တတိယမင်းသား
Vol. 8 Ch. 107
“ကြယ်တာရာ အမြုတေ အလွှာ...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ် အထက်သို့ မော့ကြည့်လိုက်၏။ ည၏ ကောင်းကင်တွင် မရေမတွက်နိုင်သော ကြယ်တာရာများမှာ မှိတ်တုပ်မှိတ်တုပ် လင်းလက်နေကြသည်။
ကြယ်များမှာ လဲလျောင်း အိပ်စက်နေသည့် တန်ခိုးရှင်များ၏ ဝိညာဥ်များ ဖြစ်သည်ဟု အကိုကြီး မကြာခဏ ပြောခဲ့ဖူးသည်။ ကြယ် တစ်စင်းချင်းစီမှာ ကြယ်တရာ အမြတေ အလွှာ ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်ပါမည်လော။
တစ်နေ့၌ သူသည်လည်း ကြယ်တစ်စင်း ဖြစ်ကောင်း ဖြစ်လာနိုင်ပေသည်။ ထိုသို့ဆိုလျှင် မည်မျှ ကောင်းလိုက်မည်နည်း။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ အိပ်မက်များဖြင့် တဖျပ်ဖျပ် တောက်ပ လာလေတော့သည်။ ဝူတိုင်းပြည်ပြီးသည်နှင့် အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးဆီ ခြေဆန့်ရမည်။ သူတော်စင်တို့၏ အလွှာမှာ ဝေးကွာလွန်းသည့်တိုင် အနည်းဆုံးတော့ မသေခင်လေးတွင် သူ ကြယ်တစ်စင်း ဖြစ်ဖူးရပေမည်။
ဂီး...
ပိုင်လင်၏ အသံက ဝေ့ဝူယင် တွေးတောမှုများကို အဆုံးသတ် သွားစေ၏။ စိတ်ကူးယဥ် နယ်ပယ်မှ နေ၍ လက်တွေ့ ဘဝထံ သူ ပြန်လည် ရောက်ရှိလာသည်။
ပိုင်လင်နှင့် စုမေ့သည် ဆင်းသက်လာကြသည်။ ဝေ့ဝူယင်သည် စုမေ့၏ ခန္ဓာကိုယ်တွင် အမှောင်နှင့် အလင်း အချို့ ဝန်းရံနေသည်ကို တွေ့မြင်လိုက်ရ၏။
“ရက်ပိုင်းအတွင်း နင် အတော်လေး တိုးတက်လာတာပဲ”
ဝေ့ဝူယင် အနည်းငယ် အံ့သြသွားမိ၏။ စုမေ့၏ တိုးတက်နှုန်းကား ကြောက်မက်ဖွယ် ကောင်းလှသည်။ အနန္တ ဖန်တီးခြင်း တာအို နန်းတော်မှ ရရှိလာသည့် “ညအမှောင်ထု အလင်းရောင်” ကျင့်စဥ်ကား သူမ အတွက် သီးသန့် ဖန်တီးထားသလို လိုက်လျောညီထွေ ဖြစ်နေပုံ ရသည်။
စုမေ့က ခေါင်းညိတ်လိုက်၏။
“အမှောင်နဲ့ အလင်းစွမ်းအင် အချို့ကို ကျွန်မ နားလည်ခဲ့ပါတယ်... ဒါပေမဲ့ နှစ်ခုစလုံးက အခြေခံ အဆင့်မှာပဲ ရှိပါသေးတယ်”
“အင်း...”
ဝေ့ဝူယင် ပိုင်လင်၏ ကျောထက်သို့ ခုန်တက်လိုက်သည်။
"ကဲ... သွားကြစို့”
သူတို့၏ နောက်ထပ် ပန်းတိုင်ကား ဝူဗဟိုနယ်မြေပင် ဖြစ်လေတော့သည်။
...
ကောင်းကင်ဝူမြို့တော်...
ဝူဗဟိုနယ်မြေတွင် တည်ရှိသော ဤမြို့တော်ကြီးကား မြင့်မြတ်သော မင်းမျိုးမင်းနွယ်များ၊ အာဏာနှင့် လွှမ်းမိုးမှုတို့ကို ကိုယ်စားပြုသည့် စစ်မှန်သော ပုံဖော်ရာပင် ဖြစ်သည်။ ဝူတိုင်းပြည်ကြီး၏ အရှင်သခင် အင်ပါယာ မျိုးနွယ်နှင့် ဧကရာဇ်ဝူတို့မှာလည်း ထိုမြို့တော်ကြီးတွင်ပင် နန်းစိုက်ကြ၏။
ကောင်းကင်ဝူမြို့တော်ကြီးမှာ ကီလိုမီတာ တစ်ရာနီးပါး ကျယ်ပြောလှပြီး သန်းဆယ်နှင့်ချီသည့် ပြည်သူတို့၏ မှီတင်းနေထိုင်ရာ ဌာနကြီးလည်း ဖြစ်သည်။ မြို့တော်ကြီးကို ပြင်ညီသည့် မြေကြီးပေါ်တွင် အရွယ်အစား အမျိုးမျိုး ရှိသည့် ရဲတိုက်ကြီးများဖြင့် တည်ထားခြင်း ဖြစ်သည်။ အတွင်းပိုင်းကျသော ရဲတိုက်ကြီးများမှာ မိုးထိအောင် မြင့်မားလှကာ အပြင်ဘက်သို့ တဖြည်းဖြည်း တိုဆင်းသွား၏။
ကောင်းကင်ဝူမြို့တော်၏ အနောက်မြောက်ဘက် အစွန် နေရာတစ်ခုတွင် “မိုးပြာ” ဟု အမည်ရသော စားသောက်ဆိုင် တစ်ခု ရှိ၏။ ဝေ့ဝူယင်နှင့် စုမေ့တို့သည် ထိုဆိုင်ထဲတွင် ထိုင်ကာ နာမည်ကျော် မိုးပြာဝိုင်ကို အရသာခံကာ သောက်နေကြသည်။
ပိုင်လင်မှာမူ စားသောက်ဆိုင်၏ အပြင်ဘက်တွင်သာ ကျန်ရစ်ခဲ့၏။ သူမသည် ဝေ့ဝူယင် ဝယ်ပေးထားခဲ့သည့် အစားအသောက် မျိုးစုံကို မြိန်ရေယှက်ရေ စားသုံးနေခြင်း ဖြစ်သည်။
စုမေ့သည် လေးနက်သော အမူအရာနှင့် ဝေ့ဝူယင် ပြောသော စကားများကို သေချာစွာ နားထောင် နေခဲ့သည်။
“ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို တက်လှမ်းဖို့ဆိုရင် ယင်နဲ့ ယန်စွမ်းအင်တွေကို တစ်ခုတည်း အဖြစ် ပေါင်းစည်းဖို့ လိုအပ်တယ်... အဲဒီအဆင့်ကို တက်ဖို့အတွက် ကွဲပြားတဲ့ နည်းလမ်းအမျိုးမျိုး ရှိတာတော့ နင်သိပြီးသား ဖြစ်မှာပေါ့... ပြင်ပ အကူအညီတွေက သိပ်အသုံးမဝင်ဘူး... ဒါပေမဲ့ ငါ သိထားသလောက် နင့်ကို လမ်းညွှန်ပေးမယ်”
ဝေ့ဝူယင်သည် ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို တက်လှမ်းရာ၌ အရေးကြီးသည့် အချက်များကို စုမေ့အား ဆက်လက် ရှင်းပြနေခဲ့သည်။ သူသည် ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို မတူကွဲပြားသော ချီနှလုံးသား လေးခုဖြင့် ခြေချခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ နားလည်နိုင်စွမ်းမှာ အခြားလူများထက် ပိုမို သာလွန်သည် ဟု ဆိုနိုင်ပေသည်။ ထို့အပြင် သူသည် စုမေ့ ပိုမို နားစွဲပြီး တစ်သားတည်း ခံစားရစေရန် အတွက် စိတ်ချီဖြစ်သော ဧဒင်ချီကို စကားထဲတွင် မသိမသာ ထည့်သွင်းထားခဲ့သေးသည်။
ဝေ့ဝူယင်၏ စကားလုံးများကို နားထောင်ရင်း စုမေ့၏ မျက်လုံးများမှာ ဉာဏ်အလင်းများဖြင့် ပြည့်နှက်လာသည်။ သူမ၏ မသိစိတ်မှာ ယင်နှင့် ယန်စွမ်းအင်များကို ပေါင်းစပ်ရန် စတင် ကြိုးပမ်းလာ၏။ ဝေ့ဝူယင်က ကျေနပ်စွာ ပြုံးလိုက်သည်။ ဤကလေးမကား အမှန်တကယ်ပင် ပါရမီရှင် တစ်ယောက် ဖြစ်ပေသည်။
စုမေ့၏ မျက်လုံးက ဖြည်းညင်းစွာ ပိတ်သွား၏။ သူမကား ကျင့်ကြံခြင်း၌ နစ်မြောသွားခဲ့ပုံ ပေါ်သည်။ ဝေ့ဝူယင်သည် သတိအပြည့်ဖြင့် စုမေ့ကို စောင့်ကြပ်နေလိုက်၏။ မိနစ် အနည်းငယ် ကြာပြီးနောက် သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်ခြင်းများက နေရာယူလာသည်။ စုမေ့၏ ပတ်လည်ရှိ လောကအင်အားများ ပိုမို လှည့်ပတ်လာသည်နှင့် အမျှ သူ၏ နှလုံးသားမှာလည်း ပို၍ ခုန်လာခဲ့သည်။
“အဲဒီလောက်တောင် မြန်တာလား...”
ဝေ့ဝူယင်က ခေါင်းကို ခါလိုက်၏။ စုမေ့ တစ်ယောက်ကား သေမျိုး နတ်ဘုရား အဆင့်ကို တိုက်ရိုက်ပင် တက်လှမ်းနေခဲ့ချေပြီ ဖြစ်သည်။
မကြာခင်မှာပင် မိုးပြာ စားသောက်ဆိုင် အတွင်းရှိ လူများမှာ ထိုအချင်းအရာကို သတိထားမိလာကြ၏။ သူတို့၏ မျက်လုံးများမှာ စပ်စုလိုစိတ် အပြည့်ဖြင့် စုမေ့ထံ ဝိုင်းအုံ ရောက်ရှိ လာကြ၏။
“ဒါက မှားသော အမှန်အဆင့်ကို တက်လှမ်းနေတာလား...”
လူငယ်လေး တစ်ယောက်က မယုံကြည်နိုင်စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူသည် ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို ကိုယ်တိုင် မကြုံဖူးသော်လည်း စာအုပ်များတွင် ဖတ်ဖူးထားခဲ့သည်။ သို့သော်လည်း အခြားလူ အများစုမှာမူ သူ့လောက် ဗဟုသုက မစုံလင်လှချေ။
“ဟေ့... မင်းတို့ဆိုင်က ဘာအဓိပ္ပာယ်လဲကွ... ဒီလို ပေါက်ကရ လုပ်နေတာတွေကို ခွင့်ပြုထားသလား”
စိတ်တိုတတ်ပုံရသည့် လူကြမ်းကြီး တစ်ယောက်က စားပွဲဝိုင်းကို မှောက်ပစ်ရင်း အော်ဟစ်လိုက်၏။
"ဟေ့ကောင် တိုးတိုးနေ... ပြဿနာ မရှာနဲ့... ဒီနေရာကို ဘယ်သူပိုင်လဲ မသိဘူးလား”
ကြောက်တတ်ပုံရသည့် လူတစ်ယောက်က ပြောသည်။
"ထွီ... ဘယ်သူဖြစ်ဖြစ်ကွာ... ဟိုမျက်လှည့်ပြနေတဲ့ နှစ်ကောင်က ဆိုင်ရှင်မလို့လား... တကယ်လို့ ဆိုင်ရှင်ဆိုရင်တောင် လာအားပေးတဲ့ ဧည့်သည်ကို လေးစားရမှာပဲ”
“ငပိန်းကောင်... မျက်လှည့်မဟုတ်ဘူး... အဆင့်တက်နေတာကွ”
စောစောပိုင်းမှ လူငယ်လေးက ပြောလိုက်သည်။
“ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးကွာ... မျက်စိနောက်တယ်... ထွက်သွားစမ်း...”
“ဒီပြိတ္တာကောင်တော့...”
ဆိုင်အတွင်း အသံများမှာ ဆူညံလာ၏။ ဝေ့ဝူယင်မှာ အနည်းငယ် စိတ်လေသွားသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အသံ တားဆီးသည့် အစီအရင် တစ်ခု ခင်းလိုက်၏။ ဉာဏ်အလင်းပွင့်သည့် အခြေအနေမျိုးမှာ အလွန် ရှားပါးလှသည်။ အခွင့်အရေး တစ်ကြိမ် လက်လွှတ်သွားပါက နောက်တစ်ကြိမ် ပြန်လည် ပိုင်ဆိုင်နိုင်ရန် မလွယ်ကူတော့ချေ။
“ဘာတွေဖြစ်နေတာလဲ...”
ထိုအချိန်တွင်ပင် အာဏာ အငွေ့အသက်ပါသည့် အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဆူညံနေသည့် လူထုမှာ တိတ်ဆိတ်သွား၏။ အရပ်ရှည် ထွားကြိုင်းပြီး မုတ်ဆိတ်မည်းများ ပိုင်ဆိုင်ထားသည့် ကတုံးပြောင်ပြောင် လူတစ်ယောက်မှာ ဆိုင်အတွင်း ခြေသံပြင်းပြင်းနှင့် ဝင်ရောက်လာသည်။ ချက်ချင်းပင် လူများစွာ အာရုံမှာ ထိုခန့်ညားသော လူထံသို့ ရောက်ရှိသွားလေ၏။
“နေဦး... သူက တတိယ မင်းသားဝူ မလား...”
“ဟုတ်ပါ့... ဘုရားရေ... မင်းသားကျန်းပဲ... ငါ ယုံတောင် မယုံနိုင်ဘူး”
“မင်းသားကျန်း ဟုတ်လား... သွေးစွန်းပုဆိန် မင်းသား... ငါကြားဖူးသလောက်ဆို သူက အရမ်း မောက်မာတယ် တဲ့... နောက်ပြီး သူ မလုပ်ရဲတာ ဘာမရှိဘူး ပြောတယ်”
မင်းသားကျန်းက ထိုတီးတိုး ပြောဆိုနေသံများကို ဂရုမစိုက်ပဲ ခပ်တည်တည်ပင် လမ်းလျှောက်ကာ ဝင်လာခဲ့၏။ သူ၏ ဘေးတစ်ဖက် တစ်ချက်တွင် ယောက်ျားလေး တစ်ယောက်နှင့် မိန်းမငယ် တစ်ယောက် လိုက်ပါလာခဲ့သည်။ သူတို့ နှစ်ယောက် စလုံးသည် ငယ်ရွယ် ချောမောပြီး အနီရောင် ဆံပင်၊ သွေးရောင် မျက်လုံးနှင့် ဖျော့တော့သော အရေပြားတို့ကို ပိုင်ဆိုင်ထားကြသည်။ ရုပ်ရည်ချင်း ဆင်တူသည်ကို ကြည့်ခြင်းဖြင့် သူတို့ နှစ်ယောက်မှာ အမွှာများ ဖြစ်ဟန် ရ၏။
ဝေ့ဝူယင်သည် သူတို့အား လှည့်ပင် မကြည့်ပဲ စုမေ့ အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက် နေခဲ့၏။ ယခု အခိုက်အတန့်၌ အရေးအကြီးဆုံးမှာ သူမ၏ လုံခြုံရေး ဖြစ်သည်။
အပြင်ဘက်ရှိ ပိုင်လင်မှာမူ လည်ပင်းရှည်ကြီးကို ဆန့်ကာ ပြတင်းပေါက်မှ လှမ်းမျှော်ကြည့်နေခဲ့၏။ သူမ၏ ရွှေရောင် မျက်လုံးရွဲကြီးများမှာ စုမေ့ကို စိတ်ဝင်စားမှု အပြည့်ဖြင့် စူးစမ်းနေသည်။
“အရှင့်သား...”
အမွှာ မိန်းကလေးက တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း မင်းသားကျန်းက လက်ပြကာ တားလိုက်၏။ သူမက ရိုးကျိုးစွာပင် နောက်သို့ ဆုတ်သွားသည်။
"အပြင်က ကြိုးကြာက ဘယ်သူ့ဟာလဲ”
မင်းသားကျန်းက မေးလိုက်သည်။ သူသည် မိုးပြာ စားသောက်ဆိုင်ရှေ့မှ ဖြတ်သွားရင်း အလွန် လှပသည့် ကြိုးကြာငှက် တစ်ကောင်ကို အမှတ်မထင် မြင်တွေ့ခဲ့ရသည်။ စာပေပညာ တတ်မြောက် ကျွမ်းကျင်သည့် မင်းသား တစ်ယောက် အနေဖြင့် မြင်ရုံဖြင့်ပင် ထိုကြိုးကြာမှာ ရွှေရောင် ဖီးနစ်သစ်သီးကို စားသုံးထားကြောင်း သူ သိမြင်ခဲ့သည်။
ထိုကြိုးကြာငှက်သည် ဘိုးဘေး ဖီးနစ်၏ သွေးမျိုးဆက်ကို နှိုးထရန် အကောင်းဆုံး အခြေအနေ တစ်ခု၌ ရှိနေပေသည်။ ဧကရာဇ် ဟန်ရှဲ့၏ ခေတ်၌ သွေးမျိုးဆက် နိုးထကာ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိခဲ့သည့် သားရဲတစ်ကောင် ပေါ်ထွန်းခဲ့ဖူးသည်။
အကယ်၍ သူသာ ထိုကြိုးကြာကို ရရှိခဲ့ပါက အနာဂတ် တာအို လက်တွဲဖော်ကို လက်ဆောင် အဖြစ် ပေးအပ်ရန် စဥ်းစားထားသည်။ ထိုနည်းဖြင့် သူ မျက်နှာကောင်း တစ်ချို့ ရရှိကောင်း ရရှိနိုင်ပေသည်။
လူထုမှာ မင်းသားကျန်း၏ အဖြေကို ပြန်မဖြေပဲ တိတ်ဆိတ်ငြိမ်သက်နေကြ၏။ သူတို့ အားလုံး၏ မျက်လုံးများကမူ ဝေ့ဝူယင်တို့ ထံသို့ ရောက်ရှိသွားသည်။
မင်းသားကျန်းမှာ ချက်ချင်းပင် သဘောပေါက်သွားကာ လိုက်ကြည့်လိုက်၏။ ရုတ်တရက် သူ၏ မျက်လုံးများက အနည်းငယ် တောက်ပသွား၏။
“အရှင့်သား... အဲဒီ မိန်းကလေးက ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို တက်လှမ်းနေတာနဲ့ ဖြစ်လိမ့်မယ်”
အမွှာ မိန်းကလေးက ရိုကျိုးစွာပင် အစီရင်ခံလိုက်၏။
“အင်း... သိတယ်” မင်းသားကျန်းက ခေါင်းညိတ်လိုက်၏။
“သေ... သေမျိုး နတ်ဘုရား အဆင့်ကိုလား...”
ထိုစကားကို ကြားသော လူအုပ်ကြီးမှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားကြသည်။ အထူးသဖြင့် ဝေ့ဝူယင်တို့ကို နှင်ထုတ်ခဲ့သည့် လူကြမ်းကြီးဆိုလျှင် ဒူးများပင် တုန်ရီနေခဲ့ပြီ ဖြစ်သည်။ သေမျိုး နတ်ဘုရားများကား တိုင်းပြည်တွင် နတ်ဘုရား အရှင်များ ပြီးလျှင် တန်ခိုး သြဇာ အရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့အား စော်ကားမိသူများမှာ သေဘေးနှင့်သာ ကြုံတွေ့ရတတ်၏။
“ဟဟ... ဉာဏ်အလင်းက အချိန်နေရာ မရွေးဘူး... သေးပေါက်ရင်း ဖြစ်ဖြစ် ချီးပါရင်း ဖြစ်ဖြစ် ရတတ်ကြတာပဲ”
မင်းသားကျန်းက ရယ်မောလိုက်သည်။ ထို့နောက် သူက လက်ခါပြလိုက်၏။
“မင်းတို့ အားလုံးထွက်သွားကြတော့...”
လူတိုင်းမှာ မင်းသားကျန်းကို ဦးညွှတ်ပြီးနောက် ချက်ချင်းပင် ခြေဖော့ကာ အပြေးအလေး ထွက်သွားကြ၏။ မကြာခင်တွင်ပင် စားသောက်ဆိုင် တစ်ခုလုံးမှာ လူရှင်းသွားတော့၏။
***