နန်းတွင်းမှ အမည်မဲ့ ရေစီးကြောင်းများ
Vol. 8 Ch. 108
ဝတုတ်တုတ် ဆိုင်ပိုင်ရှင်သည် တွန့်ဆုတ်တွန့်ဆုတ် အမူအရာနှင့် ပေါ်လာခဲ့၏။ သူက စကားပြောရန် ကြိုးစားသော်လည်း မင်းသားကျန်းမှာ မတုန့်ပြန်ချေ။ ထို့အစား အမွှာ မိန်းကလေးကသာ အမတေ ကျောက်တုံး နှစ်တုံး ပါဝင်သော အိတ်တစ်အိတ်ကို ပစ်ပေးလိုက်သည်။ ကျေးဇူးတင်စကား ဆိုပြီးနောက် ဆိုင်ပိုင်ရှင်မှာ နောက်သို့ ပြန်လည် ဆုတ်ခွာသွား၏။
မင်းသားကျန်းမှာ စုမေ့ကို အကဲခတ်ရင်း ဆက်လက် စောင့်နေလိုက်သည်။ ကျရှုံးသည် ဖြစ်စေ၊ အောင်မြင်သည် ဖြစ်စေ ထိုအခိုက်အတန့်မှာ ထိုမိန်းကလေး အတွက် အလွန် အရေးပါနေကြောင်း သူ သိရှိထားသည်။ သေမျိုး နတ်ဘုရားများသည် အသက် သုံးရာမှ လေးရာ အထိ ရှည်တတ်ပြီး အရေအတွက်မှာ ဝူတိုင်းပြည် တစ်ခုလုံးတွင်ပင် တစ်ထောင် မပြည့်လှချေ။
အကယ်၍ အောင်မြင်ခဲ့ပါက သူမ၏ အနာဂတ်မှာ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ ထို့အတူ နှစ်ရာချီ တည်တံ့နိုင်မည့် အင်အားစု တစ်ခုကိုလည်း တည်ထောင် နိုင်ပေလိမ့်မည်။ ထိုအရာကား ကျင့်ကြံခြင်း လော၌ အဆုံးအဖြတ် ခြေလှမ်း တစ်ခု ဖြစ်ပေသည်။ မင်းသားကျန်းသည် စုမေ့ကို သူ၏ အဖွဲ့အတွင်း စည်းရုံး သိမ်းသွင်းရန်ပင် စဥ်းစားထား၏။
နာရီအနည်းငယ် ကြာပြီးသည့်နောက် စုမေ့၏ မျက်လုံးများမှာ တဖြည်းဖြည်း ပွင့်လာခဲ့သည်။ သူမသည် လွန်ခဲ့သော လအနည်းငယ်က ချီပျစ်ခဲခြင်း အဆင့်လေးတွင်သာ ရှိခဲ့သော်လည်း ယခုတွင်မူ သေမျိုး နတ်ဘုရား တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်က ပြုံးလိုက်၏။
“အောင်မြင်သွားပြီ... အခု နင့်အတွက်လည်း ဘွဲ့နာမည် တစ်ခုခု ရွေးလို့ ရသွားပြီပေါ့... ဟုတ်တယ်မလား”
သူက အသံတားဆီးခြင်း အစီအရင်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ ရုတ်တရက် ချီပျစ်ခဲခြင်း အဆင့်မှာ သိပ်မခက်လှသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိအောင် သူ လုပ်နိုင်လောက်သည်။ မည်သို့ပင် ဆိုစေ... သူ ပြုလုပ်နိုင်သည့် အဆင့်ခြောက် အဂ္ဂိရတ် မှော်ဆေးလုံးများမှာ ချီပျစ်ခဲခြင်း အဆင့် တစ်ခုလုံး အတွက်ပင် အသုံးဝင်သည် မဟုတ်ပါလား။
စုမေ့နှင့် ဝေ့ဝူယင်တို့မှာ ဘေးတွင် လူများရှိသည်ကို သတိထားမိဟန် မရပဲ အနည်းငယ် ဆက်၍ စကားပြောနေကြ၏။ အထူးသဖြင့် စုမေ့အား မည်ကဲ့သို့ ဘွဲ့နာမည် ပေးသင့်သည် ဆိုသော အကြောင်း ဖြစ်သည်။ အမွှာ မိန်းကလေးက အနည်းငယ် ချောင်းဟန့်လိုက်၏။
ဝေ့ဝူယင်က သန်မာထွားကြိုင်းသော လူကြီးနှင့် အမွှာ နှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက စိတ်မရှည်ဟန် အရိပ်အမြွက်ဖြင့် ဆိုလိုက်၏။
“ပိုင်လင်က ရောင်းဖို့ မဟုတ်ဘူး... ဘယ်တော့မှလည်း ရောင်းမှာ မဟုတ်ဘူး”
မင်းသားကျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ကောင်းပြီလေ...”
သို့သော်လည်း သူ လက်ခံလိုက်သည်။ သူအား မင်သား တစ်ယောက်မှန်း သိသည့်တိုင် ထိုလူငယ်မှာ ယခုကဲ့သို့ ဆက်ဆံရဲသည်။ ထိုယုံကြည်မှုတွင် ခိုင်လုံသော အကြောင်းပြချက် တစ်ခု ရှိနိုင်သည်။ ထို့ကြောင့်ပင် ဆက်လက် တွန်းအားမပေးတော့ရန် သူ ဆုံးဖြတ်လိုက်၏။
ထို့အစား သူက လက်နှစ်ဖက်ကို ယှက်ကာ စုမေ့နှင့် ဝေ့ဝူယင်တို့ကို နှုတ်ဆက်လိုက်၏။
“ကျုပ်က ဝူတိုင်းပြည်ရဲ့ တတိယ မင်းသား ဝူကျန်းပါ... မိန်းကလေးရဲ့ အဆင့်တက်နိုင်ခြင်း အတွက် ဂုဏ်ပြုပါတယ်”
သူ၏ အသံက သန်မာထွားကြိုင်းသည့် ခန္ဓာကိုယ်ကြီးနှင့် မလိုက်ဖက်စွာပင် တော်ဝင်ဆန်ကာ ယဥ်ကျေး၏။ မင်းမျိုးမင်းနွယ် တစ်ယောက်၏ မြင့်မြတ်မှုကို သယ်ဆောင်ထား၏။
ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြသွားသည်။ သူသည် တတိယ မင်းသား သွေးပုဆိန်၏ သတင်း မြောက်များစွာကို ကြားဖူးထားသည်။ ထိုမင်းသားသည် ရက်စက်ကြမ်းကြုတ်ကာ မောက်မာသည်၊ သူနှင့် ဆက်ဆံရန် မလွယ်ကူ ဟု ကျော်ကြား၏။ သို့သော်လည်း ယခုတွင်မူ ခြားနားသော လူတစ်ယောက် အလား ထင်မှတ်ရ၏။
မင်းသားကျန်းမှာ ဝေ့ဝူယင်၏ အကြည်ကို သတိထားမိဟန် ရသည်။ သူက အနည်းငယ် ခေါင်းခါရင်း ပြုံးလိုက်၏။
“ရန်သူတွေ အတွက် ကျုပ်က မိစ္ဆာ ဖြစ်ချင် ဖြစ်လိမ့်မယ်... အများရဲ့ အမြင်မှာ ကျုပ်က မောက်မာကောင်း မောက်လာလိမ့်မယ်... ဒါပေမဲ့ လေးစားထိုက်သူတွေကိုတော့ ကျုပ် မထီလေးစား မလုပ်ဝံ့ပါဘူး”
ထိုစကားလုံးများက လေးနက် သိမ်မွေ့လှရာ ဝေ့ဝူယင်၏ မျက်ဝန်းတွင် လေးစားမှု အချို့ ဖြစ်ပေါ်လာသည်။ နေသွေးနီနီဂိုဏ်းတွင် နေထိုင်စဥ် အခါက သူသည်လည်း ထိုကဲ့သို့ပင် ပြုမူခဲ့ဖူးသည်။ မျက်နှာဖုံးများကို စွပ်ရင်း ပင်ပန်းနွမ်းနယ်မှုကို သူ ခံစားခဲ့ရသည်။ သေခြင်း၊ ရှင်ခြင်း မျဥ်းများ အကြား ဖြတ်သန်းနေရသော ဘဝက အမှန်ပင် မလွယ်ကူလှချေ။
“ငါ့နာမည်က ဝေ့ဝူယင်...”
ဝေ့ဝူယင် သူ့ကိုယ်သူ မိတ်ဆက်ရန် ဆုံးဖြတ်လိုက်၏။ စုမေ့က ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်ရာ ခေါင်းညိတ်ပြသည်ကို သူမ တွေ့လိုက်ရသည်။
“စုမေ့....” သူမက ဆိုလိုက်၏။
မင်းသားကျန်းမှာ ဝေ့ဝူနှင့် စုမေ့တို့၏ အပြန်အလှန် တုန့်ပြန်ပုံကို ကြည့်ကာ ပြုံးလိုက်၏။ ထိုနှစ်ယောက်၏ ဆက်ဆံရေးမှာ တစ်မူ ထူးခြားနေကြောင်း သူ သတိပြုမိလိုက်သည်။ ဝေ့ဝူယင် ဆိုသော လူငယ်က မိန်းကလေး အနည်းငယ် ပို၍ လွှမ်းမိုးထားပုံ ပေါ်သည်။ ဤသို့ဆိုလျှင် ဝေ့ဝူယင်သည်လည်း သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်နိုင်ပေသည်။
“နတ်ဘုရားဝေ့... နတ်ဘုရားစု... တွေ့ရတာ ဝမ်းသာပါတယ်”
မင်းသားကျန်းနှင့် အတူ အမွှာ မောင်နှမ နှစ်ယောက်ကလည်း အသီးသီး ဦးညွှတ်ကာ မိတ်ဆက် လိုက်ကြသည်။ အမွှာနှစ်ယောက် အနက် မိန်းကလေးမှာ လီထျန်း ဖြစ်ပြီး၊ ယောက်ျားလေးမှာ လီတိ ဖြစ်သည်။
“ကောင်းကင်နဲ့ မြေကြီး...”
ဝေ့ဝူယင်နှင့် စုမေ့တို့မှာ ပြုံးလိုက်ကြ၏။ ထိုနာမည်များမှာ အမွှာများ အတွက် အလွန် လိုက်ဖက်ညီလွန်းသည့် အတွဲအဖက်ပင် ဖြစ်သည်။
“နတ်ဘုရားဝေ့တို့နဲ့ တွေ့ဆုံခွင့် ရခဲ့တာ ကံကြမ္မာပါပဲ... ကျုပ်က ပုံမှန်ဆို မြို့တော် အပြင်မှာ နေတာလေ... ခု မြို့တော်ထဲမှာ လေလံပွဲ ရှိတာနဲ့ ပြန်လာရင်း အပြန်မှာ ကြိုးကြာဖြူကို တွေ့တာနဲ့ စိတ်ဝင်စားလို့ ဝင်လာတာပါ... အချိန်ရှိရင် ကျုပ်တို့နဲ့ လိုက်လည်ဖို့ ဖိတ်ခေါ်ပါရစေ... အဲဒီမှာ စိတ်ဝင်စားစရာ ပစ္စည်းကောင်းလေးတွေ ရှိပါတယ်... တကယ်လို့ ရောင်းစရာ ရှိရင်လည်း အကျိုးအမြတ် ရှိရှိ ရောင်းလို့ရတယ်လေ...ဘယ်လိုသဘောရလဲ”
မင်းသားကျန်းက ကမ်းလှမ်းလိုက်၏။
“လေလံပွဲ...”
ဝေ့ဝူယင်၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် တောက်ပသွား၏။ သူ လိုချင်နေသည့် ပစ္စည်းများထဲမှ တစ်ခုကို မြို့တော်ထဲတွင် လေလံပွဲ လုပ်မည်ဟု သူ သတင်းကြားရသည်။ ထို့အပြင် မင်းသားကျန်းမှာလည်း သူ့အတွက် ခင်ဖို့ကောင်းနေသည်။ စာအုပ် တစ်အုပ်ကို မျက်နှာဖုံးထက် အတွင်းရှိ အကြောင်းအရာကိုသာ ကြည့်၍ အကဲဖြတ်သင့်သည် ဆိုသော စကားကား မှန်ကန်လှသည်။
“ကောင်းပြီလေ...”
ဝေ့ဝူယင်က သဘောတူလိုက်၏။
မင်းသားကျန်းမှာ သေမျိုး နတ်ဘုရား နှစ်ယောက် သူ့နှင့် အတူလိုက်မည် ဆိုသဖြင့် ဝမ်းသာသွား၏။ ယခုတွင် သူတို့၏ နာမည်များကိုသာ သိရသေးသော်လည်း အနာဂတ်၌ ရင်နှီးသော ဆက်ဆံရေး တစ်ခုကို ထူထောင်နိုင်ရန် အခွင့်အရေး ရှိပေသည်။
သူတို့ အုပ်စု စားသောက်ဆိုင်ထဲမှ ထွက်ခွာလာသော အခါ ပိုင်လင်မှာ မင်းသားကျန်း၊ လီထျန်းနှင့် လီတိတို့ကို သတိကြီးကြီးထားသော မျက်ဝန်းများနှင့် စစ်ဆေးနေခဲ့သည်။ ဝေ့ဝူယင်နှင့် ခင်မင်နေပုံ ပေါက်နေကြောင်း သတိထားမိသော အခါတွင်မှ သူမ၏ အမူအရာက အနည်းငယ် ပျော့ပျောင်း သွားသည်။
မင်းသာကျန်း၏ သားရဲမှာ ပိုင်လင်၏ အရွယ်အစားလောက် ရှိမည့် လင်းယုန်ငှက်ကြီး ဖြစ်သည်။ ကောင်းကင်သို့ ပျံတက်လိုက်ကြပြီးနောက် ပိုင်လင်သည် ဝေ့ဝူယင်၏ ညွှန်ကြားချက် အတိုင်း မင်းသားကျန်းတို့ နောက်မှ လိုက်ပါ ပျံသန်းလာခဲ့သည်။ သူတို့ အုပ်စု နှစ်ခုသည် မိနစ် အနည်းငယ် ကြာသည်အထိ တိတ်တဆိတ်ပင် ပျံသန်း လာခဲ့ကြ၏။ ဝေ့ဝူယင်၏ မျက်လုံးမှာ အနည်းငယ် ကျဥ်းမြောင်းနေ၏။ ဆိုင်မှ ထွက်ခါစ အချိန်မှ နေ၍ ယခုတိုင်အောင် သတ်ဖြတ်လိုစိတ် တစ်ခုကို သူခံစားနေခဲ့ရသည်။ အချိန် ပိုမို ကြာလာသည်နှင့် အမျှ ထိုခံစားချက်မှာ ပိုမို၍ ပြင်းထန်လာနေ၏။
ဝေ့ဝူယင် မင်းသားကျန်းတို့ကို လှမ်းကြည့်လိုက်၏။ သူတို့သည် သတိ အမူအရာများနှင့် အရပ်မျက်နှာ အနှံ့ကို စောင့်ကြည့်နေကြသည်။ လီထျန်းနှင့် လီတိတို့မှာ မင်းသားကျန်းကို ဝန်းရံနေရာယူ ထားကြ၏။ ကြည့်ရသည်က သူတို့သည်လည်း သတ်ဖြတ်လိုစိတ်ကို သတိထားမိဟန် ရသည်။
သို့သော်လည်း စုမေ့မှာမူ သူ့အာရုံနှင့်သူ ဖြစ်၏။ သူမသည် မျက်လုံးမှိတ်ကာ ကျင့်ကြံခြင်း အခြေခံကိုသာ ပြန်လည် ဆန်းစစ် နေခဲ့သည်။ အသစ်စက်စက် သေမျိုး နတ်ဘုရား တစ်ပါး အနေဖြင့် ထိုအဆင့်အကြောင်း သူမ မသိသေးသော အရာ မြောက်များစွာ ရှိနေပေသည်။
ဝေ့ဝူယင်မှာ သူမကို နှောက်ယှက်ခြင်း မပြုချေ။ ထို့အစား သူက ဝိညာဥ်အာရုံကိုသာ တိတ်တဆိတ် ဖြန့်ကျက်လိုက်၏။ သူ၏ မျက်လုံးများက အလွန်အမင်း တည်ငြိမ်နေသည်။ ဤနေရာမှာ ဝူဗဟိုနယ်မြေ ဖြစ်သည်။ ကောင်းကင်ဝူမြို့တော် ဖြစ်သည်။ လူများ ထိုမျှ အတင့်ရဲလိမ့်မည် ဟု သူ ထင်မထားခဲ့ချေ။
“နန်းတွင်းရဲ့ အရှုပ်ထုပ်တွေက တကယ် စိတ်ပျက်ဖို့ ကောင်းတာပဲ”
ဝေ့ဝူယင် မျက်လုံးများကို မှိတ်ရင်း သက်ပြင်းချလိုက်လေ၏။
...
မြေမြင်ထက်၌ လူရှစ်ယောက် ပါဝင်သော အုပ်စုတစ်စုသည် အရိပ်များ ကဲ့သို့ လှုပ်ရှားနေကြသည်။ သူတို့ တစ်ယောက်ချင်းစီ၏ အမြန်နှုန်းမှာ ကောင်းကင်၌ ပျံသန်းနေသည့် ဝေ့ဝူယင်နှင့် မင်းသားကျန်းတို့၏ သားရဲများ ကဲ့သို့ လျှင်မြန်ကြသည်။
ခေါင်းဆောင်သည် တစ်ကိုယ်လုံးကို ဖုံးလွှမ်းသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ အမူအရာ၊ မျက်လုံးမျက်ဖန်၊ ကျားမ အမျိုးအစား၊ ကျင့်ကြံခြင်းတို့ကို မမြင်နိုင်ချေ။ အခြားလူများ အားလုံးမှာမူ သွေးရောင် ဦးချိုပါသည့် မိစ္ဆာ မျက်နှာဖုံးများ တပ်ဆင် ထားကြသည့် ယောက်ျားများ ဖြစ်ကြသည်။ သူတို့ထဲတွင် ပိန်ပိန်၊ ဝဝ၊ ရှည်ရှည်၊ ပုပု၊ ဝတ်စုံနက်ဝတ် စသည်ဖြင့် ပုံစံစုံ ပါဝင်ကြသည်။
နေ့ဘက်တွင် ဖြစ်သည့်တိုင် သူတို့အား မည်သူမျှ သတိထားမိပုံ မရချေ။ အဖြူရောင် မြူမှုန်များမှာ သူတို့၏ ခန္ဓာကိုယ်ကို မြွေများ သဖွယ် ရစ်ပတ်ကာ ဖုံးကွယ်ထား၏။ အပြင်ပန်းကြည့်ပါက သူတို့မှာ ကိုယ်ပျောက်နေသယောင်ပင် ထင်ရသည်။
ယောက်ျား တစ်ယောက်က စကားပြောလိုက်၏။ သူ၏ အသံက ကြမ်းတမ်းသော်လည်း ဆောင်းတွင်းလေ ကဲ့သို့ အေးစက်နေသည်။
“ပစ်မှတ်က ငါတို့ကို သတိထားမိနေပြီ”
အခြား တစ်ယောက်က ခေါင်းညိတ်လိုက်၏။
“သူ့ဘေးမှာ ကြိုးကြာဖြူနဲ့ သေမျိုး နတ်ဘုရား အသစ် နှစ်ယောက် ပါလာတယ်... ရွှေရောင် နှုတ်သီးနဲ့ ရွှေရောင် မျက်လုံးတွေ အရဆို အဲဒီငှက်က ရွှေရောင် ဖီးနစ်သစ်သီးကို စားထားတာ ဖြစ်နိုင်တယ်”
ထိုအသံမှာ နူးညံ့လှကာ မိန်းမသား ဆန်လှ၏။ သို့သော်လည်း တကယ်တမ်းတွင်မူ ပိန်လှီသည့် လူငယ် တစ်ယောက်ထံမှ ရောက်ရှိလာခြင်း ဖြစ်သည်။
အဖြူရောင် အလင်း တစ်ခုသည် လူငယ်၏ မျက်ခုံး နှစ်ခုကြားတွင် တောက်ပနေသည်။ မိစ္ဆာ မျက်နှာဖုံး တပ်ဆင်ထားသည့်တိုင် ထိုအလင်းမှာ တတိယ မျက်လုံး အလား မြင်သာထင်သာ ပေါ်လွင်နေသည်။
“နောက်ထပ် ကိုးစက္ကန့်ကြာရင် လှုပ်ရှားမယ်”
မပြတ်သားသော အသံတစ်ခုက ခေါင်းဆောင်ထံမှ ထွက်ပေါ်လာ၏။ အားလုံးမှာ နာခံစွာဖြင့် တိတ်တဆိတ် ခေါင်းညိတ် လိုက်ကြသည်။ သူတို့၏ အရှိန်များမှာ ချက်ချင်းပင် ပိုမို မြင့်မားလာ၏။ ထိုအရှိန်အတိုင်းသာ ဆိုပါက ခုနစ်စက္ကန့်အတွင်းမှာပင် မင်းသားကျန်းတို့၏ လမ်းကြောင်းကို သူတို့ မှီသွားပေလိမ့်မည်။
ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြန်လည် ပွင့်လာခဲ့၏။ သူ မင်းသားကျန်းကို လှမ်းကြည့်လိုက်သည်။ ထွက်ပေါ်နေသည့် အရှိန်အဝါကို ကြည့်၍ မင်းသားကျန်းမှာ ချီပျစ်ခဲခြင်း အဆင့်ခုနစ် ဖြစ်ကြောင်း သူ သိရှိလိုက်သည်။
ဝေ့ဝူယင်၏ မျက်ခုံးများမှာ အပေါ်သို့ တွန့်ကွေးသွား၏။ သူ့အား အထွတ်အထိပ် သေမျိုး နတ်ဘုရား တစ်ပါး ဟု သတ်မှတ်နေနိုင်ပြီ ဖြစ်သည်။ သူသိထားသလောက် ဆိုလျှင် မင်းသားကျန်းမှာ အသက် ခြောက်ဆယ် ဖြစ်သည်။ သံသယ ရှိစရာ မလိုလောက်အောင်ပင် သူ့အား ထိပ်သီး ပါရမီရှင် တစ်ယောက် အဖြစ် သတ်မှတ်၍ ရပေသည်။
ဝေ့ဝူယင်သည် လီထျန်းနှင့် လီတိတို့၏ အရှိန်အဝါများကိုလည်း ဝေ့ဝူယင် ခံစားမိ၏။ သူတို့ နှစ်ယောက်စလုံးမှာလည်း အဆင့်ခုနစ်များပင် ဖြစ်သည်။ တော်ဝင် မင်းသား တစ်ပါး၏ သက်တော်စောင့် ဖြစ်လာခြင်းကား အံ့သြစရာ မရှိတော့ချေ။
***