← Chapters

နတ်ဘုရား ဧကရာဇ်နှင့် ရင်ဆိုင်ခြင်း

Vol. 8 Ch. 112

နတ်ဘုရား ဧကရာဇ်နှင့် ရင်ဆိုင်ခြင်း

Vol. 8 Ch. 112

ရုတ်တရက် ဝေ့ဝူယင်နှင့် မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခုမှာ ထင်ရှား ပေါ်ထွက်လာသည်။ ၎င်းမှာ ဝေ့ဝူယင်နှင့် မီတာ ဆယ်ဂဏန်းပင် မကွာဝေးတော့ချေ။ ထို့ကြောင့်ပင် ဝေ့ဝူယင်သည် သူအား ရှင်းလင်းစွာ တွေ့မြင်နိုင်ပေသည်။

ထိုပုဂ္ဂိုလ်ကား ချောမောသော လူငယ်လေး တစ်ယောက် ဖြစ်၏။ ရှည်လျားသော လက်အိုးများ ပါဝင်သည့် အနက်ရောင် ဝတ်ရုံမှာ သူနှင့် အံဝင်ခွင်ကျ မဖြစ်ပဲ အနည်းငယ် ပွယောင်းနေသည်။ သို့သော်လည်း ထိုအရာကပင် သူ၏  မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး ကင်းစင်သော မျက်နှာနှင့် လိုက်ဖက်ကာ ပိုမို ဆွဲဆောင်မှု ရှိနေသည်။ လေနှင့် အတူ လွင့်ပျံနေသည့် အနက်ရောင် ဆံပင်ရှည်များ၊ ကောင်းကင်ရှိ ကြယ်တာရာတို့ ကဲ့သို့ တလက်လက် တောက်ပနေသည့် ကြည်လင်သော မျက်လုံးများမှာ တမူ ထူးကဲနေ၏။

ဝေ့ဝူယင်သည် ထိုလူငယ်လေးမှာ အသက်နှစ်ဆယ်ခန့်သာ ရှိသည်ဟု ခံစားနေရသော်လည်း အမှန်တကယ်တွင် ထိုထက် အများ ပိုမို၍ ကြီးကြောင်း သူသိပေသည်။ သူကား အရိပ်ဝှက် နယ်မြေ၏ သခင် ဖြစ်သူ ဟူကျိဝေ့ပင် ဖြစ်လေတော့သည်။

ဟူကျိဝေ့၏ အမူအရာမှာ တည်ငြိမ်နေ၏။ သူ၏ မျက်လုံးနှင့် ခန္ဓာတို့တွင် မည်သည့် ‌ဒေါသအငွေ့အသက်မျှ ရှိမနေခဲ့ချေ။

“မင်းက...”

ဟူကျိဝေ့က မေးလိုက်၏။ သူ၏ စကားလုံးနှင့် လေသံမှာ ပုံမှန်နှင့် မခြား တည်ငြိမ်နေသည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ထက်ရှသွား၏။

“ဝေ့ဝူယင်... ဆေဘာအာဏာရှင်...”

သူသည် နာမည်ကို သိုဝှက်ထားခြင်း မရှိချေ။ သူ့တွင် ဆယ်စုနှစ် လေးခုခန့်သာ အသက်ရှင်သန်ရန် ကျန်ရှိသည်။ ထိုနှစ်များအတွင်း၌ နောင်လာနောင်သားများ တသသ သတိရနေရမည့် နာမည်တစ်ခုကို သူ ချန်ရစ်ခဲ့လိုသည်။ သို့မှသာ သူ၏ သေဆုံးမှုက အဓိပ္ပာယ် ရှိပေလိမ့်မည်။

“ဆေဘာအာဏာရှင်...”

ဟူကျိဝေ့က လိုက်လံ ရေရွတ်ကာ ထိုနာမည်ကို စဥ်းစားလိုက်၏။ သို့သော်လည်း ရလဒ်က သုညသာ ဖြစ်သည်။ သူက ဆက်လက် အချိန်ဆွဲ မနေတော့ပဲ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

မင်းသားကျန်းတို့ အုပ်စုမှာ ခပ်လှမ်းလှမ်းမှ ကြည့်ရင်း တုန်ရီသွားကြ၏။ နတ်ဘုရား ဧကရာဇ် တစ်ပါး၏ သာမန် လှုပ်ရှားမှု တစ်ခုပင်လျှင် ထောင်နှင့်ချီသော အသက်များကို ဆုံးဖြတ်နိုင်စွမ်း ရှိပေသည်။

ကံကောင်းစွာပင် ဟူကျိဝေ့ လက်ဝှေ့ယမ်းသည်မှာ တစ်စုံတစ်ခုကို ထုတ်ယူရန် အတွက်သာ ဖြစ်လေ၏။

ခေါင်းတစ်လုံး...

တိတိကျကျ ဆိုရလျှင် အနက်ရောင် ဆံနွယ်နှင့် မျက်လုံးရွဲကြီးများ ရှိသည့် မိန်းမလှ တစ်ယောက်၏ ခေါင်းတစ်လုံးပင်။ သူမ၏ နှုတ်ခမ်းများမှာ မက်မွန်သီး ကဲ့သို့ နူးညံ့လှ၏။ သို့သော်လည်း သူမ၏ အမူအရာမှာမူ ထိတ်လန့်မှု၊ စိတ်သက်သာရာရမှု အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ သူမ၏ လည်ပင်းတွင် သွေးများမှာ တစက်စက် စီးကျနေဆဲ ဖြစ်သည်။ အကယ်၍ သေချာကြည့်ပါက ထိုနေရာ၌ ဆေဘာချီ၏ အငွေ့အသက်များကို မြင်တွေ့ရပေလိမ့်မည်။

“ဟူယောင်....”

မင်းသားကျန်း၏ တစ်ကိုယ်လုံးမှာ တုန်ရီသွား၏။ ထိုမိန်းကလေးကား ဟူကျိဝေ့၏ တစ်ဦးတည်းသော ညီမလေး ဟူယောင်ပင် ဖြစ်လေတော့သည်။ သူမကား အသက်မရှိတော့ချေ။ သေဆုံးသွားခဲ့လေပြီ။

ဝေ့ဝူယင်မှာ ဦးခေါင်းပြတ်ကို ကြည့်ရင်း ထိုမိန်းကလေးမှာ လုပ်ကြံသူ အဖွဲ့ ခေါင်းဆောင်မှန်း ချက်ချင်း သိလိုက်သည်။ သူမသည် တစ်နည်းနည်းဖြင့် လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း သူ၏ ဆေဘာရည်ရွယ်ချက်မှာ သူမ၏ ဦးခေါင်းကို ရအောင် ဖြတ်နိုင်ခဲ့သည်။ ဝေ့ဝူယင်၏ မျက်ဝန်းတွင် ဂုဏ်ယူမှု အရိပ်အယောင် အချို့ ဖြစ်တည်လာ၏။

“မင်း လုပ်တာလား...”

ဟူကျိဝေ့က အေးဆေးစွာပင် မေးလိုက်သည်။ သို့သော်လည်း ကြည့်ရှုနေသူများမှာမူ မီးတောင်တစ်ခု မကြာခင် ပေါက်ကွဲတော့မည် ဖြစ်ကြောင်း နားလည်လိုက်ကြ၏။

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။

“ယောင်အာ... ညီမလေးရဲ့ သေဆုံးမှုက မမျှတဘူး... အကိုတစ်ယောက် လုပ်ပြီး ညီမလေးကို မကာကွယ်နိုင်ခဲ့တဲ့ အတွက် ခွင့်လွှတ်ပါကွယ်”

ဟူကျိဝေ့က ခေါင်းပြတ်ကို ကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။ သူ၏ လေသံတွင် တောင်းပန်မှုနှင့် ချစ်ခြင်း၏ အရိပ်အငွေ့များမှာ ရောယှက်နေ၏။

ထို့နောက် ဝေ့ဝူယင်ကို မော့ကြည့်လိုက်၏။

"ဆိုးယုတ်လိုက်တဲ့ နတ်ဘုရား အရှင်... ယောင်အာရဲ့ သေဆုံးမှု အတွက် မင်းရဲ့ ဦးခေါင်းကို ငါပြန်ယူမယ်... မင်းတစ်မိသားစုလုံး မင်း ချစ်သူတွေနဲ့ မင်းမျိုးနွယ် တစ်ခုလုံးကိုပါ ငါသတ်မယ်”

သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်းတို့၏ အငွေ့အသက်များမှာ သူ၏ အသံကို လွှမ်းမိုးထား၏။ ဝေ့ဝူယင်က နှုတ်ခမ်းကို တစ်ချက် သပ်လိုက်သည်။ ဆေဘာဓားမော့၏ အငွေ့အသက် အချို့မှာ သူ၏ မျက်ဝန်းများတွင် ကြမ်းတမ်းစွာ ဖြစ်တည်လာ၏။

ဟူကျိဝေ့က ခေါင်းပြတ်ကို ဂရုတစိုက် ပြန်လည် သိမ်းဆည်းလိုက်သည်။ ထို့နောက် ရုတ်ချည်းပင် ကြမ်းတမ်းသော မုန်တိုင်း တစ်ခုမှာ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ် လာလေတော့၏။

ဝေ့ဝူယင်မှာ ဘာမှ ပြောမနေတော့ချေ။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ဒြပ်စင်မှာ သူ၏ ညာဘက်လက်တွင် ပေါ်လာခဲ့၏။

ချီအမတေ မုန်တိုင်းသည် ကမ္ဘာပေါ်တွင် မရဏပြည် အလား မင်းမူ တိုက်ခတ်နေသည်။ မြေငလျင်များသည် တဟီဟီး တုန်လှုပ်နေကာ တိမ်စိုင်များမှာ စုဝေးနေ၏။ သဘာဝ ဖြစ်စဥ်များမှာ ဟူကျိဝေ့၏ သန့်စင်သော ခွန်အားအောက်တွင် စတင်ကာ ပြောင်းလဲလာသည်။

သူ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နတ်ဘုရားအရှင် ဆယ်ပါးကို သတ်ဖြတ်နိုင်သည့် ခွန်အား တစ်ခုမှာ ပြန့်ကား ထွက်လာသည်။ တိုင်းတာ၍ မရနိုင်သော အချိန် အပိုင်းအခြားလေး တစ်ခု အတွင်းမှာပင် ထိုအင်အားသည် ဝေ့ဝူယင် အပေါ် ရောက်ရှိလာ၏။

ထို့နောက်တွင် မင်းသားကျန်းတို့သည် ဆေဘာအလင်း အချို့ကို လျှပ်တစ်ပြက် မြင်တွေ့ လိုက်ရသည်။ ထိုအလင်းတို့မှာ အလွန် သန့်စင်ကာ လင်းလက်လွန်းရာ သူတို့ မျက်လုံးများကို ပိတ်လိုက်ရ၏။

နတ်ဘုရား ဧကရာဇ်နှင့် နတ်ဘုရား အရှင်ဝေ့တို့မှာ စတင်တိုက်ခိုက်နေပြီ ထင်သည်။ သို့သော်လည်း နှစ်စက္ကန့်မျှ ကြာပြီးနောက်တွင် အရာရာမှာ ပြန်လည် တိတ်ဆိတ်သွား၏။ သူတို့ ငါးယောက်မှာ စဥ်းစားတွေးတောရန် မဝံ့ရဲပဲ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ရုတ်ချည်းပင် သူတို့၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွား လေတော့၏။

ဝေ့ဝူယင်မှာ ခေါင်းပြတ်ကို ကိုင်ကာ ရပ်နေခဲ့သည် မဟုတ်ပါလား။

လက်ထဲရှိ ဟူကျိဝေ့၏ ခေါင်းပြတ်ကို ငုံ့ကြည့်ရင်း ဝေ့ဝူယင် ခေါင်းခါလိုက်သည်။

“ငါ့မှာ မိသားစုရော မျိုးနွယ်ရော မရှိတော့ဘူး ဆိုပေမဲ့ ငါ့ချစ်သူတွေနဲ့ ခြိမ်းခြောက်ခံရတာကိုတော့ သဘောမကျဘူး... မင်းချစ်တဲ့ ညီမလေးရဲ့ နောက်ကိုသာ ငြိမ်းငြိမ်းချမ်းချမ်း လိုက်သွားပါ... သူလည်း အထီးကျန် နေလောက်ရောပေါ့”

"..."

လောကြီးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ လေမုန်တိုင်းများမှာ ငြိမ်ကျသွားခဲ့ပြီ ဖြစ်သလို မြေငလျင်မှာလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ တိမ်တိုက်များ ပင်လျှင် ပြန်လည် ကြဲပါးသွားခဲ့၏။

ဟူကျိဝေ့၏ ခန္ဓာသက်သက် အလောင်းမှာ မြေပြင်ထက်၌ ငြိမ်သက်စွာ လှဲလျောင်းနေသည်။ သွေးများသည် အနီးရှိ သစ်ရွက်ခြောက်တို့ သယ်ဆောင်ရင်း စမ်းချောင်းလေး တစ်ခု အလား စီးဆင်းသွား၏။ ထိုမြင်ကွင်းမှာ ဆိတ်ငြိမ်ကာ ငြိမ်းချမ်းမှု ပြရုဂ်တစ်ခုကို ဖော်ညွှန်းနေသည်။

ဝေ့ဝူယင် လျှင်မြန်စွာပင် မီးချီကို ထုတ်လွှတ်ကာ ခေါင်းကို လောင်ကြွမ်းပစ်လိုက်၏။ ကျင့်ကြံခြင်း လောက၌ ခေါင်းပြတ်သွားလျှင်ပင် ပြန်လည် ကုစားနိုင်သည့် မှော်ဆန်သော နည်းလမ်းများ ရှိပေသည်။ သူ သေချာမသိသော်လည်း ထိုအရာက နတ်ဘုရား ဧကရာဇ် တစ်ပါး အတွက် ဖြစ်ကောင်း ဖြစ်နိုင်လောက်သည်။

သို့သော်လည်း စက္ကန့်ပိုင်းမျှ အကြာတွင် ကပျာကယာဖြင့် မီးတောက်များကို သူ ပြန်လည် ရုတ်သိမ်းလိုက်၏။ သူ၏ အမူအရာက အဖိုးတန်သော ရတနာ တစ်ခုကို ပြာချပစ်ရန် ကြိုးစားမိသည့် အလား ပြောင်းလဲသွားသည်။ သူ ဦးခေါင်းကို သေချာစွာ စစ်ဆေးလိုက်၏။ အသေးစား ထိခိုက်မှုများသာ ဖြစ်သွားကြောင်း သေချာသော အခါတွင်မှ သူ၏ အမူအရာက ပြေလျော့သွားကာ သိုလှောင်လက်စွပ်ထဲကို ထည့်သွင်းလိုက်သည်။

ထို့နောက်တွင် လဲကျနေသည့် အလောင်းနားသို့ သူ လျှောက်သွားလိုက်၏။ မတုန့်မဆိုင်းပင် သိုလှောင် လက်စွပ်ကို ချွတ်ယူကာ သူ သိမ်းဆည်းလိုက်သည်။ တစ်ဆက်တည်းတွင် အလောင်းကိုပါ အခြား သိုလှောင် လက်စွပ်တစ်ခုအတွင်း သူ ထည့်သွင်းလိုက၏။

ဦးခေါင်းအား ပြာချပစ်ရန် ကြိုးစားနေသည့် အချိန်အတွင်း သူသည် ဆန်းကြယ် ဝိညာဥ်များ ထံမှ ဆန္ဒ တစ်ခုကို လက်ခံ ရရှိခဲ့သည်။ သူတို့သည် ဟူကျင်းဝေ့၏ ခန္ဓာကို သန့်စင်ကာ ချီအမတေများကို ကိုယ်ပိုင် စွမ်းအား အဖြစ် စုပ်ယူလိုနေကြသည်။

ဝေ့ဝူယင်သည် ကျင့်ကြံခြင်း နည်းလမ်းအသစ် တစ်ခု တွေ့လိုက်ရသလို ခံစားနေမိ၏။ ချီပျစ်ခဲခြင်း အဆင့်ကိုး၏ ခန္ဓာကိုယ်များမှာ ရတနာများ ဖြစ်နေရာ  ဖျက်ဆီးပစ်ခြင်းထက် နေရာခွဲ၍ သိမ်းထားလိုက်သည်က အကောင်းဆုံး ဖြစ်ပေသည်။

နတ်ဘုရား ဧကရာဇ် တစ်ပါးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်း အပေါ် သူ မအံ့သြမိချေ။ သူသည် ထိုတိုက်ခိုက်မှုတွင် သူ၏ စွမ်းအား ရာနှုန်းပြည့် အပြင် ဒြပ်စင်ကိုပါ သုံးထားခဲ့သည်။ တစ်ချိန်တည်း၌ နဂါးသွေး မျိုးဆက် စွမ်းအင်ဖြင့် ခန္ဓာကိုယ်ကိုလည်း အားဖြည့်ထားသေး၏။

ထို့အပြင် ဟူကျင်းဝေ့သည် ဝေ့ဝူယင်ကို အထင်သေးခဲ့မိသည်။ နတ်ဘုရား အရှင် တစ်ပါးက သူ့ကို မည်သို့မျှ မခြိမ်းခြောက်နိုင် ဟူသော ယူဆချက်ဖြင့် အနည်းငယ် ပေါ့လျော့မိသည်။ ထိုအချက်ကပင် သူ၏ အသက်ကို နှုတ်ယူသွားခြင်း ဖြစ်သည်။ အဆင့်မြင့် ကျင့်ကြံသူတို့၏ တိုက်ပွဲတွင် အသေးအမွှား အချက်လေး တစ်ခုကပင် အရာရာကို အဆုံးအဖြတ် ပေးနိုင်ပေသည်။

“အဂ္ဂိရတ် ဧဒင်ချီ နှလုံးသားသာ အဂ္ဂိရတ် ဝိညာဥ် ဖြစ်လာတဲ့ အချိန်ကျရင် ငါ့ရဲ့ ဝိညာဥ်အာရုံက နောက်ထပ် အဆင့်တစ်ခုကို မြင့်တက်သွားလိမ့်မယ်... နဂါးသွေး နှလုံးသားကိုပါ ထပ်ပြီး အသွင်ပြောင်းနိုင်ရင် ငါ့ခန္ဓာကိုယ် ခွန်အားက ခုထက် အဆများစွာ ပိုပြီး အစွမ်းထက် လာလိမ့်မယ်”

ဝေ့ဝူယင် ကျေနပ်စွာ ပြုံးလိုက်မိ၏။

.”နတ်... နတ်ဘုရား ဧကရာဇ်ဝေ့...”

နောက်မှ ထွက်ပေါ်လာသော အသံကြောင့်ဝေ့ဝူယင်၏ အတွေးစများမှာ ပြတ်တောက်သွား၏။ သူက လှည့်ကြည့်လိုက်ရာ မင်းသားကျန်းကို တွေ့လိုက်ရသည်။ ထိုမင်းသားသည် လက်နှစ်ဖက်ကို ယှက်ရင်း သူ့အား လေးစားစွာ ဦးညွှတ်နေလေ၏။

“နောက်တစ်ကြိမ် ထပ်ပြီး ကျေးဇူးတင်ပါရစေ...”

သူ၏ အသံက အံ့အားသင့်ခြင်း၊ မယုံကြည်နိုင်ခြင်းတို့နှင့် အတူ လှုပ်ခါနေဆဲ ဖြစ်သည်။ နတ်ဘုရား ဧကရာဇ် တစ်ပါး ထိုကဲ့သို့ အသတ်ခံလိုက်ရခြင်း အပေါ် သူ လက်ခံရန် ခက်ခဲနေ၏။ ဟူကျိဝေ့သာ မက ဟူယောင်မှာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ အရိပ်ဝှက် နယ်မြေ ပြိုကွဲတော့မည်က မလွဲမသေပင် ဖြစ်လေတော့သည်။ ‌

ဝေ့ဝူယင်က ခေါင်းခါလိုက်၏။

“ငါက အခုမှ အဆင့်ရှစ်မှာပဲ ရှိသေးတာပါ... ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့”

“တောင်းပန်ပါတယ်... အရှင်ဝေ့”

မင်းသားကျန်းက ချက်ချင်းပင် ပြန်လည် တောင်းပန်လိုက်သည်။ ခေါင်းတစ်ချက် ညိတ်လိုက်ပြီးနောက် ဝေ့ဝူယင်က ပိုင်လင်ကို ခေါ်လိုက်၏။

ပိုင်လင်၏ မျက်လုံးများမှာ ဂုဏ်ယူခြင်းတို့နှင့် တလက်လက် တောက်ပနေသည်။ ထိုကဲ့သို့ သခင်မျိုးနှင့် ဆိုပါက သူမ မည်သူ့ကို ကြောက်ရတော့မည်နည်း။

“တော်ဝင်နန်းတော်က မဝေးတော့ဘူး... သွားကြမယ်”

ဝေ့ဝူယင် ရှေ့ဆုံးမှ နေ၍ ပိုင်လင် ကျောထက်သို့ တက်လိုက်လေတော့၏။

***

All Chapters