← Chapters

သန်မာအားကောင်းသော ဖြစ်တည်မှုနှစ်ခုကြား တိုက်ပွဲ

Vol. 51 Ch. 691

သန်မာအားကောင်းသော ဖြစ်တည်မှုနှစ်ခုကြား တိုက်ပွဲ

Vol. 51 Ch. 691

သန်မာအားကောင်းသော သိုင်းပညာရှင်နှစ်ယောက်သည် ဧကရာဇ်ပလ္လင်အဆင့် မှော်အစီအရင်များဖြင့် တိုက်ခိုက်နေကြ၏။ ထွက်ပေါ်လာသည့် မှော်အစီအရင်များနှင့် ကောင်းကင်နတ်သိုင်းများက အဆုံးအစမဲ့သော ခွန်းအားတို့ဖြင့် ပြင်းထန်အားကောင်းသည်။ မဟာတာအို ကိန်းဝပ်နေသော တိုက်ကွက်စစ်တိုင်း၊ ခံစစ်တိုင်းက အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးဖြစ်နေသည်။

မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းပညာရှင်များ၊ နတ်ဘုရားများ လက်လှမ်းမမှီသည့် စွမ်းအားကို ထုတ်လွှတ်ရန် ကောင်းကင်နတ်သိုင်းတစ်ခုတွင် အပြောင်းအလဲတစ်ပုံတစ်ပင် ရှိနေစရာမလိုပေ။

လမ်းစဉ်အဆင့် ကောင်းကင်နတ်သိုင်းသည် ရိုးရှင်းသည်၊ ထိရောက်သည်၊ မလိုအပ်သော အပြောင်းအလဲမရှိ။ ချင်မူ၏ ကပ်ဘေးဖွင့်ဓားက သူ၏ဓားသိုင်း လမ်းစဉ်အဆင့် ဝင်ရောက်သွားသော သက်သေပင်။

သို့သော် ချင်မူက ဓားကွက်တစ်ကွက်တည်းကိုသာ စဉ်းစားခဲ့ပြီး ထုတ်လွှတ်ပြီးနောက် နောက်ဆက်တွဲဓားကွက်များ ဆက်လက်လိုက်မလာခဲ့ပေ။ အခြားတစ်ဖက်၌မူ ကောင်းကင်ယင်နတ်ဘုရားမနှင့် ‌ကောင်းကင်ယင်သား‌‌တော်တို့အတွက် ထိုအမှုက ရိုးရှင်းလွယ်ကူသည်။ သူတို့သည် ကမ္ဘာနှစ်ခုကို ဖြတ်၍ တိုက်ခိုက်နေရသော်လည်း တိုက်ကွက်များက ထပ်ခြင်းအလျဉ်းမရှိ စုံလင်ပေါများလှ၏။

ကောင်းကင်ယင်နတ်ဘုရားမကို တိုက်ခိုက်နေသော အမျိုးသားမှာ သူမပြောခဲ့သည့်အတိုင်း ရည်မွန်ခံ့ညားသော ရုပ်ရည်ရှိသည်။ ဧကရာဇ်တစ်ပါး၏ ဟိတ်ဟန်၊ အဟန့်အထည်မျိုး ရှိပါသော်လည်း မောက်မာထောင်လွှားသော အမူအရာမျိုး ကင်းမဲ့၏။

မီးငှက်မျက်လုံးလို ရှည်မျော၊ ကျဉ်းမြောင်းသော မျက်ဝန်းများ၊ သေသပ်သပ်သပ် နှုတ်ခမ်းမွှေးဖြင့် သူကား အလွန် တင့်တယ်ခံ့ညားချေသည်။ ကောင်းကင်ယင်နတ်ဘုရားမ အယုံလွယ်မိပြီး ကောင်းကင်ယင်ကမ္ဘာ ပျက်စီးခဲ့ရခြင်းမှာလည်း အံ့ဩစရာမရှိပေ။

“နတ်ဘုရားမက နှစ်ပေါင်းများစွာ သေဆုံးခဲ့ရပေမယ့် ကြည့်ရတာ အဆိုးထဲက အမြတ်ထွက်ခဲ့ပုံပဲ”

ကောင်းကင်ယင်သားတော် တိုက်ခိုက်နေရသည်မှာ ကြာပြီဖြစ်သော်လည်း ကောင်းကင်ယင်ကမ္ဘာထဲ တိုးဝင်မရသောကြောင့် အပြုံးတစ်ခုဖြင့် ပြောလာသည်။ “နတ်ဘုရားရဲ့ တာအိုက အရင်အဆင့်ထက် ကျော်လွန်သွားခဲ့ပြီ... ကမ္ဘာချင်းခြားပြီး တိုက်ခိုက်နေရတော့ ငါ့အနေနဲ့ နတ်ဘုရားမကို ဘာမှမလုပ်နိုင်တော့ဘူး... ဒီတော့ ပရိယာယ်လေးအနည်းငယ် သုံးရမှာပေါ့လေ”

လေပြင်းမိုးတိမ်တိုက်တို့ ပြောင်းလဲသွားပြီး ကမ္ဘာအားလုံးမှ အနက်ရောင်အမှုန်တို့သည် ကောင်းကင်ယင်ကမ္ဘာဆီသို့ တဝေါဝေါ ဝင်လာကြ၏။ ဆာလောင်နေသော သရဲများက ကောင်းကင်ယင်နတ်ဘုရားမဆီ ပြေးလာကြသည်။

ထိုတင်မကသေး ကောင်းကင်ယင်ကမ္ဘာထဲရှိ အနက်ရောင်အမှုန်များက ကောင်းကင်ယင်နတ်ဘုရားမကို ဖိနှိပ်နေကြသည်။ များမကြာခင် ကောင်းကင်ယင်ကမ္ဘာ၏ ဆာလောင်နေသော သရဲကြီး နိုးထလာပေတော့မည်။

ကောင်းကင်ယင်ကမ္ဘာမှာ မီးခိုးရောင် ရစ်ဆိုင်းနေရာမှ ပိတ်ပိန်းအောင် မှောင်မှိုင်းသွားသည်။

ကောင်းကင်ယင်နတ်ဘုရားမက ချိုသာစွာ ရယ်လိုက်ပြီး ရုတ်တရက် ကောင်းကင်ခုနစ်စဉ်ကြယ် သဲနာရီကို ပစ်မြှောက်လိုက်သည်။ ကောင်းကင်ခုနစ်စဉ်ကြယ်မှာ ကောင်းကင်ထဲ၌ ချာလပတ် လည်သွားပြီး ကောင်းကင်ယင်ကမ္ဘာတစ်ခုလုံးလည်း လည်လာတော့သည်။

ပင်လယ်ရေများ ဗုန်းခနဲ ဗွမ်းခနဲ ဘောင်ဘင်ခတ်၍ ရုန်းကြွသောင်းကျန်းနေသည်။ မြေပြင်က သူတို့ခေါင်းပေါ် ရောက်သွားပြီး ဗလာဟင်းလင်း ကောင်းကင်က အောက်ရောက်လာသည်။ ဆာလောင်နေသော သရဲများမှာ ကျွမ်းထိုးမှောက်ခုံ ခြေကားလက်ကားရား ဖြစ်ကုန်ကြ၏။ ကောင်းကင်နှင့်မြေပြင် ပြန်ပြောင်းသွားသည့်အခါ သူတို့မှာ မြေပြင်ပေါ် တဘုန်းဘုန်း ပြုတ်ကျသွားကြသည်။

ကောင်းကင်နှင့်မြေပြင်မှာ ကောင်းကင်ယင်ကမ္ဘာနှင့်အတူ လည်နေသဖြင့် ဆာလောင်နေသော သရဲများကို လင်ဗန်းထဲက လောက်စလုံးများလို လှိမ့်နေတော့သည်။ သူတို့မှာ ကောင်းကင်ယင်နတ်ဘုရားကို မတိုက်ခိုက်နိုင်သည့်အပြင် အနက်ရောင်ဝိညာဉ်အမှုန်များလည်း တုန်ခါမှုများကြောင့် ပြိုကွဲကုန်ကြသည်။

ကောင်းကင်ယင်သားတော်က သက်ပြင်းချရင်း မင်တု၏ အမှောင်ထုထဲ၌ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

“မင်းက  သဘာဝအတိုင်း မွေးဖွားလာတဲ့ နတ်ဘုရားအတွက် အချုပ်အနှောင်တွေကနေ ရုန်းထွက်ပြီး ငါ့ကောင်းကင်ခုနစ်စဉ်ကြယ် သဲနာရီကနေ ငါ့လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကိုတောင် လေ့လာခဲ့ပြီးပြီပဲ... မင်းကို အသက်သွင်းပေးခဲ့တဲ့ တာအိုအဆွေတော်ကို ငါ ပိုပြီး သိချင်မိတယ်... ဒီလို အံ့အားသင့်ဖွယ်အရာကို လုပ်နိုင်ခဲ့တဲ့ သူက ဘယ်သူများလဲ....”

သူ၏မျက်နှာသည် အမှောင်ထုထဲသို့ တဖြည်းဖြည်း နစ်မြုပ်ကာ ပျောက်ကွယ်သွား၏။ “ဒါပေမဲ့ ကောင်းကင်ယင်ကမ္ဘာထဲက ဆာလောင်နေတဲ့ သရဲတွေကို မင်း မဖိနှိပ်နိုင်သေးဘူး”

သူသည် ဆုတ်ခွာရမည့် အချိန်ကို သိသော လူတစ်ယောက် ဖြစ်သည်။ ဆာလောင်နေသော သရဲများဖြင့် ကောင်းကင်ယင်နတ်ဘုရားမအား အနိုင်မယူနိုင်မှန်း သိသည်နှင့် အချိန်မဖြုန်းတော့ဘဲ ဆုတ်ခွာသွားချေပြီ။

ကောင်းကင်ယင်နတ်ဘုရားမမှာ စိတ်သက်သာရသွားပြီး ကောင်းကင်ခုနစ်စဉ်ကြယ် သဲနာရီအား လက်ချောင်းတစ်ချောင်းဖြင့် အသာအယာ ထိလိုက်သည်။ သဲနာရီသည် လဲနေခြင်း တဖြည်းဖြည်း ရပ်သွားပြီး ကောင်းကင်ယင်ကမ္ဘာက ကောင်းကင်ယင်နတ်ဘုရားမအား နောက်တစ်ကြိမ် ဖိနှိပ်လိုက်၏။

‘ဒီဆာလောင်နေတဲ့ သရဲတွေကို သတ်ပြီး ကောင်းကင်ယင်ကမ္ဘာကို ပြန်ထိန်းချုပ်နိုင်အောင် ငါ ဘာလုပ်ရမလဲ”

ကောင်းကင်ယင်နတ်ဘုရားမ မပူပန်မိဘဲ မနေပေ။

ကောင်းကင်ယင်သားတော်၏ ကျူးကျော်မှုကို တားနိုင်ခဲ့သော်လည်း ကောင်းကင်ယင်ကမ္ဘာသည် သူမလက်ထဲ၌ ရှိမနေပေ။ ကောင်းကင်ယင်ကမ္ဘာအား ထိန်းချုပ်နေသူမှာ ကောင်းကင်ယင်သားတော်သာ ဖြစ်နေသေးသည်။

ကောင်းကင်ယင်ကမ္ဘာ၏ ပြဿနာကို မရှင်းနိုင်သရွေ့ ကောင်းကင်ယင်ကမ္ဘာကို ပြန်သိမ်းယူရန် သူမအတွက် ခက်ခဲလိမ့်မည်။

ထို့အပြင် ကောင်းကင်ယင်ကမ္ဘာသည် မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်း၏ တရားဥပဒေအောက်တွင်လည်း မရှိပေ။ သီးသန့်ကမ္ဘာဖြစ်နေသည့်တိုင် အန္တရာယ်လည်း ပြည့်နှက်နေသည်။

ဆာလောင်နေသော သရဲများက အမြဲဆာလောင်နေ၍ သက်ရှိသတ္တဝါမန်သမျှ စားပစ်လိမ့်မည်။ ကောင်းကင်နယ်စားမင်း၏ အရိပ်အောက် ရောက်နေသရွေ့ ကောင်းကင်ယင်ကမ္ဘာ၏ ကပ်ဆိုးကြီးက တည်မြဲနေလိမ့်မည်သာ ဖြစ်သည်။ နေရာတိုင်းတွင် ဆာလောင်နေသော သရဲများ ပြည့်နှက်နေဦးမည်ဖြစ်သလို သက်ရှိတို့ မွေးဖွားလာလျှင်လည်း အစားခံရလိမ့်မည်။

‘ဆာလောင်နေတဲ့ သရဲပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အဓိကသော့ချက်က ဘာများလဲ’

ကောင်းကင်ယင်နတ်ဘုရားမမှာ ပင်လယ်ဘေးတွင် ထိုင်ရင်း မေးစေ့ကို ပျင်းရိစွာ ပွတ်နေမိသည်။ သူမ ထိုင်စဉ်းစားနေစဉ် မျှော်စင်က ကောင်းကင်ယင်ကမ္ဘာကို ထိန်းပေးထား၏။ “ငါ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် အမြဲ တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်... ငါကလွဲလို့ ကောင်းကင်ယင်ကမ္ဘာမှာ ဘယ်အရာမှ ရှင်သန်နိုင်မှာမဟုတ်ဘူး... ကပ်ဆိုးကြီးကို ဖြေရှင်းပြီးမှ သက်ရှိတွေ မွေးဖွားလာနိုင်မှာ.... မှော်ဝိဇ္ဇာရှင်သာ ရှိရင် တစ်ခုခု တွေးမိလောက်တယ်...’

ဆာလောင်နေသော သရဲများက ကောင်းကင်ယင်ကမ္ဘာ ကပ်ဆိုးကြီး၏ ပြဿနာဇစ်မြစ် ဖြစ်သည်။ လက်ရှိသူမသည် သဘာဝမှ မွေးဖွားလာသော နတ်ဘုရားမဟုတ်တော့သောကြောင့် တခြားကောင်းကင်နတ်သိုင်းများကို လေ့လာသင်ယူနိုင်သွား၏။ ထို့ကြောင့် အဖြေတစ်ခုတော့ ရှာနိုင်လောက်သည်။

ဆာလောင်နေသော သရဲပြဿနာကိုသာ မဖြေရှင်းနိုင်လျှင် သူမ ဤနေရာကို စောင့်ရှောက်နေရုံသာ ရှိတော့သည်။ သူမ ထွက်သွားလျှင် ကောင်းကင်ယင်သားတော် ဝင်လာပြီး ကောင်းကင်ယင်ကမ္ဘာအား သိမ်းသွားလိမ့်မည်။ ထိုအခါ သူမအဖြစ်က အိမ်ခြေရာမဲ့ဘဝနှင့် မခြားတော့ပေ။

မဟာမြို့ပျက်၊ မာန်ဟုန်မြစ်အစတွင်

ချင်မူမှာ ကောင်းကင်ယင်နတ်ဘုရားမ၏ ဒုက္ခများကို မသိပေ။ ကောင်းကင်ယင်နတ်ဘုရားမနှင့် နတ်ဘုရားသားတော်၏ ကမ္ဘာနှစ်ခုကြား တိုက်ပွဲက ကောင်းကင်ယင်ကမ္ဘာတစ်ခုလုံးကို ကြိမ်ဖန်များစွာ ပြောင်းပြန်လှန်ခဲ့သော်လည်း မဟာမြို့ပျက်အပေါ် သက်ရောက်မှုမရှိခဲ့ချေ။

ကောင်းကင်ခုနစ်စဉ်ကြယ် သဲနာရီအနေဖြင့် အမှောင်ထုကို ထိန်းချုပ်နိုင်သော်လည်း မဟာမြို့ပျက်တွင် နေ့အချိန်ဖြစ်သည် မဟုတ်ပါ၏လော။ နေ့အချိန်တွင် အမှောင်ထုသည် မဟာမြို့ပျက်ထဲသို့ မကျူးကျော်နိုင်ပေ။

“ကောင်းကင်ယင်နတ်ဘုရားမ သေလား ရှင်လား ငါတို့ ဘယ်လိုသိနိုင်မလဲ" ဟယ့်ရီရီ စိတ်ပူစွာ မေးလိုက်မိသည်။

“ငါတို့ ကောင်းကင်ယင်ကမ္ဘာထဲ ဝင်ကြည့်လိုက်လို့ ကောင်းကင်ယင်နတ်ဘုရားမ နိုင်သွားရင် တော်သေးတယ်... ရှုံးသွားရင်တော့ ထောင်ချောက်ထဲ တည့်တည့်ဝင်တိုးသလို ဖြစ်လိမ့်မှာ”

ချင်မူ ကမ်းပါးနံရံဆီ လှမ်းကြည့်ကာ ပြောလိုက်သည်။ “မိုးချုပ်တဲ့အထိ စောင့်ကြမယ်... နတ်ဘုရားမ နိုင်သွားရင် အမှောင်ထုက မဟာမြို့ပျက်ကို ကျူးကျော်လာမှာ မဟုတ်ဘူး... ရှုံးသွားရင်တော့ ကျူးကျော်လာလိမ့်မယ်"

ယန်ကျင့်ကျင့်က သူ့ဘေးတွင် ထိုင်၍ သူနှင့်အတူ ကမ်းပါးနံရံဆီ ကြည့်နေသည်။ ချင်မူ ဆက်ပြောသည်။ “ကောင်းကင်ယင်နတ်ဘုရားရဲ့ အနိုင်အရှုံးက ကောင်းကင်ယင်ကမ္ဘာနဲ့ မဟာမြို့ပျက်ရဲ့ ကံကြမ္မာနဲ့ ပတ်သက်နေတဲ့အပြင် ကမ္ဘာအားလုံးနဲ့လည်း ပတ်သက်နေသလို ငါ ခံစားရတယ်... အနက်ရောင်အမှုန်တွေက ကောင်းကင်ယင်ကမ္ဘာကို စိုးမိုးနေတာဆိုတော့ ကောင်းကင်ယင်ကမ္ဘာရဲ့ အနက်ရောင်အမှုန် ပြဿနာကို အမြစ်မဖြုတ်နိုင်ရင် ကောင်းကင်နဲ့မြေပြင်မှာ အနက်ရောင်အမှုန်တွေ ပိုမိုများပြားလာလိမ့်မယ်... နောက်ဆုံး သူတို့ ကမ္ဘာအားလုံး စိုးမိုးနိုင်သွားမှာ ငါ စိုးရိမ်မိတယ်... အဲဒီအချိန်ကျရင် ကောင်းကင်ယင်သားတော်က ကမ္ဘာလောကအားလုံးရဲ့ အရှင်ဘုရင် ဖြစ်သွားလိမ့်မယ်”

ယန်ကျင့်ကျင့်နှင့် ဟယ့်ရီရီ တုန်လှုပ်သွားသည်။

သူတို့နှစ်ယောက်လုံး ကောင်းကင်ယင်ကမ္ဘာထဲ၌ ချင်မူ ကြုံတွေ့ခဲ့ရသည်များကို နားထောင်ပြီးပြီဖြစ်သည့်အတွက် အနက်ရောင်ဝိညာဉ်အမှုန်များနှင့် ဆာလောင်နေသော သရဲတို့၏ ဇစ်မြစ်ကိုလည်း သိထားကြသည်။

ဝိညာဉ်များ တစစီ ကွဲကြေသွားသည့်အခါ အနက်ရောင်အမှုန်များ ဖြစ်ပေါ်လာသည်။

ဆာလောင်နေသော သရဲဆိုသည်မှာ အနက်ရောင်အမှုန်များ စုဝေးဖွဲ့တည်ထားသော မသေနိုင်သည့် မကောင်းဆိုးဝါး ဖြစ်၏။ ဆာလောင်နေသော သရဲတို့က အမြဲတစေ ဆာလောင်နေ၍ စားရန်သာ သိကြသည်။

ကမ္ဘာလောကများတွင် ကွဲကြေသွားသော ဝိညာဉ်အရေအတွက် များပြားလာပါက အနက်ရောင်အမှုန်များလည်း ပိုမိုတိုးပွားလာမည်။ ဤသို့ဖြင့် သတ်မရတော့သည့် ဆာလောင်နေသော သရဲများ ဖြစ်လာကြမည်။ ကောင်းကင်နတ်သိုင်းပညာရှင်ဖြစ်စေ၊ သာမန်လူတစ်ယောက်ဖြစ်စေ ... ဆာလောင်နေသော သရဲတို့၏ ပူးကပ်မှုကို ခုခံရန် မဖြစ်နိုင်ပေ။ ကောင်းကင်ယင်သားတော်သာ ထိုသရဲများအား ထိန်းချုပ်လိုက်လျှင် နတ်ဘုရားနှင့် မိစ္ဆာတို့ပင် သူ့အား မယှဉ်နိုင်တော့ဘဲ နေလိမ့်မည်။

ဤအတိုင်း ဆက်သွားပါက ကမ္ဘာလောကအားလုံး အမှောင်ဖုံး၍ သက်ရှိအားလုံး သေကြေပျက်စီးကြမည်။ ကမ္ဘာလောကအားလုံး တိတ်ဆိတ်သွားမည်။

“နတ်ဘုရားမအနေနဲ့ အနက်ရောင်ဝိညာဉ်အမှုန်နဲ့ ဆာလောင်နေတဲ့ သရဲပြဿနာကို ဖြေရှင်းနိုင်လား”

ယန်ကျင့်ကျင့်က ပြောသည်။ “ကောင်းကင်ယင်သားတော်က မင်တုရဲ့ မဟူရာနတ်မင်း... သိပ်အင်အားကြီးတယ်... ကောင်းကင်ယင်နတ်ဘုရားမ သူ့ကို အနိုင်ယူနိုင်ပါ့မလား မသိဘူး... သူသာ မဟူရာနတ်မင်းကို အနိုင်မယူနိုင်ရင် ဒီကိစ္စတွေ တွေးနေလည်း အလကားပဲ”

“ကောင်းကင်ယင်နတ်ဘုရားမက လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာ သေဆုံးခဲ့ပြီး အခုမှ အသက်ပြန်ရှင်လာတာ... ကောင်းကင်ယင်သားတော်ကို သူ ဘယ်ယှဉ်နိုင်ပါ့မလဲ... ဒါပေမဲ့ ကောင်းကင်ယင်သားတော် သူ့ကို သတ်ချင်ရင် ကောင်းကင်ယင်ကမ္ဘာထဲ ကိုယ်တိုင် လာဖို့ လိုလိမ့်မယ်”

ချင်မူ ပြောလိုက်သည်။ “ကောင်းကင်ယင်ကမ္ဘာထဲ သူ မဝင်နိုင်သရွေ့ ကောင်းကင်ယင်နတ်ဘုရားမ သူ့ကို တားနိုင်သေးတယ်”

ဟယ့်ရီရီက စိုးရိမ်စိတ်အပြည့်ဖြင့် ဝင်ပြော၏။ “ကောင်းကင်ယင်နတ်ဘုရားမ သူ့ပြိုင်ဘက်ကို ခုခံနိုင်ရင်တောင် ဆာလောင်နေတဲ့သရဲတွေကို မရင်ဆိုင်နိုင်လောက်ဘူး... သူ့မှာ နည်းလမ်းရှိခဲ့ရင် ကောင်းကင်ယင်ကမ္ဘာမှာ ကပ်ဆိုးကြီးလည်း ရှိမှာမဟုတ်တော့ဘူး... သူလည်း အစားမခံရတော့ဘူး”

ချင်မူ ပြောလိုက်သည်။ “ကောင်းကင်ယင်ကမ္ဘာရဲ့ ပြဿနာက သေးသေးလေးပါ... သူ သေချာပေါက် အဖြေထုတ်နိုင်ပါတယ်”

ယန်ကျင့်ကျင့်မျက်လုံးများ တောက်ပသွားပြီး စပ်စုသည်။ “နင်သာဆို ဘယ်လိုဖြေရှင်းမလဲ”

“ရိုးရိုးလေးပဲ... ဆာ‌လောင်နေတဲ့ သရဲတွေက နေကို ကြောက်တယ်လေ... မဟာမြို့ပျက်မှာ နေထွက်လာရင် ဆာလောင်နေတဲ့သရဲတွေက အမှောင်ထုနဲ့အတူ အခြားကမ္ဘာတွေ ဒါမှမဟုတ် ကောင်းကင်ယင်ကမ္ဘာဆီ ပြန်ဆုတ်သွားတယ်မဟုတ်လား... ဒီတော့ သူတို့ နေရောင်ကို မကြည့်နိုင်တာ အသိသာကြီးပဲ”

ချင်မူ ဆက်ပြောလိုက်သည်။ “ကောင်းကင်ယင်ကမ္ဘာမှာ နေတစ်လုံး ဖန်တီးနိုင်ရင် သူ ဆာလောင်နေတဲ့ သရဲတွေကို ငြိမ်အောင် ထိန်းနိုင်လိမ့်မယ်... ဒါဆို သူတို့တွေ ‌သောင်းကျန်းရဲမှာ မဟုတ်တော့ဘူး”

ယန်ကျင့်ကျင့်၏ မျက်ဝန်းလေးများ ဝိုင်းစက်သွားသည်။ “အဲဒီလောက် ရိုးရှင်းတယ်လား... နတ်ဘုရားမ သေချာပေါက် တွေးမိမှာပါ”

ချင်မူ ခေါင်းညိတ်လိုက်၏။ “နတ်ဘုရားမက ထက်မြက်ပါတယ်... နေတစ်စင်းကို မဖန်တီးနိုင်ရင်တောင် နံရံဖောက်ပြီး အလင်းခိုးလို့ရသေးတာပဲ... ကောင်းကင်နယ်စားမင်းရဲ့ ဖိနပ်ကို အပေါက်ဖောက်လိုက်ရင် ကောင်းကင်နယ်စားမင်းဆီက အလင်းရောင် ငှားလို့ရတယ်”

ယန်ကျင့်ကျင့် မရယ်မိဘဲ မနေတော့ပေ။ “ကောင်းကင်နယ်စားတော့ တော်တော်နာမှာပဲ ... ခွင့်ပြုလောက်မှာ မဟုတ်ဘူး”

“ကောင်းကင်နယ်စားမင်း ခွင့်ပြုမှာပါ... ခွင့်မပြုရင်လည်း သူ ဘာတတ်နိုင်မှာမလို့လဲ”

“ဘာလို့လဲ”

“သူမှ ကောင်းကင်ယင်ကမ္ဘာကို မရှာနိုင်တာ”

ချင်မူက ပြောသည်။ “ပြီးတော့ သူ့ဖိနပ်မှာ အပေါက်ရှိနေရင် သူ့အလင်းရောင်က ကောင်းကင်ယင်ကမ္ဘာဆီ ဝင်လာပြီး ကောင်းကင်ယင်ကမ္ဘာက ရွှမ်တုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားလိမ့်မယ်... ကောင်းကင်ရဲ့အရိပ် ရှိတော့မှာ မဟုတ်ဘူး... ဒါဆို သူ့မှာ အားနည်းချက်တစ်ခု နည်းသွားတာပေါ့ ... ဒါပေမဲ့ အဲဒီတိုင်းဆိုလည်း ကောင်းကင်ယင်ကမ္ဘာ ရှင်းလင်းခံရလောက်တယ်”

သူက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ကမ်းပါးဆီ ဆက်ကြည့်နေ၏။ “ငါပြောတဲ့ နည်းနှစ်နည်းက ပြဿနာရဲ့ အမြစ်ကို တစ်ခါတည်း မဖြတ်ပေးနိုင်ဘူး... ရောဂါကို အပျောက်ကုတာထက် ရောဂါလက္ခဏာတွေကို ကုပေးနေသလိုမျိုးပေါ့... ဆာလောင်နေတဲ့ သရဲတွေကို တစ်ခါတည်း ရှင်းပစ်ချင်ရင် သူတို့ကို ဖျက်စီးပစ်ရမယ်... ကောင်းကင်ယင်သားတော် ဖန်တီးထားတဲ့ သေခြင်းရှင်ခြင်းစာအုပ်တောင် အဲဒီလိုမလုပ်နိုင်ဘူး.. ဆာလောင်နေတဲ့ သရဲတွေနဲ့ အနက်ရောင်အမှုန်တွေက ကောင်းကင်ရဲ့အရိပ်ကနေ အစတည်တာဆိုတော့ သူတို့ကို ကိုင်တွယ်ပေးရမှာ ကောင်းကင်ယင်နတ်ဘုရားမပဲ ရှိတယ်”

မိန်းကလေးနှစ်ယောက် ခေါင်းညိတ်မိကြသည်။

နေ့တာမှာ ထူးထူးခြားခြား ရှည်လျားနေသယောင် ထင်ရသည်။ နေကြီးသည် တောင်စွယ်တွင် မေးတင်လျက် ‌တောင်အောက်သို့ မသွားချင်ဘဲ ကပ်တွယ်ထားဟန်တူ၏။ အားလုံး စိုးရိမ်ကြောင့်ကြစွာ စောင့်နေကြစဉ် နေလုံးကြီးလည်း မိုးကုပ်စက်ဝန်း၌ မဝင်ချင်၊ ဝင်ချင်ဖြင့် နှေးကွေးစွာ မြုပ်သွားတော့သည်။

ချင်မူ ကမ်းပါးဆီသို့ အလျင်အမြန် ကြည့်လိုက်သည့်အခါ အမှောင်ထု စိမ့်ထွက်လာသည်ကို မြင်လိုက်ရသည်။ အမှောင်ထုသည် လှိုင်းလုံးကြီးပမာ ရွေ့လျားလာပြီး မဟာမြို့ပျက်အား လွှမ်းခြုံသွား၏။

ချင်မ ရင်ထဲ လေးလံသွားတော့သည်။ “နတ်ဘုရားမ ရှုံးသွားပြီ....”

ထိုအချိန်တွင် သူ့ကျော၌ ဆွဲထားသော လူ့အရေခွံက ကြိုးထဲမှ ရုန်းထွက်ပြီး ဆန့်လိုက်သည်။ ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားသည် ပြန်ဖောင်းကာ ပတ်ဝန်းကျင်ကို စပ်စပ်စုစု ကြည့်နေ၏။

ယန်ကျင့်ကျင့်က ကောင်းကင်အလင်းတန်းများ ဖြန့်ကျက်ကာ အမှောင်ထုကို ကာဆီးပေးထားသည်။ ချင်မူ့မျက်နှာဘက်သို့ သူမ လှည့်ကြည့်လိုက်ရာတွင် ဝမ်းနည်းပြီး စိတ်ဓာတ်ကျသွားသည့်အလား ညှိုးငယ်နေသည်ကို မြင်လိုက်ရသည်။

ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက သူ့လည်ပင်းသူ ငုံ့ကြည့်ပြီး ထူးဆန်းသော ဆွဲကြိုးတစ်ကြိုး ဆွဲထားရမှန်း သတိထားမိလိုက်ရသည်။ သူ့ဘေးတွင် သစ်သားပြားတစ်ပြား ရှိနေပြီး သစ်သားပြားဘေးတွင်မူ မီးသွေးခဲတံတစ်ချောင်း ချထားသည်။

“ဘာဖြစ်သွားလဲ” ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက သစ်သားပြားအပေါ် စာရေး၍ ထောင်ပြကာ မေးသည်။

ချင်မူက မဖြေ၍ နတ်ဘုရားမှာ ထပ်မြှောက်ပြပြန်သည်။ “တိုက်ပွဲ ဘယ်လိုဖြစ်သွားလဲ... ဘယ်သူနိုင်သွားလဲ”

ချင်မူ သက်ပြင်းချပြီး အမှောင်ထုထဲ လမ်းလျှောက်သွားသည်။ နတ်ဘုရားလည်း ဇဝေဇဝါဖြင့် သစ်သားပြားကို မြှောက်ကာ မေးပြန်သည်။ “ငါ ဘာတွေ လွတ်သွားတာလဲ”

မည်သူမျှ ပြန်မဖြေ။

သူ ထပ်မေးရန် ပြင်နေစဉ် အမှောင်ထုထဲတွင် ချင်မူ့ခန္ဓာကိုယ် တုန်ရီသွားသည်။ သူ့မျက်လုံးများ အရောင်တောက်လာပြီး သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “အမှောင်ထုထဲမှာ ဆာလောင်နေတဲ့ သရဲတွေ သိပ်မရှိတော့ဘူး”

ယန်ကျင့်ကျင့်၊ ဟယ့်ရီရီနှင့် ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားတို့ မှင်သက်သွားသည်။ ယန်ကျင့်ကျင့် မေးရန် ပြင်လိုက်သော်လည်း ခိုင်ဧကရာဇ်ခေတ် နတ်ဘုရားက သစ်သားပြားကို မြှောက်ပြီးချေပြီ။ “ဘာပြောချင်တာလဲ”

‘ဒီလူက ‌တော်တော်စကားပြောနိုင်တာပဲ’ ယန်ကျင့်ကျင့်နှင့် ဟယ့်ရီရီ အံ့အားသင့်နေသည်။ သစ်သားပြားပေါ်တွင် မရေးဘဲ ပါးစပ်နှင့်သာ စကားပြောနေပါက မည်သူမှ သူ့အား စကားဖြတ်ပြောနိုင်မည်မဟုတ်ပေ။ .

All Chapters