← Chapters

ယန္တရားထဲတွင်တစ်နှစ်ကျင့်ကြံသည်က ပြင်ပတွင်နှစ်ပေါင်းများစွာကျင့်ကြံသည်နှင့်ညီမျှ

Vol. 81 Ch. 1130

ယန္တရားထဲတွင်တစ်နှစ်ကျင့်ကြံသည်က ပြင်ပတွင်နှစ်ပေါင်းများစွာကျင့်ကြံသည်နှင့်ညီမျှ

Vol. 81 Ch. 1130

အခန်း (၁၁၃၀) ယန္တရားထဲတွင်တစ်နှစ်ကျင့်ကြံသည်က ပြင်ပတွင်နှစ်ပေါင်းများစွာကျင့်ကြံသည်နှင့်ညီမျှ

နဂါးလိပ်ပြာတောင်ကြား ၊ လေထုအလယ်တွင် လွင့်ပျံနေသည့် မီးပြင်းဖို (၉)လုံးထက်တွင် ရန်ကျောက်ကဲ မတ်တတ်ရပ်နေပြီး သိပ်သည်းသည့်မြူခိုးများက လှည့်ပတ်နေသည်။

သိပ်သည်းသောခရမ်းရောင်ချီစွမ်းအားများက တောင်ကြားတစ်ခုလုံးပြည့်သွားသည့်တိုင် အပြင်သို့ စီးဆင်းထွက်ခြင်းမရှိဘဲ တောင်ကြားထဲမှာပင် ချုပ်နှောင်ထားသည်။

ခရမ်းရောင်ချီစွမ်းအား အခိုးအငွေ့များအလယ်တွင် ခြေသုံးချောင်းပါရှိသည့် ကြီးမားသော ရတနာမီးပြင်းဖိုကြီးတစ်ခု ထွက်ပေါ်လာသည်။

‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုမှလွဲပြီး အခြားမဟုတ်ပေ။

ဤ ရတနာမီးပြင်းဖိုက အဂ္ဂိရတ်မီးပြင်းဖိုတစ်ခုဖြစ်သော်လည်း အလွန်တရာ မှော်ဆန်ပြီး စွမ်းအားမြင့်မားသည်ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။

သို့သော် ရန်ကျောက်ကဲက သူ့တွင်ရှိသော အကြံဉာဏ်အချို့အသုံးပြုကာ ဤရတနာမီးပြင်းဖို၏ မှော်ဆန်သော စွမ်းအားအနှစ်သာရကို အသုံးပြုရန် ကြိုးစားခဲ့သည်။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုမှ ဖြာထွက်လာသော ခရမ်းရွှေရောင်အလင်းတန်းများက အောက်ဘက်တွင်ရှိနေသော အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို (၉)ခုအား နန်းတော် (၉)အခုအနေအထား တည်ငြိမ်စေရန် လမ်းပြပေးသည်။

ကြီးမားသောမီးပြင်းဖိုကြီး (၁)လုံး ၊ ခပ်သေးသေး မီးပြင်းဖို (၉)လုံး။

ကြီးမားသော မီးပြင်းဖိုကြီးက ခပ်သေးသေးမီးပြင်းဖို (၉)လုံးအထက်တွင် ရှိနေသည်။

ခမ်းနားသောအလင်းတန်းစီးကြောင်းများ ယောင်ဝါးဝါးထါက်ပေါ်လာပြီး ကြီးမားကြည်လင်သည့် ပုံရိပ်ယောင်မီးပြင်းဖိုကြီးတစ်ခုက မီးပြင်ဖိုများကြားထဲတွင် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက လက်ချောင်းများဖြင့် မီးပြင်းဖိုကြီးအား အသာအယာပုတ်လိုက်ရာ ခရမ်းရောင်မြူခိုးများမြင့်တက်သွားပြီး မီးပြင်းဖိုအားလုံး ခရမ်းရောင်ပြောင်းလဲသွားသည်။

ကြည်လင်သော မီးပြင်းဖိုပုံရိပ်ယောင်ကြီးသည်လည်း ယခု ခရမ်းရောင် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ လက်နက်ပစ္စည်းများ ၊ ရတနာပစ္စည်းများ ပြုလုပ်ရန် ပြင်ဆင်ထားသော ကုန်ကြမ်းပစ္စည်းမျိုးစုံမှာလည်း ခရမ်းရောင်မြူခိုးများနှင့်အတူ မီးပြင်းဖိုကြီးအတွင်းသို့ ဝင်ရောက်သွားသည်။

ပုံရိပ်ယောင်မီးပြင်းဖိုကြီးမှာ ခရမ်းရောင်စင်စစ်သို့ ပြောင်းလဲသွားပြီး ခရမ်းရွှေရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။

လေထုထဲတွင် ခမ်းနားသော အင်းသင်္ကေတများ ထွက်ပေါ်လာပြီး နဂါးလိပ်ပြာတောင်ကြားတစ်ခုလုံးသို့ လွှမ်းခြုံသွားကာ မြေပြင်ထက်တွင်ရှိနေသော အစီအရင် အင်းသင်္ကေတများနှင့် ချိတ်ဆက်သွားသည်။

ရန်ကျောက်ကဲက လေထုထဲမှ ဆင်းသက်လိုက်ပြီး တောင်မြင့်ကြီးပမာ ကြီးမားလွန်းသော ရတနာမီးပြင်းဖိုကြီးထိပ်တွင် တင်ပျဉ်ခွေ ထိုက်လိုက်သည်။

အားဟူက မီးပြင်းဖိုထက်တွင်ထိုင်နေသော ရန်ကျောက်ကဲအား လှမ်းကြည့်ရင်း လိုအပ်သည့်ကုန်ကြမ်းများကို စုစည်းကာ မီးပြင်းဖိုအောက်တွင် မတ်တတ်ရပ်နေသည်။

အလင်းတန်းအခိုးအငွေ့များက နဂါးလိပ်ပြာတောင်ကြားတစ်ခုလုံး ပြည့်လျှံသွားသော်လည်း တောင်ကြားအပြင်ဘက်သို့ ရောက်ရှိသွားခြင်းမရှိဘဲ ပတ်ဝန်းကျင်မိုးမြေတစ်ခွင်မှ ဝိညာဉ်စွမ်းအားများကို ဤနေရာတွင် စုစည်းနေစေရန် ဆွဲဆောင်ထားသည်။

လက်နက်ပစ္စည်းသန့်စင်သည်ဖြစ်စေ ၊ ဆေးလုံးဖော်စပ်သည်ဖြစ်စေ စိတ်ရှည်မှု ၊ ဂရုစိုက်မှုနှင့် အချိန်ပေးရခြင်းများက ထာဝစဉ် လိုအပ်သည်။

ရန်ကျောက်ကဲကတော့ နည်းလမ်းပေါင်းများစွာကိုပေါင်းစပ်ပြီး အချိန်ကုန်သက်သာစေရန် ကြိုးစားထားသော်လည်း အခြေခံကျသည့်အချက်များကတော့ မရှိမဖြစ် လိုအပ်နေဆဲ ဖြစ်သည်။

ရန်ကျောက်ကဲက သူလုပ်နေသည့်အလုပ်အပေါ် အပြည့်အဝ အာရုံစိုက်ထားပြီး အချိန်မည်မျှ ကြာသွားမှန်း မသိခဲ့ရပေ။

တောင်တန်းများထက် နေနှင့်လ တစ်လှည့်စီ ကူးပြောင်းနေပြီး အချိန်ကာလက ရွေ့လျားလျှက် ရှိသည်။

အချိန် (၁)လနီးပါးကြာပြီးနောက် ရတနာမီးပြင်းဖိုကြီးထက်တွင် ထိုင်နေသော ရန်ကျောက်ကဲက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး...

“ဖွင့်စမ်း...”

ဟု အော်ဟစ်လိုက်သည်။

သူ၏ခန္ဓာကိုယ်က လေထုအလယ်သို့ မြင့်တက်သွားပြီး ခရမ်းရောင်မီးပြင်းဖိုကြီးမှ အော်ြမည်သံများထွက်ပေါ်လာကာ တဖြည်းဖြည်း ပြိုကွဲသွားသည်။

ကောင်းကင်ထက်မှ ခရမ်းရောင်အခိုးအငွေ့များ လွင့်ပျံသွားပြီး ထူထပ်သော တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ကြီးမားသော မီးပြင်းဖို (၁)အိုး ၊ ခပ်သေးသေး မီးပြင်းဖို (၉) အိုး ၊ စုစုပေါင်း မီးပြင်းဖို (၁၀)အိုး မြင်ကွင်းပြန်လည်ထွက်ပေါ်လာပြီး ခရမ်းရွှေရောင်အလင်းတန်းများက လေထုထဲတွင်လှည့်ပတ်နေကာ တစ်စုံတစ်ခုကို ဖုံးကွယ်ထားဟန် ရှိသည်။

ဤသည်က ယခုတစ်ခေါက် ရန်ကျောက်ကဲ၏ ကြိုးစားမှု ရလဒ် ဖြစ်သည်။

ရန်ကျောက်ကဲ၏ ညွှန်ကြားချက်ကို လက်ခံရရှိပြီး ယနေ့ မီးဖိုဖွင့်တော့မည်ကို သိရှိသော အားဟူက အလွန်စိတ်လှုပ်ရှားနေပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။

ခရမ်းရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းခံထားရသည့် လခြမ်းကွေးသဏ္ဌန် သတ္တုအပိုင်းအစ (၇)ခုအား တွေ့လိုက်ရသည်။ ထိုပစ္စည်းများ၏ မျက်နှာပြင်ထက်တွင် အင်းသင်္ကေတများ ရေးထိုးထားကြောင်း တွေ့ရသည်။

ထိုအင်းသင်္ကေတများက  ထင်ရှားပြီး ထူးခြားဆန်းကျယ်သော သဘောတရားများ ပါဝင်ပြီး အတူတကွ ချိတ်ဆက်ထားသည်ဖြစ်ရာ သတ္တုအပိုင်းအစ (၇)ခုမှာလည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့်ပမာ ဖြစ်သည်။

အားဟူက ထိုသတ္တုအပိုင်းအစ (၇)ခုကို အကြိမ်ပေါင်းများစွာ အကဲခတ်ပြီးနောက် စပ်စုမေးမြန်းလိုက်သည်။

“သခင်လေး ... ဒီပစ္စည်းတွေက ဘာအတွက်လဲ”

ရန်ကျောက်ကဲက လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး ဝှေ့ယမ်းလိုက်ရာ လခြမ်းကွေးသဏ္ဌန်သတ္တုအပိုင်းအစများက အတူတကွ အောက်သို့ဆင်းသက်လာပြီး အားဟူကို ရှည်လျားသည့် လှောင်အိမ်တစ်ခုပမာ ဝန်းရံပိတ်ဆို့လိုက်ကြသည်။

ဒါကိုမြင်တော့ အားဟူ မည်သို့မှမတတ်နိုင်စွာ ထိတ်လန့်တုန်လှုပ်သွားပြီး...

“သခင်လေး... ဒါက ညှင်းပမ်းနှိပ်စက်တဲ့ပစ္စည်းတစ်ခုလား...”

ရန်ကျောက်ကဲက စ နောက် လိုက်သည်။

“အမှန်ပဲ... မင်း အခုတလော ကျင့်ကြံခြင်းမှာ အချောင်ခိုနေတယ် ၊ ဒီတော့ သင်ခန်းစာပေးဖို့လိုတယ်”

လခြမ်းကွေးသတ္တုအပိုင်းအစများမှ အလင်းရောင်တစ်ချက်လင်းလက်သွားပြီး အချင်းချင်းစုစည်းကာ ယန္တရားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အားဟူ မျက်တောင်တစ်ချက် ခတ်လိုက်သည်။

ရှည်လျားသည့် လှောင်အိမ်ထဲတွင် မည်သည့်အန္တရယ်အငွေ့အသက်မှ ခံစားရခြင်း မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် ရှည်လျားသော လှောင်အိမ်ထဲတွင် ဝိညာဉ်စွမ်းအားများ ပြင်းထန်လာပြီး ပိုမိုသန့်စင်လာခဲ့သည်။

အထက်ဘုံကမ္ဘာတွင် ခွန်လွန်တောင်က ဝိညာဉ်စွမ်းအား အကြွယ်ဝဆုံးနေရာဖြစ်သည်။ ဝိညာဉ်စွမ်းအားများ များပြားလွန်းသည့်အတွက် အဆင့်နိမ့်ကျင့်ကြံသူများအတွက် လိုက်လျောညီထွေ မရှိနိုင်လောက်အောင် ဖြစ်ရ၏။

နဂါးလိပ်ပြာတောင်ကြားမှ ဝိညာဉ်စွမ်းအားများက မြောက်ပိုင်းကုန်းမြင့်တောင်ထွတ် ၊ နန်ကောင်းတောင်ထွတ်နှင့် နတ်ဘုရားအနားယူတောင်ကြားတို့အား မမီသော်လည်း အခြားနေရာများထက် သာလွန်သည်ဟု ယူဆနိုင်သည်။

ယခု အားဟူက ယန္တရားထဲတွင် မတ်တတ်ရပ်နေပြီး သူ့ကိုလှည့်ပတ်နေသည့် ဝိညာဉ်စွမ်းအားများက အရင်ကထက် ပိုပြီးသန့်စင်လာသည်ဟု ခံစားနေရသည်။

ပိုပြီး အံ့သြဖွယ်ကောင်းသည်မှာ သူ၏ ကိုယ်ခွဲပေါင်းစပ်ခြင်း သိုင်းသူတော်စင်အဆင့်ဖြင့်ပင် ၎င်းကို အလွယ်တကူ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ခြင်း ဖြစ်၏။

အားဟူ၏ဘဝတွင် ထိုကဲ့သို့သော ပတ်ဝန်းကျင်အနေအထားမျိုးကို တစ်ခါမှ မမြင်ဖူ မကြားဖူးခဲ့ပေ။

အားဟူမှာ ပျော်ရမည့်အစား ကြောက်ရွံ့မှုကို ခံစားလာရသည်။

“ဒါက ပျိုးပင်တစ်ပင် ကြီးထွားမှုကို အရှိန်မြှင့်ပြီး အညွန့်တွေကို ဆွဲထုတ်တဲ့ နည်းလမ်းတစ်ခုလား”

ရန်ကျောက်ကဲက မကျေမနပ်ဖြင့်...

“မင်း ဒီထက်ပိုကောင်းအောင် တွေးကြည့်ပေးလို့ မရဘူးလား”

သူက လခြမ်းကွေးသတ္တုအပိုင်းအစတစ်ခုကို လက်ဖြင့်အသာပုတ်လိုက်ရင်း...

“ဒီပညာကို လမ်းကြောင်းခုနစ်သွယ် ယန္တရားပညာလို့ ခေါ်တယ် ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်ကနေ ဆင်းသက်လာတဲ့ ရှေးဟောင်းပညာရပ်တစ်ခုပဲ”

ရှေးယခင်အချိန်က မိုးကောင်းကင်ခုံရုံးတွင် တန်ခိုးစွမ်းအားမြင့်မားသူများ တိမ်တိုက်များပမာ များပြားလွန်းလှသည်။ သို့သော် အချိန်နှင့်အမျှ ပျောက်ကွယ်သွားသူများကလည်း ရှိနေသည် အမှန်ပင်။

ထိုသို့ ပျောက်ကွယ်သွားသူများနေရာကို အစားထိုးရန်အတွက် မိုးကောင်းကင်ခုံရုံးအပြင်ဘက်မှ တန်ခိုးစွမ်းအားရှင်များကို ရွေးချယ်ကြသည်။ ထိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်းဖြင့် ကျင့်ကြံကြရမည် ဖြစ်သည်။

မိုးကောင်းကင်ခုံရုံး၏ ကောင်းကင်ဘုံနန်းတော်တွင် များပြားလှစွာသော သိုင်းကျမ်းကျင့်စဉ်များ ၊ ပြဒါးဆေးများ များစွာ ရှိသည်။ ကျင့်ကြံသူများအတွက် အံ့သြဖွယ်ရာ နည်လမ်းများစွာရှိသည်ဆိုလျှင် ချဲ့ကားပြောဆိုခြင်း မမည်ပေ။

သို့သော် ထိုကျင့်စဉ်အများစုက လူသစ်များအတွက် အလွန်တင်းကျပ်သော လိုအပ်ချက်များ ရှိနေသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ယနေ့ အထက်ဘုံကမ္ဘာတွင် ထိုကျင့်စဉ်များထဲမှ အများစုမှာ ပြန်လည်ပေါ်ပေါက်လာခြင်း မရှိတော့ပေ။

သို့သော် လမ်းကြောင်းခုနစ်သွယ်ယန္တရားပညာကတော့ ရန်ကျောက်ကဲစိတ်ထဲတွင် အမြဲတမ်း ရှိနေခဲ့သည်။

ဤယန္တရားပညာ၏လုပ်ဆောင်ချက်ကို ရိုးရိုးရှင်းရှင်းဆိုရသော် ဝိညာဉ်စွမ်းအားကို သန့်စင်ပေးပြီး လူသားများ ကျင့်ကြံရန် ကူညီပေးနိုင်သည်။ အကျိုးသက်ရောက်မှုကလည်း အံ့သြတုန်လှုပ်ဖွယ်ရာ ဖြစ်သည်။

အခြေခံသဘောတရားနားလည်မှုများကို ထည့်မတွက်သေးဘဲ ဤ လမ်းကြောင်းခုနစ်သွယ် ယန္တရားပညာကို အသုံးပြုကာ ကျင့်ကြံမည်ဆိုပါက လူတစ်ယောက်၏ စွမ်းရည်သတ္တိကို အဆပေါင်းများစွာ မြင့်မားလာစေမည် ဖြစ်သည်။

ဤနည်းအားဖြင့် ကြီးမားသောသက်ရောက်မှုကြောင့် ကျင့်ကြံခြင်းအချိန်ကာလကို လျှော့ချနိုင်ပြီး အချိန်ကြုန်သက်သာစေမည် ဖြစ်သည်။ ရိုးရှင်းစွာဆိုရသော် ယန္တရားထဲတွင် တစ်နှစ်မျှကျင့်ကြံခြင်းက ပြင်ပလောကတွင် နှစ်ပေါင်းများစွာ ကျင့်ကြံသည်နှင့် ညီမျှသည်။

အားဟူက ပျော်ရွှင်စွာဖြင့်...

“သခင်လေးနဲ့ အိမ်တော်သခင်က အခုတောင်မှ ကျင့်ကြံခြင်းအဆင့်တက်တာ မြန်နေတာ ၊ ဒီယန္တရားနဲ့ဆိုရင် ပိုပြီးမြန်လာတော့မှာပဲ”

ရန်ကျောက်ကဲက လခြမ်းသဏ္ဌန် သတ္တုအပိုင်းအစတစ်ခုအား ထိကိုင်လိုက်ရင်း...

“အရင်တုန်းက ကုန်ကြမ်းမရှိလို့ ဒီပစ္စည်းကို မလုပ်ခဲ့ရဘူး ၊ အခုတော့ ကုန်ကြမ်းနည်းနည်းရပြီဆိုတော့ သေချာပေါက် ဒီလိုပစ္စည်းမျိုးကို လုပ်ရမှာပဲပေါ့ ၊ စိတ်မကောင်းစရာက ကုန်ကြမ်းပစ္စည်းရှာဖို့ကအရမ်းခက်တော့ အများကြီးတော့ ထုတ်လုပ်နိုင်မှာ မဟုတ်သေးဘူး”

ရန်ကျောက်ကဲက အစီအရင်ကို ရုတ်သိမ်းလိုက်ပြီး လခြမ်းအသွင် သတ္တုအပိုင်းအစခုနစ်ခုကို ပေါင်းစည်းလိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက ထိုပစ္စည်းကို အားဟူထံသို့ ပေးလိုက်ရင်း...

“ငါတို့အတွက် အချိန်ကုန်သက်သာအောင် တတ်နိုင်သမျှ လုပ်ရမယ်လေ ၊ နောက်တစ်ခု ထပ်လုပ်ရဦးမယ် ၊ မင်းက ဒီယန္တရားကို တောင်ပိုင်းက အဖေ့ဆီကို ပို့ပေးလိုက်ပါ”

အားဟူက ရန်ကျောက်ကဲ ကမ်းပေးသည့် ယန္တရားကို အမြန်ယူရင်း...

“ကောင်းပါပြီ သခင်လေး ၊ ကျွန်တော် မြန်မြန်သွားပြီး မြန်မြန် ပြန်ခဲ့မယ်”

အားဟူထွက်သွားသည်ကိုကြည့်ပြီးနောက် ရန်ကျောက်ကဲက တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးများကို မှေးမှိတ်ကာ အနားယူလိုက်သည်။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို၏ စွမ်းအားကို ယူငင်သုံးစွဲခြင်းက သူ၏တန်ခိုးစွမ်းအား များစွာ ကုန်ဆုံးစေသည်။

သူ့လက်ထဲရှိနေသည့် ကုန်ကြမ်းပစ္စည်းများကလည်း ရှားပါးသည်ဖြစ်ရာ မည်သည့်အရာကိုမှ ဖြုန်းတီးပစ်ရန် မသင့်ပေ။ အကယ်၍ ရတနာပစ္စည်းပြုလုပ်ခြင်း မအောင်မြင်ပါက အလွန်တရာ နှမျောစရာ ကောင်းပေလိမ့်မည်။

ခဏအကြာမှာတော့ ရန်ကျောက်ကဲက သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး လေထုထဲသို့ပျံသန်းကာ နောက်တစ်ကြိမ် ရတနာပစ္စည်းပြုလုပ်ရန် မီးပြင်းဖိုအဖုံးကို ဖွင့်လိုက်လေသည်။

ခွန်လွန်တောင် အဝေးတစ်နေရာမှကြည့်မည်ဆိုလျှင် နဂါးလိပ်ပြာတောင်ကြားက ခါတိုင်းလိုပင် ငြိမ်သက်တိတ်ဆိတ်နေကြောင်း တွေ့ရှိရပေမည်။

ထိုနေရာမှ စွမ်းအားလှိုင်းလုံးများ မြင့်တက်နေသည်ကို ရိပ်မိသိရှိသူ အနည်းငယ်သာလျှင် ရှိနိုင်သည် မဟုတ်ပါလား။

All Chapters