← Chapters

ကံကြမ္မာပြောင်းလဲမှု

Vol. 9 Ch. 114

ကံကြမ္မာပြောင်းလဲမှု

Vol. 9 Ch. 114

တစ်နာရီခန့် ကြာမြင့်ပြီးနောက်၌...

မင်းသားကျန်းနှင့် ယီအာတို့သည် တော်ဝင် နန်းတော်အတွင်းရှိ ခမ်းနား‌သော အခန်းများစွာထဲမှ တစ်ခုသို့ ရောက်ရှိလာသည်။ မင်းသားကျန်း တံခါးဆီသို့ လျှောက်သွားကာ တံခါးခေါက်လိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်၌ တံခါးမှာ ပွင့်ဟလာသည်။ တံခါးထက်ရှိ ယန္တရားမှာ အဝေးမှ ဖွင့်နိုင်အောင် ပြုလုပ်ထားကြောင်း မင်းသားကျန်း သိပေသည်။ ထို့ကြောင့် ချက်ချင်းပင် သူ အထဲသို့ ဝင်ရောက်လိုက်၏။ ယီအာမှာ တိတ်ဆိတ်စွာပင် နောက်မှ လိုက်လာသည်။

အထဲ၌ ပုံရိပ်နှစ်ခု တည်ရှိနေ၏။ သူတို့သည် စစ်တုရင် စကားနေကြကာ သူတို့၏ အမူအရာများမှာ သေရေးရှင်ရေး တိုက်ပွဲကြီးကို ဖြတ်ကျော်နေရသလို လေးနက်နေသည်။ သူတို့ နှစ်ယောက်စလုံးမှာ ထိပ်တန်း အလှပဂေးများ ဖြစ်ပြီး တစ်ယောက်မှာ ဆံပင်အနက်ရောင်နှင့် အခြား တစ်ယောက်မှာ ဆံပင်ရွှေရောင် ဖြစ်ပေသည်။

အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိပါက အံ့အားသင့်သလို ဒေါသလည်း ထွက်သွားလိမ့်မည် ဖြစ်သည်။ ထိုနှစ်ယောက်မှာ သူ့ထံမှ အင်ဖာနို နှလုံးသားကို လိမ်ညာ ယူဆောင်သွားသည့် အရှင်မလင်းနှင့် ကံကြမ္မာ ဟောပြောသူတို့ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

အရှင်မလင်း၏ နာမည် အပြည့်အစုံမှာ လင်းကျိရန် ဖြစ်ပြီး ကံကြမ္မာ ဟောပြောသူကိုမူ မင်ရှုဖုန်းဟု ခေါ်သည်။

“အရှင်မလင်း... နတ်ဘုရားမင်...”

မင်းသားကျန်းက လေးလေးစားစား အမူအရာနှင့် နှုတ်ဆက်လိုက်၏။ လင်းကျိရန် တစ်ယောက် မကြာခင် သူ့ဇနီး ဖြစ်လာတော့မည် ဖြစ်ကြောင်း တွေးလိုက်မိသော အခိုက်၌ သူ၏ နှလုံးသားက တဒိန်းဒိန်း ခုန်ပေါက်လာသည်။ သူ၏ တည်ငြိမ်မှုများက စတင် ပျက်ပြားလာကာ အာခေါင်မှာ ခြောက်သွေ့လာ၏။

“ဟမ်...”

မော့ကြည့်ရင်း မင်ရှုဖုန်း၏ မျက်လုံးများမှာ ထိတ်လန့်မှုများနှင့် ပြည့်နှက်လာသည်။ သူမက မယုံကြည်နိုင်စွာ မေးလိုက်၏။

“ရှင် ဘယ်လိုလုပ် ဒီကို ပြန်ရောက်လာတာလဲ... ရှင်က...”

မင်းသားကျန်းမှာ ထိုတုန့်ပြန်မှုကြောင့် အံ့အားသင့်သွားသလို သံသယဖြစ်သွားမိ၏။ မင်ရှုဖုန်း ထိုကဲ့သို့ တုန့်ပြန်လိမ့်မည် ဟု သူ ထင်မှတ် မထားခဲ့ချေ။ ထိုမိန်းကလေးမှာ အမြဲတမ်း ယုံကြည်မှု ရှိရှိ ပြုံးနေတတ်သည့် တည်ငြိမ်မှု ရှိသူ တစ်ဦး ဖြစ်သည်။

လင်းကျိရန်ကို လှမ်းကြည့်လိုက်သော အခိုက်၌ မင်းသားကျန်းမှာ ပို၍ပင် သံသယ ဝင်လာခဲ့၏။ ထိုအမျိုးသမီး အမြဲတမ်း ဆင်မြန်းထားတတ်သည့် အေးစက်စက် အမူအရာသည် လောကနိယာမ အပြောင်းအလဲများကို မြင်တွေ့ရ သကဲ့သို့ မယုံကြည်နိုင်ခြင်းတို့ဖြင့် အစားထိုးနေ၏။

ထိုအကြည့်များက သူသေသင့်ခဲ့သည် ဆိုသော အကြည့်များပင်...။

“ဘာဖြစ်လို့လဲ...”

သူက စိုးရိမ်တကြီးနှင့် မေးလိုက်၏။ မင်းသားကျန်းနှင့် တော်ဝင် နန်းတော်အတွင်းရှိ လူများမှာ မင်ရှုဖုန်း၏ ကံကြမ္မာ ဟောပြောနိုင်သော စွမ်းရည်များ အကြောင်း သိရှိထားခြင်း မရှိချေ။

မင်ရှုဖုန်းမှာ ဘာမျှ ပြန်မပြောချေ။ ထို့အစား သူမ၏ မျက်လုံးများက တော်ဝင် အငွေ့အသက်၊ ရွှေရောင် အလင်းများဖြင့် စတင် လင်းလက်လာ၏။ သူမက မျက်လုံးများကို မှိတ်လိုက်ရင်း လမ်းစဥ်များကို တွက်ချက်ကာ ကောင်းကင်နှင့် ဆက်သွယ်လိုက်သည်။ သူမ၏ အမူအရာကို ကြည့်ရင်း လင်းကျိရန် အမူအရာမှာ လေးနက် သွား၏။ သူမက ချက်ချင်းပင် မင်းသားကျန်းကို မောင်းထုတ်လိုက်သည်။

“ထွက်သွားစမ်း...”

မင်းသားကျန်းမှာ အံ့အားသင့်သွား၏။ သူ၏ နှလုံးသားက ရှုပ်ထွေးကာ နားမလည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း လင်းကျိရန်၏ တင်းမာသည့် အမူအရာကို ကြည့်ကာ သူ ထွက်ခွာသွားရန်သာ ဆုံးဖြတ်လိုက်၏။

မင်းသားကျန်းနှင့် ယီအာတို့ ထွက်ခွာသွားပြီးနောက် လင်းကျိရန်နှင့် မင်ရှုဖုန်းတို့သာလျှင် ကျန်ရစ်ခဲ့သည်။ နာရီဝက်မျှ အကြာတွင် မင်ရှုဖုန်း၏ မျက်လုံးများမှာ ပွင့်ဟလာခဲ့၏။ ထိုနေရာတွင် အဆုံးမဲ့သော စိတ်ရှုပ်ထွေးမှုများ၊ မရေရာမှုများမှာ နေရာယူနေ၏။ သူမသည် ကိုယ်တိုင်ကိုယ်ကျ မေးခွန်းများကို ပြန်ဖြေရန် ကြိုးစားနေပုံ ရသည်။

“ ... “

လင်းကျိန်ရန်မှာ တိတ်တဆိတ်ပင် စောင့်ဆိုင်းနေ၏။ နောက်ဆုံး၌ မင်ရှုဖုန်းမှာ သက်ပြင်းတစ်ချက် ချလိုက်၏။ သို့သော်လည်း သူမ၏ မျက်ဝန်းများ၌ မယုံကြည်နိုင်မှုများမှာ ကျန်ရှိနေဆဲ ဖြစ်လေသည်။

“သူ ဘယ်လို လွတ်မြောက်လာလဲဆိုတာ ငါလည်း မသိတော့ဘူး... အရိပ်ဝှက် နယ်မြေသားတွေရဲ့ လုပ်ကြံမှုက ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်တဲ့ ကောင်းကင်ကပ်ဘေးကြီးပဲ... သူ သေကို သေသွားရမှာ”

သူမ တည်ငြိမ်စွာ ပြောနေသော်လည်း အကြောင်းအရာမှာမူ အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။ လင်းကျိရန်သည် မင်ရှုဖုန်း၏ ဟောကိန်းကြောင့်သာလျှင် မင်းသားကျန်းနှင့် လက်ထပ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

“လုပ်ကြံဖို့ အစီအစဥ်က နှောင့်နှေးသွားတာများလား... ဒါမှမဟုတ် ဘယ်သူမှ ထင်မှတ်မထားတဲ့ တော်ဝင် နန်းဆောင်မှာ လုပ်ကြံဖို့ အစီအစဥ် ပြောင်းလဲလိုက်တာလား”

လင်းကျိရန်က မေးလိုက်၏။ ဟူကျိဝေ့သည် နတ်ဘုရား ဧကရာဇ် တစ်ပါးဖြစ်သော်လည်း ထိုမျှ ရဲတင်းလိမ့်မည် မထင်ချေ။ ဧကရာဇ်ဝူနှင့် တော်ဝင် စစ်သေနာပတိတို့မှာလည်း ထိုအရာကို လက်ခံလိမ့်မည် မထင်ချေ။

မင်ရှုဖုန်းက မျက်မှောင်ကြုတ်လိုက်၏။

“ဟူကျိဝေရဲ့ ကံကြမ္မာကို ငါ အာရုံခံလို့ မရတာ့ဘူး... သူသေရင်ရေ မသေရင် ကြယ်တာရာ အမြုတေ အဆင့်ကို တက်သွားပြီ”

ကံကြမ္မာ တွက်ချက်မှုတွင်လည်း ကန့်သတ်ချက်များ ရှိပေသည်။ ၎င်းသည် ကျင့်ကြံခြင်း အဆင့်နှင့်လည်း တိုက်ရိုက် ချိတ်ဆက်နေ၏။ ကြယ်တာရာ အမြုတေ အဆင့်များ၏ ကံကြမ္မာကို ကြည့်လိုလျှင် သူမ ကိုယ်တိုင်မှာလည်း ထိုအဆင့်သို့ ဝင်ရောက်ရန် လိုအပ်သည်။

သို့သော်လည်း ဟူကျိဝေ့သာ ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းသွားခြင်း ဆိုပါက ကောင်းကင် ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာရမည် ဖြစ်သည်။ ဝူနက္ခတ်မျှော်စင်သည် ကီလိုမီတာ တစ်သောင်းအထိ ကောင်းကင်တွင် ထွန်းလင်း ပေလိမ့်မည်။ ယခုတွင် ထိုကဲ့သို့ တုန့်ပြန်မှုမျိုး တစ်ခုမျှ မရှိခဲ့ချေ။

မင်ရှုဖုန်းက ခေါင်းအား ခါလိုက်သည်။

“မသေချာဘူး... တော်ဝင်နန်းတော်ထဲမှာ မင်းသားကျန်း မသေဘူး ဆိုတာ ငါသိတယ်... ဒါပေမဲ့ ငါတို့ နောက်ထပ် အစီအစဥ်တစ်ခု ထပ်ပြီး စဥ်းစားလို့ရပါသေးတယ်... တကယ်လို့ နင့်ကို ဖိအားပေး လက်ထပ်ခိုင်းတဲ့ အကြောင်း သူ သိသွားရင် ဘာတွေဆက်ဖြစ်မယ် ထင်လဲ... ဝူမျိုးနွယ်တွေက မွန်းစတားတွေ မဟုတ်ဘူး... သူတို့ နင့်ကို လွှတ်ပေးရလိမ့်မယ်... အထူးသဖြင့် မင်းသားကျန်းက မင်းသားလဲ့နဲ့ မတူဘူး... စည်းရှိတဲ့ လူတစ်ယောက်လေ”

“သွေးထွက်သံယို မရှိရင် အောင်မြင်မှုကို မရရှိနိုင်ဘူး... ကံမစပ်ရင် ဘဝနှစ်ခုကို သေဆုံးတဲ့ အထိ မချည်နှောင်နိုင်ဘူး”

မင်ရှုဖုန်းမှာ တည်ငြိမ်နေပြီး သူမ၏ မျက်လုံးများက အနက်ရောင် အလင်းတစ်ခုကို ထုတ်လွှတ်နေသည်။ လင်းကျိရန်မှာ စိတ်ဓာတ်ကျနေသည့်ပုံ ရ၏။

“ဒါဆို ခု ငါတို့ ဘာဆက်လုပ်ကြမလဲ...”

“ငါ စဥ်းစားလိုက်ပါဦးမယ်...”

မင်ရှုဖုန်းက အောက်နှုတ်ခမ်းကို ကိုက်လိုက်လေသည်။

...

ဝေ့ဝူယင် တော်ဝင် နန်းတော်ကို ရောက်သည်မှာ သုံးရက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ သူသည် တိတ်တဆိတ်ပင် ထိုင်ကာ အမတေ ကျောက်တုံးများကို စုပ်ယူနေခဲ့၏။ သူ၏ ခြေဖဝါးအောက်တွင် မီးခိုးရောင် ဖုန်ထု တစ်ခုမှာ ပုံရက်သား ကျနေသည်။ ၎င်းတို့မှာ စွမ်းအင် ကုန်ခမ်းသွားသည့် အမတေ ကျောက်တုံးများမှ ပြောင်းလဲသွားခြင်း ဖြစ်သည်။

အဂ္ဂိရတ် နှလုံးသားနှင့် နဂါးသွေး နှလုံးသားတို့မှာ တမူကွဲပြားနေသည့် ကျင့်ကြံခြင်း လမ်းစဥ်များ ဖြစ်ကြောင်း ဝေ့ဝူယင် ရှင်းလင်းစွာပင် သိရှိထားသည်။ တစ်ခုမှာ အသိစိတ် ပင်လယ်ထဲတွင် တည်ရှိကာ အခြား တစ်ခုမှာမူ ခုန်နေသည့် နှလုံးသားတွင် တည်ရှိသည်။ ထိုချီနှင့် သွေးနှလုံးသား နှစ်ခုသည် ခန္ဓာကိုယ် ပြင်ပသို့ စက္ကန့်အနည်းငယ် ကြာသည်မှ အပ  မထွက်နိုင်သေးရာ ဆန်းကြယ် ချီဝိညာဥ် နှစ်ခုမှာ မိခင်က သားငယ်များကို အစာရှာ၍ ကျွေးသကဲ့သို့ အမတေများကို တစ်ဆင့်ခံ စုပ်ယူ ပို့ဆောင်ပေးရသည်။ သို့သော်လည်း ထိုချီနှင့် သွေးနှလုံးသား နှစ်ခု ပိုမို အစွမ်းထက်လာပါက ထိုအရာမှာ ပြောင်းလဲသွားနိုင်ပေသည်။

ကံကောင်းစွာပင် ဆန်းကြယ် ဝိညာဥ် နှစ်ခုသည် စိတ်နှင့် ကိုယ် နှစ်ခုစလုံးနှင့် ခွဲခြား၍ မရနိုင်သော ဆက်သွယ်မှု တစ်ခု ရှိသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် အသိစိတ် ပင်လယ်နှင့် နှလုံးသား အတွင်းကို အတားအဆီး မရှိ ဝင်ရောက်နိုင်သည်။ သူတို့၏ ချီအမတေ လွှဲပြောင်းမှုများမှာ လျှင်မြန်လှသလို သန့်စင်မှုနှုန်းမှာလည်း အကန့်အသတ် ကင်းမဲ့သည်။

ဝေ့ဝူယင်၏ ချီနှင့် သွေးနှလုံးသားနှစ်ခုမှာ ချီ သို့မဟုတ် သွေးပျစ်ခဲခြင်း အဆင့်ခြောက်သို့ အသီးသီး ရောက်ရှိခဲ့ကြပြီး ဖြစ်သည်။ သူသည်  ၎င်းတို့အား  အမြင့်ဆုံး အဆင့်အထိ မြှင့်တင်ရန် အမတေ ကျောက်တုံးများကို အသုံးပြုနေခြင်း ဖြစ်ပေသည်။ သူသိလိုသည့် တစ်ခုတည်းသော အရာမှာ ချီပျစ်ခဲခြင်း အဆင့်ရှစ်ကို ပထမ တစ်ကြိမ်ကဲ့သို့ အလိုအလျောက် ရောက်မည်လော၊ သို့မဟုတ် ခက်ခဲမည်လော ဆိုခြင်းပင်။

သူ၏ ပထမ ချီနှလုံးသား နှစ်ခုမှာ “ဆန်းကြယ်” ဟူသော ဂုဏ်ပုဒ်အောက်၌ ရှိသည့် ဆန်းကြယ် ချီနှလုံးသားများ ဖြစ်ကြသည်။ သို့သော်လည်း အဂ္ဂိရတ် နှလုံးသားနှင့် နဂါးသွေး နှလုံးသားတို့တွင်ရော တူညီသည့် ဂုဏ်ဒြပ်များ ရှိမည်လော သူ မသေချာပေ။

တကယ်တော့ ဝေ့ဝူယင် စိုးရိမ်ရန်ပင် မလိုအပ်ခဲ့ချေ။ သူ၏ ဆန်းကြယ် ဝိညာဥ် နှစ်ခုနှင့် ချီသွေး နှလုံးသား နှစ်ခုမှာ အတွေးများ၊ နားလည်မှုများကို အစဥ်အမြဲ ဖလှယ်နေကြသည်။ ထို့ကြောင့်ပင် သူတို့မှာ ချီပျစ်ခဲခြင်း အဆင့်ရှစ်အား မည်ကဲ့သို့ တက်လှမ်းရမည်ကို သိရှိထားကြသည်။

အဆင့်ခုနစ်သို့ ရောက်သည်နှင့် ချီသွေးနှလုံးသား နှစ်ခုမှာ အဆင့်ရှစ်ကို အလိုအလျောက် တက်လှမ်းသွားပေလိမ့်မည်။ အကယ်၍ ဝေ့ဝူယင် နောက်တစ်ကြိမ် အတိတ်မေ့သွားလျှင်ပင် ထိုအရာက ပြောင်းလဲမည် မဟုတ်ချေ။ သူ၏ ချီနှလုံးသားနှင့် ဆန်းကြယ် ဝိညာဥ်များမှာ ပိုင်ရှင်အပေါ် အလုံးစုံ မှီခို မနေပဲ ကိုယ်ပိုင် လွတ်လပ်မှုများကိုလည်း ဆောင်ကျဥ်းထားကြပေသည်။

ဥပမာအားဖြင့် ဟူကျိဝေ့၏ အလောင်းကို ပြာချပစ်ရန် ကြိုးစားစဥ် အခါက ဆန်းကြယ် ဝိညာဥ်နှင့် ချီနှလုံးသားများမှာ သူ့ကို တားဆီးခဲ့ကြသည်။

ဟူကျိဝေ့၏ အလောင်းဆိုကာမှ ဝေ့ဝူယင် ပြန်လည် သတိရသွား၏။ သူ သိုလှောင်လက်စွပ်များထဲမှ ခေါင်းပြတ်နှင့် အလောင်းတို့ကို ထုတ်ယူလိုက်သည်။

ချက်ချင်းပင် ချီသွေး နှလုံးသား နှစ်ခုမှာ တုန့်ပြန်လာကြ၏။ နဂါးသွေး နှလုံးသားသည် ပြင်ပတွင် ကြာရှည်စွာ မနေနိုင်သည့်တိုင် ယခုတစ်ကြိမ်တွင်မူ ဟူကျိဝေ့၏ ခန္ဓာကိုယ်ဆီ ‌ရွေ့လျားကာ သွေးများကို စတင် စုပ်ယူ နေလေတော့သည်။ တစ်ချိန်တည်း၌ အဂ္ဂိရတ် နှလုံးသားမှာ အသိစိတ် ပင်လယ် အတွင်း တိုးဝင်၍ ကြယ်ဝသော စွမ်းအင်များကို ဝါးမျိုနေချေသည်။

အခြား ကြွင်းကျန်သော အရာများကိုမူ ဆန်းကြယ် ဝိညာဥ် နှစ်ခုက စားသုံးနေကြ၏။ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်။ နတ်ဘုရား ဧကရာဇ်တစ်ပါး၏ အလောင်းတစ်လောင်း ပြာမှုန်ဖြစ်သွားသည်ကို ကြည့်နေရသည်က အနည်းငယ်တော့ ထူးဆန်းနေသည်။ သို့သော်လည်း အဆင့်ကိုး တစ်ယောက်၏ အရိုးနှင့် သွေးများပင်လျှင် ကျင့်ကြံခြင်း ရင်းမြစ်တစ်ခု ဖြစ်ကြောင်း သူ နားလည်လာခဲ့သည်။  ၎င်းတို့သည် ဆန်းကြယ် ချီဝိညာဥ်များ နှစ်သက်သည့် ချီအမတေများကို ထိန်းသိမ်းထားပေသည်။

ချီပျစ်ခဲခြင်း အဆင့်ကိုးမှာ ချီအမတေ အမှုန်များကို ဖန်တီးရသည့် အဆင့် ဖြစ်ပေသည်။ သင့်အနေဖြင့် ချီအမတေ အမှုန်တစ်ခုဖြင့် အဆင့်တက်မည်လော၊ သို့မဟုတ် ထိုထက် ပိုမိုသော ချီအမတေ အမှုန်များဖြင့် အဆင့်တက်မည်လော ရွေးချယ်နိုင်သည်။ ဝေ့ဝူယင်သည် ဟူကျိဝေ့၏ ခန္ဓာကိုယ်ထဲတွင် ချီအမတေ အမှုန် သုံးခုကို တွေ့မြင်ရ၏။ သူ၏ ချီဝိညာဥ် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည့်တိုင် ချီအမတေ အမှုန် သုံးခုမှာမူ ခြေရာလက်ရာ မပျက် ကျန်ရှိနေဆဲ ဖြစ်သည်။

ဝေ့ဝူယင်၏ ဆန်းကြယ် ချီဝိညာဥ် နှစ်ခုသည် ချီအမတေ အမှုန် နှစ်ခုကို တစ်ခုစီ ခွဲယူခဲ့ကြသည်။ နောက်ဆုံး ကျန်ရစ်သည့် တစ်ခုကိုမူ သူတို့မှာ အပြင်းအထန် လုခဲ့ကြ၏။ ဝေ့ဝူယင်သာ ဝင်ရောက် မဖျန်ဖြေပေးပါက သူတို့မှာ တိုက်ခိုက်ကြတော့မည် ဖြစ်သည်။ ဝေ့ဝူယင်က အနည်းငယ် စဥ်းစားပြီးနောက် အနည်းငယ် ပိုမို သက်တမ်းရင့်သည့် ဒြပ်စင်ချီ ဆန်းကြယ် ဝိညာဥ်ကို ပေးလိုက်သည်။ ဆေဘာ ဆန်းကြယ်ဝိညာဥ်သည် ဝေ့ဝူယင်၏ ဆုံးဖြတ်ချက်ကို အသာတကြည်ပင် လက်ခံ၏။

ထို့နောက်တွင် သူတို့ဆန်းကြယ် ဝိညာဥ် နှစ်ခုမှာ ချီအမတေ အမှုန်များကို ငြိမ်းချမ်းစွာ စုပ်ယူနေကြတော့သည်။ ကံဆိုးစွာပင် ချီအမတေ အမှုန်တစ်ခုကိုပင် သူ မဖွဲ့စည်းနိုင်ခဲ့ချေ။

ဝေ့ဝူယင် သက်ပြင်းချလိုက်၏။ ကြည့်ရသည်က သူ့အနေဖြင့် အဆင့်တက်ရန် အခြားလူများထက် ပိုမိုသော ရင်းမြစ်များကို လိုအပ်ပေလိမ့်မည်။ ဟူကျိဝေ့၏ ချီအမတေ အမှုန်အမွှား သုံးခုပင်လျှင် သူ့အတွက် တစ်ခု ဖွဲ့စည်းရန် မလုံလောက်ခဲ့ချေ။

***

All Chapters