← Chapters

လုပ်ကြံ သတ်ဖြတ်သူများ (၂)

Vol. 8 Ch. 110

လုပ်ကြံ သတ်ဖြတ်သူများ (၂)

Vol. 8 Ch. 110

ဝေ့ဝူယင်မှာ သူတို့၏ အတွေးများကို မသိသလို ဂရုလည်း မစိုက်ပါချေ။ သူ စိတ်ဝင်စားနေသည့် တစ်ခုတည်းသော အရာက သူ၏ ကိုယ်ပိုင် ခွန်အားပင် ဖြစ်သည်။

“မင်း ငါ့ရဲ့ ခွန်အား ငါးရာခိုင်နှုန်းကို ခုခံနိုင်မလား ကြည့်လိုက်ရအောင်...”

စကားဆုံးသည်နှင့် ဝေ့ဝူယင်သည် ဆယ့်ခုနစ်၏ အရှေ့သို့ ရောက်ရှိလာ၏။ လက်သီးကို ဆုပ်လိုက်ရုံဖြင့် ကြောက်မက်ဖွယ်စွမ်းအင်များက ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဆယ့်ခုနစ်မှာ သေခြင်းတရားကို ခံစားလိုက်ရသည်။ မဆိုင်းမတွပင် သူ၏ အဝတ်များမှာ ပြန့်ကားလာကာ  မျက်နှာဖုံးမှာ ကွဲအက်သွား၏။ ခွန်အား အဆမတန် ကွာသည့် ရန်သူမျိုးနှင့် ရင်ဆိုင်ရချိန်၌ သင်လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ထိုရန်သူကို သင်နှင့် အတူ ခေါ်ဆောင်သွားရန် ဖြစ်သည်။ ရန်သူမည်မျှပင် အစွမ်းထက်သည် ဖြစ်စေ... သူ့ကို ထိခိုက်အောင် လုပ်ပါက သင်အနေဖြင့် ပြုံးကာ သေဆုံးနိုင်ပေသည်။

ဝေ့ဝူယင်မှာ ထိုအရာကို မြင်သည်။ သို့သော်လည်း သူသည် နောက်သို့ ပြန်ဆုတ်ခြင်း မပြုပဲ လက်သီး၏ ခွန်အားကိုသာ ပိုမို တိုးမြှင့်လိုက်၏။ ဆယ့်ခုနစ်၏ ခန္ဓာကိုယ်နှင့် ချီနှလုံးသားတို့မှာ ကိုယ်ပိုင် ပေါက်ကွဲခြင်း မပြုနိုင်သေးခင်မှာပင် ဝေ့ဝူယင်၏ လက်သီးချက် အောက်သို့ စုံးစုံး ကျရောက်သွား၏။

ဘုန်း...

သွေးမှုန်များ၊ အရိုးများ၊ ကလီစာများနှင့် အသားစများမှာ အရပ်ရပ်သို့ ပျံ့နှံ့သွား၏။ သို့သော်လည်း ဝေ့ဝူယင်၏ ကိုယ်ကိုမူ သွေးတစ်စက်မျှ မစင်ခဲ့ချေ။ သူ၏ အနက်ရောင် ဝတ်စုံမှာ ခါတိုင်း ကဲ့သို့ပင် သန့်ရှင်းဆဲ၊ ကြော့ကော့နေဆဲ ဖြစ်ပေသည်။

“မုန်းဖို့ကောင်းလိုက်တဲ့ လုပ်ကြံရေးသမားတွေ... ပြတ်သားလွန်းအားကြီးတယ်”

ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူတို့သည် အဖွဲ့အစည်း တစ်ခုခု၏ ဦးနှောက်ဆေးခြင်းကို ခံထားရကာ မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် သူတို့၏ အသက်ကို အချိန်အခါ မရွေး စွန့်လွှတ်ရန်လည်း ဝန်မလေးကြချေ။

သေချာပြန်စဥ်းစားပါကလည်း သူတို့ကို အပြစ်ဆို၍ မရပြန်ချေ။ သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်းတို့နှင့် ဆက်နွယ် ခိုင်မာသည့် နှလုံးသား မရှိပါက လူသတ်သမားကောင်း တစ်ယောက် ဖြစ်လာရန်မှာ အိပ်မက်တစ်ခု အနေဖြင့် ပြီးဆုံးသွား ပေလိမ့်မည်။ ထို့ကြောင့်ပင် လုပ်ကြံသူများမှာ များများသတ်ကာ စောစီးစွာ သေဆုံး ကြရသည်။

ဘုန်း...

အနက်ရောင် မီးခိုးဗုံး တစ်ခုသည် ကောင်းကင်အောက်တွင် ပေါက်ကွဲသွား၏။ မျက်နှာဖုံးဝတ်ဆင်ထားသော ပုံရိပ်များမှာ ထိုမီခိုးနှင့် အတူ တစ်ယောက်ပြီး တစ်ယောက် စတင်ကာ ပျောက်ကွယ် လာကြသည်။

“သူတို့ နောက်ဆုတ်နေပြီ...”

မင်းသားကျန်းမှာ အနည်းငယ် ကြောင်အသွား၏။ သူ၏ လက်ရှိ အခြေအနေမှာ သိပ်မကောင်းလှချေ။ သူ၏ ခန္ဓာကိုယ် အနှံ့တွင် ဒဏ်ရာများ ဖြစ်ပေါ်နေကာ ထျန်းတျန် အတွင်းရှိ ချီမှာလည်း ခမ်းခြောက်လု နီးနီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ အသက်ကယ် ရတနာ အများစုမှာလည်း ကုန်သွားခဲ့ပြီ ဖြစ်ရာ ဤအတိုင်း လည်စင်းပေးရန်သာ ကျန်ရှိတော့သည်။ သို့တိုင်အောင် အဘယ်ကြောင့် လုပ်ကြံသူများ ဆုတ်ခွာသွားရသနည်း။

လီထျန်းနှင့် လီတိတို့မှာလည်း အံ့အားသင့် နေကြ၏။ လီတိ၏ ပခုံးတွင် ဒဏ်ရာ တစ်ခု ရှိနေကာ လီထျန်း၏ ဗိုက်တွင်လည်း သွေးကွက် တစ်ချို့ကို တွေ့မြင်ရသည်။ ရန်သူများသည် သေချာ ပြင်ဆင် ထားကြပုံ ပေါ်သည်။ တိုက်ပွဲစသည်မှ တစ်မိနစ်မျှသာ ကြာမြင့်သေးသည့်တိုင် သူတို့ကား သေဆုံးလု နီးနီးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်က အနက်ရောင် မီးခိုးများကို ကြည့်ရင်း ခေါင်းခါလိုက်၏။

“မင်းတို့ အနေနဲ့ ပိုင်လင်ကိုယ်ပေါ်မှာ ခြေရာခံ အမှတ်အသား တစ်ခု မထားခဲ့သင့်ဘူး... ငါ့ကိုလည်း စပြီး မတိုက်ခိုက်ခဲ့သင့်ဘူး”

သူ တည်ငြိမ်စွာပင် သိုလှောင် လက်စွပ်ထဲမှ ဆောဘာဓား တစ်စင်းကို ထုတ်ယူလိုက်သည်။ သူ ထိုဆေဘာဓားကို ကျောက်စိမ်းပုလဲ ရေကန်နားမှ ခိုးယူလာခဲ့ခြင်း ဖြစ်သည်။ မဟုတ်သေး... လက်ဆောင် ရလာခဲ့သည်ဟု သုံးနှုန်း သင့်သည်။

“တစ်... နှစ်... ခုနစ်...”

သူ ကောင်းကင်ကို လက်ညိုးထိုး၍ ကလေး တစ်ယောက် အလား ရေတွက်လိုက်၏။ သို့သော်လည်း ထိုနေရာများမှာ လုပ်ကြံ သတ်ဖြတ်သူ ခုနစ်ယောက် ပုန်းအောင်နေသည့် နေရာများ အတိအကျပင် ဖြစ်သည်။

ဝှစ်...

ရေတွက်မှု ပြီးဆုံးသည်နှင့် ဝေ့ဝူယင်သည် ဆေဘာဓားကို ခုတ်ထစ်လိုက်၏။ ဆေဘာချီ အလင်းတန်း ခုနစ်ခုသည် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်နှင့် အတူ အရပ်မျက်နှာ ခုနစ်ခုကို ခွဲဖြာ ထွက်ပြေးသွားသည်။

မင်းသားကျန်း၏ မျက်လုံးများမှာ ဝေ့ဝူယင်၏ လုပ်ဆောင်ပုံကို ကြည့်ရင်း အနည်းငယ် ပြူးကျယ်သွား၏။ ထိုဆေဘာချီ အလင်းတန်း တစ်ခုချင်းစီမှာ ကြောက်မက်ဖွယ် ကောင်းအောင် ထက်ရှနေသည်။ ယင်းတို့ကား အထွတ်အထိပ် သေမျိုး နတ်ဘုရားများကို ရင်ဆိုင်ရန် မဆိုထားနှင့်၊ အခြား နတ်ဘုရားအရှင်များ၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဥ်လျှင်ပင် အဆများစွာ ပိုမို အစွမ်းထက် နေခဲ့သည်။

ဝှစ်... ဝှစ်...

ဆေဘာဓား အလင်းတန်းများသည် မိစ္ဆာ မျက်နှာဖုံးတပ် သေမျိုး နတ်ဘုရား ခြောက်ယောက်၏ လည်ပင်းများ ထက်သို့ တိကျစွာပင် ကျဆင်းသွား၏။ ထိုအမြန်နှုန်းက မြင်နိုင်စွမ်းထက်ပင် ကျော်လွန်နေရာ သူတို့မှာ အချိန်မီ မတုန့်ပြန်လိုက်နိုင်ကြချေ။

ခေါင်းမဲ့သော အလောင်းများမှာ မတူညီသည့် ကိုယ်ပျောက် နယ်မြေများကြားမှ ထွက်ကျလာ၏။ သူတို့ကား သေဆုံးသွားရချေပြီ ဖြစ်လေသည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ သတ္တမမြောက် ဆေဘာ အလင်းတန်း သွားရာ ဘက်သို့ ကြည့်ရင်း ကျဥ်းမြောင်းသွား၏။ အနက်ရောင် မျက်နှာဖုံးစွပ် ခေါင်းဆောင်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ချီအရိပ်အရောင်နှင့် အရှိန်အဝါ အားလုံးမှာ ဟင်းလင်းပြင် နယ်မြေ တစ်ခု အတွင်း ဝင်ရောက်သွားသည့် အလား အာရုံပင်ခံ၍ မရတော့ချေ။

“အဲဒါကြောင့် ငါ လုပ်ကြံရေးသမားတွေကို မုန်းတာ...”

ဝေ့ဝူယင် ခေါင်းခါလိုက်၏။ လုပ်ကြံသတ်ဖြတ်သူများမှာ လျှို့ဝှက် ဆန်းကြယ်သည့် သတ်ဖြတ်ခြင်း၊ ကိုယ်ဖျောက်ခြင်းနှင့် လွတ်မြောက် ထွက်ပြေးခြင်း နည်းလမ်းမျိုးစုံကို သိရှိထားသည်။ အကယ်၍ ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားသည့် လူများနှင့် ရင်ဆိုင်ရလျှင်ပင် သူတို့သည် လွတ်မြောက်နိုင်စွမ်း ရှိသည်။

ဝေ့ဝူယင်သည် အနာဂတ်တွင် ရန်မီးများ ထပ်မံ မဖြစ်ပေါ်စေရန် အတွက် သူတို့ အားလုံးကို ရှင်းပစ်လိုခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် “ဒြပ်စင်” ကို မသုံးခဲ့မိခြင်း အပေါ် သူ နောင်တရနေမိ၏။ သို့သော်လည်း သုံးခဲ့လျှင်ပင် ထိုခေါင်းဆောင်ကို သတ်ဖြတ်နိုင်မည်လား မသေချာသေးချေ။

အလောင်းခြောက်လောင်း ပြုတ်ကျလာသည်ကို ကြည့်ကာ မင်းသားကျန်း၏ မျက်လုံးများမှာ တောက်ပသွား၏။ ထိုလူများကို ဝေ့ဝူယင် သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သူ သေသေချာချာ သိပေသည်။

“သူက နတ်ဘုရား အရှင်လား... ဒါမှမဟုတ် နတ်ဘုရား ဧကရာဇ်လား... မဟုတ်သေးဘူး”

သူသည် တိုက်ပွဲတွင် ချီအမတေကို မသုံးခဲ့ရာ နတ်ဘုရား ဧကရာဇ် တစ်ပါးတော့ မဖြစ်နိုင်ချေ။ သို့သော်လည်း သူ၏ တိုက်ခိုက်မှု စွမ်းရည်က အမှန်တကယ်ပင် နတ်ဘုရား အရှင် အဆင့်ကို ကျော်လွန်နေ၏။

ဝေ့ဝူယင်မှာ အလောင်းများကို စစ်ဆေး မနေတော့ချေ။ လုပ်ကြံရေးသမားများမှာ သူတို့ မည်သူ မည်ဝါ မသိစေရန် အစောကတည်းကပင် ကြိုတင် ပြင်ဆင်လေ့ ရှိကြသည်။ ထိုအရာက စွဲမြဲ ခိုင်မာသော သူတို့၏ ဓလေ့ တစ်ခု ဖြစ်၏။

ဝေ့ဝူယင် တွေးတောနေစဥ်မှာပင် မင်းသားကျန်းနှင့် သူ့လူ နှစ်‌ယောက်မှာ လေးစားသော အမူအရာများနှင့် ချဥ်းကပ်လာကြသည်။

ဝေ့ဝူယင် တိတ်တဆိတ်ပင် ထိုသုံးယောက်ကို ကြည့်လိုက်၏။ သူတို့၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်ခြင်း မရှိလှသလို ဆေးများ သောက်သုံးထားပြီးကြပြီ ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်မှာမူ အတော်လေး အားနည်းနေဟန်ရ၏။ ထိုကဲ့သို့‌သော အခြေအနေမျိုး၌ လုံခြုံသော တစ်နေရာသို့ သွားရမည့် အစား သူ့ထံ ရောက်ရှိလာခြင်းကိုမူ ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် နေမိသည်။

“ကျုပ် ကိုယ်စား၊ တော်ဝင် မိသားစု ကိုယ်စား ပြောပါရစေ... ကျေးဇူးအရမ်း တင်ပါတယ်”

မင်းသားကျန်းက သွေးများ ပေကျံနေသည့် လက်နှစ်ဖက်ကို ယှက်လိုက်ရင်း လေးစားစွာ ပြောလိုက်သည်။  လီထျန်းနှင့် လီတိတို့ကလည်း သူ့ကဲ့သို့ပင် လိုက်လံ ပြောဆိုကြ၏။

ဝေ့ဝူယင်မှာ တိတ်ဆိတ်နေသည်။ ဝူတိုင်းပြည်၏ မင်းသား တစ်ပါး၊ ကြယ်တာရာ အမြုတေ အဆင့် ဘိုးဘေး တစ်ယောက်၏ မျိုးဆက် အနေဖြင့် သူတို့တွင် ထိရောက်သော အသက်ကယ် ရတနာ၊ သို့မဟုတ် အကာအကွယ် အဆောင်များ ရှိသင့်သည်။

မင်းသားကျန်းမှာ ဝေ့ဝူယင် မည်ကဲ့သို့ စဥ်းစားနေသည်ကို အကဲခတ်မိဟန်ရ၏။ သူက အလိုက်တသိပင် ရှင်းပြလိုက်သည်။

“အရှင်ဝေ့က အပြင်လူဆိုတော့ နန်းတွင်းရေး အခြေအနေတွေကို ဘယ်ရင်းနှီးပါ့မလဲ.. အမှန်အတိုင်း ပြောရရင် ကျုပ်တို့ မင်းသားတွေဟာ ကောလဟာလတွေထဲကလို အကာအကွယ် မရကြပါဘူး”

ဝေ့ဝူယင်၏ မျက်ခုံးမွေးများက အနည်းငယ် မြင့်တက်သွား၏။။ ထိုမင်းသားကျန်းသည် ပွင့်လင်းသူ တစ်ယောက် ဖြစ်ပြီး စိတ်ဓာတ်နှင့် ခံယူချက်တို့တွင်လည်း ပြီးပြည့်စုံခြင်း မရှိသည့်တိုင် လူသားဆန်သည်။ အကယ်၍ သူတို့သာ အတူတူ ကြီးပြင်းလာခဲ့ပါက သွေးသောက် ညီနောင်များပင် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

ဝေ့ဝူယင်က ခပ်ဖြည်းဖြည်း သက်ပြင်းချလိုက်၏။

“ကျုပ်မှာ ခင်ဗျားတို့ကို ကယ်တင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး”

မင်းသားကျန်းမှာ ထိုတုန့်ပြန်မှုကြောင့် အံ့အားသင့်သွားခြင်း မရှိပါချေ။ ဝေ့ဝူယင်မှာ သူနှင့် ပူးပေါင်းလိုခြင်း မရှိကြောင်း သူ သိပေသည်။ အထူးသဖြင့် ထိုလူငယ်သည် ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိသည့် နန်းတွင်းနှင့် ဆက်စပ်လိုပုံ မရချေ။

မင်းသားကျန်းက နားလည်စွာ ခေါင်းညိတ်ရင်း ပြုံးလိုက်၏။

“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် အရှင်ဝေ့... ခင်ဗျားကြောင့်သာ ကျုပ် အသက်ဆက်ရှူ နိုင်ခဲ့တာပါ”

ထို့နောက်တွင် သူသည် အမွှာ နှစ်ယောက်ကို အချက်ပြကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သူတို့၏ သားရဲကား လုပ်ကြံမှု အတွင်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့‌ကြောင့်ပင် သူတို့ လမ်းလျှောက်ကာ ပြန်ရပေတော့မည်။

မင်းသားကျန်းတွင် လေလံပွဲကို သွားရောက်ရန် ရည်ရွယ်ချက် မရှိတော့ချေ။ နောက်ထပ် လုပ်ကြံမှုများမှာ အချိန်မရွေး ရောက်ရှိလာနိုင်ရာ သူ၏ လက်ရှိ အခြေအနေနှင့် ကောင်းကင်ဝူ တော်ဝင်မြေကို ပြန်သည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သူ၏ ပြတ်သားမှုကို ဝေ့ဝူယင် ချီးကျူးလိုက်၏။ မင်းသားကျန်း ကဲ့သို့ အခြေအနေကို နားလည်ကာ လိုက်လျောညီထွေ ပြုမူတတ်သည့် လူများမှာ ရှားပါးလှသည်။ အကယ်၍ သူ့နေရာတွင် အခြားလူများသာ ဆိုပါက ပစ္စည်းကောင်းများ၊ ကတိများဖြင့် ကမ်းလှမ်း၍ ဝေ့ဝူယင်ကို တော်ဝင် နန်းတော်ဆီ လိုက်ပို့ပေးရန် တောင်းဆိုကြလိမ့်မည် ဖြစ်သည်။

စုမေ့ ပင်လျှင် မင်းသားကျန်း၏ စိတ်နေစိတ်ထားကို သဘောကျသွားသည်။ ထိုလူကား စကားကို နည်းနည်းပြောကာ လုပ်သင့်လုပ်ထိုက်သည်ကိုသာ အဓိက လုပ်ဆောင်သည့် လူတစ်မျိုး ဖြစ်သည်။ သူ၏ မျက်လုံးထဲ၌ ထောင်လွှား မောက်မာခြင်း မရှိသည့်တိုင် ခမ်းနားသော ကြီးမြတ်မှုတစ်ခုမှာမူ သူ၏ အရိုးများထဲတွင် ကိန်းဝပ်နေသည်။ အကယ်၍ တာအို လက်တွဲဖော်ကိုသာ ရွေးချယ်ရမည် ဆိုပါက ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးမှာ သူမ၏ ဆန္ဒနှင့် ကိုက်ညီပေလိမ့်မည်။

ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်၏။

“မင်းသားကျန်... ကျုပ် ခင်ဗျားတို့ကို တော်ဝင် နန်းတော်ဆီ လိုက်ပို့ပေးမယ်”

မင်းသားကျန်းမှာ ရပ်တန့်သွား၏။ ထို့နောက် အံ့အားသင့်နေသော မျက်လုံးများဖြင့် နောက်သို့ လှည့်ကြည့်လာသည်။ သို့သော်လည်း သူ မငြင်းဆန်ပါချေ။  ထို့အစား လေးလေးစားစား အမူအရာဖြင့် နောက်တစ်ကြိမ် ဦးညွှတ်လိုက်၏။

“ဒါဆို အားနာစွာနဲ့ပဲ လက်ခံပါရစေ...”

လီထျန်းနှင့် လီတိတို့မှာလည်း ကျေးဇူးစွာ ဦးညွှတ်လိုက်ကြသည်။ ပိုင်လင်မှာ အခြားလူများ တက်နိုင်ရန် ကိုယ်လုံးကို အနည်းငယ် ဝပ်ပေးလိုက်၏။ ထို့နောက်တွင် သူမကာ သူတို့ အားလုံးကို သယ်ဆောင်ရင်း ကောင်းကင်သို့ ပျံတက်သွားလေတော့သည်။

***

All Chapters