← Chapters

နန်းတွင်းမှ အရှုပ်အထွေးများ

Vol. 8 Ch. 111

နန်းတွင်းမှ အရှုပ်အထွေးများ

Vol. 8 Ch. 111

ပိုင်လင်သည် မင်းသားကျန်း၏ သားရဲထက် ပိုမို လျှင်မြန်သလို ပိုမိုလည်း အစွမ်းထက်လှသည်။ မင်းသားကျန်းနှင့် လီထျန်း၊ လီတိတို့မှာ သက်တောင့် သက်သာ ဖြစ်မှု တစ်ခုကို ခံစားနေရသည်။ ထိုကြိုးကြာဖြူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါတွင် အဆုံးမဲ့သော အသက်အင်အားများ ပါဝင်နေဟန် ရသည်။

ထို့အပြင် ဝေ့ဝူယင်မှာ နတ်ဘုရား အရှင် တစ်ပါး ဖြစ်သည်။ ဝူတိုင်းပြည် တစ်ခုလုံးတွင်ပင် နတ်ဘုရား အရှင်မှာ ဆယ့်ကိုးဦးခန့်သာ ရှိသည်။ သူတို့ တစ်ယောက်ချင်းစီကား တော်ဝင် မင်းမျိုးမင်းနွယ်များနှင့်ပင် ရင်ဘောင်တန်းနိုင်သည့် ခွန်အားနှင့် သြဇာအာဏာများကို ပိုင်ဆိုင်ထားကြသည်။ ဧကရာဇ်ဝူ ပင်လျှင် သူတို့ကို လေးစားမှု ပေးရန် လိုအပ်သည်။

ဝေ့ဝူယင်သည် တိတ်တဆိတ်ပင် အခြေအနေကို ခွဲခြမ်း စိတ်ဖြာနေ၏။ ပထမဆုံး သေမျိုး နတ်ဘုရား ရှစ်ယောက်မှာ ပေါ်လာကာ အစီအစဥ်တကျ တိုက်ခိုက်ခဲ့သည်။ ဝေ့ဝူယင်သည် ထိုသေမျိုး နတ်ဘုရား တစ်ယောက်ချင်းစီကို ပြန်လည် ပုံဖော်ရန် ကြိုးစားလိုက်သော်လည်း ထူးထူးခြားခြား မည်သည့် အချက်အလက်မျှ ရမလာခဲ့ချေ။

“သူတို့က ဝူတိုင်းပြည်ထဲမှာပဲ ရှိတဲ့ လျှို့ဝှက် အင်အားစု တစ်ခုလား... ဒါမှမဟုတ် ပြင်ပတိုင်းပြည် တစ်ခုခုက လာတာလား”

ဝေ့ဝူယင် ခေါင်းခါရင်း ဒဏ်ရာများကို ပြန်လည် ကုစားနေသည့် မင်းသားကျန်းကို လှမ်းကြည့်လိုက်၏။ ကြည့်ရသည်က ထိုပုဂ္ဂိုလ်မှာ သူ့အား အကြွင်းမဲ့ ယုံကြည်နေဟန် ရသည်။ သိပ်တော့လည်း မထူးဆန်းလှချေ။ အကယ်၍ သူသာ သတ်ချင်ပါက အစောကတည်းကပင် ထိုလူများ အသက်ထွက်နေလောက်ပြီ ဖြစ်သည်။ မင်းသားကျန်း၏ သက်တော်စောင့် နှစ်ယောက်မှာလည်း အာရုံများကို ချိပ်ပိတ်၍ အပြည့်အဝ အာရုံစိုက်ကာ သူတို့၏ ဒဏ်ရာများကို ကုစားနေကြသည်။

စုမေ့မှာလည်း တိတ်တဆိတ်ပင် တရားထိုင်နေ၏။ သူမသည် ချီပျစ်ခဲခြင်း အဆင့်ခြောက် အခြေခံကို တည်ငြိမ် ကျစ်လစ်အောင် အားထုတ်နေခဲ့သည်။

တစ်နာရီခန့် တိတ်တဆိတ် ခရီးနှင်ပြီးနောက် မင်းသားကျန်းသည် ညစ်ညမ်းသည့် အနက်ရောင် ‌သွေးများကို အန်ထုတ်လိုက်သည်။ ထို့နောက်က လီထျန်း၊ လီတိတို့၏ အခြေအနေနှင့် လက်ရှိ တည်နေရာကို စစ်ဆေး အကဲခတ်လိုက်၏။ မှန်ကန်သော လမ်းကြောင်းအတိုင်းပင် ပျံသန်းနေသည်ကို တွေ့သောအခါ၌ သူက သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“သူတို့ကလည်း ဝူမျိုးနွယ်တွေလား... ဒါမှမဟုတ်”

ဝေ့ဝူယင်က မေးလိုက်၏။ မင်းသားကျန်းက ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်သည်။ သူက စိတ်မောဟန်ဖြင့် ပင့်သက်ရှိုက် လိုက်၏။

“ဝူမျိုးနွယ်က အားနည်းပြီး ပြိုကွဲစနေပြီ... ဝံပုလွေတွေ ကျုပ်တို့တွင်းထဲ ရောက်နေကြတာ မဆန်းပါဘူး”

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်သည်။ မင်းသားကျန်း၏ စကားလုံးများမှာ တိုတောင်းသည်ဟု ထင်ရသည့်တိုင် ဝေ့ဝူယင် သိချင်နေသည့် မေးခွန်း နှစ်ဆယ်ခန့်ကိုပါ ဖြေပေးသွားခဲ့သည်။ အသေးစိတ်ကိုမူ သူ သိပ်ဂရုမစိုက်ပါချေ။ သူ ကိုယ်တိုင် ဆက်စပ် တွေးတောနိုင်သည်။ ထိုစကားလုံးများ အရဆိုလျှင် လုပ်ကြံသူများမှာ...

“အရိပ်ဝှက် နယ်မြေ...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ မင်းသားကျန်း၏ အမူအရာက လေးနက်သွားကာ ခေါင်းညိတ် လိုက်သည်။

“ကျုပ်တို့ရဲ့ ကြယ်တာရာ ဧကရာဇ်ဟာ ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို ရောက်ရှိဖို့ အတွက် သေရေးရှင်ရေး အခြေအနေ တစ်ခုကို ဖြတ်ကျော်နေရတယ်... တိုင်းရေးပြည်ရေးကို သူ ဝင်မပါနိုင်တဲ့ အခြေအနေမှာ အချို့ မသမာသူတွေဟာ ရာဇပလ္လင်ကို ရယူဖို့ ပိုအတင့်ရဲလာကြတယ်လေ...”

“တကယ်လို့ ရုပ်သေးရုပ် ဖြစ်ခွင့်ရရင်တောင်မှ လောက်ကောင်တွေဟာ...”

စိတ်ပျက်မှု၊ ‌ဒေါသနှင့် အကူအညီမဲ့မှုတို့မှာ မင်းသားကျန်း၏ စကားလုံးတိုင်းတွင် ပျံ့နှံ့ စိမ့်ဝင်နေ၏။ အကယ်၍ ကြယ်တာရာ ဧကရာဇ်သာ ကျရှုံးသွားပါက ယုဟိုင်တိုင်းပြည် ကဲ့သို့ ကံကြမ္မာမျိုး ရောက်ရှိလာမည်မှာ မလွဲမသွေပင်...။

ဝေ့ဝူယင် တိတ်ဆိတ်နေခဲ့၏။ မင်းသားကျန်းမှာ အရာအားလုံးကို မပြောခဲ့သော်လည်း အများစုကိုမူ သူ ကောက်ချက် ချနိုင်ပေသည်။

အရိပ်ဝှက် နယ်မြေမှ မဟာမိတ် အင်အားစုများ ကိုယ်ပိုင် တိုင်းပြည်တစ်ခု ထူထောင်ရန် ကြိုးစားနေသည်မှာ လျှို့ဝှက်ချက် မဟုတ်ချေ။ ကြည့်ရသည်က သူတို့မှာ မူလ အစီအစဥ်ကို ပြောင်းလဲ၍ မင်းသားတစ်ယောက်နှင့် ပူးပေါင်းကာ နောက်ထပ် ဧကရာဇ်ဝူ တစ်ပါးကို တင်မြှောက်လိုနေဟန် ရသည်။ ထိုမင်းသားက မင်းသားကျန်း မဟုတ်သည်တော့ သေချာပေသည်။ ငယ်ရွယ်ပြီး အသိပညာ ဗဟုသုတ နိမ့်ပါးသည့် မင်းသား တစ်ပါး ဖြစ်နိုင်သည်။ သို့မှသာ သူတို့ ကြိုးကိုင်ရန် လွယ်ကူမည် မဟုတ်ပါလော။

မင်းသားကျန်းမှာ အထွတ်အထိပ် သေမျိုး နတ်ဘုရားတစ်ပါး ဖြစ်သည်။ မကြာခင် နတ်ဘုရားအရှင် တစ်ပါး ဖြစ်တော့မည်လူ ဖြစ်သည်။ အကယ်၍ သူသာ နန်းတက်မည်ဆိုပါက ထီးနန်းကို ကောင်းစွာ ထိန်းကြောင်း နိုင်ပေလိမ့်မည်။ ထို့ကြောင့်ပင် သူတို့သည် မင်းသားကျန်းကို အပြတ်ရှင်းရန် ကြိုးစားခဲ့ကြပုံရသည်။ အကယ်၍ ဝေ့ဝူယင်ကို တိုက်ခိုက်ရန် မကြံစည်ခဲ့ပါက သူတို့၏ အစီအစဥ်မှာ အောင်မြင် နေလောက်ပြီ ဖြစ်သည်။

သို့သော်လည်း မင်းသားကျန်းမှာ သရဖူဆောင်း အိမ်ရှေ့စံ မင်းသား တစ်ပါး မဟုတ်သေးချေ။ ထုံးစံအတိုင်း ဆိုလျှင် ကြယ်တာရာ ဧကရာဇ်မှာ အိမ်ရှေ့စံ နေရာကို ဆုံးဖြတ်ရမည် ဖြစ်သည်။ သို့သော်လည်း ယခု၌ သူသည် သေရေးရှင်ရေးကို ဖြတ်ကျော်နေရသည်။ ထို့ကြောင့်ပင် ထိုတာဝန်မှာ တော်ဝင်ကောင်စီနှင့် လက်ရှိ ဧကရာဇ်ဝူတို့ အပေါ်သို့ ကျရောက်လာသည်။

ကောင်းမွန်သော ပင်ကိုယ်စရိုက်နှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသည့် ပုံစံတို့ အရဆိုလျှင် မင်းသားကျန်းမှာ နောက်ထပ် ဧကရာဇ်ဝူ ဖြစ်ရန် သင့်တော်သည်ဟု ဝေ့ဝူယင် ယူဆမိသည်။

“နတ်ဘုရား အရှင်ဝေ့... စိတ်မရှိရင်...”

မင်းသားကျန်းမှာ အနည်းငယ် ချီတုံချတုံ ဖြစ်နေ၏။ သူသည် ဝေ့ဝူယင်၏ ဇစ်မြစ်နှင့် ရပ်တည်ချက်တို့ကို ရှင်းရှင်းလင်းလင်း သိချင်နေမိသည်။ နတ်ဘုရား အရှင်တစ်ပါးသာ ထောက်ခံပေးပါက ရာဇပလ္လင်ကို သူ ရယူကောင်း ရယူနိုင်ပေလိမ့်မည်။ မည်သို့ပင် ဆိုစေ... ဝူတိုင်းပြည် တစ်ခုလုံးတွင် နတ်ဘုရားအရှင် ဟူ၍ ဆယ့်ကိုးပါးသာ ရှိသည်။

နတ်ဘုရား ဧကရာဇ် ဆိုလျှင် သုံးပါးသာ ရှိ၏။ ပထမဆုံး တစ်ယောက်မှာ လက်ရှိ ဧကရာဇ်ဝူ တစ်ဖြစ်လည်း ဝူယု ဖြစ်သည်။ သူ ထီးနန်းကို ဆက်ခံခဲ့သည်မှာ နှစ်ပေါင်းနှစ်ရာ့ သုံးဆယ်တိုင်ခဲ့ပြီ ဖြစ်သည်။ ဝူယုသည် သံမဏိ ချီနှလုံးသားကို တည်ဆောက်နိုင်ခဲ့ကာ သံမဏိ ပါးကွက်သားဟု အထူး ကျော်ကြားခဲ့သည်။

ဒုတိယ တစ်ယောက်မျာမူ တော်ဝင်စစ်တပ်၏ စစ်သေနာပတိ ပါ့ချန်း ဖြစ်၏။ သူမသည် အလွန် အစွမ်းထက်ကာ ဝူတိုင်းပြည် တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး အမျိုးသမီး ဖြစ်သည်။ သူမသည် ဧကရာဇ်၏ နှမတော်လည်း တော်၏။

နောက်ဆုံးတစ်ယောက်မှာမူ အရိပ်ဝှက် နယ်မြေသခင် ဟူကျိဝေ့ ဖြစ်သည်။ သူသည် ထက်မြက်သော အကြံဉာဏ်နှင့် လျှို့ဝှက် ဆန်းပြားသော နည်းလမ်းများကြောင့် လူသိများသည်။ သူ၏ အစွမ်းအစ အမှန်ကို မသိရသော်လည်း မည်သူမျှ သူ့အား အထင်မပေးဝံ့ချေ။ ဧကရာဇ်ဝူပင်လျှင် သူ့အား အလေးအနက် ထားရသည်။

ဝေ့ဝူယင်က ‌အေးဆေး တည်ငြိမ်စွာပင် ပြောလိုက်၏။

“ငါ့နောက်ခံက လျှို့ဝှက်ချက် မဟုတ်ပါဘူး... အရင်က နေသွေးနီနီဂိုဏ်းမှာ နေခဲ့ဖူးတယ်... အခုတော့ တစ်ကိုယ်တော် ကျင့်ကြံသူပေါ့... ငါ့နာမည်က ဝေ့ဝူယင်...ဆေဘာ အာဏာရှင်လို့လည်း ခေါ်လို့ရတယ်... ငါ့မှာ မင်းတို့ အင်ပါယာမျိုးနွယ်နဲ့ ပြဿနာ မရှိသလို အရိပ်ဝှက် နယ်မြေနဲ့လည်း ဘာမှ မသက်ဆိုင်ဘူး”

မင်းသားကျန်းမှာ တစ်ခဏမျှ တိတ်ဆိတ်နေ၏။ ထို့နောက်တွင် သူ၏ မျက်နှာထက်၌ မယုံကြည်နိုင်ခြင်းများက ထိန်းမနိုင် သိမ်းမနိုင်အောင် နေရာယူလာတော့သည်။

ဝေ့ဝူယင်...

ဝေ့ဝူယင် ဆိုသော နာမည်တစ်ခုမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်က လေပြည်သဖွယ် ပျံ့နှံ့လာခဲ့ဖူးသည်။ မင်းသားကျန်းသည် နေသွေးနီနီဂိုဏ်းနှင့် များစွာ မပတ်သက်သည့်တိုင် သူ၏ သတင်းများကို နားစွန်နားဖျား ကြားခဲ့ရဖူးသည်။ အင်ပါယာ ဝူမျိုးနွယ်ဝင် တစ်ယောက်ဖြစ်သော ဝူရှင်းဟောင်က ဝေ့ဝူယင်ကို ဧကရာဇ်ဝူထံ အပ်နှံလိမ့်မည်  ဟူသော ကောလဟာလများပင် ထွက်ပေါ်ခဲ့သည်။

အသက် နှစ်ဆယ့်ခြောက်နှစ် အရွယ်နှင့် ချီပျစ်ခဲခြင်း အဆင့်ငါး ဝေ့ဝူယင်၊ ခရမ်းရောင် လျှပ်စီးချီနှင့် သံမဏိ သတ္တုချီကို မွေးဖွားထားနိုင်သည့် ပါရမီရှင်...

သို့သော်လည်း ထိုခမ်းနားသော ပုံပြင်များမှာ မကြာမီမှာပင် သေဆုံးသွားပြီ ဆိုသော သတင်းနှင့် အတူ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

မင်းသားကျန်းမှာ ဝေ့ဝူယင်ကို သေသေချာချာ ကြည့်လိုက်၏။

ချော‌မောသော ရုပ်ရည်၊ စွဲဆောင်မှု ရှိသည့် ငွေရောင် မျက်လုံးများ၊ အနက်ရောင် ဆံပင်၊ နုပျိုသော အရောင်အဝါနှင့် ဆေဘာဓား ကိုင်ဆောင်သူ...

တစ်ချက်ပင် မလွဲချေ။ သူ ကြားဖူးခဲ့သည့် ဝေ့ဝူယင်၏ ပုံစံနှင့် အတူတူပင် ဖြစ်၏။ မင်းသားကျန်းကား သူ၏ အရှေ့၌ ရှိနေသည့် ပုဂ္ဂိုလ်ကို အကြွင်းမဲ့ မှတ်မိသွားခဲ့ပြီ ဖြစ်သည်။

အသက် သုံးဆယ့်ခြောက်နှစ်ဖြင့် နတ်ဘုရား အရှင် တစ်ပါး ဖြစ်လာခြင်း...

“သေစမ်း... သူက ပါရမီရှင်တောင် မဟုတ်ဘူး... မွန်းစတားပဲ... အရမ်းကို ကြောက်ဖို့ကောင်တဲ့ မွန်းစတား...”

မင်းသားကျန်းက စိတ်ထဲမှ အော်ဟစ်လိုက်၏။ တစ်ချိန်တည်း၌ သူ၏ စိတ်ထဲတွင် သံသယ တစ်ခု ဖြစ်ပေါ်လာသည်။ ဝေ့ဝူယင်တွင် ကျင့်ကြံခြင်း ရတနာ တစ်ခု ရှိသည် ဆိုသော ကောလဟာလက အမှန် ဖြစ်နိုင်သည်လော။ မင်းသားကျန်း မရည်ရွယ်ပဲ ဝေ့ဝူယင်ကို ကြည့်လိုက်မိသည်။

“ငါ့မှာ ဘာကျင့်ကြံခြင်း ရတနာမှ မရှိပါဘူး”

ဝေ့ဝူယင်က ပြုံးရင်း ခေါင်းခါလိုက်သည်။ သူ၏ လေသံက ခိုင်မာသော ယုံကြည်ချက်များနှင့် ပြည့်နှက်နေ၏။

မင်းသားကျန်းမှာ ပို၍ပင် အံ့အားသင့်သွားသည်။ ဝေ့ဝူယင်၏ စကား မှန် မမှန် မသိသော်လည်း ငွေရောင် မျက်လုံးထဲရှိ အရိပ်အယောင်များကိုမူ သူ သံသယ မရှိပါချေ။ တော်ဝင်မျိုးနွယ်တို့၏ မြင့်မြတ် ထည်ဝါမှုကို လိုက်လံ တုပ၍ မရသလို မျက်လုံးထဲတွင် ထင်းနေသည့် မိမိကိုယ်ကို ဂုဏ်ယူမှုမျိုးကိုလည်း အတုအယောင် ပြုလုပ်ရန် မဖြစ်နိုင်ချေ။

မင်းသားကျန်း၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေခဲ့၏။ သူသည် ဘာဆက်ပြောရမှန်း မသိတော့ချေ။ ထိုကဲ့သို့သော ပါရမီမျိုးကား အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင်ပင် ထိပ်တန်း အဆင့်မျိုး၌ ရှိသည်။

သို့သော်လည်း ဝိုင်သောက်နေရင်း မှားသော အမှန်အဆင့်ကို ရောက်ရှိသွားသည့် နောက်လိုက် မိန်းကလေး အကြောင်း တွေးမိသော အခါ၌ သူ အနည်းငယ် ဖြေသာလာ၏။ သူ တစ်ခုခုပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ဝေ့ဝူယင်၏ မျက်လုံးများမှ ထက်ရှသွားကာ အရှေ့အရပ်ဆီ ရွေ့လျားသွားသည်။

မင်းသားကျန်းမှာ သိမ်မွေ့သော အပြောင်းအလဲနှင့် အတူ တစ်စုံတစ်ရာ လွဲချော်နေကြောင်း ခံစားလိုက်ရသည်။ သူက အရှေ့အရပ်ကို လိုက်လံ ကြည့်လိုက်၏။ သို့သော်လည်း ဘာကိုမျှ သူ မတွေ့ရချေ။

အားလုံးထဲ၌ ဝေ့ဝူယင် တစ်ယောက်သာလျှင် ဆန်းကြယ်သော တည်ရှိမှုတစ်ခုကို မြင်တွေ့နေရသည်။ ထိုတည်ရှိမှုသည် ချီ၏ ကန့်သတ်ချက်နှင့် မြင့်မြတ်မှုများကို ကျော်လွန်နေ၏။ ၎င်းကား ချီပင် မဟုတ်တော့ချေ။ ချီအမတေ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

နတ်ဘုရား အရှင် ဧကရာဇ် တစ်ပါး...

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ ချက်ချင်းပင် သူ၏ ဝိညာဥ်အာရုံမှာ ဆေဘာ ရည်ရွယ်ချက်နှင့် ချိတ်ဆက်သွားကာ အကာအကွယ် တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူက မင်းသားကျန်းဘက် လှည့်ကာ သတိပေးလိုက်၏။

“နတ်ဘုရား ဧကရာဇ်တစ်ပါး လာနေပြီ”

မင်းသားကျန်းမှာ ရေမွမ်းသလို စိတ်တစ်ခုလုံး တင်းကြပ်သွား၏။ လီတိ၊ လီထျန်းနှင့် စုမေ့တို့မှာလည်း ကျင့်ကြံနေကြရာမှ နိုးထလာကြသည်။ ပိုင်လင်မှာ တွန်သံတစ်ချက်ပေးကာ သတိအနေအထားသို့ ပြင်ဆင်၏။ သူမ၏ ဉာဏ်ရည်က တစ်နေ့တခြား တိုးတက်လာနေရာ နတ်ဘုရား အရှင်တစ်ပါးက မည်သည်ကို ကိုယ်စားပြုကြောင်း သူမ သိပေသည်။

ဝေ့ဝူယင်က ပိုင်လင်၏ ကျောပြင်ကို ပွတ်သပ်ရင်း တည်ငြိမ်အောင် ကူညီပေးလိုက်သည်။ ထို့နောက် သူက သူမအား အနီးအနား တစ်နေရာ၌ ဆင်းသက်ရန် အမိန့်ပေးလိုက်၏။ သုံးစက္ကန့်မျှ အတွင်းမှာပင် သူတို့ အုပ်စုသည် မြေပြင်ထက်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

မင်းသားကျန်း၊ လီတိနှင့် လီထျန်းတို့၏ နှလုံးသားများမှာ တဒိန်းဒိန်း ခုန်နေကြ၏။ တိုက်ခိုက်ရင်း သေဆုံးရမည်ကို သူတို့ မကြောက်‌သော်လည်း ခုခံရန် အခွင့်အရေးပင် မရှိပဲ အသတ်ခံရမည်ကိုတော့ သူတို့ ကြောက်ပေသည်။ ထိုအရာက ရဲရင့်စွာ သေဆုံးလိုသော စစ်သူရဲတိုင်း၏ အိပ်မက်ဆိုး ဖြစ်ပေသည်။

ရောက်ရှိလာသူမှာ တော်ဝင် စစ်သေနာပတိ မဟုတ်နိုင်သလို သူ၏ ခမည်းတော်လည်း မဖြစ်နိုင်ချေ။ သို့ဖြစ်ရာ ဖြစ်နိုင်ချေမှာ နှစ်ခုသာ ရှိတော့၏။ ဟူကျိဝေ့ သို့မဟုတ် အခြား နတ်ဘုရား ဧကရာဇ် တစ်ပါးပင်။ မည်သူ ရောက်လာသည် ဖြစ်စေ... ထိုအရာက ကောင်းသော ရည်ရွယ်ချက်တော့ မဖြစ်နိုင်ချေ။

ဝေ့ဝူယင် ပိုင်လင်၏ ကျောထက်မှ ခုန်ဆင်းကာ တိတ်တဆိတ် ရှေ့သို့ လျှောက်သွားလိုက်၏။ ပိုင်လင်မှာ ဝေ့ဝူယင်၏ အမိန့်အတိုင်း တဖြည်းဖြည်း နောက်သို့ ဆုတ်ခွာသွားသည်။

နတ်ဘုရား အရှင် တစ်ပါးနှင့် ရင်ဆိုင်နေရသည့်တိုင် ဝေ့ဝူယင်၏ အမူအရာမှာ မောက်မာကာ အတင့်ရဲနေသည်။ မိမိကိုယ်ကို ယုံကြည်ခြင်းတို့က သူ၏ အသံ၌ ကြီးစိုးလျှက် ထွက်ပေါ်လာ၏။

“ထွက်လာစမ်း...”

***

All Chapters