အဆုံးမဲ့မိုးကောင်းကင်တာအို
Vol. 83 Ch. 1154
ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းအားကြည့်ရင်း သူ ပြောခဲ့သည့် ' ငါးကြီးတစ်ကောင် ' ဆိုသည်မှာ မည်သူ့ကို ဆိုလိုခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းနေ၏။ နတ်ဧကရာဇ်ကြီးတော့ မဟုတ်လောက်ပေ...
" အဆုံးမဲ့မိုးကောင်းကင်တာအို " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
သူ ထိုသို့ ရေရွတ်လိုက်ချိန်တွင် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အပြင်ဘက်ရှိ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောတစ်ဝက်နီးပါးမှာ ပေါက်ကွဲပျက်စီးသွားပြီဖြစ်သည်။ ထို့ကြောင့် ပြင်ပကမ္ဘာကြီးမှာ ဖရိုဖရဲဖြစ်နေ၏။
အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများအားလုံးမှာလည်း မဟာရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား တုန်လှုပ်ချောက်ချားနေကြ၏။ သူတို့မှာ ထို အရှုပ်ထုပ်ကြီးထဲ၌ ဝင်မပါလိုကြသောကြောင့် ထွက်ပြေးဆုတ်ခွာသွားရန်ပင် ပြင်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့မှာ နည်းလမ်းမျိုးစုံ အသုံးပြုကာ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ဝင်သွားခဲ့ကြသည့် သူတို့၏ ဂိုဏ်းသားများနှင့် မျိုးနွယ်စုဝင်များအား အသံလွှင့် အကြောင်းကြားစာများ ပေးပို့နေကြပြီဖြစ်သည်။
သို့သော် သူတို့မှာ မည်သည့်အကြောင်းပြန်စာမှ ပြန်မရခဲ့ပေ။ သို့သော်လည်း ထူးဆန်းနေခြင်းတော့မရှိပေ။ ထို မန္တန်အစီအရင်ကြီးမှာ ပြင်ပကမ္ဘာကြီးနှင့် တသီးတခြား ဖြစ်နေသည်မဟုတ်ပါလော။ မည်သို့ပင်ဆိုစေကာမူ အဆုံးမဲ့မျိုးနွယ်စုထဲ၌ ပေါ်ပေါက်လာသည့် ပြောင်းလဲမှုများကြောင့် အင်အားကြီးအဖွဲ့အစည်းများမှာ စိုးရိမ်တကြီး ဖြစ်သွားကြဆဲပင်။
တစ်ချိန်တည်းမှာပင် ယခုအကြိမ် ဤနေရာသို့ ရောက်လာခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သော နတ်ဧကရာဇ်ရွှမ်ဟွားမှာလည်း အောက်တွင်ရှိနေသည့် မီးခိုးရောင်အာကာသကောင်းကင်ကြီးအား စိုက်ကြည့်နေရင်း မျက်စိမျက်နှာပျက်နေ၏။ သူသည် အဆုံးမဲ့မိုးကောင်းကင်ဝာာအို အငွေ့အသက်များ ပျောက်ကွယ်သွားနေသည်ကို အာရုံခံမိနေသလို အဆုံးမဲ့စစ်သင်္ဘောကြီးများ ပျက်စီးသွားနေသည်ကိုလည်း မြင်နေရသည်။ ထိုအဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေသောကြောင့် သူ၏ အစီအစဉ်မှာ ပျက်ပြားသွားရ၏။
သူ၏ မူလ အစီအစဉ်မှာ အဆုံးမဲ့မိုးကောင်းကင်ဝာာအို အငွေ့အသက်များကို အသုံးပြု၍ မန္တန်အစီအရင်ကြီး၏ စွမ်းအားများကို ချေဖျက်ကာ အသစ်ပြန်လည်နိုးထလာသည့် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုအား ဖိနှိပ်ချုပ်တည်းရန်ဖြစ်သည်။
အဆုံးမဲ့မိုးကောင်းကင်ဝာာအို၏ လက်ရှိအနေအထားနှင့်ဆိုလျှင် မန္တန်အစီအရင်ကြီးအား သေချာပေါက် ဖိနှိပ်ချုပ်တည်းနိုင်မည်ဖြစ်သည်။ သူ လိုချင်သည့်ရလဒ် ချက်ချင်းထွက်ပေါ်လာခြင်း မရှိလျှင်တောင် မန္တန်အစီအရင်ကြီး၏ စွမ်းအားများမှာ လျော့နည်းသွားမည်ဖြစ်သည်။ တစ်ချိန်ထဲမှာပင် အဆုံးမဲ့မိုးကောင်းကင်ဝာာအို အငွေ့အသက်များမှာ မန္တန်အစီအရင်ကြီးထဲသို့ ပေါင်းစည်းဝင်ရောက်သွားနေသည်ဖြစ်ရာ ချန်ရှင်းနှင့် တိုက်ခိုက်နေရသဖြင့် အန္တရာယ်ထဲသို့ ရောက်နေသည့် လခြမ်းဧကရာဇ်ကြီးကိုလည်း ကူညီပေးနိုင်ဦးမည်ဖြစ်သည်။
၎င်းမှာ အဆုံးမဲ့မျိုးနွယ်စု၏ ပထမအစီအစဉ်ဖြစ်ပေသည်။
တစ်ချိန်ထဲမှာပင် သူတို့ဆီတွင် အခြား အစီအစဉ်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ... မျှားခေါ်ရန် ဖြစ်သည်။
သူတို့မှာ ဤနေရာကြီးအား ဖိနှိပ်ချုပ်တည်းကာ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုကိုသာမက ချန်ရှင်းကိုပါ ဖမ်းဆီးချုပ်နှောင်လိုက်မည် ဖြစ်သည်။ ထို့နောက် သူတို့မှာ ၎င်းတို့အားအသုံးပြု၍ အဆုံးမဲ့တာအိုနယ်မြေထဲ၌ ပုန်းကွယ်နေကြသည့် အမှောင်ဂိုဏ်းထဲမှ အသက်ရှင်ကျန်ရစ်သူများကို မျှားခေါ်မည်ဖြစ်သည်။
ထို့အပြင် သူတို့ဆီတွင် တတိယအစီအစဉ်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ အခြားသူများ အမှောင်ဂိုဏ်းအား ပိုမို မုန်းတီးလာအောင်လုပ်ရန် ဖြစ်သည်။ အဆုံးမဲ့မျိုးနွယ်စု အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲသို့ ဝင်ရောက်သွားကြသည်ကို တားဆီးခဲ့ခြင်းမရှိသလို အတွင်းပိုင်းထဲ၌ ကြုံတွေ့ရနိုင်သည့် အန္တရာယ်များနှင့် ပတ်သတ်၍ ကြိုတင်သတိပေးခဲ့ခြင်း မရှိသည့် အကြောင်းရင်းမှာ ထို ကျင့်ကြံသူများအားလုံး သေဆုံးသွားစေရန် ဖြစ်သည်။ ထိုကဲ့သို့ သေဆုံးသွားသည့် လူအရေအတွက် ပိုများလေလေ အခြားသူများမှာ အမှောင်ဂိုဏ်းအား ပို၍ မုန်းတီးလာလေလေ ဖြစ်နေမည်မဟုတ်ပါသော။
သို့သော်... ယခုတွင်မူ ထို အစီအစဉ်သုံးခုထဲ၌ နောက်ဆုံးတစ်ခုမှလွဲ၍ အခြားအစီအစဉ်များအားလုံးမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ထိုသို့ ပြောင်းလဲသွားရသည့် အကြောင်းရင်းမှာ မန္တန်အစီအရင်ကြီးထဲရှိ အဆုံးမဲ့မိုးကောင်းကင်ဝာာအို အငွေ့အသက်များ ပျောက်ကွယ်သွားသောကြောင့်ဖြစ်ပေသည်...
" တောက်ကွာ... အထဲမှာ ဘာတွေဖြစ်နေတာလဲဟ " နတ်ဧကရာဇ်ရွှမ်ဟွားမှာ မျက်မှောင်ကြုတ်ကာ စကားပြောရန်ပြင်လိုက်ရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် မီးခိုးရောင် အာကာသကောင်းကင်ကြီးထဲမှ ဒေါသတကြီး အော်ဟစ်မြည်တမ်းသံကြီးတစ်သံ ထွက်ပေါ်လာတို့သည်။
ထိုအော်သံကြီးမှာ အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများ၏ အသိစိတ်များထဲ၌ ပဲ့တင်ထပ်သွား၏။ သူတို့အားလုံးမှာ မည်သည့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေစေကာမူ ဝိညာဉ်များ အပြင်းအထန် တုန်ရီသွားကြသည်သာဖြစ်သည်။
နတ်ဧကရာဇ်ရွှမ်ဟွားပင်လျှင် အနည်းငယ် တုန်လှုပ်သွားရ၏။ သူသည် ကျန်ရှိနေသေးသည့် အဆုံးမဲ့စစ်သင်္ဘောကြီးများပေါ်၌ ကြောက်မက်ဖွယ်ရာ အငွေ့အသက်လှိုင်းများ စုဝေးလာနေသည်ကို အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း အော်ဟစ်အမိန့်ပေးလိုက်၏။
" နောက်ဆုတ်ကြ " နတ်ဧကရာဇ်ရွှမ်ဟွားမှာ ထိုသို့ အမိန့်ပေးလိုက်ပြီးနောက် စိတ်မပါလက်မပါ အမူအရာဖြင့် ဖြည်းဖြည်းချင်း ဆုတ်ခွာသွား၏။ ထိုအခါ အဆုံးမဲ့စစ်သင်္ဘောကြီးများပေါ်၌ စုဝေးလာနေကြသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
တစ်ချိန်ထဲမှာပင် မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲရှိ ချန်ရှင်းမှာ ဝမ်ပေါင်လဲ့နှင့်အတူ ခေါင်းမော့ကြည့်ကာ မေးလိုက်၏။
" ပေါင်လဲ့။ မင်း ဆက်ပြီးတော့ စုပ်ယူနိုင်သေးလား "
" စုပ်ယူနိုင်တာပေါ့ " ဝမ်ပေါင်လဲ့မှာလည်း ပြုံးကာ ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သတ္တမမီးဖိုဆီသို့ ပြေးသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ညာဘက်လက်ကို မြှောက်ကာ အဋ္ဌမမီးဖိုအား လှမ်း၍ လက်ညှိုးထိုးလိုက်သေးသည်။ ထိုအခါ ထို မီးဖိုလုံးမှာ သူ၏ အနီးသို့ ချက်ချင်းရောက်ရှိလာ၏။ သူ၏ ရှေ့တွင် ရှိနေသည့် ဓားအိမ်လေးမှာလည်း ဖျတ်ခနဲလက်သွားသည်။ ထို့နောက် ထို မီးဖိုနှစ်လုံးထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များမှာ ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာကြတော့သည်။
ထို ဖြစ်စဉ်တစ်ခုလုံးမှာ အသက်ရှူကြိမ် တစ်ဒါဇင်မျှသာ ကြာမြင့်လိုက်၏။ ပြင်ပကမ္ဘာထဲရှိ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ လုံးဝ လွင်ပါးပျောက်ကွယ်သွားတော့မည့် အချိန်တွင် သတ္တမနှင့် အဋ္ဌမမီးဖိုများထဲမှ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များမှာ လုံးဝ ကုန်ဆုံးသွားတော့သည်။
ထို့နောက် ၎င်းတို့မှာ ဧရာမ အာကာသတွင်းနက်ကြီးနှစ်ခုအဖြစ် ပြောင်းလဲသွားကြပြီး အံ့ဩမှင်တက်ဖွယ်ရာ ဆွဲငင်အားများကို ထုတ်လွှတ်လိုက်ကြ၏။ ထိုအခါ မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲတွင် ရှိနေသည့် အဆုံးမဲ့မိုးကောင်းကင်ဝာာအို အမျှင်အတန်းများမှာ ထို ဆွဲငင်များကြောင့် နောက်ထပ်တစ်ကြိမ် ထပ်၍ ပရမ်းပတာ ဖြစ်သွားကြပြန်သည်။ ထို့နောက် ကျန်ရှိနေသေးသည့် အဆုံးမဲ့မိုးကောင်းကင်ဝာာအို အမျှင်အတန်းများမှာ ဆွဲငင်ခံလိုက်ရတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် အဆုံးမဲ့မိုးကောင်းကင်ဝာာအို အမျှင်အတန်း တစ်သိန်းကျော်ပေါ်ပေါက်လာ၏။ ခဏအကြာတွင် ၎င်းတို့၏ အရေအတွက်မှာ တဖြည်းဖြည်းနှင့် များပြားလာပြီး နောက်ဆုံးတွင် အခုရေ တစ်သန်းအထိ ဖြစ်သွားတော့သည်။
ထို အမျှင်အတန်းများမှာ ပေါ်ပေါက်လာကြသည်နှင့် ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြပြီး ချက်ချင်းစုပ်ယူခံလိုက်ရသည်သာ ဖြစ်သည်။
ချန်ရှင်းကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်ကြီး တစ်ယောက်ပင်လျှင် ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးအား အကြိမ်ရေအနည်းငယ်ခန့် ထပ်၍ အကဲခတ်ကြည့်ရှုလိုက်ရ၏။ သူ၏ မျက်ဝန်းများထဲတွင် သဘောကျနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ခဏအကြာတွင် သူသည် အကြည့်လွှဲလိုက်ပြီး ကောင်းကင်ကြီးအား မော့ကြည့်ကာ မျက်လုံးများမှေးသွားသည်။
သူ၏ အကြည့်မှာ မီးခိုးရောင်အာကာသကောင်းကင်ကြီးကိုပင် ထိုးဖောက်ကာ ပြင်ပကမ္ဘာကြီးအား လှမ်းမြင်နေရသည့် အလားပင်။
ဝမ်ပေါင်လဲ့၏ ဓားအိမ်လေး အဆုံးမဲ့မိုးကောင်းကင်ဝာာအို အငွေ့အသက်များအား အငမ်းမရ စုပ်ယူနေစဉ် နတ်ဧကရာဇ်ရွှမ်ဟွား နောက်သို့ ဆုတ်ခွာသွားခဲ့ပြီးနောက် ပျောက်ကွယ်စပြုလာကြသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များမှာ ရုတ်တရက်ဆိုသလို စတင်တုန်ရီလာသည်။ ထို့နောက် အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲမှ အော်ဟစ်သံကြီးတစ်သံ ထပ်၍ ထွက်ပေါ်လာပြန်သည်။
ထို့နောက် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များမှာ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အပြင်ဘက်ရှိ အဆုံးမဲ့စစ်သင်္ဘောကြီးများပေါ်သို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ကျရောက်လာ၏။ ထို့ကြောင့် နတ်ဧကရာဇ်ရွှမ်ဟွားမှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး စကားပြောရန် ပြင်လိုက်ပါသော်လည်း... ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ လက်ကို ဝှေ့ယမ်းကာ အနက်ရောင်ငါးလေး၊ မြည်းလေးနှင့် ဝူလေးတို့အား အပြင်သို့ လွှတ်ပေးလိုက်တော့သည်။
သူတို့သုံးယောက်မှာ အပြင်ဘက်၌ ပေါ်ပေါက်လာသည်နှင့် သူတို့၏ ပတ်ပတ်လည်၌ ရှိနေသည့် အမျှင်အတန်း ပင်လယ်ကြီးအား မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလိုပင် စိတ်လှုပ်တရှား ဖြစ်သွားကြ၏။ ထို့နောက် သူတို့မှာ မတူညီသည့် အရပ်မျက်နှာသုံးခုသို့ ခွဲထွက်သွားကြပြီး အာကာသတွင်းနက်ကြီးများကဲ့သို့ ထို အမျှင်အတန်းများအား အတူတကွ စုပ်ယူနေလိုက်တော့သည်။
ထို့ကြောင့် အစိမ်းရောင် အမျှင်အတန်းများမှာ ပို၍ပင် လျင်မြန်စွာ ပျောက်ကွယ်သွားကြ၏။
ထိုသို့ဖြင့် အခုရေ တစ်သန်းကျော်အထိ ရှိနေခဲ့သည့် အမျှင်အတန်းများမှာ နောက်ဆုံးတွင် သုံးသိန်းအထိ လျော့ကျသွား၏။ မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အပြင်ဘက်တွင်မူ အော်ဟစ်သံများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ နတ်ဧကရာဇ်ရွှမ်ဟွား မည်မျှပင် အော်ဟစ်နေစေကာမူ အချည်းနှီးပင်။ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များမှာ အဆုံးမဲ့စစ်သင်္ဘောများထဲ၌ အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲထွက်ပေါ်လာကြတော့သည်။
ထို အငွေ့အသက်များမှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာသလို ဖိအားများမှာလည်း တဖြည်းဖြည်းနှင့် ပို၍ တုန်လှုပ်ချောက်ချားစရာကောင်းလာ၏။ ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာမူ အခြားရွေးချယ်စရာမရှိသဖြင့် နောက်ထပ်တစ်ကြိမ် ထပ်၍ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားကြရပြန်သည်။ သူတို့မှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး အဆုံးမဲ့စစ်သင်္ဘောကြီးများ ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့သည်ကို မြင်လိုက်ရသည်။ နောက်ဆုံးတွင် ထို စစ်သင်္ဘောကြီးများမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲပျက်စီးသွားတော့သည်။
တစ်ချိန်ထဲမှာပင် ကောင်းကင်ထဲမှဆင်းသက်လာသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များမှာ အတိုင်းတာတစ်ခုအထိ စုဝေးပြီးသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် မျက်စိတစ်တစ်မှိတ်အတွင်းတွင် ၎င်းတို့မှာ အတူတကွ ပေါင်းစည်းသွားကြပြီးနောက် ပေါက်ကွဲပျက်စီးနေသည့် အဆုံးမဲ့စစ်သင်္ဘောကြီးများ၏ အထက်၌ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
၎င်းမှာ ဧရာမ ရွှေရောင်နွားချေးပိုးကြီးတစ်ကောင် ဖြစ်ပေသည်။
၎င်းမှာ တစ်ကိုယ်လုံး ရွှေရောင်သန်းနေပြီး ရက်စက်ကြမ်းကြုတ်ကာ ရေခဲတမျှ အေးစက်နေသည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် ၎င်းမှာ မကြာသေးမီကမှ သွေးများသောက်သုံးခဲ့သည့်အလား ခန္ဓာကိုယ်တစ်ခုလုံးထဲမှ သွေးလှိုင်းများ ထုတ်လွှတ်နေသေးသည်။
၎င်း၏ ပုံပန်းသွင်ပြင်မှာ အဆုံးမဲ့စစ်သင်္ဘောကြီးများနှင့် အလွန်အင်မတန်မှ ဆင်တူနေ၏။ ထိုသို့ တူနေသည်မှာ မထူးဆန်းပေ။ အဆုံးမဲ့စစ်သင်္ဘောကြီးများအားလုံးမှာ ထို ဧရာမ ရွှေရောင်နွားချေးပိုးကြီးကြောင့် ပေါ်ပေါက်လာကြသည်မဟုတ်ပါလော။ ၎င်းမှာ... အဆုံးမဲ့မိုးကောင်းကင်တာအို ဖြစ်ပေသည်။
၎င်းမှာ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုအား ဝါးမျိုခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယခုတွင် အဆုံးမဲ့တာအိုနယ်မြေတစ်ခုစလုံးအား မင်းမူထား၏။ ၎င်းမှာ မိုးကောင်းကင်တာအို၏ အဆုံးမရှိသော စည်းမျဥ်းဥပဒေသများကို ထိန်းချုပ်ပေသည်။
ဤနေရာတွင် ပေါ်ပေါက်လာသည့်အရာကြီးမှာ ၎င်း၏ ခန္ဓာကိုယ်အစစ် မဟုတ်ဘဲ ကိုယ်ပွားများထဲမှ တစ်ခုသာဖြစ်သည်။ သို့သော်လည်း ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်နေဆဲပင်။ ၎င်းမှာ နတ်ဧကရာဇ်ရွှမ်ဟွား၏ အမိန့်ကိုပင် ဂရုစိုက်နေခြင်းမရှိဘဲ အသံကုန်အော်ဟစ်လိုက်ပြီး မီးခိုးရောင် အာကာသကောင်းကင်ကြီးထဲသို့ ချက်ချင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ထိုအခါ နတ်ဧကရာဇ်ရွှမ်ဟွားမှာလည်း ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာပျက်သွား၏။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှားကာ ၎င်း၏ နောက်မှ ပြေးလိုက်သွားသည်။
ထိုအချိန်တွင် မီးခိုးရောင်အာကာသကောင်းကင်ကြီး၏ အလယ်ဗဟိုတွင် ရှိနေသည့် ချန်ရှင်းမှာ မျက်ဝန်းများ ဝင်းလက်တောက်ပသွားသည်။
" မိပြီဟေ့။ ပေါင်လဲ့ရေ။ ငါနဲ့ လိုက်ခဲ့ " ချန်ရှင်းမှာ ဟက်ဟက်ပက်ပက် ရယ်မောကာ သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ဆွဲခေါ်၍ ဗဟိုမီးဖိုထဲသို့ အလျင်အမြန် ထွက်ပြေးဆုတ်ခွာသွား၏။
ဝူလေးနှင့် မြည်းလေးတို့မှာလည်း သူတို့၏ နောက်မှ ချက်ချင်းလိုက်သွားကြ၏။ အနက်ရောင်ငါးလေးမှာမူ တစ်ကိုယ်လုံးတုန်ရီနေပြီး မျက်ဝန်းများထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်ထဲမှာပင် ၎င်းမှာ အရဲစွန့်ရာ ကြိုးစားကြည့်ချင်နေသည့်ပုံ ပေါက်နေသေးသည်။ ထိုသို့ဖြင့် ၎င်း နောက်သို့လှည့်ကာ လှမ်းကြည့်ရန် ပြင်လိုက်စဉ်မှာပင် ချန်ရှင်းမှာ ဟင်းလင်းပြင်ကြီးထဲမှနေ၍ ၎င်းအား လှမ်းဆွဲလိုက်၏။
မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့နှင့် ချန်ရှင်းတို့မှာ ဗဟိုမီးဖိုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ ထိုအချိန်တွင် သူတို့ရှိနေခဲ့သည့် နေရာ၌ တိမ်တိုက်များ တလိပ်လိပ် ထလာပြီး ပေါက်ကွဲသံများဖြင့် ပြည့်နှက်သွားတော့သည်။
အဆုံးမဲ့မိုးကောင်းကင်တာအို ရောက်ရှိလာပြီဖြစ်သည်။