း ဖတ်ရှုခဲ့သေးသည်။
ရွှစ်...
သူ လေချွန်ကာ ပိုင်လင်ကို ခေါ်လိုက်လေ၏။ သူ၏ လက်ထဲတွင်မူ ဝိညာဥ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေသည့် အနက်ရောင် သလင်းကျောက် တစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုသလင်းကျောက်ထဲတွင် ချီပျစ်ခဲခြင်း အလွှာ အလွန် ကြယ်တာရာအမြုတေ အဆင့်၏ ကျင့်ကြံခြင်း အဆင့်များကို အသေးစိတ် ဖော်ပြထားသည်။ ထိုအလွှာကြီးကို အဆင့်ကိုးခု ပိုင်းခြားထား၏။ ပထမ အဆင့်၏ နာမည်မှာ လောကပင်လယ် ဟူ၍။
***