ဓားမထဲက ပုံရိပ်
Vol. 52 Ch. 696
ချီကျုံရီက ပြုံးနေသော်လည်း သူ့အကြည့်သည် အလွန်အေးစက်နေ၏။ သူ့အရှိန်အဝါက တမုဟုတ်ချင်း အားကောင်းပြင်းထန်လာပြီး သူ၏တိုက်ခိုက်လိုက်စိတ်လည်း ရုန်းကြွလာသည်။
ချင်မူ့ကို တစ်ခါတည်း အနိုင်ယူနိုင်မည့် အခွင့်အရေးအား သူ ရှာနေခဲ့သည်မှာ နှစ်နှစ်၊ သုံးနှစ်ခန့် ကြာခဲ့ချေပြီ။
သူသည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသော ကလေးတစ်ယောက်၊ တောင်ကောင်းကင်ဘုံ ဇာမဏီနတ်မင်း၏ အမျိုးအနွယ်တစ်ယောက် ဖြစ်သည်။ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နှစ်ခု ပိုင်ဆိုင်ထားသည့် လူငယ်သိုင်းပညာရှင်တစ်ယောက်လည်း ဖြစ်ပြီး အိပ်မက်များ၊ ရည်မှန်းချက်များကို သယ်ဆောင်လျက် အောက်ဘုံသို့ ဆင်းလာခဲ့၏။ သို့တိုင်အောင် အောက်ဘုံသို့ ရောက်လျှင်ချင်း ချင်မူနှင့် ကျဲ့ဟွလီ၏ ရိုက်နှက်ခြင်းခံခဲ့ရလေသည်။
ထို့နောက် တစ်ယောက်-တစ်ယောက်ချင်း တိုက်ပွဲတွင်လည်း ချင်မူ့အား ရှုံးခဲ့ရသည်။
နှစ်ကြိမ်ဆက်တိုက် ရှုံးခဲ့ရခြင်းမှာ သူ့အတွက် အလွန်အရှက်ရဖွယ်ကောင်း၏။
သို့သော် ယခုတွင် ချင်မူ၏တာအိုနှလုံးသားကို ယိမ်းယိုင်သွားအောင် သူ လုပ်နိုင်ခဲ့သည်။ ဤသည်မှာ တစ်သက်မှ တစ်ခါသာ ရမည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
သူက အခွင့်ကောင်းကို စောင့်၍ အခွင့်အရေးအား ကိုယ်တိုင် ဖန်တီးခဲ့နိုင်ခဲ့သည်။
“သင်ယူတဲ့ လူတွေက အသက်ရှင်တယ်... တုပတဲ့ လူတွေကတော့ သေကြတယ်”
ချင်မူက နဂါးချီလင်ကို နောက်ဆုတ်ခိုင်းပြီး အလေးအနက် ပြောလိုက်သည်။ “သိုင်းပညာရှင်တွေ တိုက်ခိုက်ရင် နှလုံးသားကို ပထမဆုံး ဦးတည်တိုက်ခိုက်တယ်... ငါကလည်း ပြိုင်ဘက်ရဲ့ တာအိုနှလုံသားကို ကောင်းကောင်း ထိုးနှက်တတ်တဲ့လူ မဟုတ်ပေလား... မင်း၊ ကျဲ့ဟွလီ၊ ရှုရှန်းဟွာနဲ့ မှော်ဆရာသခင်တို့အားလုံး ငါ့ကို ရှုံးပြီး အသက်ရှင်နေသေးတဲ့ လူတွေပဲ... မင်းတို့အားလုံးက ပါရမီရှင်တွေဖြစ်သလို၊ မင်းတို့ တိုးတက်လာတာကိုလည်း ငါ မြင်ခဲ့ပြီးပြီ.... ဒါပေမဲ့ မင်း မှားနေတဲ့ တစ်နေရာ ရှိတယ်... ချက်ချင်း တိုက်ခိုက်မယ့်အစား ငါရဲ့နည်းလမ်းကို တုပလိုက်တဲ့အချိန်မှာ မင်း ရှုံးသွားပြီ... ဘာကြောင့်လဲဆို အဲဒီနယ်ပယ်မှာ ငါက မင်းထက် ပိုကျွမ်းလို့ပဲ”
မီးတောက်မီးလျှံများက ချီကျုံရီ၏ခန္ဓာကိုယ်ကို ဝန်းရံပြီး ရှေးဟောင်းသစ်ပင်တွင် နားနေသော ဇာမဏီမီးငှက်၏ ပုံရိပ်အား ဖွဲ့တည်လိုက်သည်။ ချီကျုံရီသည် ချင်မူ့စကားကို နားမထောင်မိအောင် ကြိုးစားရင်း သရော်တော်တော် ပြောလိုက်၏။ “မင်းရဲ့ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ငါတို့ချီမိသားစုရဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နဲ့ ဘယ်တော့မှ ယှဉ်နိုင်မှာမဟုတ်ဘူး... ငါ့ရဲ့ ကောင်းကင်နတ်သိုင်းတစ်ခုက မင်းရဲ့ သိုင်းကွက်သုံးကွက်ကို တိုက်ခိုက်နိုင်တယ်”
သူ၏ကောင်းကင်နတ်သိုင်း ထွက်ပေါ်လာသော အမြန်နှုန်းက ယခင်ထက် များစွာမြန်လာသည်။ ချင်မူ့အား ရှုံးနိမ့်ပြီးနောက် ချီကျုံရီက အရှုံးထဲမှ သင်ခန်းစာယူကာ ကျင့်ကြံရာတွင် အာရုံစိုက်ခဲ့၏။ ထို့ကြောင့် အံ့အားသင့်ဖွယ် တိုးတက်လာခဲ့ခြင်းဖြစ်သည်။
ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်သည် လျှို့ဝှက်နက်နဲ၏။ ကျင့်စဉ်၏ အဆင့်တစ်ဆင့်ချင်းစီကို သဘောပေါက်နားလည်ရန် သိုင်းပညာရှင်တစ်ယောက်အနေဖြင့် အဆက်မပြတ် ကျင့်ကြံအားထုတ်၍ အခွင့်အရေးရတိုင်း၊ အချိန်အခါသင့်တိုင်း တွေးခေါ်ဆင်ခြင်ရသည်။
ဧကရာဇ်အတိုင်ပင်ခံကဲ့သို့ နှစ်ငါးရာမှ တစ်ခါပေါ်သော ပါရမီရှင်တစ်ယောက်အတွက်ပင် ကိုယ်ပိုင်ဓားလမ်းစဉ်ကို တွေးခေါ်ဖန်တီးနိုင်ရန် ဆယ်နှစ်မှ နှစ်တစ်ရာအထိ အချိန်ပေးခဲ့ရသည်။ ထို့အပြင် လမ်းစဉ်အဆင့် တက်ရန် ဓားနတ်ဘုရားဟောင်း ရွာလူကြီး၏ လမ်းပြပေးမှုကိုလည်း လိုအပ်ခဲ့၏။
ဒုက္ခိတဘိုးဘွားကျေးရွာတွင် သားသတ်သမား၊ မျက်ကန်းနှင့် နားကန်းတို့အားလုံး သက်ဆိုင်ရာနယ်ပယ်၌ လမ်းစဉ်အဆင့်သို့ တက်ရောက်ထားကြသည်။ လွယ်လွယ်နှင့် တက်ရောက်သွားခြင်းမဟုတ်။ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ကြရသည့်အပြင် မရေမတွက်နိုင်သော အတားအဆီးများ၊ ဆင်းရဲဒုက္ခများနှင့် စိန်ခေါ်မှုများအား ရင်ဆိုင်ခဲ့ရ၏။ တစ်သက်လုံး အားထုတ်ခဲ့ပြီးမှသာ လမ်းစဉ်အဆင့်သို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။
ချင်မူ့လို ‘လောကသခင်ခန္ဓာ’လည်း ဓားပညာ၌ လမ်းစဉ်အဆင့်သို့ မတက်လှမ်းခင် မှန်းဆမကြည့်နိုင်သော အခက်အခဲများ၊ တွန်းအားများ ရင်ဆိုင်ခဲ့ရသည်။
သူ့ကို တွန်းအားပေးရန် ပထမလူသားဧကရာဇ်သည် လူသားဧကရာဇ်ဟောင်းတို့၏ အရိုးစုများကို ခြေမွပြီး လူသားဧကရာဇ်ဟောင်းများ ကြိုးစားဖန်တီးခဲ့သော ကောင်းကင်နတ်သိုင်းများကိုလည်း ဖျက်စီးပစ်ခဲ့၏။ ချင်မူ့ကို ရက်ရက်စက်စက် ရိုက်နှက်ကာ ရုပ်ခန္ဓာ၊ ဝိညာဉ်၊ တာအိုနှလုံးသားနှင့် သိုင်းကွက်များအား အနိုင်ယူခဲ့သည်။ သူက ချင်မူ့ကို ရွှံ့ထဲ၌ ဒူးထောက်စေပြီး ဒုတိယဘိုးဘေးကြီး၏ အလောင်း ဖျက်စီးခံနေရသည်ကို ကြည့်ခိုင်းခဲ့သည်။
ထိုတိုက်ပွဲက ချင်မူ့ကို ပြိုလဲသွားသည့်တိုင်အောင် ရိုက်ချခဲ့သည်။ ထိုမှတစ်ဆင့် ချင်မူသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ နေရာရွှေ့ပြောင်းပြီး စစ်ပွဲကြီး၌ ဝင်ရောက်ဆင်နွှဲကာ လီမြို့တွင် လမ်းစဉ်အဆင့် တက်လှမ်းနိုင်ခဲ့၏။ နောက်ကွယ်၌ ပေးဆပ်ခဲ့ရသော သူ၏သွေး၊ ချွေး၊ မျက်ရည်တို့ကို အခြားသူများ သိနိုင်မည်မဟုတ်ပေ။
ချီကျုံရီကမူ ကောင်းကင်နတ်ဘုံတွင် နေထိုင်၍ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်ကို အခန့်သားကျင့်ကြံခဲ့ရသည်သာမက တောင်ကောင်းကင်ဇာမဏီနတ်မင်း၏ လမ်းပြသင်ကြားမှုလည်း ရရှိခဲ့သည်။ ထို့နောက် မင်တုမဟူရာနတ်မင်းလက်အောက်၌ ပညာသင်ကြားကာ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နှစ်ခုအထိ ကျင့်ကြံခွင့်ရခဲ့သည်။
ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များသည် ကျယ်ပြောပြီး နက်နဲသည့်အလျောက် သိုင်းပညာရှင်တစ်ယောက်ကို လမ်းစဉ်အဆင့်၏ ထိပ်ဆုံးသို့ တွန်းပို့ပေးနိုင်သည်။ သူ့အနေဖြင့် ဧကရာဇ်အတိုင်ပင်ခံ၊ သားသတ်သမားနှင့် မျက်ကန်းတို့ ကြုံတွေ့ခဲ့ရသော အခက်အခဲများအား ကျော်ဖြတ်စရာမလို။ စိန်ခေါ်မှုများကိုလည်း သူတို့လို မရင်ဆိုင်ရပေ။
ချီကျုံရီ၏ဘဝက အဆင်ပြေလွယ်ကူခဲ့သော်လည်း ထိုသို့လွယ်ကူခဲ့၍ အားနည်းချက်များ ရှိနေခဲ့သည်။
ချီကျုံရီသည် အဆင့်တူတွင် သူ့ကို အနိုင်ယူနိုင်သူ မရှိဟု ခံစားခဲ့ရပြီး ထိပ်တန်းဆယ်ယောက် ဝင်သည်ဟုလည်း ထင်မြင်ခဲ့သည်။ ယင်းက အောက်ဘုံ၏ ဖုန်တောထဲ၌ လူးလိမ့်နေသော တောသား ချင်မူနှင့် မတွေ့ခင်အထိပင်။
ချင်မူ့လက်၌ နှစ်ကြိမ် ရှုံးခဲ့ရပြီးနောက် အားနည်းချက်များကို သူ သဘောပေါက်ခဲ့သည်။
ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ဆီမှ အတွေးအခေါ်သည် သူ၏ကိုယ်ပိုင်အတွေးအခေါ် မဟုတ်ပေ။
ထိုနေ့မှစပြီး သူ ကိုယ်ပိုင်အတွေးအခေါ်တို့ဖြင့် သူ၏လမ်းစဉ်ကို လျှောက်ခဲ့သည်။ ထို့ကြောင့် များစွာ တိုးတက်လာခဲ့ခြင်းဖြစ်၏။
သူ့အနောက်ရှိ ရှေးဟောင်းသစ်ပင်အပေါ်တွင် ခေါင်းကိုးလုံး မီးငှက်သည် တောင်ပံခတ်လျက် ရှေးဟောင်းသစ်ပင်အား လှည့်ပတ်နေ၏။ ငှက်သိုက်ထဲရှိ ငှက်ဥတစ်လုံးက ပွင့်လာပြီး ခေါင်းကိုးလုံးမီးငှက်ပေါက်စလေးသည် တောင်ပံသေးသေးလေးများကို ခတ်လျက် မိုးရေနှင့် မီးလျှံများကို သောက်သုံးစုပ်ယူကာ လျင်မြန်စွာ ကြီးထွားလာသည်။ ထို့နောက် တောင်ပံခတ်ကာ အပေါ် ပျံတက်လာ၏။
ချင်မူ မျက်ခုံးပင့်တက်သွားသည်။ တခဏအတွင်း ငှက်သိုက်ထဲမှ ခေါင်းကိုးလုံးမီးငှက် ဆယ့်ခြောက်ကောင် ထွက်လာခဲ့ချေပြီ။ ဇာမဏီမီးငှက်များက တောက်ပခံ့ညားသော ငှက်အမွှေးအတောင်များပင် လှည့်ပတ်ပျံဝဲနေကြသည်။ ခေါင်းကိုးလုံးမီးငှက်များ အော်လိုက်သည့်အခါ ရှင်းလင်းပြတ်သားသော တာအိုသံများက သူတို့၏နှုတ်သီးမှ ထွက်လာကြ၏။
ချင်မူက နေရာတွင် ရပ်နေပြီး ဆယ်မိုင်ကျော် ဧရိယာအထဲ၌ ခေါင်းကိုးလုံးမီးငှက်ကြီးများသည် တစ်ကောင်ကိုတစ်ကောင် ဖြတ်ကျော်လျက် ပျံသန်းရင်း ဝင်္ကပါတစ်ခုအား တည်ဆောက်နေကြ၏။
ဝင်္ကပါထဲ၌ ချီကျုံရီက ရှေးဟောင်းသစ်ပင်ကြီးကို ကျောပေးကာ သူနှင့်မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။ သစ်ပင်ကြီးသည် အလျှံတညီးညီး မီးတောက်လောင်နေ၏။ သစ်ပင်ထက်ရှိ ပန်းပွင့်များမှာ ရွှေရောင်တောက်တောက် နှဲများအလား အသံမြည်နေပြီး သစ်ကိုင်းများအကြားရှိ မီးတိမ်တိုက်များမှလည်း သာယာနာပျော်ဖွယ် သံစဉ်တစ်ခု ထွက်လာနေသည်။
သစ်ပင်အောက်၌ ရပ်နေသော လူငယ်လေးတွင် မည်သူမှ မကပ်နိုင်သည့် အရှိန်အဝါမျိုး ရှိနေသည်။
ချင်မူ နောင်တနည်းနည်း ရသွားသည်။ ချီကျုံရီ ကောင်းကင်နတ်သိုင်းအား ထုတ်လွှတ်နိုင်အောင် အချိန်မပေးလိုက်သင့်ပေ။ ချီကျုံရီသည် သူတို့တိုက်ခိုက်ခဲ့သော နောက်ဆုံးတစ်ခေါက်ထက် များစွာသန်မာအားကောင်းလာခဲ့၏။ အခွင့်အရေးပေးလိုက်မိ၍ သူကား အသာစီးရသွားချေပြီ။
ချီကျုံရီ၏ မဟာကောင်းကင်နတ်သိုင်း၊ ‘ရှေးဟောင်းသစ်ပင်ထက်တွင် နားသော မီးငှက်’သည် အားနည်းချက်များ ဖာထေးပြီး နောက်အဆင့်တစ်ဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ထင်ရှား၏။
ရုတ်တရက် ခေါင်းကိုးလုံးမီးငှက်များက စူးရှကျယ်လောင်စွာ အော်မြည်ကာ ချင်မူ့ဆီ ပြေးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် ချီကျုံရီက သစ်ပင်အောက်မှ ဖြည်းဖြည်းချင်း ရွေ့လျားလာသော်လည်း သူ့အကြည့်က ချင်မူ့ဆီမှ မခွာပေ။
ချင်မူက နေရာတွင်သာ ရပ်ပြီး တုတ်တုတ်မလှုပ်ပေ။ သူက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်း၍ အရပ်လေးမျက်နှာမှာ ပြေးဝင်လာနေသော ခေါင်းကိုးလုံးမီးငှက်များအား ခုခံလိုက်သည်။ သူ ထုတ်ဖော်လိုက်သည့် သိုင်းကွက်က ပထမလူသားဧကရာဇ်၏ ကောင်းကင်နှင့်မြေပြင်မုဒြာ သိုင်းကွက်ဖြစ်ပြီး တိုက်ခိုက်နေသည့် ခေါင်းကိုးလုံးမီးငှက် ဆယ့်ခြောက်ကောင်အား ဟန့်တားနိုင်လိုက်၏။ သူ မည်သို့မျှ မဖြစ်သွားပေ။
ပထမလူသားဧကရာဇ်၏ မုဒြာသိုင်းကွက်သည် ကောင်းကင်နှင့်မြေပြင်အကြား၌ ရပ်နေသော သူ့ကို ကောင်းကင်နှင့်မြေပြင်၏ နှလုံးသားအဖြစ် သတ်မှတ်လိုက်၏။ ဤသိုင်းကွက်က လက်ရှိအခြေအနေကို ရင်ဆိုင်ရန် အကောင်းဆုံးသိုင်းကွက် ဖြစ်ချေသည်။
ချိကျုံရီ၏ ခြေလှမ်းများက ရွေ့လျားလာပြီး သူ့နောက်၌ ဖုန်များ တထောင်းထောင်း ထနေသည်။ ခေါင်းကိုးလုံးမီးငှက်တစ်ကောင်က ဖုန်မြူထဲမှ တိုးထွက်လာကာ ချင်မူ့ကို စိုက်ကြည့်ရင်း ဟာကွက်ရှာနေသည်။
ချီကျုံရီ၏ မုဒြာလက်ဟန်များက အဆက်မပြတ် ပြောင်းလဲနေသည့်အပြင် ရှေးဟောင်းသစ်ပင်မှ ဖွဲ့တည်ထားသော ကောင်းကင်နတ်သိုင်းလည်း ပြောင်းလဲနေ၏။ သူက ချင်မူ၏သိုင်းကွက်များနှင့် လှုပ်ရှားမှုများရှိ ဟာကွက်တို့အား တွက်ချက်နေခြင်းဖြစ်သည်။
ရုတ်တရက် ချီကျုံရီ၏မျက်လုံးများ အရောင်တောက်သွားကာ ညာလက်ဖြင့် စက်ဝိုင်းတစ်ခု ဆွဲလိုက်သည်။ သူ၏ဘယ်လက်မုဒြာက စက်ဝိုင်းကို ထိုးဖောက်၍ ချင်မူ့ဆီသို့ ရိုက်ချလိုက်သည်။
ထိုအခိုက်အတန့်တွင် ခေါင်းကိုးလုံး မီးငှက် ဆယ့်ခြောက်ကောင်က ချင်မူ့ကို လွှမ်းခြုံသွားသည်။
ခေါင်းကိုးလုံး မီးငှက် ဆယ့်ခြောက်ကောင်၏ တိုက်ကွက်များက မည်မျှပြင်းထန်အားကောင်းလိုက်မည်နည်း။
တခဏအတွင်း မီးငှက်တို့၏ အမွှေးအတောင်များက ဓား၊ ငှက်ခြေသည်းက ချိတ်ကောက်၊ ငှက်နှုတ်သီးက လှံအသီးသီး ဖြစ်သွားကြပြီး ချင်မူ့ဆီ တစ်ပြိုင်တည်း ဝင်လာကြသည်။ ထို့အပြင် ပူပြင်းလှသည့် ဇာမဏီမီးလျှံများကလည်း အရာရာတိုင်းကို စွဲလောင်နေသည်။ ချင်မူမှာ မီးပင်လယ်၏အလယ်၊ ပေါက်ကွဲမှုကြီး၏အလယ်တွင် ရပ်နေသကဲ့သို့ ဖြစ်နေ၏။
ကြောက်မက်ဖွယ်ရာ လေလှိုင်းများ အဘက်ဘက်သို့ တိုက်ခတ်သွားသည်။ လေလှိုင်းများ ဖြတ်သွားသည့်အခါ ကျောက်တုံးကျောက်ခဲ ကောင်းကင်ပေါ် မြောက်တက်သွားပြီး အရင်ဆုံး ပြိုကွဲသွားကြ၏။ ထို့နောက် အရည်ပျော်ကာ အငွေ့ပျံကုန်ကြသည်။ မီးတောက်များက အလွန်စူးရှတောက်ပသော စက်ဝိုင်းသဏ္ဍာန် ကွင်းကြီးသဖွယ် ဖြစ်လာသည်။ မီးကွင်းကြီးသည် လမ်းတွင် ရှိသမျှ အရာရာတိုင်းကို တိုက်ချကာ မိုင်ငါးဆယ်ထိ ပြန့်ကားလာပြီးနောက်မှ အရှိန်သေသွား၏။
ပေါက်ကွဲမှုအတွင်း၌ ဓားရောင်များ တဖျတ်ဖျတ် လက်သွားပြီး မီးငှက်တို့၏ ဦးနှောက် ထိုးဖောက်ကာ လည်တိုင်ကို ပိုင်းဖြတ်ကြသည်။ တောင်ပံများကို ခုတ်၍ အမွှေးတောင်များအား လှီးထွင်ရင်း ငှက်သီးတို့အား ဖြတ်တောက်ပစ်လိုက်ကြသည်။
“နောင်တော်ချင်၊ မင်းရဲ့ ကောင်းကင်နတ်သိုင်းက ငါ့ကို မယှဉ်နိုင်တော့ဘူး”
ချီကျုံရီက ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ့လက်ဝါးသည် ပေါက်ကွဲမှု၏အလယ်ကို ထိုးဖောက်၍ ချင်မူ့ကျောနောက်တည့်တည့်သို့ ဦးတည်လာသည်။
ချင်မူက နောက်လှည့်ကာ လက်ဝါးရိုက်ချက် ပို့လွှတ်လိုက်၏။ လက်ဝါးနှစ်ခုကား မထိသေး၊ ကိုက်တစ်ရာ ကွာဝေးနေသေးသော်လည်း လက်ဝါးနှစ်ခုလုံး၏ စွမ်းအားများ ထွက်ပေါ်လာသည်။
ချီကျုံရီ၏ လက်ဝါးသည် ဇာမဏီမီးငှက်၏ အမွှေးအတောင်များဖြင့် ဖွဲ့တည်ထားသော မီးငှက်တောင်တံတားနှင့် တူ၏။ ဓားငှက်တောင်တို့ ထိုးစိုက်လိုက်သော အလျင်မှာ မြန်လွန်း၍ ရလဒ်အနေဖြင့် တံတားပျံတစ်စင်းပမာ ပုံရိပ်ဖြစ်ပေါ်လာခြင်းပင်။
ချင်မူ၏လက်ဝါးကမူ သလင်းကျောက်များ တန်းစီထားသကဲ့သို့ ဖြစ်နေသည်။ သူ့လက်ဝါး ချီကျုံရီ၏ လက်ဝါးနှင့် ရိုက်မိသွားသောအခါ သလင်းကျောက်များသည် ကြီးထွားပြီး ပြန့်ကားလာ၏။ သလင်းကျောက်တို့၏ ပုံသဏ္ဍာန်များက အမျိုးမျိုးပြောင်းလဲသွားကာ အတွင်းထဲရှိ မီးလျှံများ ဝုန်းခနဲ ထွက်လာတော့သည်။
ယင်းက ကောင်းကင်မီးလျှံ၏ မဟာတာအိုမှ ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်သည်။ ကောင်းကင်မီးလျှံသည် ဇာမဏီမီးငှက်မီးလျှံထက် များစွာကြောက်စရာကောင်း၏။
ချီကျုံ၏ ဓားငှက်တောင်အတွင်း၌ ငုပ်လျှိုးနေသော ကြောက်မက်ဖွယ်ရာ စွမ်းအားမှာ မီးလောင်သွားပြီး ချီကျုံရီဆီ ပြန်ကန်ထွက်လာသည်။
ချီကျုံရီ၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူ့အနောက်ရှိ ရှေးဟောင်းသစ်ပင်က အရှေ့ရောက်လာသည်။ သူက ရှေးဟောင်းသစ်ပင်ကို လက်နှစ်ဖက်ဖြင့် ဖက်၍ မာန်သွင်းဟိန်းဟောက်ရင်း ကောင်းကင်မီးလျှံ၏ ကောင်းကင်နတ်သိုင်းအား ရိုက်ချလိုက်၏။
အုန်း
လူနှစ်ယောက်၏ လက်ဝါးအားလှိုင်းသည် ရှေးဟောင်းသစ်ပင်ကြီးနှင့် ဝင်တိုက်သွားပြီး စွမ်းအားက ချောက်ချားဖွယ်မကောင်းသော်လည်း နေရာကျဉ်းကျဉ်း၌ ပေါက်ကွဲသွားသဖြင့် အားလှိုင်းက ပြင်းထန်လာ၏။
သူတို့ခြေထောက်အောက်ရှိ ကျောက်ခဲများ အရည်ပျော်ကျသွားပြီး ကောင်းကင်နတ်သိုင်းအားလှိုင်းက သူတို့ကို အပေါ်မှ ဖိချလိုက်သည်။
နဂါးချီလင်မှာ ဓားစက်လုံးကြီးကို ထမ်းလျက် အဝေးမှ လှမ်းကြည့်နေသည်။ သူ သူ့ဘာသာသူ တွေးနေသည်။ ‘ဂိုဏ်းသခင်မှာ ဝိညာဉ်လက်နက်မရှိဘူး... သူ အရေးနိမ့်နေလောက်တယ်... ဒီဓားစက်လုံးက အရမ်းလေးတာပဲ... ချထားရင် ကောင်းမလား’
သူ တွေးနေစဉ် ကမ္ဘာမြေတုန်ဟည်းသွားသော ပေါက်ကွဲသံကြီး ဟိန်းထွက်လာကာ မြေပြင်သည် ပြင်းပြင်းထန်ထန် လှုပ်ခတ်တုန်ခါသွား၏။ ထို့နောက် ချင်မူနှင့် ချီကျုံရီ ပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက်ဆီမှ အားလှိုင်းများ လွင့်ပျယ်သွားသည့်အခါ တွင်းကြီးတစ်တွင်းအား နဂါးချီလင် မြင်လိုက်ရသည်။ တွင်းကြီးသည် ကိုက်သုံးရာခန့်ကျယ်ပြီး အောက်ခြေကို မမြင်ရလောက်အောင် နက်ရှိုင်းလွန်း၏။
နဂါးချီလင် ကပျာကယာ ပြေးသွားပြီး တွင်းထဲ ငုံ့ကြည့်လိုက်သည်။
တွင်းကြီးသည် ချင်မူနှင့် ချီကျုံရီ၏ ကောင်းကင်နတ်သိုင်းများကြောင့် ပေါက်ထွက်သွားသည်နှင့် မတူပေ။ မြေအောက်ထဲ ပြိုကျသွားသကဲ့သို့ အလယ်မှာ ဟင်းလင်းဖြစ်နေသည်။
‘ဒါက နတ်သက်ကြွေတောင်တန်းရဲ့ မြေအောက်နေရာ ထင်တယ်... သံကြိုးတွေလည်း ရှိသေးတယ်... ဓားမရှည်ကြီးတစ်လက်လည်း ချိတ်ပိတ်ခံထားရတယ်...’
နဂါးချီလင် စဉ်းစားပြီးနောက် မဝင်ချင်ဝင်ချင်ဖြင့် မြေအောက်ထဲ ဆင်းသွားသည်။ အထက်ကောင်းကင်ဘုံနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက နတ်သက်ကြွေတောင်တန်း၏ အောက်ခြေတွင် မယုံနိုင်စရာမြင်ကွင်းများကို ချင်မူတို့ ရှာတွေ့ခဲ့ဖူးသည်။
နတ်သက်ကြွေတောင်တန်း၏ မြေအောက်နေရာမှာ အန္တရာယ်မများပေ။ တောင်မှ မြောက်သို့ ဆန့်တန်းနေသော ဓားမရှည်တစ်လက် ရှိသော်လည်း နန်းဆောင်များ၊ သံကြိုးများက ဓားမရှည်အား ထိန်းချုပ်ပေးထားသည်။
ပို၍ပင် ထူးဆန်းသည်မှာ ကျောက်ရုပ်တုတစ်ရုပ်သည် ဤနေရာမှ ထွက်လာခဲ့ပြီး ဓားမကြီးကို ခေါင်းဖြင့် တည့်တည့်ဝင်တိုးခဲ့သေး၏။ ထို့အပြင် ဧကရာဇ်အတိုင်ပင်ခံ ငလျင်ဒယ်အိုး သုံးလိုက်၍ နေရာဟင်းလင်းပြင် ကွဲကြေသွားသောကြောင့် မိစ္ဆာနတ်ဆိုးကမ္ဘာတစ်ခုနှင့် ဆက်သွယ်နေသော ပုံရိပ်လည်း ပေါ်လာခဲ့သည်။
ဓားမနှင့်ပတ်သက်၍ အထူးဆန်းဆုံးမှာတော့ ဓားမသည် မဟာမြို့ပျက်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအကြား နယ်နိမိတ်မျဉ်းအပေါ် တည့်တည့်တွင် ရှိနေခြင်းဖြစ်၏။
‘ဂိုဏ်းသခင် တစ်ခုခုဖြစ်ရင် ငါ အစာငတ်လိမ့်မယ်... အထဲ မဝင်လို့မဖြစ်ဘူး”
နဂါးချီလင် ခုန်ချလိုက်သည်နှင့် ချီလင်မီးလျှံတိမ်တိုက်များ သူ့ခြေထောက်အောက်၌ ဖွဲ့တည်လာကာ သူ့ကို ပင့်တင်ပေးလိုက်သည်။ သူက မြေအောက်နေရာထဲသို့ ပျံသန်းဝင်ရောက်သွားလေသည်။
မြေအောက်နေရာတွင် အလွန်တရာ ကြီးမားတုတ်ခိုင်လှသော သံကြိုးကြီးများသည် ဓားမရှည်ကြီးအား ချည်နှောင်ထား၏။ ဓားမ၏အသွားကမူ နတ်ဘုရားတစ်ပါး၏ ဦးခေါင်းထဲ နစ်ဝင်နေသည်။
မလှမ်းကမ်းတွင် နန်းဆောင်တစ်ခုလည်း ဓားသွားအောက်၌ လွင့်မျောနေသည်။
နဂါးချီလင် ဟိုကြည့်သည်ကြည့် ကြည့်ပြီးနောက် ချင်မူနှင့် ချီကျုံရီအား ရှာတွေ့သွားသည်။ သူတို့နှစ်ယောက်က ဓားမျက်နှာပြင်ထက်တွင် ရပ်ကာ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေသည်။
ဓားမမျက်နှာပြင်က မှန်သားသဖွယ် တောက်ပြောက်နေပြီး အစင်းရာတစ်ချက်ပင် မရှိပေ။ ဓားသွားအထက်၌ ရောင်ပြန်ဟပ်နေသော ပုံရိပ်များမှာ အတိုင်းထက်အလွန် ကြည်လင်နေသည်။ ချင်မူနှစ်ယောက်၊ ချီကျုံရီနှစ်ယောက် တိုက်ခိုက်နေသည့်နှယ် ထင်ရ၏။
မျက်နှာပြင်မှာ အလွန်ချောမွတ်လွန်း၍ နှစ်ယောက်လုံးသည် ရေပြင်ထဲက ပုံရိပ်များသဖွယ် ဖြစ်နေသည်။ တိုက်ပွဲက ပြင်းထန်သော်လည်း ဓားမျက်နှာပြင်ထက်၌ အတွန့်လေးပင် ထမသွားပေ။
ချီကျုံရီက ခေါင်းကိုးလုံး ဇာမဏီမီးငှက်အသွင် ပြောင်းထားသည်။ သူ့တွင် လူခန္ဓာ၊ မီးငှက်ခေါင်းကိုးလုံး ရှိနေစဉ် ချင်မူကတော့ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိ၏။ တစ်ယောက်နှင့်တစ်ယောက် အားသာချက် မတူညီကြပေ။
လက်ရှိအချိန်တွင် သူတို့နှစ်ယောက်သည် အနီးကပ်တိုက်ခိုက်ပြီး လုံးထွေးသတ်ပုတ်နေကြသဖြင့် သွေးသံရဲရဲဖြစ်နေကြသည်။ ဤတိုက်ပွဲက စောစောက ကောင်းကင်နတ်သိုင်းဝင်တိုက်မှုမျိုးနှင့် မတူပေ။
ရုတ်တရက် နဂါးချီလင် ထူးဆန်းသောအရာတစ်ခုကို သတိထားမိလိုက်သည်။ ဓားမသည် သူတို့၏ပုံရိပ်များကို ထင်ဟပ်မပြတော့ဘဲ ခေါင်းကိုးလုံး မီးငှက်တစ်ကောင်နှင့် ချင်မူ၏ မူလဝိညာဉ်ကို ပြသနေ၏။
ချင်မူနှင့် ချီကျုံရီ၏ မူလဝိညာဉ်များမှာ မသိလိုက်မသိဖာသာဖြင့် ကောင်းကင်ဓားမထဲ၌ ပိတ်မိသွားပြီး ဓားမအတွင်းတွင် တိုက်ခိုက်နေကြလေသည်။
‘ဒီနေရာက အင်မတန် ထူးဆန်းတာပဲ...’
နဂါးချီလင် အလျင်အမြန် ပြေး၍ ချင်မူ့ကို ကယ်တင်ရန် ပြင်လိုက်သည်။ ရုတ်တရက် သူ ခေါင်းငုံ့ကြည့်ပြီး ဓားမျက်နှာပြင်ကို မြင်သည့်အခါ မှင်သက်သွား၏။ ကြည်လင်နေသော မျက်နှာပြင်ထဲတွင် အလွန်သန်မာအားကောင်းသော နဂါးချီလင်နောက်တစ်ကောင် ရှိနေသည်။
နဂါးချီလင် ကြက်သီးတဖြန်းဖြန်း ထသွားသည်။
‘ငါ့မူလဝိညာဉ်လည်း မှန်ထဲ ဆွဲသွင်းခံလိုက်ရပြီ’
နဂါးချီလင်မှာ ခြေလေးချောင်းကို ဖိနင်းကြည့်သည်။ မှန်မျက်နှာပြင်အပေါ် နင်းလိုက်သလို ခံစားရသော်လည်း မည်သည်ကိုမှ မနင်းမိသလိုလည်း ခံစားရသည်။ သူ ကြောက်လန့်သွား၏။
“သရဲခြောက်....”
သူ စကားပြော၍ မဆုံးသေးခင် ချီကျုံရီနှစ်ယောက်လုံး သွေးအန်ပြီး သုံး၊ လေး၊ ငါးပတ် လိမ့်သွားကာ နဂါးချီလင်၏ ခြေထောက်အနားသို့ ကျလာသည်။ တစ်ယောက်က နဂါးချီလင်၏ ကိုယ်အစစ်အရှေ့သို့ ကျပြီး နောက်တစ်ယောက်က နဂါးချီလင်၏ မူလဝိညာဉ်အရှေ့ ကျလာသည်။
နဂါးချီလင် မော့ကြည့်လိုက်သည့်အခါ ချင်မူနှစ်ယောက် လမ်းလျှောက်လာနေသည်ကို မြင်ရသည်။ သူက လဲကျပြီး မထနိုင်တော့သော ချီကျုံရီအရှေ့၌ ရပ်လိုက်၏။
၎
င
၎
၎