← Chapters

ဧကရာဇ် နန်းတော်

Vol. 9 Ch. 113

ဧကရာဇ် နန်းတော်

Vol. 9 Ch. 113

တစ်နာရီ နီးပါးခန့် ကြာပြီးနောက်၌ တော်ဝင် အငွေ့အသက် ဂုဏ်ကျက်သရေတို့နှင့် ခမ်းနား ကြီးကျယ်လှစွာသော နန်းတော်ကြီး တစ်ခုမှာ သူတို့၏ မြင်ကွင်း အတွင်း ဝင်ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ မိုးထိအောင် မြင့်မားလှသော မျှော်စင်၊ ရဲတိုက်ကြီးများကို ကြည့်၍ ထိုနေရာမှာ ကောင်းကင်ဝူ မြို့တော်၏ ဗဟို အချက်အချာ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။

နန်းတော်ကြီးသည် ကျောက်စိမ်းသားဖြင့် အတိပြီးကာ တဝင်းဝင်း တလက်လက် တောက်ပမှု၊ သန့်စင်မှု အဆင်းတို့ဖြင့် တင့်တယ် နေသည်။ အမေ အငွေ့အသက်များမှာ အုတ်ချပ်တစ်ချပ်ချင်းစီတိုင်းမှ ဖြာထွက်နေသည်။ ထိုအုတ်ချပ်များနှင့် နီးနီးကပ်ကပ် နေရုံဖြင့်ပင် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းမှာ တိုးတက် လာနိုင်ပေသည်။

ဝေ့ဝူယင်သည် ထိုနန်းတော်ကြီးကို စစ်ဆေးရင်း မအံ့သြပဲ မနေနိုင်အောင် ဖြစ်နေခဲ့ရသည်။ ၎င်းမှာ သူ ကလေးဘဝက ကြားဖူးသည့် ပုံပြင်များနှင့် လုံးဝ ခြားနားသလို ခံစားနေရ၏။ ကောင်းကင်ဘုံကို ဆုပ်ကိုင်ထားသကဲ့သို့ အဆင်အပြင်နှင့် ဖွဲ့စည်းပုံများမှာ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ ရိုသေမှုကို လှုပ်ယူနိုင်စွမ်း ရှိသည်။

လေထုက ပိုမို သန့်ရှင်းသည်။ ပိုမို ချိုမြသည်။ ကိုယ်ပိုင် ထင်ယောင်ထင်မှား ဖြစ်မှုလော မပြောတတ်။ တော်ဝင် နန်းတော်ကြီးမှာ အိပ်ပျော်နေသည့် နတ်ဘုရားမ တစ်ပါးလို ဝေ့ဝူယင် ခံစားနေမိသည်။ အကြည့်ပင်လျှင် သူ မလွှဲနိုင်ခဲ့ချေ။

အလားတူပင် စုမေ့မှာလည်း တော်ဝင် နန်းတော်ကြီး၏ ကျက်သရေနှင့် ခမ်းနားထည်ဝါမှုတို့ကို ကြည့်ရင်း ရင်သပ်ရှုမော နေခဲ့၏။ သူမ၏ စိတ်နှင့် နှလုံးသား နှစ်ခုစလုံးမှာ ထိုနန်းတော်ကြီးမှ ထွက်ခွာရန် ဆန္ဒပင် မရှိတော့ချေ။

မင်းသားကျန်းနှင့် ကိုယ်ရံတော် နှစ်ယောက်မှာမူ ဂုဏ်ယူမိနေကြသည်။ နတ်ဘုရား အရှင်တစ်ပါးထံမှ ထိုကဲ့သို့ တုန့်ပြန်မှုမျိုး ရခြင်းမှာ ချီးမြှင့်မှု တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း သူတို့ မသိသည့် အချက်ကား ဝေ့ဝူယင်နှင့် စုမေ့တို့မှာ အလွန် ငယ်ရွယ်ကြပြီး သူတို့ ဘဝတစ်လျှောက်လုံး၌ အရာများစွာကို မြင်ဖူးခြင်း မရှိ ဆိုခြင်းပင်။

သူတို့သည် မြို့ကြီးပြကြီးသို့ ရောက်ရှိလာသည့် ကျေးတောသားများ လိုပင်။ ထို့ကြောင့်ပင် သူတို့ ယခုကဲ့သို့ ရင်သပ်ရှုမော ဖြစ်နေကြခြင်းမှာ အံ့သြစရာ မရှိချေ။

ဝေ့ဝူယင်၏ မျက်လုံးများမှာ အဝေးသို့ ရွေ့လျားသွား၏။ သူသည် ကောင်းကင် တိမ်စိုင်တိမ်နန်းများ အထက်၌ မြောလွင့်နေသည့် အနက်ရောင် မျှော်စင်ကြီး တစ်ခုကို တွေ့မြင်လိုက်ရသည်။ ဆုပ်ကိုင်ဆွဲမှီရာ အုတ်မြစ် မရှိ‌သော်လည်း ၎င်းသည် တုန်လှုပ်ခြင်း အငွေ့အသက်ပင် မရှိပဲ လေထုထဲ၌ ငြိမ်သက်စွာ တည်ရှိနေသည်။ ၎င်း၏ အထက်တွင်မူ ခပ်ဖျော့ဖျော့ လင်းလက် တောက်ပနေသော ကြယ်တာရာတို့၏ ကောင်းကင်က နေရာယူ နေ၏။

“ဝူနက္ခတ် မျှော်စင်...”

ဝေ့ဝူယင်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။ အကိုကြီးသည် သူအား ကောင်းကင်ဝူမြို့တော်၏ အမှတ်အသားမှာ ဝူနက္ခတ်မျှော်စင် ဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။ သူသည် ထိုစဥ်အချိန်ကပင် ဝူနက္ခတ် မျှော်စင်ကို တွေ့မြင်လိုသည့် စိတ်များ တဖွားဖွား မွေးဖွားလာခဲ့ဖူးသည်။ ယခုတွင်မူ ဝူနက္ခတ်မျှော်စင်မှာ သူ၏ အရှေ့၌ ရောက်နေချေပြီ။

“စုမေ့... ဟိုမှာ တွေ့လား ဝူနက္ခတ်မျှော်စင်...”

ဝေ့ဝူယင်က လက်ညိုးထိုးပြလိုက်၏။ သူ၏ မျက်လုံးများက ကလေးငယ် တစ်ယောက် ကဲ့သို့ တဖျပ်ဖျပ် လင်းလက် တောက်ပနေသည်။ ထိုအရာက ကလေးဘဝ အိပ်မက်များ အမှန်တကယ် ဖြစ်လာခဲ့သလိုပင်။

စုမေ့၏ မျက်လုံးများ တိမ်တိုက်များ အကြား၌ နတ်ဘုံနတ်နန်း အလား တည်ရှိနေသည့် ဝူနက္ခတ် မျှော်စင်ဆီ ရွေ့လျားသွားသည်။

မင်းသားကျန်းတို့ သုံးယောက်မှာမူ တိတ်ဆိတ်နေကြ၏။ သူတို့၏ စိတ်ထဲတွင်မူ နတ်ဘုရား ဧကရာဇ် အဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် နတ်ဘုရားအရှင် တစ်ပါးက ထိုမျှ စိတ်လှုပ်ရှားရန် လိုအပ်သလော ဟု တွေးတော နေမိခဲ့ကြသည်။

သို့သော်လည်း ဝေ့ဝူယင် ဂရုမစိုက်ပါချေ။ အကိုကြီး ပြောခဲ့ဖူးသည့် အကြောင်းအရာများကို သူ ပြန်လည်ကာ တွေးတောနေမိခဲ့၏။ နေဝင်ချိန်ရောက်လျှင် ထိုမျှော်စင်ပျံကြီးသည် ဓူဝံကြယ် ကဲ့သို့ လင်းလက်လာကာ တစ်တိုင်းပြည်လုံးကို အသံတိတ် ကြေညာမောင်းခတ်သည်။ ရေမြေအရှင်သည် ဤနေရာတွင် ရှိသည်။ သင်တို့ ပြည်သူအားလုံး လုံခြုံစေရမည် ဟူ၍။

ဝေ့ဝူယင်သည် ဆက်၍ တွေးတောနေမိ၏။ မျှော်စင်ကြီး တစ်ခု ပျံသန်းနိုင်ရန် မည်သည့် နည်းလမ်းများဖြင့် ပြုလုပ် ဖန်တီးထားသနည်း။ လောက၌ အတောင်ပံရှိသော သတ္တဝါများသာလျှင် ပျံသန်းနိုင်သည်။ သူ ကိုယ်တိုင် ပင်လျှင် မပျံသန်းနိုင်ချေ။ ဒြပ်စင်အတောင်ပံကို အသုံးပြု၍ လေထဲတွင် ရွေ့လျား၍ ရသည့်တိုင် ထိုအရာက အစစ်အမှန် ပျံသန်းခြင်း မဟုတ်ချေ။ ၎င်းက လေဟုန်စီးခြင်းနှင့်သာ ပိုမိုတူသည်။ ငှက်တစ်ကောင် ကဲ့သို့ ကိုယ့်ကိုယ်ကို ကျွမ်းကျင်စွာ ထိန်းသိမ်းရန် မလွယ်ကူချေ။

လင်းယုန် သားရဲများ စီးနင်းထားသည့် လူတစ်စုသည် ခပ်လှမ်းလှမ်းမှ နေ၍ ချည်းကပ်လာကြ၏။ သူတို့သည် သတ်ဖြတ်လိုစိတ်ဖြင့် ဖြာထွက်နေသည့် အေးစက်စက် လက်နက်များကို ကိုင်ဆောင်ထားကြသည်။ သူတို့အား ကြည့်ရသည်က တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြပုံ ရသည်။

ပိုင်လင်သည် အသိအမှတ်ပြု မထားသော သားရဲတစ်ကောင် ဖြစ်သည်။ ထို့ကြောင့်ပင် တော်ဝင် နန်းတော်လမ်းကြောင်း အတွင်း ဝင်ရောက်လာခြင်းမှာ နန်းတော်အတွက် ခြိမ်းခြောက်မှု တစ်ခုဟု သူတို့ ယူဆ ကြသည်။ စည်းမျဥ်းများအရဆိုလျှင် ဧကရာဇ် နန်းတော်မှ ဆယ်ကီလိုမီတာ အတွင်း၌ ခွင့်ပြုချက် မရှိပဲ မည်သည့် သားရဲမှ ပျံသန်းခွင့် မရှိချေ။

မင်းသားကျန်း၏ မျက်နှာမှာ အေးဆေးတည်ငြိမ်ကာ ယဥ်ကျေးသည့် အမူအရာမှ နေ၍ မာနထောင်လွှားပြီး ပြတ်သားသည့် ပုံစံအသွင် ပြောင်းလဲသွားသည်။ သူက တံဆိပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ထိုအပေါ်တွင် “ဝူ” ဟူသော စကားကို ရေးထွင်းထား၏။

ချည်းကပ်လာသည့် စစ်သည်တော်များမှာ ချက်ချင်းပင် ပြာပြာသလဲ ဖြစ်သွားကြသည်။ သူတို့သည် သားရဲများထက်တွင်ပင် ဒူးထောက်ကာ အရိုအသေပြု၍ ဦးညွှတ်လိုက်ကြ၏။

ဝေ့ဝူယင်၏ အကြည့်က ဝူနက္ခတ်မျှော်စင်မှ နေ၍ စစ်သားများထံ ရောက်ရှိသွားသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်များမှာ အနည်းဆုံး ချီပျစ်ခဲခြင်း အဆင့်လေးတွင် ရှိနေကြသည်။ ငယ်ရွယ်သော အရောင်အဝါများ အရဆိုလျှင် သူတို့သည် အသက် ငါးဆယ်၊ ခြောက်ဆယ်ခန့်သာ ရှိနေကြသေးသည်။ ထိုမျှသော အသက်အရွယ်နှင့် ချီပျစ်ခဲခြင်း အဆင့်လေး၊ ငါးများကို ရောက်ရှိနေကြခြင်း... သာမန်ဂိုဏ်းများတွင် ဆိုပါက သူတို့ကို ပါရမီရှင် အဖြစ် သတ်မှတ် ကိုးကွယ်ကြပေလိမ့်မည်။

ဝေ့ဝူယင် စစ်သည်တော်များကို အကဲဖြတ်နေစဥ်တွင်ပင် အလွန်ကြီးမားသော ဂျိုးဖြူငှက် တစ်ကောင်သည် လျှင်မြန်စွာဖြင့် ရောက်ရှိလာ၏။ ၎င်း၏ အမြန်နှုန်းမှာ မြေပြင်ထက်ရှိ သေမျိုးနတ်ဘုရားများကို ပင်လျှင် ပြိုင်ဆိုင်နိုင်စွမ်း ရှိသည်။

ဂျိုးဖြူငှက်ပေါ်တွင် ပန်းရောင် အင်္ကျီဖျော့ဖျော့ ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက် ပါလာသည်။ သူမသည် အသက် ဆယ့်ခြောက်နှစ်ခန့်သာ ဟူ၍ ထင်ရသော်လည်း ချီပျစ်ခဲခြင်း အဆင့်လေးကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“အရှင့်သား...”

မိန်းကလေးက ဂျိုးဖြူငှက်နှင့် အတူ မင်းသားကျန်း အနီးသို့ ချည်းကပ်လာသည်။ စစ်သည်တော်များမှာ သူမကို ဟန့်တားခြင်း မရှိကြချေ။

မင်းသားကျန်း၏ မာနထောင်လွှားပုံရသည့် အမူအရာသည် မိန်းကလေးကို မြင်သည်နှင့် မသိစိတ်မှ အနည်းငယ် ပျော့ပျောင်းသွား၏။ သူက ညင်သာစွာပင် ခေါင်းတစ်ချက် ညိတ်ပြကာ ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်သည်။ ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်၏။

“မင်းကိစ္စတွေကို ကိုင်တွယ်လိုက်ပါ... ငါ့စကားအတိုင်း ငါတည်ပြီးပြီ”

မင်းသားကျန်းက အသက်ပြင်းပြင်းရှူကာ လက်နှစ်ဖက်ကို ယှက်လိုက်သည်။ ထို့နောက် မင်းသား ဆိုသည့် အဆင့်အတန်းကိုပင် ဂရုစိုက်ဟန် မရပဲ လေးလေးနက်နက် ဦးတစ်ချက် ညွှတ်လိုက်၏။ သုံးစက္ကန့်မျှ ကြာပြီးနောက်မှ သူ ပြန်လည် ခေါင်းမော့လာသည်။

“အရှင်ဝေ့တို့က ခုမှ မြို့တော်ကို ရောက်ဖူးတာ ဆိုတော့ တည်းဖို့နေရာ ရှိဦးမယ် မထင်ဘူး... စိတ်မရှိရင် ကျုပ်ရဲ့ ဧည့်သည်တော် အဖြစ် လိုက်နေဖို့ မျှော်လင့်မိပါတယ်”

အရှင်ဝေ့... သူက နတ်ဘုရားအရှင်လား...

မိန်းကလေးနှင့် စစ်သည်တော်များမှာ ဝေ့ဝူယင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ ဝေ့ဝူယင်က အနည်းငယ် စဥ်းစားပြီးနောက် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ကောင်းတယ်... ယီအာ... အရှင်ဝေ့အတွက် နေဖို့နေရာကို အရင် စီစဥ်ပေးလိုက်နော်... ပြီးမှ ငါတို့စကားပြောကြမယ်”

မင်းသားကျန်းက အမိန့်ပေးလိုက်၏။ ယီအာဆိုသော မိန်းကလေးမှာ ယောင်ဝါးဝါးနှင့် ခေါင်းညိတ်လိုက် လေတော့သည်။

....

ယီအာသည် မင်းသားကျန်းအပေါ် သစ္စာရှိကာ မိမိ လုပ်နေသည့် အလုပ်အားလည်း တန်ဖိုးထားသူ တစ်ယောက် ဖြစ်သည်။ သူမသည် ဝေ့ဝူယင်တို့ကို ရောင်စုံငါးများ ကူးခပ်သွားလာနေသည့် ရေကန် တစ်ခု ပါရှိသည့် ခြံဝန်းထဲတွင် နေရာချထားပေးသွားသည်။ ငြိမ်သက်နေ‌သော ရေပြင်နှင့် လေထုထဲ လွင့်စဥ်နေသည့် ရေခိုးရေငွေ့များမှာ စိတ်နှလုံးကို အေးချမ်းစေသည့် ခံစားချက်တစ်မျိုးအား ပေးစွမ်းသည်။ စိမ်းစိမ်းစိုစို မြက်ခင်းပြင်များနှင့် အုတ်စီထားသော လူသွားလမ်းလေး၏ အပြင်အဆင်က သဘာဝနှင့် တစ်သားတည်း ဖြစ်တည်နေ၏။

ဝေ့ဝူယင် သဘောကျနေမိသည်။ ထိုခြံဝန်းသည် ပိုင်လင် အတွက် အတောင်ပံများကို ဖြန့်ကျက်ကာ သေးသေးသွယ်သွယ် ခြေထောက်များနှင့် လမ်းလျှောက်နိုင်သည် အထိ ကျယ်ဝန်းသည်။

စုမေ့မှာ သူမ၏ အခန်းအတွင်းတွင်ပင် နားနားနေနေ ကျင့်ကြံနေခဲ့သည်။ အလင်းရိပ်ချီ မွေးဖွားသောလိုသော ဆန္ဒသည် သူမ၏ နှလုံးသား အတွင်း မီးတောက် တစ်ခုကဲ့သို့ တောက်လောင်နေကာ ပန်းတိုင်ကို အရောက်သွားရန် တွန်းအားပေးနေ၏။ သူမသည် ယခု၌ သေမျိုးနတ်ဘုရား တစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လိုအပ်သော ရင်းမြစ်များကိုသာ ရရှိပါက တစ်နေ့၌ အထွတ်အထိပ် သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်လာမည်မှာ မလွဲမသွေ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ကိုယ်ပိုင်လမ်းစဥ်ကို ရှာဖွေရန် သူမအတွက် လိုအပ်နေဆဲ ဖြစ်သည်။ “ည၏ အမှောင်ထု အလင်းရောင်” ကျင့်စဥ်မှာ သူမ အတွက် နည်းလမ်းပင် ဖြစ်သည်။ ဝေ့ဝူယင်၏ ပံ့ပိုးမှုနှင့်ဆိုပါက လမ်းစဥ်ကို ရှာတွေ့ရန်မှာလည်း အချိန်တစ်ခုသာ လိုအပ်ပေလိမ့်မည်။

ဝေ့ဝူယင် စုမေ့ကို နှောက်ယှက်ခြင်း မပြုချေ။ သူသည် တင်ပျဥ်ချိတ်ကာ ထိုင်ရင်း မျက်လုံးများကို မှိတ်လိုက်၏။ လက်ရှိနှင့် အနာဂတ်၏ အကြောင်းအရာမျိုးစုံက သူ၏ စိတ်ထဲတွင် အစီအရီ ပေါ်လာခဲ့သည်။

ယခု၌ သူ့တွင် ချီပျစ်ခဲခြင်း အဆင့်ရှစ်ကို ရောက်နေသည့် ဆန်းကြယ် ချီဝိညာဥ် နှစ်ခုနှင့် သေမျိုးနတ်ဘုရား အဆင့် ချီနှင့် သွေးနှလုံးသား နှစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုအရာက မလုံလောက်သေးချေ။

“နောက်ဆယ်နှစ်... နောက်ဆယ်နှစ်အတွင်း ချီအမတေ အဆင့်ကို ငါရောက်ကို ‌ရောက်ရမယ်”

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ကျိန်ဆိုလိုက်၏။ ဆယ်စုနှစ် လေးခုအတွင်း သူ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိရန် လိုသည်။ သို့မှသာ မသေခင် ကြယ်များအကြား သွားလာလိုသည့် သူ၏ ဆန္ဒ ပြည့်ဝ ပေလိမ့်မည်။

...

တော်ဝင်နန်းတော် အတွင်းရှိ မင်းသားကျန်း စံအိမ်တော်...

ခမ်းနားထည်ဝါသော အခန်းတစ်ခု အတွင်း၌ မင်းသားကျန်းနှင့် ယီအာတို့မှာ အတူတူ ထိုင်နေကြသည်။ မင်းသားကျန်းမှာ အလေးအနက် စဥ်းစားနေ၏။ သူ၏ မျက်ဝန်း၌ မယုံကြည်နိုင်ခြင်းများက အရိပ်အ‌ငွေ့ တစ်ခုနှယ် ပျံ့နှံ့နေခဲ့လေသည်။

“သူ တကယ် သဘောတူလိုက်တာလား...”

သူက သုံးကြိမ်မြောက် အဖြစ် ထပ်မေးလိုက်၏။ ယီအာက ညင်သာစွာပင် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ပါတယ်”

မင်းသားကျန်း၏ မျက်လုံးများမှာ ပိုမို၍ တောက်ပလာ၏။ ထို့နောက် သူ ဟက်ဟက်ပက်ပက် အူလှိုက်သည်းလှိုက် ရယ်မောလေတော့သည်။ မထင်ထားလောက်အောင်ပင် ကံကောင်းလွန်းလှသည်။

ဖခမည်းတော်သည် သူ့အတွက် သတို့သမီး တစ်ယောက်ကို ရှာတွေ့ထားခဲ့ပြီး ထိုမိန်းကလေးကို မြင်မြင်ချင်းပင် သူ ရူးသွပ်မတတ် စွဲလန်းခဲ့ရသည်။ သူမသည် အလားအလာကောင်းများ ရှိသည့်အပြင် မူလယင် ပျက်သုဥ်းခြင်း မရှိသေးသည့် နတ်ဘုရား အရှင်တစ်ပါး ဖြစ်၏။ အကယ်၍ သူမနှင့်သာ အတူ ကျင့်ကြံခွင့်ရပါက နတ်ဘုရား အရှင်တစ်ပါး ဖြစ်ရန် အခွင့်အလမ်းမှာ အဆများစွာ ပိုမို မြင့်တက်လာလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ထိုမိန်းကလေးမှာ လက်ခံရန် လုံးဝ ဆန္ဒမရှိခဲ့ချေ။ ချို့ယွင်းချက်များစွာ ရှိနေသည့် ချီနည်းလမ်း တစ်ခုကို အောင်မြင်အောင် ကျင့်ကြံနိုင်မှသာ သူ့အား လက်ခံမည်ဟု ပြောဆိုခဲ့သည်။

ပထမ၌ ဖခမည်းတော်သည် အလွန် ဒေါသထွက်ကာ သူမအား မြို့တော်ထဲမှ ထွက်ခွာခွင့် မပြုဟု ဆုံးဖြတ်ချက် ချခဲ့သည်။ သူမအား အကျဥ်းသား တစ်‌ယောက်အဖြစ် နေစေခဲ့သည်။ သို့သော်လည်း ယခု၌ သူမမှာ သူနှင့် လက်ထပ်ရန် သဘောတူခဲ့ပြီ ဖြစ်သည်။ အစပိုင်းမှာ အနည်းငယ် အကျည်းတန်ခဲ့သည့်တိုင် အဆုံးသတ်မှာမူ ပျော်ရွှင် ကြည်နူးစရာ ကောင်းလွန်းခဲ့၏။

မင်းသားကျန်းမှာ မထိန်းချုပ်နိုင်အောင် စိတ်လှုပ်ရှား နေခဲ့သည်။ ဖခမည်းတော်သည် သူ့အတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးခဲ့သည့်တိုင် သူ သူမကို အတင်းအဓမ္မ မယူရက်ခဲ့ချေ။ သူပေးအပ်နိုင်သည့် အရာများကိုသာ ပြောဆိုရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့သည်။ ယခုတွင်မူ သူ စောင့်ရကြိုး နပ်ခဲ့ချေပြီ။

“ငါ သူ့ကို သွားတွေ့လိုက်ဦးမယ်”

မင်းသားကျန်းမှာ ကပျာကယာပင် စံအိမ်အပြင်သို့ ထွက်ခွာရန် ဟန်ပြင်လိုက်၏။

“နေဦးလေ...”

ယီအာက တားလိုက်၏။

"အရှင့်သား တစ်ကိုယ်လုံးက သွေးတွေနဲ့ ညစ်ပတ်နေတာ... ‌ရေချိုးပြီးမှ သွားပါလား”

“ဟုတ်သားပဲ... “

မင်းသားကျန်းက ရယ်မောလိုက်၏။ ထို့နောက် လျှင်မြန်စွာပင် ရေချိုးရန် အခန်းအတွင်း ဝင်ရောက်သွားလေတော့သည်။ ယီအာက သူ၏ နောက်ကျောကို ကြည့်ရင်း ပြုံးလိုက်၏။ မင်းသားကျန်း ပျော်လျှင် သူမလည်း လိုက်၍ ပျော်ရွှင်ပေသည်။

***

All Chapters